(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

ကဝေ့ဘဏ္ဍာ

ကဝေ့ဘဏ္ဍာ

၁၉၃၈ခု အောက်တိုဘာလတွင်ရေးသည်။ "ဆရာလေးရဲ့ စုံးကဝေ မှော်ဆိုတဲ့ အောက်လမ်းပညာတွေဟာ လောကမှာ တကယ်မရှိဘူး ရှိတယ်လို့ အငြင်းထွက်နေပေတဲ့ အများအားဖြင့် ရှိတယ်လို့ ယူဆကြတဲ့ လူကများပါတယ်။ တကယ်လဲ အဲဒီစုန်းကဝေ မှော်ပညာတွေနဲ့ မကောင်းပြုလို့ ဒုက္ခဖြစ်သွားကြတဲ့လူတွေ အထင်အရှားအရှိသားမို့ ကျွန်တော်တော့ ဘယ်နည်းနှင့်မဆို ရှိတယ်လို့ယူဆပါတယ်။ သို့ပေမဲ့ ဒီပညာဟာ ရှေးအခါက ထွန်းထွန်းကားကားရှိသင့်သလောက် ရှိခဲ့ပြီး ခုခေတ်ကြီးမှာ အတော်တိမ်ကောသွားသလောက်ဖြစ်နေလို့သာ ယုံသူမယုံသူတွေ အငြင်းအခုံဖြစ်လာရတယ်လို့ ဆိုလိုပါတယ်။ ကျွန်တော်ဆိုလိုတဲ့အတိုင်း မှန်ပါရဲ့လားခင်ဗျာ" ဟု အင်္ဂလိပ်ပညာ ဘီအေကလပ် မောင်လှဝင်းက ဆိုင်းယင့် လောဂျစ် ဖေလိုဆိုဖီ ဟစ်ထရီသမားပြီပြီ ကြံကြံစည်စည် ပေါက်ပေါက်ရှာရှာ တွေးလာခဲ့သူဖြစ်သည့်အားလျှော်စွာ အထက်ပါမေးခွန်းကို အစချီလိုက်သဖြင့်.... "အေးကွယ် မောင်လှဝင်း မင်းထင်သလိုလဲ ဟုတ်ပါတယ်။ လက်ဝဲလမ်းပညာတွေဟာ အထင်အရှားရှိခဲ့တာပေါ့။ သို့သော်လဲ ခုအခါမှာတော့ အတော်တိမ်ကောလာတယ်လို့ဆိုရမယ်။ အဲဒီလို တိမ်ကောလာရာက တခါတည်းပျောက်ကွယ်သွားရင် သာပြီးကောင်းတာပေါ့" ဟု ခပ်အေးအေး ဖြေလိုက်သည်ကိုပင် မောင်လှဝင်းက မကျေနပ်လှသေးဘဲ..... "ဟာ ဆရာကလဲ ကျွန်တော်တော့ ဒီလက်ဝဲလမ်းပညာတွေ ပပျောက်သွားမှာ စိုးရိမ်တယ်ဆရာ။ လက်စွမ်းလက်ငုပ်ကျန်ရစ်တဲ့ ပညာသယ် အဆက်အနွယ်ကလေးများက ပြန်လည်စုပေါင်းပြီး"ကဝေအသင်းကြီး" ဖွဲ့စည်း ရှေးကရှိခဲ့ဘူးတဲ့ ထက်မြတ်တဲ့ပညာတွေကို ပြန်ထွန်းကားအောင်ကြိုးစားစေချင်တယ်" "ကွယ်-ဒီလိုဆိုရင် လက်ဝဲလမ်းထွန်းကားသလောက် လူကောင်းတွေဟာ သူတို့နှောက်ရှက်ထာနှင့် ဒုက္ခဖြစ်ကုန်ကြရောပေါ့။ မင်းက ရန်သူကို အားပေးချင်လို့လား" ကျွန်တော့်ရည်ရွယ်ချက်က တမျိုးပါဆရာရယ်။ ဒီပညာကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် အတော်ခရီးရောက်နိုင်တဲ့ ပညာမျိုးမို့ အဘိုးတန်တဲ့နေရာမျိုးမှာ အသုံးချစရာ လက်နက်ကောင်းတမျိုးဘဲ ဆရာလေးရဲ့။ ခုတော့ သူတို့ဟာတွေက "၀ါးလုံးခေါင်းထဲလသာ"ဆိုတာလို ကိုယ့်အမျိုးသားချင်းတွေကိုသာ ထစ်ခနဲဆို ပြုစားသတ်ဖြတ်တတ်ကြတဲ့ အလေ့ကြောင့် နာမည်ဆိုးနေတဲ့ လက်ဝဲလမ်းပညာရပ်များ ဖြစ်နေရတယ်။ ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကတော့ နောက်ထပ်ဖွဲ့စည်းရမဲ့ ကဝေအသင်းကြီးဟာ လက်ဝဲဂိုဏ်းပညာတွေကို ရှေးကထက် ထက်မြတ်ထွန်းကားလာအောင် ကြိုးစားကြဘို့နဲ့ မိမိတို့တတ်တဲ့ပညာနဲ့ ကိုယ့်မြန်မာအမျိုးသားများကို ပြုစားနှိပ်စက်ခြင်းမရှိစေဘဲ ဥပဒေစည်းမျဉ်း အကြပ်အတီးလုပ်ပြီး တားမြစ်ထားခြင်း သစ္စာရေတိုက်ခြင်းတို့နှင့် ကာကွယ်ထားစေချင်တယ်။ တကယ့်တကယ်အရေးကျမှ ကဝေအသင်းကြီးက တညီတညွတ်ထည်း....." "မင်းနှယ်ကွာ ရှာရှာဖွေဖွေရှိလိုက်တာ။ ကဝေအသင်းဖွဲ့ဘို့က ထားပါအုံး။ ကဝေမပြောနှင့် စုန်းပညာကလေးလောက် အခြေတယ်မိတဲ့ဟာကတောင် စုန်းရယ်လို့ လူသိမခံဝံ့ကြဘူး။ သူတို့ကို တလမ်းသွားဆိုပြီး ရိုးရိုးလူများက ဆေးဘော်ကြောဘက်မလုပ်မှာ သိပ်စိုးရိမ်ကြတယ်။ ဒီတော့ ဘယ်မှာ လူသိရှင်ကြား ကဝေအသင်းဖွဲ့စည်းဝံ့မှာတုန်းကွဲ့" "အဲဒါခက်ထာဘဲ ဆရာလေးရာ။ နို့ နေစမ်းပါအုံး။ သူတို့ကို ဘာပြုလို့ တလမ်းသွားခေါ်ရတာလဲ။ ဒီပညာတတ်ရုံနဲ့ ဒီလောက်ဘဲအပြစ်ကကြီးသွားရောလား" "မကောင်းမှုတွေပြုအားကြီးလို့ တလမ်းသွား ကမ္ဘာ့သစ်ငုတ် ကမ္ဘာ့ခလုတ် ကမ္ဘာ့ဆူးညှောင့်လို့ ဆိုထားတယ်ကွဲ့" "ကဲ ဆရာရယ် ဒီပညာကို တတ်ရုံတတ်ထားပြီး ဘယ်သူ့ကိုမှ မပြုစားမညှင်းဆဲသေးရင်ကော" "ဒီလိုဆိုရင်တော့ တလမ်းသွားခေါ်လောက်အောင် မဆိုးသေးဘူးဆိုရမှာပေါ့။ သို့ပေမဲ့ ပညာတတ်သွားကတဲက ကိုယ့်ပညာစွမ်း မစွမ်းကို အကဲဖြတ်တဲ့အနေနဲ့ အနည်းဆုံး အပြစ်မရှိတဲ့လူ လေးငါးဆယ်လောက်တော့ သက်သက် ဓားစာခံဖြစ်သွားရသေးတာဘဲ။ ပြီတော့ သူတို့သင်ရတဲ့ပညာထဲမှာကိုဘဲ လူတပါးရဲ့အသက်တွေဟာ ဆေးဘက်ဝင်နေပြန်တယ်။ ဒီတော့ဘယ်သက်သာမတုန်း" "ဟာ ပညာကြီးပွားထွန်းကားအောင် လုပ်ယူရမှာဆိုတော့ ဒါလောက်တော့စွန့်စားရမှာပေါ့။ ထာဝရအပြစ်ကြီးမကျူးလွန်ဘဲနေရင်တော်ပါပြီ။ ကျွန်တော့်သဘောက လက်ဝဲလမ်းပညာထွန်းကားလာအောင် အကြံသစ် ဥာဏ်သစ် တွေဖြည့်စွက်ပြီး ရှေးကထက် ပိုပြီးထက်မြတ် အသုံးဝင်လာအောင် ကြိုးစားစေချင်တယ်။ တခုသဘောမကျတာလဲ ရှိသေးတယ်ဆရာလေးရဲ့။ ဒီလက်ဝဲလမ်းပညာကို ရှေးအခါက ထွန်းကားခဲ့သလောက် နောက်ပေါက်လူ နောင်လာနောက်သားတွေအတွက်ဆိုပြီး အဂ္ဂိယကျမ်း တုမ္မိရပ်ကျမ်း ဆေးကျမ်း ဓာတ်ကျမ်း ဗေဒင်ကျမ်းများလို ဟုတ်ဟုတ်ငြားငြား အစဉ်အလာ လက်သုံးပြုသွားဘို့ စုန်းကဝေ ပညာနည်းများကို စာတစောင် ကျမ်းတဘွဲ့မထားခဲ့ဘဲ တယောက်နှင့်တယောက် သားစဉ်မြေးဆက် အနည်းငယ်သာ ပညာဝေငှထားခဲ့တာကို မကြေနပ်ဘူး။ ကဝေသင်းဖွဲ့စည်းပြီး လက်ဝဲလမ်းပညာတိုးပွားဖြစ်ထွန်းလာတဲ့အခါ ကျကျနန စာတစောင်ကျမ်းတဘွဲ့ ပြုထားဘို့ အကြံပေးချင်တယ်ဆရာ" "မောင်လှဝင်းရယ် ဘာများစိတ်ကူးရလို့ လက်ဝဲလမ်းကို စွဲစွဲလမ်းလမ်း တိုးတက်ကြီးပွားစေချင်ရတာလဲ။ အခုလို လက်ဝဲလမ်းပညာ မကြီးပွား မတိုးတက်တဲ့အချိန်အခါတောင် ဆရာလေးတို့နားမနေရတဲ့အထဲ မင့်စိတ်ကူးမျိုးအတိုင်း ဖြစ်မြောက်သွားရင် မခက်သေးဘူးလား" "ဒီလိုပါဆရာလေးရဲ့။ ခုနင်က ကျွန်တော်ပြောပကော။ ကိုယ့်မြန်မာအမျိုးသားဟူသရွေ့ကို လုံးလုံးမနှိပ်စက်ပါဘူးဆိုတဲ့ ကတိသစ္စာကြီးတခုမြဲသွားကြတော့ ဆရာလေးတို့ ပင်ပမ်းဘို့အကွက်မရှိပါဘူး။ ကိုယ့်လူမျိုးတွေလဲမနစ်နာပါဘူး" "ဘုရားမကြိုက်တဲ့ အလုပ်တွေပါကွယ်" "ဘုရားမကြိုက်တာတော့ မှန်ပါတယ်ဆရာလေးရယ်။ မြတ်စွာဘုရားအကြိုက်ကတော့ ရှိသမျှလူတွေကို မိန်းမ ယောင်္ကျားမကျန် လောဘ ဒေါသသိမ်းပြီး အကုန် ဘုန်းကြီး မယ်သီလလုပ် တရားအားထုတ် ကမ္မဌာန်းဝင်တဘ၀နဲ့ သောတာပန် သဒါဂါမ် အနာဂါမ် အရဟတ္တမက် အရဟတ္တဖိုလ်တည် နိဗ္ဗာန်ရောက်ကုန်ကြပြီး စကြ၀ဠာအနန္တဆိုတဲ့ သံသရာလောကကြီးမှာ သတ္တ၀ါဆိုလို့ ပရွက်ဆိတ်ကလေး တကောင်တမြီးမှ အကပ်အသပ်မရှိတော့ဘဲ ကမ္ဘာကြီး ပါးစပ်ဟောင်းလောင်း အူဟောင်းလောင်းနှင့် ကျန်ရစ်တာ ကြိုက်တော်မူကြမှာပေါ့။ သို့သော်လဲ ဘယ်သူမှ ဘုရားအကြိုက်ကို ရုတ်တရက်တဗြုံလုံးမလိုက်နိုင်ကြသေးတဲ့ ပုထုဇဉ်တွေဆိုတော့ ရင့်သူတွေ ကျွတ်တမ်းဝင်သွားပေမဲ့ ကျန်ရစ်တဲ့အနုစား သားတွဲလဲ မယားတွဲလဲအတွက် ကြီးနိုင်ငယ်ညှင်းဆဲခံရတဲ့အဖြစ်မျိုးမရောက်ရအောင် လူမလေး ခွေးမလေး ဘ၀မျိုးနှင့် မနေရအောင် ကိုယ့်အသားထဲကလောက်ဖြစ်ပြီး ကိုယ့်ကိုပြန်ကိုက်တဲ့ အမိုက်နာ အငတ်နာတွေကင်းရှင်းအောင် ကာကွယ်နိုင်တဲ့နည်းနှင့် စည်းစည်းလုံးလုံး ကာကွယ်မှဖြစ်ကြတော့မယ်။ မကာကွယ်နိုင်ရင် သူများနင်းပြားဖြစ်ရုံမက ငတ်တလှဲ့ပြတ်တလှဲ့ဆိုတဲ့ ကျွန်ဘ၀က မကျွတ်နိုင် "အူမ မတောင့်တော့ သီလမစောင့်နိုင် ဆွမ်းရေးထက် ၀မ်းရေးခက်တယ်"ဆိုသလို ၀မ်းမ၀ရင် ဘယ်ကလာပြီး ဒါန သီလ ဘာဝနာ ဆိုတဲ့ နိဗ္ဗာန်ရောက်ကြောင်းကိစ္စတွေ လုပ်နိုင်တော့မလဲ လူတွေ ဆင်းရဲ ငတ်ပြတ်လေ နိဗ္ဗာန်ရောက်ဘို့နဲ့ဝေးလေဘဲ။ ဒီတော့ ကျွန်ဘ၀ကလွတ်ပြီး စည်းစည်းလုံးလုံး အတန်းမြင့်မြင့် ချမ်းသာလမ်းပွင့်သွားရင် အူမတောင့်ပြီး သီလစောင့်နိုင်မယ်။ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ အားထုတ်နိုင်မယ်။ ဒါကြောင့် နိဗ္ဗာန်ရောက်ကြောင်းတရားရဲ့ ပထမလှေခါးထစ်ဟာ ကျွန်ဘ၀ကလွတ်မြောက်ဘို့ လွတ်လပ်ရေးရဘို့ကို ရှေးဦးစွာ ကြိုးကြိုးစားစား တက်ရမဲ့ လှေခါးထစ်ပါဆရာလေးရဲ့" "ဟာ ဆိုင်တာပေါ့ ဆရာလေးရဲ့။ ခုနင်က ဆရာလေးပြောတယ်မဟုတ်လား။ ဘုရားမကြိုက်တဲ့အလုပ်တွေဆို ကျွန်တော်တို့မြန်မာပြည်ရဲ့ ကိုယ့်မင်းကိုယ့်ချင်း ဘုရင်တပါးဖြစ်ခဲ့ဘူးတဲ့ မင်းတုန်းမင်းတရားကြီးဟာ ဘုရားမကြိုက်တဲ့ အလုပ်မလုပ်လိုတဲ့ ဆန္ဒကြောင့် လက်နက်တွေမလုပ်ရ၊ လက်နက်လုပ်ခြင်းဟာ ထာဝရအကုသိုလ်ကြီးကို တည်ဆောက်ထားတာနဲ့တူတယ်ဆိုပြီး တားမြစ်ပိတ်ပင်တော်မူခဲ့လို့ သူများနိုင်ငံလို ဗုံးတွေ အမြောက်တွေ သေနတ်တွေ ပခုံးချင်းယှဉ်လုပ်နိုင်ရက်သားနဲ့ လုပ်မထားရတော့ မင်းတဆက်ဖြစ်တဲ့ သီပေါမင်းလက်ထက်ရောက်တော့ လက်နက်အင်အားနည်းတဲ့အတွက် မထီမဲ့မြင်နဲ့ ကြက် ငှက်ဘမ်းသလို ချော့ချောက်ပြီး ဆောင်ယူသွားတာ ခံရတယ်မဟုတ်လား"ကာလံ ဒေသံ အဂ္ဂံ"ဆိုတာလို အခါခပ်သိမ်း လောကုတ္တရာတွေးနေရမှာက လောကီနဲ့မဆက်ဆံတဲ့ သူတော် သူမြတ်များရဲ့ အလုပ်ပါ။ လောကကြီးထဲမှာ အိမ်ရာထောင်နေတဲ့ လောကီသားတွေဆိုတော့ အခါအခွင့်ကြည့်ပြီး လောကဓမ္မမျှတသင့်လျှော်အောင် အသုံးချတတ်ရပါတယ်။ လောကကြီးရဲ့ အလေ့အကျင့်ကြီးဟာ မျက်နှာငယ်ရာဖိထောင်းချင်ကြတဲ့ စရိုက်ဆိုးရှိတယ်။ ကော်ရင်ဂျီကုလားကို လူတကာနိုင်ချင်သလို ကော်ရင်ဂျီကုလားလောက်နီးနီး မျက်နှာငယ်တဲ့ ရွာထဲက ဘိုးဒေါင်းကလေးကြည့်စမ်းပါ။ ခွေးကကျယ်ချင် ၀က်ကကျယ်ချင် လူကနိုင်ချင် ခွေးကနိုင်ချင် မခံလို့ပြန်ပက်ရင်ကော သူ့ဆရာ ဦးဘိုးငတ်က မျက်နှာကြီးရာ အစာခွံ့ရာ ဟတ်တတ်စွဲခေါင်းညွတ်ပါပြီး ဆန်ရင်းနာနာဖွပ်တာခံရတာဘဲ။ အဲ ဒါ လောကကြီးရဲ့ဓမ္မတာပဲ။ ဒီလောကစရိုက်ကိုက"မိုက်နိုင်ရင်လူလိမ်မာ၊ ညာနိုင်ရင်ထမင်းဝ၊ အိမ်ရှင်ကိုဧည့်သည်က မျက်စောင်းထိုးငြူစူပြီး၊ တောင်ရာပဲခင်းရှင်ကို မြောက်စုပ်တွေက မောင်းနှင့်ထုတ်"တဲ့ တေးထပ်ထဲက လောကခေတ်ကြီးမျိုးမို့ စိပ်ပုတီးကိုင်သွားတဲ့လူထက်၊ ခြောက်လုံးပြူးခါးထိုးသွားနိုင်တဲ့လူကိုမှ ပိုပြီး ကြောက်ရွံ့ကြည်ညို ခန့်ညားကြတယ်။ ဟစ်တလာနဲ့ မူဆိုလိုနီကို ဧရာမအင်ပိုင်ယာရှင်တွေက ဖင်တုန်အောင်လန့်နေတာဘာကြောင့်လဲ မိုက်ဝံ့လို့ ရဲဝံ့လို့ အင်အားတောင့်လို့"မဟုတ်ပါလား ဆရာလေးရယ်- ဒီတော့ ကျွန်တော်တို့တွေမှာလဲ လက်နက်ဆို ထွာညိုဒုတ်မှ မကိုင်ရတဲ့ဘ၀မှာ ဘယ်သူကလာနှိပ်နှိပ် ကြိပ်ခံရတာတွေများလှပြီ။ မခံလို့ပြန်လုပ်ရင်လည်း လုပ်တဲ့အတွက်ကတမျိုး အပြစ်ရပြီး နာလဲနာ နံလဲနံဆိုတဲ့ ပဏ္ဏားကြီးစကားလိုမို့ "လူရိုသေ ရှင်ရိုသေ"ဆိုသလို အဲဒီလက်ဝဲအောက်လမ်းပညာကလေးတွေ ထွန်းကားရင်ဖြင့် ရုတ်တရက်လူမစော်ကားဝံ့ပေဘူးလားလို့။ နောက် လိမ်မာသလိုသုံးသွားရင်လဲ ဟစ်တလာကို ကမ္ဘာကလန့်သလို လန့်ချင်လန့်လာမှာဘဲ" "မလုပ်ပါနဲ့ မောင်လှဝင်းရာ မြန်မာပြည်ကို စုန်းပြည်လို့ကျော်စောသတင်းဖြစ်သွားပါအုံးမယ်" "အဲဒီလို ကျော်စောပြီး ဘယ်သူမှလာမဆက်ဆံကြရင်လဲ အကောင်းသားဘဲ။ ကျွန်တော်တကယ်ပြောနေတာ။ စုန်းကဝေပညာဟာ သေသေချာချာအသုံးချလို့ရအောင်ပြုပြင်ရင် အင်မတန်အဘိုးတန်မယ်ဆရာရဲ့။ ကဝေမကြီးတယောက်ဟာ ထိုင်ရာမထ သူ့အိမ်ထဲမှာ သူ့ဘာသာနေရင်း အဝေးကလူတစ်ယောက်ကို လက်နက်မသုံးရဘဲ သက်သေမရှိ လက်ပုံစံမကျန်ရစ်တဲ့နည်းနဲ့ ရူးရင်လဲရူးစေနိုင်တယ်။ သေရင်လည်း သေစေနိုင်တယ်မဟုတ်လား။ ခုလိုပညာဆုတ်ယုတ်နေတဲ့ခေတ်ကြီးထဲမှာတောင် လူပြုစားလို့ရူးနေတဲ့လူတွေ သေသွားတဲ့လူတွေသေပြီး ဆေးရုံကရင်ခွဲတဲ့အခါ ဗိုက်ထဲက အပင်းတုံးတွေ သရေစတွေ ဆံချည်မြှင်ထွေးထွေး ပါပါလာတာ မကြာမကြာ တွေ့ကြရပါသေးတယ်။ ဒီနည်းတွေကိုချဲ့ထွင်ပြီး စီမံလိုက်ရင် သိပ်အဘိုးတန်မယ်။ ဟို အနောက်နိုင်ငံဆီမှာ အဆိပ်ငွေ့ ဗုံးအမျိုးမျိုးခေတ်ဆန်အောင် ကြံစည်လုပ်ကိုင်တဲ့ လောကဓာတ်ဆရာတွေ လက်ဖျားငွေသီးသလို ဒီပညာကိုချဲ့ထွင်ပြီးတဲ့အခါ လက်နက်စုဆောင်းနေတဲ့ နယ်ချဲ့သမားတွေ ရောင်းစားအုံးတော့ ငွေတွေအများကြီးရမှာဘဲ ..

"မဖြစ်နိုင်တာတွေ ပြောမနေပါနဲ့ကွယ်။ တော်တော်ကြာ ဂဠုန်ထစဉ်က နငယ်နကွင်းပိတ်ထိုးတဲ့လူတွေလိုက်ဖမ်းလို့ မြွေဆေးထိုးထားတဲ့ လူတွေရော ပီယဆေးထိုးထားတဲ့ လူတွေရော ဗြုတ်စပ်ဗြင်းတောင်းရောနှော အဖမ်းခံရသလို ကလေးအငိုတိတ်အောင် ခေါခွက်ပစ်တဲ့ သားသယ်အမေတွေပါ စုန်းနဲ့ဆက်သွယ်တယ်ဆိုပြီး အဖမ်းများခံနေရပါအုံးမယ်" "ဟာ ဆရာကလဲ ဥပဒေစာအုပ်ထဲမှာ စုန်းဘမ်းပုဒ်မ မပါသေးပါဘူး။ မစိုးရိမ်ပါနဲ့" "ဥပဒေခက်ထာလိုက်လို့ကွယ်။ ခုလုပ် ခုဖြစ်တာပေါ့။ ဘုရင်ခံနဲ့လခယူနေတဲ့ ဥပဒေပြုအမတ်တွေ ဘာလုပ်ဘို့ထားသလဲ" "ကဲ ဆရာလေးရာ ဒါတွေနောက်တော့ရောက်ယားထားလိုက်ပါ။ ကျွန်တော် ခုပြောနေတာတွေမဖြစ်နိုင်ဘူးလား။ ဒီလက်ဝဲလမ်းဆိုတဲ့ပညာတွေ စုန်းကဝေ မှော်အတတ်တွေဟာ အရေးကြီး အရာရောက်နိုင်တဲ့ နေရာတွေမှာ အသုံးပြုသွားတတ်မယ်ဆိုရင် အင်မတန်အဘိုးတန်မှာဘဲ။ ရှေးကလဲ ဒီပညာမျိုးတွေကို ကျွန်တော်တို့ ဗမာရှင်ဘုရင်တွေ တပြည်နှင့်တပြည် စစ်ပြိုင်တိုက်ခိုက်တဲ့အခါတွေမှာ ထည့်ပြီးသုံးစွဲခဲ့ကြသေးတယ်လို့ ဗဟုသုတအဖြစ်နှင့်ပင် မှတ်သားရဘူးပါတယ်။ ဒီ အသုံးချပုံမျိုးတွေဟာ အထက်လမ်းပေါက်မြောက်တဲ့ ဆရာကြီးတွေရဲ့နည်းနဲ့လဲ ဖြစ်နိုင်ပါတယ်။ ပထမံဦးအောင်နှင့်ဘိုးတော်ဘုရားတို့ အတ္ထုပတ္တိမှာ ပထမံဦးအောင်က မရေမတွက်နိုင်တဲ့ စစ်သားတွေကို ဘိုးတော်ဘုရားအား ဘန်တီးပြခဲ့တယ်မဟုတ်ပါလား။ အဲ နို့ပေမဲ့ ပထမံဦးအောင်တို့လမ်းက အထက်လမ်းသမားတွေမို့ စွမ်းပင်စွမ်းသော်လဲ လောဘအတွက်နှင့်ဖြစ်စေ ဒေါသအာဃာတ တရားကြောင့်ဖြစ်စေ အသုံးမပြုခဲ့ကြဘူးဆရာလေးရဲ့ _ ဟော- ဗားမဲ့ဆရာတော် ဗားတမော့ဆရာတော် ဓမ္မစေတီ ဓမ္မပါလတို့ကြတော့ လက်ဝဲဂိုဏ်းနဲ့ အကျွမ်းဝင်တဲ့ ပညာတွေပါလာတော့ တိုင်းရေးပြည်ရေးထဲမှာ ၀င်ပြီးအသုံးချရပါတယ်။ အင်းဝ ဟံသာဝတီ ကေတုမတီတို့အရေးတွေမှာ အထင်အရှားပါတာဘဲ။ ဓမ္မစေတီနဲ့ဓမ္မပါလတို့ ထီးနန်းအတွက်နှင့် တယောက်တပြန် ပညာစွမ်းပြိုင်ကြတာများ ဘယ်လောက်အံ့အားသင့်ဖို့ကောင်းတဲ့ ပညာတွေလဲဆရာလေးရယ်။ အဲဒီပညာတွေကို ပြန်လည်စုဆောင်းရှာဖွေလိုက်စားပြီး ခေတ်မှီအောင် အသစ်ချဲ့ထွင်စီမံနိုင်ရင် "အတိုင်းထက်အလွန် တံခွန်နဲ့ဘုရား" ဆိုသလို ဖြစ်သွားမှာဘဲ။ ကျွန်တော်ခုလိုပြောနေတာဟာ ခုကာလ ဆေးရူး မှော်ရူးကလေးများလို ဆရာယောင်တွေညာတာကို နားဝင်ပြီး အထင်ကြီးနေတာလဲမဟုတ်ပါဘူး ဆရာလေးရဲ့။ ကျွန်တော့်သဘောဟာ ဘာမဆို ထိထိမိမိကလေး ဆုပ်မိကိုင်မိမှ အကျိုးအပြစ်ပြောချင်တဲ့ ၀ါသနာရှိပါတယ်။ ကောလိပ်မှာ အတန်ကြာကြာ အင်္ဂလိပ်စာတွေသင်ရလို့ ဒီလိုစုန်း ကဝေ မှော်ဆိုတဲ့ လက်ဝဲဂိုဏ်းပညာတွေကို အလကားဟာတွေရယ်လို့ အရမ်းမဲ့ မစုံစမ်းသေးဘဲ ရှော်ပစ်ချင်တဲ့ စိတ်လဲမရှိပါဘူး...... လိုက်တန်သလောက်လိုက်ပြီး တီးခေါက်ကြည့်မိလို့ လောကမှာ လက်ဝဲဂိုဏ်းပညာတမျိုးဟာ ရှိတော့ရှိတာဘဲ။ သို့ပေတဲ့ ဘာသာနဲ့ဆန့်ကျင်တဲ့ပညာတမျိုးမို့ အဘိုးမတန်ရှုံ့ချဘိနှိပ်ခံခဲ့ရလို့ တဖြည်းဖြည်းတိမ်ကောလာတယ်လို့ အယူရှိပါတယ်။ ဒါကြောင့်လဲ လောကီအကြိုက်ကြီးမဟုတ်သေးဘဲ အခါအခွင့်ကြည့်ပြီး အားကိုးရာမဲ့တဲ့အခါမျိုးမှာ တတ်နိုင်ရာရရာ အကူအညီမျိုး တခုခုကိုလိုလားသင့်တယ်လို့ ဆိုချင်ပါတယ် ဟု အကယ်ပင် စိတ်ပါလက်ပါ ရှည်လျားစွာ ပြောနေသဖြင့် ကျွန်တော်လည်း မောင်လှဝင်း၏ သဘောအယူအဆကို အတော်အသင့်ကြေနပ်လာမိပါတော့သည်။" မောင်လှဝင်းကား သာမည စိတ်နေသဘောထားရှိသော လူစားမျိုးမဟုတ်ဘဲ တခုခုကို နက်နဲစွာစုံစမ်း၍ လက်ဆုပ်လက်ကိုင်တွေ့ပြီးမှ အကျိုးအပြစ်ကို ဝေဘန်ချက်ချတတ်သူတဦးဖြစ်ကြောင်း သိရပါသည်။ ၎င်း၏စိတ်နေစိတ်ထားမှာလည်း အတော်ပင် အထက်တန်းကျသူတဦးဖြစ်၏။ ဘီအေတွင် နှစ်နှစ်ဆက်၍ကျခဲ့ပြီးနောက် ကျွန်စိတ်ပေါက်သော ကျွန်မွှေးကို ဆွဲနှုပ်ဖယ်ရှားလိုက်သည့်အချိန်ကစ၍ ဘွဲ့ဒီဂရီအတွက် ဆက်လက်အောင်ပန်းမခူးတော့ဘဲ အယ်လ်ပါကားအင်္ကျီနက်အရှည်စားကြီးကို လားလားမျှမခုံမင်တော့သည့်အားလျော်စွာ ရှမ်းပြည်မြောက်ပိုင်းသို့ တက်လာပြီး အလကားဖြစ်နေသည့် တောတောင်မြေရိုင်းများကို စော်ဘွားများထံမှ ဧကပေါင်းများစွာ ဂရမ်ယူအခွန်ထမ်းပြီး တောင်တန်းနှင့် မြေပြန့်ဟူသ၍တို့တွင် သစ်တော်ပင် ကော်ဖီပင်စသော အဘိုးတန် အသီးအပင်များကို ကျယ်ဝန်းသောခြံကြီးများနှင့် တပည့်လက်သားအများငှား၍ အကြီးအကျယ်စိုက်ပျိုးကာ မြန်မာတပြည်လုံးကို ဝေငှဖြန့်ဖြူး သစ်သီးကုန်ကူးနေသူဖြစ်ပေ၏။ မောင်လှဝင်း၏အလုပ်မှာ သေးသေးနုတ်နုတ်မဟုတ်ဘဲ အကြီးအကျယ်စိုက်ပျိုးရောင်းချခြင်းကြောင့် နှစ်ချုပ်တွင် ၀င်ငွေအမြတ်များစွာ ပေါ်နေသည်တိုင်အောင် ရောင့်ရဲတင်းတိမ်နေသူမဟုတ်ဘဲ သူ၏ကော်ဖီခြံမှ ထွက်သော ကော်ဖီစေ့များကို နိုင်ငံခြားက၀င်လာသော ကော်ဖီများနှင့် ပြိုင်ဆိုင်တိုက်ခိုက်ရန်အမှုံ့ပြု၍ သံစည်သွင်းရန်နှင့် ခြံထွက်သစ်သီးများကိုလည်း နိုင်ငံရင်းနှင့်နိုင်ငံခြားသို့ စည်သွင်း၍ တင်ပို့နိုင်သည်အထိ စက်ကိရိယာများ ကြံစည်စုဆောင်းနေဆဲဖြစ်ရာ နောင်အခါတွင် မောင်လှဝင်း၏လုပ်ငန်းမှာ ပျင်းရိစွာကျောခင်းနေတတ်သော အလုပ်လက်မဲ့ မြန်မာတက်လူကလေးများအလယ်တွင် ဂုဏ်တင်စံယူရန် အလုပ်ကြီးတခုဖြစ်လာမည်ဟု မျှော်လင့်နိုင်သောကြောင့် မောင်လှဝင်းမှာ ရှမ်းပြည်တွင် သာမန်ခြံပိုင်ရှင်တဦးအဖြစ်နှင့် မထင်မရှားနေသော်လည်း မြန်မာပြည်၌မူကား ၎င်း၏ပေးရသော အမြတ်တော်ကြေးနှင့်ပင် သူဌေးဟုလူတိုင်းက အရေးပေးလောက်သော အခြေအနေတွင် တည်နေလျှက်ရှိပါသည်။ ကျွန်တော် ကိစ္စတခုကြောင့် ဆရာကြီး၏ စေခိုင်းချက်အရ ရောက်လာရသော ရှမ်းရွာကလေး၌မူ မောင်လှဝင်းနေထိုင်ရာ တောင်ကုန်းပေါ်ရှိ တထပ်ဘင်္ဂလိုသဏ္ဍာန် အင်္ဂလိပ်ဆန်ဆန်ဆောက်လုပ်ထားသော ကျောက်တိုက်ကလေးနှင့်များစွာမဝေးလှပေ။ အိမ်ကလေးမှာ တောင်တလုံး၏ခုလပ်ဖြစ်သော ကမ္ဘားရံကိုမှီ၍ဆောက်လုပ်ထားပြီး အိမ်ကလေးရှေ့ဘက်တ၀ိုက်တွင် လှပစွာပြုပြင်စိုက်ပျိုးထားသော ပန်းမျိုးစုံဥယျာဉ်ကလေးမှာလည်း အထူးပင်စိတ်ပျော်ရွှင်ဘွယ် ဖြစ်စေပါသည်။ ထိုအိမ်နှင့်တောင်ကုန်းတ၀ိုက် နောက်ဘက်မှာမူကား တမျှော်တခေါ် မြင်မဆုံးသော ကော်ဖီခြံကြီးများနှင့် သစ်တော် စပြစ် ကျွဲကော လိမ္မော်ခြံများဖြင့် ကျောထောက်နောက်ခံ ခြံရံလျှက်ရှိလေ၏။ မောင်လှဝင်းမှာ ရှမ်းပြည်တွင် အနေကြာသူဖြစ်သည်တကြောင်း နဂိုကလည်း လက်ဝဲဂိုဏ်းပညာကို အတော်အသင့် စုံစမ်းလာသူဖြစ်သည်တကြောင်းကြောင့် စုန်းကဝေ မှော်စသည့် ပညာသည်များအကြောင်းကို အတော်စုံလင်အောင် စုဆောင်းမှတ်သားထားခဲ့သူဖြစ်သည်အားလျော်စွာ ကျွန်တော်ထိုရွာသို့ရောက်၍ မောင်လှဝင်းနှင့်တွေ့သည့် အချိန်ကစပြီး မောင်လှဝင်းမှာ ကျွန်တော်အား များစွာအာရုံပြုလျှက် ခင်မင်ရင်းနှီးသောသူတစ်ဦးဖြစ်လာသည်တိုင်အောင်ပြုစုကာ သူ၏နေထိုင်ရာအိမ်သို့ မကြာခဏဘိတ်ခေါ်ပြီး ကျွန်တော်တွေ့ကြုံခဲ့ရသော စုန်းကဝေများအကြောင်း အောက်လမ်းလက်ဝဲဂိုဏ်းများအကြောင်းကို စုံစမ်းမှတ်သားလျှက်ရှိရာ မောင်လှဝင်း၏ဇနီးသယ်ကလေး မရင်နွဲ့မှာလည်း လင်ယောင်္ကျားက အလေးအမြတ်ပြုထားသော ဧည့်သည်တဦးဖြစ်သော ကျွန်တော်အား အိမ်သူမတို့ဝတ္တရားကို လိုလေသေးမရှိရအောင် ဆောင်ရွက်ပါသည်။ မရင်နွဲ့မှာ မြေလတ်သူကလေးဖြစ်သည့် အားလျော်စွာ မရင်နွဲ့ဟူသော အမည်သညာနှင့် လိုက်လျောအောင်ပင် ယဉ်ယဉ်နွဲ့နွဲ့နှင့်လှပချောမွေ့သူကလေး ဖြစ်ပါသည်။ လူကယဉ်ယဉ်နွဲ့နွဲ့ရှိသလောက်လည်း အမူအယာ အနေအထိုင် အပြောအဆိုမှစ၍ အပြစ်ပြစရာမရှိအောင် နူးညံ့သိမ်မွေ့လှသဖြင့် မိန်းမကောင်းလက္ခဏာများစွာ ပြီသသည့်အလျောက် မောင်လှဝင်းကလည်း ကိုယ်လုံးကိုယ်ပေါက် ထွားကြိုင်းပြည့်တင်းလျှက် ကြက်သရေရှိသော မျက်နှာတို့ကြောင့် ယောင်္ကျားကောင်းပြီသပြီး မြင့်မြတ်အထက်တန်းကျသော စိတ်နေစိတ်ထားအကြံဥာဏ်ကောင်းများနှင့် ပြည့်စုံသူဖြစ်လေရာ ဤလင်ဤမယားတို့မှာ များစွာ ရှေ့သွားနောက်လိုက်ညီလှပါပေသည်ဟု တွေ့ရတိုင်းပင် ကျွန်တော်၏စိတ်တွင်းမှ အစဉ်ချီးမွမ်းလျက်ရှိပါတော့၏။ မောင်လှဝင်းလည်း သူ၏ခြံထွက်သစ်သီးမျိုးစုံ ယိုမျိုးစုံတို့နှင့် ဧည့်ခံကျွေးမွေးရင်း စကားတပြောပြောနှင့် ရှိခဲ့ရာမှ တမေ့တမောကြာလာသောအခါ မရင်နွဲ့မှာ ညနေခင်းအချိန်ဖြစ်သဖြင့် ဘုရားပန်းလဲရန်အလို့ငှာ ပန်းခြင်းနှင့်ကပ်ကျေးငယ်တခုကိုကိုင်ပြီး ပန်းခြံထဲသို့ဆင်းခါ ဖြူ နီ ၀ါ ရွှေ အထွေထွေသော ပန်းခိုင်ကလေးများကို ကိုက်ညှပ်ခူးယူနေသည်ကို ကျွန်တော်တို့အိမ်ရှေ့ဆင်ဝင် ကျောက်ဝရံတာကလေးအတွင်းမှ အတိုင်းသားမြင်ရပါသည်။ ကျွန်တော်နှင့်မောင်လှဝင်းတို့လည်း အထက်ပါစကားများကို သူတပြန် ငါတလှည့်ဆိုသလို ပြောဆိုနေကြစဉ် ပန်းခြံထဲမှ မရင်နွဲ့မှာ စူးရှစွာဟစ်အော်ပြီး လက်ထဲကပန်းခြင်းကို ပစ်ချကာ ကျွန်တော်တို့ရှိရာသို့ ပြေးလာသဖြင့် ကျွန်တော်နှင့်မောင်လှဝင်းတို့မှာလည်း- "မရင်နွဲ့- ဘာလဲ-ဘာလဲ" ဟု ပြာပြာသလဲမေးမြန်းရင်း ပြေးလာသော မရင်နွဲ့ဆီသို့ပြေးသွားမိကြပါသည်။ မရင်နွဲ့ကားမောင်လှဝင်း၏ ရင်ခွင်ထဲသို့ရောက်နေသည်တိုင်အောင် မောနေသေးလျက် ကြောက်လန့်သောအရှိန်ကြောင့် မျက်လုံးကလေး ပြူးတူးပြဲတဲဖြစ်ခါ နခမ်းမှာလည်း ဖြူရော်လျှက်ရှိသည်ကို တွေ့ရပါသည်။ "နွဲ့ ဘာဖြစ်တာလဲ ဟင် ပြောစမ်းပါအုန်း" ဟု မောင်လှဝင်းကမေးမှ မရင်နွဲ့ကပြေးလာရာဆီသို့ ကြောက်ကြောက်လန့်လန့်နှင့် လက်ညွှန်ပြပြီး- "ဟိုနားမှာ နွဲ့တွေ့ခဲ့ရတယ်။ ခု မရှိတော့ဘူး။ ကျောက်တုံးကြီးကြားထဲ ၀င်သွားပြီ။ နွဲ့သိပ်ကြောက်သွားတာဘဲ" ဟု တုန်တုန်ရီရီ ထစ်ထစ်ငေါ့ငေါ့နှင့် ပြောရာ လှဝင်းမှာ ရယ်မောပြီး- "အမယ်လေး ဟဲ့ နွဲ့။ ကြောက်တတ် လန့်တတ်လိုက်တာလဲ လွန်ရောကိုးကွဲ့။ ဒီလိုဘဲ တခါတခါ လန့်လန့်ပြေးလာရော ပြီးတော့ သွားကြည့်လဲဘာမှမရှိဘူး။ ဒီနားရောက်တိုင်း သူလန့်လန့်ပြီးပြေးလာတာဘဲ။ ဒီနားကိုလဲ မသွားဘဲမနေနိုင်ဘူး။ ပန်းခြံထဲမို့ဆင်းရင် သူဒီနားရောက်သွားတာချည်းဘဲတွေ့ရတာဘဲ" ဟု ရယ်ရင်းပြောင်လှောင်ပြောပြီး အစေခံမကလေး တယောက်ကိုရေယူခိုင်း၍- "ရော့-ရော့ ပြေးလာရတာနဲ့ မောသွားပြီ ရေကလေးများသောက်အုံး" ဟု မယားကို ခပ်ပြုံးပြုံး ယုယုယယလုပ်နေလေ၏။ သို့နှင့် မရင်နွဲ့မှာအကြောက်မပြေသေးဘဲ လှဝင်းဤသို့ပြောသည်ကိုပင် မခံချင်သလိုကြည့်ကာ- "နွဲ့ တကယ်တွေ့ခဲ့တာပါ ကိုကိုရဲ့။ သိပ်ကြောက်တာဘဲ" "ဘာများတွေ့ခဲ့ရတာလဲနွဲ့ရဲ့"

"လူသေခေါင်းခွံရိုးကြီး နွဲ့ပန်းခူးတဲ့နေရာနား လှုပ်လှုပ် လှုပ်လှုပ်နဲ့ တွားလာပြီး သွားကြီးဖြဲရီပြတယ်။ ပါးစပ်ကြီးလဲဟပြတယ်။ မျက်လုံးအခေါင်းကြီးထဲက မျက်ဆံဖြူဖြူကြီး ထွက်ချီဝင်ချီ ဖွင့်ချီမှိတ်ချီလုပ်ပြတယ်။ နွဲ့က လန့်အော်တော့ ရယ်ပြီး ကျောက်လုံးကြားထဲ လိမ့်ဝင်သွားတယ်" "ကဲ ဒါဖြင့် လာလိုက်ခဲ့ သွားကြည့်မယ်။ အလကား နွဲ့စိတ်ထင်လို့ပါ" "အို-ခုသွားကြည့်လို့ ဘာတွေ့မှာလဲ ကိုကိုရဲ့။ ဟိုတောင်နံရံက ကျောက်တုံးကြားထဲ ၀င်သွားပါပြီလို့ ပြောသားနဲ့" "ဟာ-ကျောက်တုံးကြားထဲ လိုက်ရှာမှာပေါ့ နွဲ့ရဲ့။ ကဲ လာလာ ဆရာလေးပါလိုက်ကြည့်ပါ" ဟု ဆိုပြီးလျှင် ကျွန်တော် မောင်လှဝင်း မရင်နွဲ့ ပန်းခြံပြုပြင်သော ရှမ်းမာလီကြီးတဦးပါ ခေါ်လာပြီး မရင်နွဲ့မြင်ခဲ့ရသည်ဆိုသော နေရာသို့လာခဲ့ကြရာ ထိုနေရာကား တောင်နံပါးကြီးနှင့် ဆယ်ပေခန့်မျှသာ ဝေးကွာပြီး ဤနေရာတွင် စိုက်ပျိုးထားသော ပန်းပင်များမှာလည်း အခြားသောနေရာက ပန်းပင်များထက် ဝေေ၀ဆာဆာပဒေသာခိုင်တမျှ ပွင့်ဖူးနေကြသည်များကို တွေ့ရပေ၏။တောင်နံပါးကြီးမှာကား ဒါးနှင့်တိတိလှီးချထားဘိအလား တညီတညာတည်း မတ်စောက်မြင့်မားသော ကျောက်ပြားကြီးပမာရှိနေရာတွင် ရေညှိ ရေမှော်တို့ဖြင့် စိမ်းစိုလျှက် ကျောက်ပန်းခတ် ကျောက်ပန်းနွယ်များဖြင့် တန်ဆာဆင်ထားသကဲ့သို့ တွေ့မြင်ရကာ အဆိုပါ ကျောက်တောင်နံပါးကြီးနှင့် ထိကပ်နေသော လူတရပ်လောက် အမြင့်ရှိ၍ လုံးပတ်၁၂ပေလောက်ရှိသည့် ကျောက်တုံးကြီးတတုံးမှာလည်း ရေညှိ ရေမှော်တွေ ဖုံးလျှက် မြေပေါ်မှထွက်သော ပေါင်းမြက်ပင်တို့်ဖြင့် အောက်ခြေတွင် မြုပ်ဝင်နေသည်ကို တွေ့ရပေ၏။ ကျွန်တော်နှင့်မောင်လှဝင်းတို့လည်း မရင်နွဲ့ပြောသည့်စကားအတိုင်း လူ့ခေါင်းခွံရိုးကြီးမှာ တောင်နံရံနှင့်ကျောက်တုံးကြီးကြားတွင် ပျောက်ကွယ်သွားသည်ဆိုသဖြင့် အကြိုအကြားပေါင်းမြက်ပင်တို့ကိုပင် ဖယ်ရှားခိုင်းလျှက် ကြည့်ရှုစုံစမ်းပြီး ဘာမှမတွေ့ရသောအခါမှ မောင်လှဝင်းက မရင်နွဲ့ကိုကြည့်ကာ- "ကဲ ဘာမှမရှိပါဘူး။ ရှိရင်ဒီအနားမှာ တွေ့ရမှာပေါ့ နွဲ့ရဲ့။ နွဲ့စိတ်ကထင်လို့ပါ" ဟု ပြောလျှင် မရင်နွဲ့မှာ မကြေနပ်သောအမူအရာနှင့်- "အို နွဲ့ကလဲ ရှိတယ်လို့ပြောသလား။ ခုနကဘဲ နွဲ့ရှေ့တွင် ပျောက်သွားပါတယ်ပြောသားနဲ့။ နွဲ့စိတ်ထင်တာလဲမဟုတ်ပါဘူး။ မြင်တာတော့ အမှန်ပါဘဲ။ ခေါင်းခွံရိုးကြီးဟာ နွဲ့မျက်နှာကို စိစိကြည့်ပြီး ရီဖြဲဖြဲလုပ်ပြတာ ခုထက်ထိ မျက်စိထဲမြင်နေပါသေးတယ်" ဟု ထပ်ပြောနေလေ၏။ မောင်လှဝင်းလည်း အနည်းငယ်စဉ်းစားသလိုလို လုပ်နေရာက- "အင်း- အရင်လဲ ဒီနားမှာဘဲ။ နွဲ့လန့်လန့်ပြေးလာတာ သုံးလေးခါရှိပြီ။ ဒီလို့လန့်တတ်ရင်လဲ ခြံထဲကိုဆင်းတဲ့အခါ ဒီနားမလာပါနဲ့လားနွဲ့ရယ်"ဟု ပြောသဖြင့်- "ပန်းတွေကလဲ ဒီနေရာက သိပ်သိပ်ပွင့်တော့ နွဲ့လဲ ပန်းများများလိုချင်တဲ့ဇောနဲ့ ဒီနားကိုဘဲ သတိမေ့မေ့ပြီး ရောက်လာမိတယ်ကိုကိုရဲ့။ နောက်ကို နွဲ့ ဒီအနားမလာမိအောင် သတိထားရမှာဘဲ" ဟု ပြောမှ မောင်လှဝင်းလည်း- "ကဲ-ကဲ လာလာ" ဟု ကျွန်တော်နှင့်တကွ မရင်နွဲ့ကိုပါခေါ်လျှက် အိမ်ဆီသို့ပြန်လာကြရာက......... "ဒီလိုဘဲ ဆရာလေးရဲ့။ နွဲ့ ဒီနေရာမှာ လန့်တာ သုံးလေးခါရှိပြီ" ဟု စကားကိုပြန်ဆက်ပြန်သောကြောင့် ကျွန်တော်ကပင်..... "မရင်နွဲ့ အရင်လန့်ဘူးတာကကော ဘာများမြင်လို့လဲ ခုလိုလူခေါင်းခွံရိုးကြီးမြင်ရလို့လား" ဟု မေးမိမှ- "မဟုတ်ပါဘူး ဆရာလေးရဲ့။ အရင်တွေ့ရတာ တမျိုးပါ။ တခါမြင်ရတုန်းက ဧရာမပင့်ကူအနက်ကြီးဆရာလေးရဲ့။ ကိုယ်ကြီးက ဆန်ကောလောက်ရှိပြီး ခေါင်းကတော့ ပင့်ကူခေါင်းမဟုတ်ဘူး။ ကမ္မဋ္ဌာန်းအရိုးစုကောင်က ခေါင်းခွံမျိုးကြီးနဲ့ မျက်လုံးကြီးက နီနီရဲရဲကြီး ခရမ်းချဉ်သီးလို ပြူးထွက်နေတယ်။ ဒီအကောင်ကြီးဟာ ကျမရှိရာရွေ့လာလို့ ကျမကလန့်အော်တာနဲ့ အဲဒီကျောက်တုံးကြားထဲဝင်ပြေးပြီး ပျောက်သွားတာဘဲဆရာလေးရဲ့- တခါဟာတော့ ခုလိုဘဲပန်းခူးရင်းနဲ့ ဒီအနားရောက်သွားလို့ ပန်းတွေကိုအားရပါးရခူးနေမိတုန်း ကျမနောက်နားက ချွတ်ကနဲအသံကြားလို့ လှည့်ကြည့်လိုက်တော့ ထမီဇောက်ထိုး ရင်ရှားထားတဲ့ အရိုးချောက်ကောင်ကြီးတခုဟာ ကျမကို လက်ကားယားကြီးနဲ့ အုပ်ဘမ်းမလိုဟန်ပြင်ပြီး သွားဖြဲကြီးနဲ့ မျက်တွင်းဟောက်ပက်မျက်နှာကြီးကလဲ ကတုန်းကရင် သွားဖြဲကြီးတွေကို မေးရိုက်သလို တဆပ်ဆပ် တဂျပ်ဂျပ်လှုပ်ပြနေတာ တွေ့ရတာနဲ့ ကျမအသံကုန်လန့်အော်လိုက်တဲ့အခါ အဲဟိုကျောက်နံရံနားကိုပြေးသွားပြီး ပျောက်သွားတာဘဲ ဆရာလေးရဲ့- ကျမ ဒီအိမ်ရောက်ပြီးမှ ပထမဆုံးတွေ့ရတာကတော့ ခုလို ညနေခင်းပါဘဲ။ ပန်းခူးရင်း အဲဒီနားရောက်သွားတော့ တောင်နံရံကမ္ဘားပေါ်ကရှောပြီး ကျမအနားမှာ ဖုတ်ခနဲကျလာတာနဲ့ လှည့်ကြည့်လိုက်တဲ့အခါ သွေးရဲရဲသံရဲရဲနဲ့ ကျလာတဲ့ အသဲအူစုံ ကလီစာတွဲကြီးဖြစ်နေတာ တွေ့ရပါတယ်။ ကျမဗြုံးကနဲဆိုတော့ အပေါ်ကလူတယောက်ယောက်လက်ထဲက လွတ်ကျလာတယ်အောင်းမေ့လို့ တောင်နံရံပေါ်မော့ကြည့်တော့လဲ ဘယ်သူမှမရှိဘူး။ ဒါနဲ့ ကြောက်သလိုလိုရှိပြီး ဖြန်းကနဲကြက်သီးတွေထလာတုန်း ဘယ်ကပေါ်လာမှန်းမသိပါဘူး ဆရာလေးရယ်။ လင်းဒပနီကြီးတကောင်ဝဲကျလာပြီး သွေးရဲရဲနဲ့ကလီစာတွဲကြီးချီပြီး အဲဟိုကျောက်တုံးကြီးကြားထဲ ပြေးဝင်ပျောက်သွားတာဘဲ" ဟု ပြောပြသည်တွင် ကျွန်တော်လည်း ထူးထူးထွေထွေ တွေးမကြည့်တော့ဘဲ သူတို့အိမ်နေရာက အနည်းငယ်ကြမ်း၍သာဟု ယူဆမိပါသည်။ မောင်လှဝင်းမူကား ကိုယ်တိုင်မျက်မြင်မဟုတ်လျှင် ယုံချင်သူမဟုတ်သည့်အားလျှော်စွာ.... "ကိုကိုတော့ကွယ် ကိုယ်တိုင်မမြင်ရသေးလို့် နွဲ့စိတ်ကကြောက်ပြီးထင်တာလို့ပြောချင်တယ်။ တကယ်သာဖြစ်ရင်တော့ အတော်ထူးခြားတာဘဲ။ တစ္ဆေ သူရဲခြောက်တာလဲဖြစ်နိုင်တာပေါ့" ဟု ပြော၍ မရင်နွဲ့ကလည်း- "ဟုတ်မှာပေါ့ ကိုကိုရဲ့ ဒီနေရာက ကိုကိုအိမ်ဆောက်ထားလို့သာကိုး။ အရင်က တောကြီး တောင်ကြီးဘဲ တစ္ဆေ သူရဲတွေကျက်စားနေထိုင်ကြတဲ့ နေရာလာနေမိရက်သား ဖြစ်နေပြီထင်ပါရဲ့" ဟု ကြောက်ရွံ့ဟန်နှင့်ပြောလေ၏။ "ကိုကိုမေးစမ်းကြည့်ပြီးပါပြီနွဲ့ရဲ့။ ဒီနေရာဟာ ဟိုအရင်က ဘာသံမှမကြားဘူးပါဘူးတဲ့။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ရှမ်းအမယ်အိုကြီးတဦး တောင်ယာလုပ်ပြီး ဒီတောင်ထိပ်မှာဘဲ တဲကလေးထိုးနေသွားဘူးသေးသတဲ့။ နောက် ရှမ်းမကြီး အိုမင်းမစွမ်းရှိအလာမှာ သူ့သားတွေ မြေးတွေ မြို့ကြီးမှာအလုပ်အကိုင်နေရာကျပြီကြားလို့ တဲအိမ်ကလေးဖျက်ပြီး လိုက်သွားရှာသတဲ့။ အမယ်ကြီးနေစဉ်ကလဲဘဲ ဘာဖြစ်တယ်လို့မှ ပြောသံမကြားကြပါဘူးလို့ ကိုကိုတို့ခြံလုပ်သားတွေ အားလုံးကဘဲ ပြောကြပါတယ်နွဲ့ရယ်။ နွဲ့ပြောသလိုသာ ဒီနေရာ တစ္ဆေ သူရဲကြမ်းရင် လုပ်သားတွေပြောကြမှာပေါ့" ဟု အကျိုးသင့် အကြောင်းသင့် ပြောနေသည်တွင် ထိုစကားများတဖြည်းဖြည်းပြတ်သွားကြပြီးနောက် ကျွန်တော်လည်း ထိုအကြောင်းကိုပင် အမှတ်မရတော့ဘဲ မောင်လှဝင်း၏ အလုပ်အကိုင် စီးပွားရေး ကြီးပွားရေး စကားများဖြင့် အချိန်ကုန်ကာ တည်းခိုသောနေအိမ်သို့ ပြန်လာခဲ့ပါ၏။

ကျွန်တော် ထိုရွာသို့ရောက်လာခြင်းကိစ္စမှာကား ကျေးဇူးရှင်ဆရာကြီးသည် တောင်ပိုင်းရှမ်းပြည်သို့မဆင်းမှီ ကျွန်တော့အတွက် အထက်လမ်းအင်းကြီးတခုကိုစီမံပြီး လက်ထပ်ပညာပေးဝေလိုသောကြောင့် လားရှိုးမြို့နှင့် ဆယ့်နှစ်မိုင်ကွာသော မမ်းပုံ့တောင်ကြားသို့ ဆေးဘက်များ အရှာစေခိုင်းလိုက်ခြင်းဖြစ်၍ မမ်းပုံ့တောင်ကြားနှင့်အနီးဆုံးဖြစ်သော ခေါင်စိုင်ခေါ် ရှမ်းရွာကလေးသို့ ရောက်လာရကာ ခေါင်စိုင်ရွာနှင့်တမိုင်လောက်သာဝေးသော မောင်လှဝင်းတို့ခြံသမားများနေသည့် ဋ္ဌာနသို့ မကြာခဏရောက်ရလျှက် မိုးလေမစဲသေးသဖြင့် ဆေးဘက်တူးသွားရန် နေ့ရက်ရွေးချယ်စောင့်ဆိုင်းရင်း မောင်လှဝင်းတို့အိမ်သို့ သွားလာလယ်ပတ်ခါ အချိန်ကုန်ခဲ့ရပါသည်။ ထိုနေ့က အဖြစ်အပျက်ကလေး အနည်းငယ်ကို ကျွန်တော်ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီးနောက် ကျွန်တော်လည်း ၎င်းတို့ထံသို့ နောက်ထပ်မရောက်တော့ဘဲ ရွေးချယ်သတ်မှတ်ထားသော အချိန်နေ့ရက်ဆိုက်ရောက်သဖြင့် မမ်းပုံ့တောင်ကြားဆီသို့ အဘော်ရှမ်းများနှင့်နောက်ပါတပည့်ငယ်နှစ်ယောက်ကို ခေါ်၍ထွက်လာခဲ့ကြပါသည်။ မမ်းပုံ့တောင်ကြားတွင် အမျိုးမျိုးသော ဒုက္ခများခံ၍ အဘိုးတန်ဆေးဘက်များ ရှာဘွေတူးဖော်နေရသည်မှာလည်း ဆယ့်လေးငါးရက်ခန့်ကြာသွားပါသည်။ သို့နှင့်အရောက်အပြန်ပါရေတွက်ကြည့်မည်ဆိုပါက ရက်ပေါင်းနှစ်ဆယ့်သုံးရက်တွင် ကျွန်တော်တည်းခိုသော ခေါင်ဆိုင်ရွာသို့ပြန်ရောက်ပါသည်။ ရွာသို့ရောက်လျှင် လာစဉ်တုံးကကဲ့သို့ ရက်ရှည်စွာစောင့်ဆိုင်းနေရန် မလိုတော့ဘဲ နှစ်ရက်ခန့်မျှအနားဖြေပြီး ဆရာကြီးထံပါးသို့ ပြန်လာရန်သာရှိတော့သည့် အားလျော်စွာ တနေလုံး ပမ်းအားဖြေနားနေအိပ်စက်ပြီး ညနေစောင်းလောက်တွင်မှ မောင်လှဝင်းတို့ နေအိမ်ဆီသို့ ထွက်လာခဲ့ပါသည်။ အခါတိုင်း ကျွန်တော်လာလျှင် ယခုကဲသို့ ညနေစောင်းအချိန်များ၌ မောင်လှဝင်းတို့လင်မယားမှာ အိမ်ရှေ့ ကျောက်ဝါးရံတာကာထားသော ဆင်ဝင်ကလေးအောက်တွင် နှစ်ယောက်သားကြည်လင်ပျော်ရွှင်စွာ ထိုင်နေကြသည်ကိုတွေ့ရလျှက် ထိုနေ့ညနေမူ အရှေ့ဆင်ဝင်ကလေးမှာ လူစလူနမရှိ ချောက်ကပ်တိတ်ဆိတ်လျှက်နေသည်ကို ဦးစွာတွေ့မြင်ရပေ၏။ မောင်လှဝင်းခြံထဲသို့သွားနေသည့်အခါများတွင် မရင်နွဲ့ကို ထိုနေရာ၌တွေ့မြင်ရသော်လည်း ယနေ့မူ မရင်နွဲ့ကိုလည်း မမြင်သဖြင့် နှစ်ယောက်လုံးပင် ကိစ္စတခုခုနှင့်သော်၎င်း အလည်အပတ်သော်၎င်း သွားကြမည်ဟု ရုတ်တရက်ထင်လိုက်မိစေကာမူ ဆင်ဝင်ပေါ်သို့တက်မိသောအခါ အိမ်တံခါးများပိတ်မထားဘဲ အတွင်းမှလူသံများ သဲ့သဲ့ကြားရ၍ အိမ်အတွင်းသို့ တိမ်းငဲ့ကြည့်မိရာ အိမ်မှအလုပ်အစေခံများ ပြာယာခပ် ကူးသန်းသွားလာလျှက် မျက်စိ မျက်နှာများပျက်နေကြသည်ကို တွေ့မြင်ရသောကြောင့် အိမ်ရှင်များအတွက် စနိုးစနောင့်ဖြစ်သွားမိပေ၏။ ထိုခဏပင် ရှမ်းကလေးတယောက် အပြင်ထွက်လာသဖြင့်..... "ဟေ့ ပေါနိမ့် မင်ဆရာများကော" ဟု လှမ်း၍မေးလိုက်မှ ပေါနိမ့်ခေါ်ရှမ်းလူငယ်ကလေးက- "အော...ဆရာဘာလား ကြွပါဆရာ အစ်ကိုအိမ်မှာရှိပါတယ်။ အမ အတော်ဘဲနေမကောင်းနေလို့ အခန်းထဲဝင်ကြည့်ပါအုံးဆရာရဲ့" ဟု ခပ်ဝဲ၀ဲနှင့်ပြောသည်တွင်- "အေးအေး ကြည့်တာပေါ့ကွယ်။ ဒါပေတဲ့ ငါလာတဲ့အကြောင်း မင်းဆရာကိုသွားပြောပါအုံး" ဟု ဆိုမှ ပေါနိမ့်လည်း အခန်းထဲသို့ ပြန်ဝင်သွားပါသည်။ များမကြာမှီ မျက်နှာညှိုးငယ်စွာနှင့် မောင်လှဝင်းထွက်လာပြီး- "သြော် ဆရာလေး အဆင်သင့်ဘဲ ကြွပါအုံးဆရာလေးရယ်။ နွဲ့အတော်ဘဲနေမကောင်းဖြစ်နေပါတယ်။ ကျွန်တော် ဆရာလေးမပေါ်လာလို့ ရွာထဲလွှတ်မေးတော့ မမ်းပုံ့ကိုသွားတာသိရတာနဲ့ မြန်မြန်ပြန်လာပါစေလို့ ဆုတောင်းပြီး တမျှော်ထဲမျှော်နေမိတယ်။ ကဲ ဆရာ နွဲ့ကို တဆိတ်ကြည့်ပါအုံး။ ကျွန်တော်ဖြင့် ငယ်ထိပ်သွေးရောက်နေပြီ။ ဘာဖြစ်တာမှန်းလဲမသိဘူး။ အိပ်ရာထဲမှာ လူးလှိမ့်နေရှာတာဘဲ" ဟု ပြာပြာသလဲ ခရီးဦးကြိုပြုကာ မရင်နွဲ့မှာ အိပ်ရာပေါ်တွင် တစုံတခုသော ဝေဒနာကိုခံစားနေရဘိအလား ဘယ်လူးညာလှိမ့်နှင့် လူမှန်းမသိ ညည်းညူနေရှာသည်ကို တွေ့ရလေ၏။ "ကြည့်ပါအုံးဆရာလေးရယ်။ နွဲ့ဝေဒနာခံစားနေရပုံ မဆိုးဘူးလား။ ကျွန်တော်လည်းဘယ်လိုမှ မကြံတတ်ဘူး။ မြို့ကဆရာဝန်တွေခေါ်ပြလို့ ဆေးထိုးဆေးတိုက်လုပ်နေတာ သုံးလေးရက်ရှိပြီ။ ဘာမှမထူးခြားပါဘူး။ တိုက်သမျှဆေးတွေလဲ အကုန်အန်ထုတ်ပစ်တယ် ဆရာလေးရဲ့။ ဆရာဝန်တွေကလဲ စိတ်ထင်နဲ့သာ ဆေးပေးရတယ် ဘယ်လိုဝေနာရယ်လို့ သူတို့အမည်တပ်မပြောနိုင်ဘူးတဲ့" ဟု ဆိုသဖြင့် ကျွန်တော်လည်း မရင်နွဲ့ကို ခေတ္တစိုက်ကြည့်နေမိပြီးမှ..... "ဒီလိုဖြစ်တာက ဘယ်နှစ်ရက်ရှိသွားပြီလဲ မောင်လှဝင်းရဲ့" "ဒီနေ့ပါနဲ့ ငါးရက်ရှိပါပြီ ဆရာလေးရဲ့" "ဒီလိုမဖြစ်ခင် မရင်နွဲ့မှာ ဘယ်လိုများ ထူးထူးခြားခြား ဖြစ်သေးသလဲ" "ထူးထူးထွေထွေဆိုရင် ဆရာလေးရယ်။ အဲ တခုတော့ရှိတယ်။ ဆရာလေးကျွန်တော်တို့ဆီက နောက်ဆုံးပြန်သွားတဲ့နောက် လေးငါးရက်လောက်ရှိတော့ ည လသာသာမှာ အိမ်ရှေ့ဝရံတာကို နွဲ့ထွက်နေတုန်း အရင်သူပြောတဲ့ တောင်နံရံနားက ကျောက်တုံးပေါ်မှာ ဖြူဖြူကြီး ငုတ်တုတ်ထိုင်နေတာမြင်လို့ စိုက်ကြည့်တော့ အဲ ဒီဖြူဖြူဟာ လှုပ်ရှားလာရာက အရိုးခြောက်ကောင်ကြီးဖြစ်ပြီး လက်ယပ်ခေါ်သတဲ့။ ဒါနဲ့ သူလန့်ပြီးအော်တာဘဲ- -နောက်တခါ လေးငါးရက်ရှိပြန်တော့ ညအိပ်ရာထဲမှာ အိပ်ပျော်နေရာက တကြိမ်ငယ်သံပါအောင် လန့်အော်ပြန်တာနှင့် အကျိုးအကြောင်းမေးတော့ အိမ်မက်ထဲမှာ အရိုးခြောက်ကောင်ကြီးက နွဲ့လည်ပင်းညှစ် ပါးစပ်ဖြဲပြီး သူ့ပါးစပ်ထဲက စိမ်းစိမ်း နီနီ ပြာပြာ အရောင်မျိုးစုံပါတဲ့ မီးဖွားတွေကို မှုတ်သွင်းနေတယ်လို့ အိပ်မက်တာနဲ့ လန့်အော်တယ်တဲ့ ဆရာလေးရဲ့။ ဒီလိုနဲ့ နောက်သုံးလေးရက်ရှိပြန်တော့ နေ့ခင်းအိမ်ရှေ့နားမှာ သူတယောက်ထဲ ကုလားထိုင်ကလေးတလုံးနဲ့ ထိုင်ပြီးသားမွေးဆွယ်တာအင်္ကျီ တခုထိုးနေသတဲ့။ အဲဒီနေ့က ကျွန်တော်လည်း အိမ်မှာမရှိဘူး။ ကော်ဖီခြံကိုခဏသွားကြည့်နေမိတယ်- အဲဒီလို နွဲ့တယောက်ထဲ ဆွယ်တာအင်္ကျီထိုးနေခိုက်မှာ အသက်၇၀လောက်ရှိမယ်ထင်ရတဲ့ ရှမ်းအမယ်အိုကြီးတယောက် တောင်းကလေးတခုရွက်ပြီး အိမ်ဝင်းထဲ ၀င်လာသတဲ့။ နွဲ့ကဘာကိစ္စလဲလို့ လှမ်းမေးတော့။ အမယ်ကြီးက "သမီးရယ် အမေကြီးမောလွန်းလို့ ရေကလေးတခွက် သောက်ချင်လို့ ၀င်လာပါတယ်"လို့ ပြန်ပြောတာနဲ့ နွဲ့ကသနားပြီး အစားအစာကလေးပါ ကျွေးမွေးချင်တာနဲ့ "အမေကြီး ဒီအပေါ်လာပြီး နားနေပါအုံး ရေလဲသောက်ရပါတယ်"လို့ပြောတော့ အမယ်အိုကြီးက "ကျေးဇူးတင်ပါတယ် သမီးရယ် အမေကြီးသွားစရာကိစ္စက အရေးကြီးသေးလို့ အိမ်ပေါ်တော့ တက်မလာပါရစေနဲ့တော့ ရေကလေးတခွက်သာ သောက်ပါရစေ"လို့ ဆိုတာနဲ့ အနွဲ့ဟာ သက်ကြီးရွယ်အိုကိုပြုစုရတာ ကုသိုလ်ရတယ်လေဆိုပြီး ရေတခွက်ခပ်ပြီး ကိုယ်တိုင်သွားပေးသတဲ့။ အမယ်ကြီးက "ကျေးဇူးတင်လိုက်တာသမီးရယ်"လို့ဆိုပြီး ရေခွက်ကို အကြောဖြိုင်းဖြိုင်းထပြီး တုန်တုန်ရီရီဖြစ်နေတဲ့ သူ့လက်နဲ့ ကတုန်ကရင်ကြီး လှမ်းယူပြီးသောက်မယ်အလုပ်မှာ လက်ကတုန်အားကြီးတာနဲ့ ရေတွေဖိတ်ပြီး ပါးစပ်နားကခွက် လွတ်ကျသွားတာနဲ့ နွဲ့ကခွက်ကို ကုန်းကောက်တုန်း အမယ်ကြီးကမောပြီး နွဲ့အပေါ်ထပ်ရက်လဲကျသတဲ့။ နွဲ့လဲ အမယ်ကြီးသနားတာနဲ့ အမယ်ကြီးကို ပြန်ထူပေး ကျနေတဲ့တောင်းကလေလဲ ကောက်ပြုပေးပြီး ရေပြန်ယူမယ်လုပ်တုန်း- "နေပေ့စီတော့ သမီးရယ် နဲနဲသောက်လိုက်ရပါသေးတယ် ၀ပါပြီ"့  ဆိုပြီး အတော်အားပြည့်လာပုံနဲ့ ထိုင်ရာကထရင်း "ငါ့သမီး ရေတိုက်တဲ့အတွက် အမေကြီးသိပ်ကျေးဇူးတင်တာဘဲ။ ငါ့သမီးကလေးကို သိပ်ချစ်တာဘဲ။ ငါ့သမီးယခုဘ၀မှာ လှသထက်လှလာအောင် အမေကြီးနည်းကောင်းကလေးတခု ကျေးဇူးပြုခဲ့မယ်ကွဲ့" လို့ ဆိုပြီး သူရွက်ထားတဲ့ တောင်းထဲက ဘူးသီးနုအကင်းကလေးတခုနှိုက်ယူပြီးပေးသတဲ့- "ငါ့သမီး ဒီထက်လှလာအောင် ဟောဒီဘူးသီးကလေးကို မုချချက်ချင်း ရေစိမ်သောက်လိုက်ပါ သမီးရယ်"ဆိုပြီး ပေးလို့ နွဲ့ကလဲယူထားလိုက်သတဲ့ဆရာလေးရဲ့။ အဲ-ဒီလို နွဲ့နဲ့အမယ်ကြီးစကားပြောနေတဲ့အနားမှာ အိမ်မှာမွေးထားတဲ့ "ဂါဘိုး"ဆိုတဲ့ အမွှေးစုပ်ခွေးဖြူမက အနားလာပြီး အမယ်ကြီးကို ထိုးထိုးဟောင်နေလို့ အမယ်ကြီးက ဂါဘိုးကို စိုက်ကြည့်တော့ ဂါဘိုးဟာ တယောက်ယောက်က ရိုက်လိုက်တဲ့အတိုင်းဘဲ ဂိန်ကနဲအော်ပြေးပြီး အမယ်ကြီးခြံထဲကထွက်သွားတဲ့အထိ အဝေးကြီးကနေ ဟောင်နေတာလဲ ဂရုစိုက်လိုက်မိသတဲ့" ဒါနဲ့ နွဲ့ဟာ မိန်းကလေးများဝါသနာအတိုင်း လှသထက်လှချင်တာနဲ့ အမယ်ကြီးပြောတဲ့အတိုင်း ဘူးသီးကလေးကို ရေဖလ်ခွက်ထဲစိမ်ပြီး ရေကိုသောက်လိုက်မိသတဲ့။ သူပြောသလို လှမလာတဲ့အပြင် ညလဲတိုင်ရော ရင်ထဲက မအီမသာကြီးဖြစ်လာတယ်ဆိုပြီး အိပ်ရာထဲလဲတာဘဲ။ ကျွန်တော်မေးစမ်းကြည့်တော့ နွဲ့ကဒီအကြောင်းတွေပြောလို့ အမယ်ကြီးကိုမသင်္ကာတာနဲ့ အဲ ဖလ်ခွက်ထဲက ဘူးသီးကလေးယူကြည့်တော့ ဘူးသီးကင်းကလေးဟာ အမယ်ကြီးပေးတုန်းကလို တောင့်တောင့်တင်းတင်းမရှိတော့ဘဲ အ၀တ်စုတ်ကလေးများ လိမ်ညှစ်ထားသလို အခွံကလေးချည့်ရှုံ့တွနေတာ တွေ့ရတော့တယ်။ ကျွန်တော်လဲ ဒါကလေးဟာ အဆိပ်ပါတဲ့ဘူးသီးထင်လို့ ဆရာဝန်ပြပြီးစစ်ဆေးကြည့်တော့ ဆရာဝန်က အဆိပ်မပါဘူးလို့ပြောပါတယ်။ ဒါပေတဲ့ မကြေနပ်သေးတာနဲ့ ရန်ုကုန်ကဓာတုဗေဒဆိုင်ရာကို ပို့အပ်လိုက်ပြီ ဆရာလေးရဲ့။ အဆိပ်ပါတဲ့ရေသောက်မိတယ်ထင်ပြီး ဖြေဆေးတွေကျွေးတာလဲ နွဲ့ဖြင့်မသက်သာဘဲ အလူးအလဲအော်ဟစ်နေရရှာတာဘဲ ဆရာလေးရယ်" ဟု ဇနီးမရင်နွဲ့လူးလဲခံစားနေရသော ဖြစ်ပုံကို မကြည့်ရက်သလို မျက်ရည်လယ်လယ်နှင့် ပြောရှာလေ၏။ ကျွန်တော်လည်း မောင်လှဝင်းပြောစကာများဖြင့်ပင် မရင်နွဲ့၏ဝေဒနာမှာ သွေးရိုးသားရိုးမဟုတ်ကြောင်း သိရှိရိပ်မိသဖြင့် မရင်နွဲ့၏လက်များကို သွေးစမ်းကြည့်ရာ သွေးတိုးပုံမှာလည်း အမှန်ပင် ပယောဂနှင့်ယှဉ်လျှက်သွေးတိုးနေသည်ကို တွေ့ရ၏။ ကျွန်တော်ထွက်လာစဉ်က အလယ်အပတ်သက်သက်မျှဖြစ်၍ ဘာမျှမပါ ရှပ်အင်္ကျီအတွင်းမှ လယ်ပင်းတွင်စွပ်လျှက်ပါလာသော ကျေးဇူးရှင်ဆရာကြီးပေးအပ်လိုက်သည့် ဂုဏ်တော်သိဒ္ဓိစိတ်ပုတီးကြီးတကုံးသာလျှင် ပါရှိခဲ့သည်နှင့် ထိုပုတီးကိုပင် သောက်ရေတခွက်တွင်ထည့်စိမ်လျှက် ရတနာသုံးပါးနှင့် ကမ္ဘာစောင့်နတ်ကြီးလေးပါး အထက်ဆရာ့ဆရာကြီးများ တိုင်တည်အမိန့်တော်ပြန်ကာ နှုတ်တိုက်ဂါထာများရွတ်မန်းပြီး ဂုဏ်တော်ပုတီးစိမ်သော ရေစင်ဖြင့် မရင်နွဲ့ကို တိုက်ကျွေးပက်ဖြန်းလိုက်သောအခါ အလူးအလဲဖြစ်နေရှာသော မရင်နွဲ့မှာ တဖြည်းဖြည်းငြိမ်သက်လာလေ၏။ သို့နှင့်လည်း မရင်နွဲ့မှာ ငြိမ်ရုံသာငြိမ်နေလျှက် သတိကားမရ မေ့မြောနေလေ၏။ မောင်လှဝင်းမှာ ငြိမ်သက်လာသည်ကို များစွာအားရသော်လည်း သတိအလျဉ်းမရှိသေးသော မရင်နွဲ့အတွက် စိတ်လက်မချနိုင်သေးအောင် ရှိလေ၏။ "ဆရာလေးရယ် မရင်နွဲ့ဝေနာကို ဆရာလေးကယ်နိုင်ပါလိမ့်မယ်။ တဆိတ်ကြိုးစားပါအုံးခင်ဗျာ။ ဆရာဝန်တွေဟာ ရောဂါနဲ့ဆေး အပေးအယူမဟုတ်လို့ ခုလိုငြိမ်လာအောင်တောင်မလုပ်နိုင်ကြပါဘူး။ ဆရာလေးလက်ကို မရင်နွဲ့အပ်ပါတယ်။ ထပ်ပြီးစောင့်ရှောက်ပါအုံး" ဟု အပူတပြင်း ကပ်နေပြန်လေ၏။ ကျွန်တော်လည်း- "စိတ်ချပါမောင်လှဝင်းရယ် ဆရာလေးတတ်နိုင်သလို ကြိုးစားပေးပါ့မယ်။ မရင်နွဲ့ဝေဒနာဟာ ပယောဂသက်သက်မောင်လှဝင်းရဲ့။ ဆရာလေးစဉ်းစဉ်းစားစား လမ်းမမှားရအောင် လုပ်ပါရစေ" ဟု ဆိုမှ မောင်လှဝင်းလည်း ကျွန်တော်၏အကဲကို ငြိမ်သက်စွာစောင့်ကြည့်နေရှာလေ၏။ သို့နှင့်ပင် မကျေနပ်နိုင်သေးဘိအလား..... "ပယောဂ ပယောဂ-ဒါလောက်တောင် လူချစ်လူခင်များပြီး သိမ်မွေ့နူးညံ့စိတ်ကောင်း သဘောကောင်းရှိတဲ့ မိန်းကလေးတယောက်ကိုများ ဘယ်လိုပညာသယ်က ရန်ညှိုးထားလို့ ပြုစားရပါလိမ့်နော်။ မရင်နွဲ့-မရင်နွဲ့ မင်းကို သက်သက်မဲ့ နိုင်တက်စီးနင်းနှိပ်စက်ကြတာဘဲ ထင်ပါရဲ့" ဟု နောက်နားဆီမှ တဖြစ်တောက်တောက် ညည်းတွားနေသောကြောင့် ကျွန်တော်လည်း သူ့အားကြေနပ်ရန်ပင် စကားမပြောအားသေးဘဲ မရင်နွဲ့၏အစွဲကို ကြည့်ရှုအကဲခတ်ခါ ကျေးဇူးရှင်ဆရာကြီး၏ နိသျည်းခံတပည့်တဦးဖြစ်သည်အားလျော်စွာ ရှေ့နောက်ဆင်ခြင်တိုင်းထွာ၍ နေရပေ၏။ သို့နှင့် မရင်နွဲ့၏အစွဲကို အတန်ကြာ အကဲခပ်စုံစမ်းမိသည်တွင် ယခင်မရင်နွဲ့မကြာခဏ လန့်ဖြန့်လာသောနေရာဋ္ဌာနသည် မရင်နွဲ့၏အစွဲမူလဖြစ်ပေါ်လာရာအရပ်ဖြစ်ကြောင်း မရင်နွဲ့၏အစွဲမှာ မည်သို့သောအစွဲဖြစ်ကြောင်းများ ရှင်းလင်းပြောပြရန် တာဝန်ကျလာသောကြောင့်- "မောင်လှဝင်းရဲ့ မရင်နွဲ့ခုလိုပယောဂစွဲဖြစ်လာတာ တခြားလူများလို ပညာရှင်တဦးဦးက မလိုမုန်းထားလို့ပြုလုပ်ထားခြင်းမဟုတ်ဘူး။ ယခုပညာရှင်ဟာ မရင်နွဲ့ကို အင်မတန်ခင်မင်ပြီး သမီးတမျှချစ်မြတ်နိုးလွန်းလှလို့ တမင်လုပ်ရတဲ့ကိစ္စကြီးဘဲ....." "အလို သူတို့က ချစ်လို့လုပ်တယ်များ ရှိသေးသလား ဆရာလေးရယ်။ ဟုတ်နိုင်မယ် မထင်ပါဘူး။ အနွဲ့ခံနေရတာကြည့်စမ်းပါအုံး။ ချစ်လို့ဖြစ်ရင် ဒီလိုသေလုမတတ်ဝေဒနာခံရအောင်လုပ်ပါ့မလား။ ဒီစုန်းကဝေဆိုတဲ့ အောက်လမ်းသွားတွေကို မတရားပါဘူး ဆရာလေးရယ်။ ကိုယ့်အချင်းချင်းအပေါ် ဒါလောက်အစွမ်းကောင်းနေတော့ သူတို့ဘာများ အကျိုးရှိသလဲ။ တကယ့်တကယ်ရန်သူဆိုရင် လုပ်ပါ။ အင်မတန်အရေးပါ အရာရောက်တဲ့နေရာမျိုးမှာတော့ တပြည့်လုံးချမ်းသာအောင် တပြည်လုံးကို လူရိုသေအောင်ဖြင့် မလုပ်ဝံ့ဘဲနဲ့ "၀ါးလုံးခေါင်းထဲ လသာ"ဆိုတာလို ကိုယ့်တိုင်းပြည်ထဲက တအိမ်ထဲသားချင်းတွေကိုဘဲ လူစွမ်းကောင်းနေ၀ံ့ကြတာ မတရားပါဘူး" "နေပါအုံးလေ မောင်လှဝင်းရဲ့ စိတ်ထဲရှိသလောက်တွေ ရှောက်ပြောမနေပါနှင့်အုံး။ ဆရာလေး ရှင်းလင်းအောင်ပြောစမ်းပါရစေ။ ငြိမ်ငြိမ်နားထောင်စမ်းပါ" "ပြောပါ ဆရာလေးရယ် နားထောင်ပါမယ်" "စုန်း ကဝေ ဇော်ဂနီဆိုတဲ့ အောက်လမ်းပညာသယ်တွေဟာ တဦးတယောက်ကို ပညာစမ်းတဲ့သဘောနဲ့ တရားမဲ့သက်သက်လုပ်တာလဲရှိတယ်။ သူတို့ကို နာကျင်အောင် နှိပ်စက်ညှဉ်းဆဲလို့ ပြန်ပြီးလက်စားခြေတဲ့သဘောနဲ့ လုပ်တာလဲရှိတယ်။ လူကိုချစ်တာနဲ့ သူတို့ပညာကို အမွေအနှစ်ပေးချင်လို့ ပညာဗူးသွင်းပေးတဲ့အခါလဲ ဗူးသွင်းခံရတဲ့လူမှာ အလူးအလဲခံရတာလဲရှိတယ်- -ဒီတော့ သူတို့ပညာဗူးသွင်းတဲ့အကြောင်းကို ပြောပြမယ်။ (ဥပမာ)ကဝေမကြီးတယောက်ဟာ သူ့ပညာကို အမွေပေးချင်ရင် ပညာကိုခွဲပြီးအန်ထုတ်ခါ ပညာစွမ်းနဲ့ ဗူးသဏ္ဍန်ဘန်တီးပြီး ပညာပေးလိုသူကို သွင်းလိုက်တယ်။ ဗူးသွင်းတာဟာ ပညာကိုတဖြည်းဖြည်းအချိန်ပိုင်းနဲ့ သင်လာတာလို မသက်သာဘူး- အရက်သောက်နေကြလူကို အရက်တပုလင်းလုံးမျိုလို့ ထူးပြီးမမူးပေတဲ့ အူရိုင်းကို အရက်တခွက်တိုက်တဲ့အခါ သွက်သွက်ခါမူးသွားသလိုဘဲ။ ပညာခံမရှိတဲ့ ရိုးရိုးလူကို ဗြုံးကနဲ စုန်းကဝေပညာတွေ တတ်လာအောင် အဆုပ်လိုက် အခဲလိုက် ဗူးသွင်းပေးလိုက်တော့ ပညာဗူးဟာ ဖြောင့်ဖြောင့်မတ်မတ် နေသားတကျမဖြစ်သေးခင် ဗူးသွင်းခံရတဲ့လူမှာ ဗူးအတည်မကျခင် သေလုအောင် ဖြစ်ရတာဘဲ- -အဲဒီလိုဝေဒနာခံရတဲ့အခါ ပယောဂဆရာကောင်းကောင်းနဲ့ ဗူးကိုပြန်အန်အောင် ကုနိုင်ရင်ကု မကုနိုင်ရင် ပညာဗူးမတင်မကျဖြစ်ပြီး သေရတယ်။ သို့မဟုတ် စုန်းကဝေပညာကို တတ်ချင်လို့ရှိရင်လဲ သူတို့နယ်ထဲဝင်လိုက်ရန် ပဋ္ဌမပညာဗူးသွင်းလိုက်တဲ့ ပညာသယ်ထံကို အခွင့်ပန်ရတယ်။ ဒီနှစ်လမ်းဘဲရှိတယ် မောင်လှဝင်းရဲ့။ ဘယ်ဘက်မှမလိုက်ဘဲ ကြည့်နေရင် ဗူးမတင်မကျဖြစ်ပြီး သေရတာဘဲ။ အခုမရင်နွဲ့ဖြစ်ရပုံဟာလဲ ပညာသယ်တဦးက ချစ်ခင်တာနဲ့ ဗူးသွင်းသွားတာဘဲ မောင်လှဝင်းရဲ့" "ဟာ-ဒါဖြင့် နေရာကျတာပေါ့ ဆရာလေးရဲ့။ အဲဒီဗူးအတည်တကျဖြစ်သွားရင် အနွဲ့စုန်းကဝေပညာကို တခါထဲ အော်နာနဲ့စာမေးပွဲအောင်သွားမှာပေါ့။ နေရာကျပြီ။ ဒီပညာကို ကျွန်တော်လိုချင်နေတာ ကြာလှပြီဆရာလေးရဲ့" "အင်း စဉ်းစားအုံးမောင်လှဝင်း "အငိုလွယ်လို့ အရှိုက်ခက်တတ်သနော်"လူတိုင်းစက်ဆုပ်တဲ့အတတ်ပညာဆိုးကို ဘယ့်နှယ်လိုချင်ရတယ်လို့။ အင်မတန် နူးညံ့သိမ်မွေ့တဲ့ သူတော်ကောင်းမလေးကို ကဝေမလေးဖြစ်သွားမှန်း လူတွေသိကြရင် ဘယ်သူကမှ မပေါင်းအသင်းလုပ်ကြတော့မှာ မဟုတ်ဘူး။ ကိုယ့်မယားကိုယ် မနှမြောဘူးလား မောင်လှဝင်းရယ်" "ကျွန်တော်တော့ ဘယ်သူပြောပြော ဒီပညာကို စုံစမ်းပြီး တိုးပွားအောင် ချဲ့ထွင်ချင်နေတဲ့လူမို့ ခုလိုအလားသင့်ဖြစ်လာရတာကိုဘဲ ၀မ်းသာရမလိုဖြစ်နေတယ် ဆရာလေးရဲ့။ ဒါကြောင့် ဒီပညာကို မရင်နွဲ့လက်ခံထားပြီး ကျွန်တော်ပါ မရင်နွဲ့ဆီကတဆင့် သင်ကြားယူချင်တော့တာဘဲ" "မတော်ပါဘူး မောင်လှဝင်းရယ်။ ကိုယ့်ကိုယ်ကို ဂုဏ်ပျက်အောင်မကြံပါနဲ့။ လူသိရင်ရှက်စရာဘဲ။ ဒီလင်မယားဟာ စုန်းကဝေအတတ် တတ်တယ်ဟေ့ အပေါင်းအသင်းမပြုကြနဲ့လို့ အချင်းချင်းသတင်းပေးထားကြတော့မှာပေါ့" "စုန်းကဝေအတတ် တတ်တဲ့ပညာသယ်ကို လူတွေစက်ဆုပ်ရွံမုန်းကြတာဟာ စုန်းကဝေများက အရမ်းမဲ့ လူတဘက်သားကို မတရာနှိပ်စက်လို့သာ အများက ရွံကြောက်ကြီးကြောက်ပြီး ကမ္ဘာ့သစ်ငုတ် ကမ္ဘာ့ခလုတ်ဆိုပြီး ၀ိုင်းပယ်ထားကြတာပါ။ တကယ်လို့ စုန်းကဝေပညာ တတ်မြောက်ရုံတတ်မြောက်ထားပြီး ဘယ်သူ့ကိုမှ မပြုစား မနှိပ်စက်ဘူးဆိုရင် အများက ရှုံ့ချဝိုင်းပယ်ထားမယ်မထင်။ ကမ္ဘာ့သစ်ငုတ် ကမ္ဘာ့ခလုတ်လဲ မဖြစ်နိုင်ဘူး ဆရာလေးရဲ့။ အရက်သောက်ရုံနဲ့ငရဲမရောက်နိုင်ဘူး။ အရက်သောက်ပြီး အကုသိုလ်ကံတပါးပါးမြောက်အောင်ပြုမှ ငရဲရောက်တယ်ဆိုတာမျိုးလိုပါဆရာ- -ဒီတော့ ရှေ့အဘို့ ပညာမတိမ်ကောဘဲ ရှေးကလို ထက်ထက်မြက်မြက် နည်းကောင်းနိသျကောင်းတွေ စုပေါင်းမိဘို့ရယ် စုပေါင်းမိတဲ့အခါ ခေတ်သစ်နည်းစံနစ်တွေ ဖြည့်စွက်ပြီး တဘက်တလမ်းက အဘိုးတန်တဲ့ ပညာရပ်တမျိုးအဖြစ်နှင့် တိုင်းပြည်တိုးတက်ကြီးပွားရေးကို ကူညီအားပေးသွားဘို့ဆိုတဲ့လိုရင်းအချက်ကြီးကို ရည်ရွယ်ထားပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အကြံကို အခြေခံရနိုင်တဲ့ပညာတခု အလိုလိုအိမ်တွင်းရောက်လာမှတော့ ပြန်မလွှတ်ပါရစေနဲ့ ဆရာရယ်" "မောင်လှဝင်းအကြံဟာ မဟန်ပါဘူး။ တိုင်းပြည်မကြီးပွား မတိုးတက်ဘဲ ရှိသမျှလူတွေ စုန်းကဝေပြုစားညှဉ်းဆဲတာနဲ့ သေကုန်မှာပေါ့" "ဟာ ဒီလိုဘာအဖြစ်ခံမလဲဆရာလေးရဲ့။ ကျွန်တော်တို့လင်မယား ဒီပညာတတ်မြောက်သွားလို့ရှိရင် ကျွန်တော်တို့က ဦးစီးခေါင်းဆောင်ပြုပြီး ရှိပြီးသားစုန်းကဝေများကို ဘိတ်ခေါ်စုပေါင်း စုန်းကဝေအသင်းကြီးဖွဲ့ ကိုယ့်အမျိုးတူ ဇာတ်သားချင်းကို မပြုစားမညှဉ်းဆဲဘဲ စုန်းကဝေပညာရပ်များသာ ကြီးပွားထက်မြက်လာအောင် ကြိုးစားပါမည်။ ကတိပျက်ကွက်သူကို အသင်းဝင်စုန်းကဝေများက ၀ိုင်းပြီးသေအောင်သတ်၍ဖြစ်စေ သစ္စာရေတိုက်ပြီး သစ္စာရေက မီးတောက်မီးလျှံဖြစ်ပြီး လောင်ကျွမ်းပါစေဆိုတာ ကြိမ်စာတိုက်ထားရင် အားလုံးအတွက် လုံခြုံသွားမှာပေါ့။ ခုကာလတိုင်းပြည်ခေါင်းဆောင်တွေ သစ္စာမတည်ပေတဲ့ စုန်းကဝေပညာသည်များကတော့ သစ္စာနဲ့အလုပ်လုပ်ရတဲ့ လူမျိုးတွေဖြစ်လို့ ရိုးရိုးလူကောင်းများထက် ကတိသစ္စာတည်ပါတယ် ဆရာလေးရဲ့" "မောင်လှဝင်းကဖြင့် ဇွတ်အယူသန်နေတော့တာဘဲ။ ဒါပေတဲ့ မရင်နွဲ့က မူလကာယကံရှင်ဖြစ်နေတယ်။ သူ့ကိုလဲ တိုင်ပင်ကြည့်ပါအုံး။ သူကြေနပ်မှဖြစ်မှာပေါ့" "ဟာ ကျွန်တော့်မိန်းမဟာ ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကိုသိပြီးပါ ဆရာလေးရယ်။ မယုံရင်သတိရတော့ မေးကြည့်ပါ။ ကိုင်း ရှေးဦးစွာ မရင်နွဲ့သတိရဘို့က အရေးကြီးပါတယ်ဆရာလေးရဲ့။ ဒီတော့ မရင်နွဲ့ သတိရအောင် လုပ်ပါအုံး" ဟု ပြောသဖြင့် ကျွန်တော်လည်း မရင်နွဲ့သတိရလာစေရန် ကြိုးစားပြုလုပ်ပေးလိုက်၏။ နောက်တနေ့တွင် မရင်နွဲ့သတိရလာလေ၏။ ကျွန်တော်ကား မောင်လှဝင်းအကြံအစီကို မရင်နွဲ့ဘယ်နည်းနှင့်မျှ သဘောကျလိမ့်မည်မဟုတ်ဟု အထင်ရှိခဲ့သည့်အတိုင်း မရင်နွဲ့အပေါ်တာဝန်ပုံ၍ ပြောလိုက်စေကာမူ မောင်လှဝင်းသည် မရင်နွဲ့သတိရလာသောအခါ အကျိုးအကြောင်းပြောပြတိုင်ပင်လိုက်လျှင်ပင် မရင်နွဲ့သည် လင်နှင့်စိတ်သဘောထား အယူအဆထပ်တူကျနေသူ ဖြစ်နေသောကြောင့် သူ၏ကိုယ်တွင်းရောက်နေသော ပညာဗူးကို ကောင်းစွာလက်ခံလိုသော ဆန္ဒရှိကြောင်း ပြောပြလေတော့၏။ ကျွန်တော့်မှာ အထက်လမ်းကဆရာဖြစ်၍ ဗူးကိုပြန်၍အံစေနိုင်သည့်အစွမ်းရှိ၏။ နှိမ်နင်းပေးရန်တာဝန်ရှိသူဖြစ်သော်လည်း ကာယကံရှင်ကပင် နှိမ်နင်းဖယ်ရှားသည်ကို မခံလိုဘဲ ၀င်နေသောပညာဗူးကို စွဲမြဲတည်တန့်အောင် ပြုလုပ်ပေးရန် တောင်းပန်နေသဖြင့်၎င်းတို့အလိုသို့ လိုက်ပါရအခက် မလိုက်ပါရအခက်နှင့် အကြံအိုက်၍နေပေတော့၏။ မောင်လှဝင်းကား ကျွန်တော့်အနားသို့ကပ်ခါ နားပူတိုက်၍နေလေတော့ရာ- ""ခက်တယ်မောင်လှဝင်းရဲ့ ဆရာလေးတို့က အထက်လမ်းက ဒီပညာဗူးကို သိပ်ပေးရမယ်ဆိုရင် အကုသိုလ်အားပေးရာကျတော့မှာဘဲ။ ပြီးတော့ ဒီအလုပ်ဟာ အောက်လမ်းပညာသယ်တွေရဲ့ အလုပ်ဖြစ်လေတော့ ဆရာလေးတို့အထက်ဂိုဏ်းကလူတွေနဲ့ "ပြဒါးတလမ်း သံတလမ်း"ဆိုတာလို ဖြစ်နေပြီ" ဟု ညည်းညူမိလေတော့၏။ "ဒါဖြင့် ဆရာလေးကိုယ်တိုင် ၀ိနည်းရှောင်ဂိုဏ်းလွတ်တဲ့နည်းနဲ့ ကျွန်တော်တို့အလို ပြည့်ဝအောင် တဆိတ်အကျိုးဆောင်ပေးပါအုန်း။ ဒီကိစ္စမှာ ဆရာလေးကလွဲပြီး ဘယ်သူ့ကိုမှလဲ အသိမပေးချင်ပါဘူး ဆရာလေးရဲ့။ ဒီတော့ ဆရာလေးကိုယ်တိုင်မလုပ်အပ်လို့ မလုပ်ပေးချင်လဲနေပါ။ အနွဲ့ကိုသွင်းသွားတဲ့ပညာသယ်ကိုသာ ဆရာလေးတို့အာဏာနဲ့ တဆိတ်ခေါ်ပေးပါတော့။ သူပေးတဲ့ပညာကို ကြေကြေနပ်နပ်ကြီးခံယူပါမယ်ဆိုတာ ခွင့်ပန်ပြောပြချင်လို့ပါ" ဟု မရမက ထပ်တလဲလဲ အပူကပ်သောကြောင့် နောက်ဆုံးတွင် ရည်ရွယ်ချက် ထူးခြားသော မောင်လှဝင်း၏အလိုသို့ ၀ိနည်းရှောင်သဘောနှင့် လိုက်ရောရပါတော့၏။ ထို့ကြောင့် လုပ်ကိုင်စီမံရန် အချက်အလက်များကို တအောင့်တနား ထိုင်၍စဉ်းစား အကြံဥာဏ်ထုတ်ရတော့ကာ ပေါ်လာသောအချက်အလက်များကို ညွှန်ပြထားရတော့မည် ဖြစ်သည့်အတိုင်း "ကိုင်း မောင်လှဝင်း။ ဟောဟိုတောင်နံရံနားက ကျောက်တုံးကြီးဟာ မရင်နွဲ့ကို ပညာဗူးသွင်းပေးသူနဲ့ဆက်သွယ်တဲ့နေရာဘဲ။ ဒါကြောင့် ဒီကျောက်တုံးကြီးကို ဖယ်ရှားကြည့်ရင် ဗူးသွင်းသူ ကာယကံရှင် ပညာသယ်ရဲ့ခြေရာလက်ရာများ တွေ့နိုင်မယ်" ဟု ပြောလိုက်သောကြောင့် မောင်လှဝင်းသည် ခြံအလုပ်သမား တပည့်များနှင့် လျှင်မြန်စွာ ကျောက်တုံးကြီးကို ဖယ်ရှားကြည့်ရန် စီမံတော့၏။ ကျောက်တုံးကြီးမှာ အတော်ကြီးသဖြင့် တပည့် လေးငါးဆယ်ယောက် အချိန်အတန်ကြာအောင် ကုတ်များနှင့်ကော်ကာ တလိမ့်နှစ်လိမ့်လောက် လှိမ့်ဖယ်ပစ်မိလျှင် တပည့်များကို ပြန်လွှတ်လိုက်ပြီး ကျွန်တော့်အား နေရာဖယ်ပြီးကြောင်း တီးတိုးလာပြောသည်တွင် ကျွန်တော်လည်း မရင်နွဲ့ကိုပါခေါ်လျှက် ကျောက်တုံးကြီးအနီးသို့ ရောက်လာခဲ့ပါသည်။ မူလကျောက်တုံးပိနေသောနေရာမှာ မြက်ပင်များကင်းရှင်းလျှက် မြေညီသက်သက် ကွက်လပ်ကလေးကို တွေ့ရသောအခါ- "မောင်လှဝင်း ဒီမြေပေါ်မှာ စုံစမ်းကြည့်ပေတော့။ တခုခုထူးခြားတာတွေ့ရမယ်" ဟု ပြောလိုက်သောအခါ မောင်လှဝင်းသည် မြေကွက်ကိုနှံ့စပ်အောင် သံတူးရွင်းဖျားကလေးနှင့် ထိုးယက်၍စုံစမ်းနေ၏။ မကြာမှီ မြေကွက်အလယ်ဗဟိုလောက်မှ သကွင်းတခုကို တွေ့ရလေ၏။ ကျွန်တော်နှင့်မောင်လှဝင်းလည်း တွေ့ရသောသံကွင်းကို မြေများယက်ဖယ်၍ ဖော်ကြည့်ပြန်ရာ သံကွင်းကြီးမှာ လုံးဝပေါ်လာရုံမျှမက သံကွင်းနှင့်ဆက်ရန်မြေကို ဖုံးထားသည့်သံပြားကြီးတခုကိုပါ တွေ့ရလေ၏။ "အဲ ဟုတ်ပြီ။ ဆရာလေးထင်တဲ့အတိုင်းမလွဲဘူး။ ဒီသံကွင်းကကိုင်ပြီး သံပြားကြီးကို ဆွဲဖယ်ကြည့်စမ်းရအောင်" ဟု ဆိုကာ မောင်လှဝင်းနှင့်အတူ သံပြားကြီးကို ဆွဲငင်ဖယ်ရှားလိုက်သောအခါ သံပြားကြီးမှာ တွင်းဝတခုကို ပိတ်ဆို့ထားသော သံပြားကြီးဖြစ်သည်ကို သိရပါသည်။ သံပြားအပိတ်ကိုဖွင့်လိုက်၍ ပေါ်လာသောတွင်းဝမှာ လူတကိုယ်ဆင်းသာရုံမျှရှိ၍ အနက်မှာလည်း လူတရပ်လွှတ်ရုံသာရှိသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့လည်း တွင်း၏အခြေအနေကို သေချာစွာစုံစမ်းကြည့်ပြန်ရာ တောင်နံရံဘက်ကျသော အတွင်းဘက်တမျက်နှာတွင် မြေဆီမြေနှစ်နှင့် ရေမှိုရေညှိများ စိမ်းစိုနေသောတံခါးငယ် တခုလိုလိုတွေ့ရ၍ ထပ်မံပွတ်သပ်ကြည့်ရာ တံခါးမှာ နှစ်အတန်ကြာက ပြုလုပ်ထားသော သံတံခါးငယ် တခုဖြစ်ကြောင်း သိရလေ၏။ ကျွန်တော်လည်း သံချေးများဖြင့် ပေကျံနေသော သံတံခါးကို ကြိုးကြိုးစားစား ဆွဲဖွင့်ရာ မကြာမှီ သံတံခါးပွင့်သွားပြီး အတွင်းသို့ဝင်ရန် မဲမှောင်ကျဉ်းကြပ်သော ဥမှင်လမ်းနှင့် အပေါ်ဘက်သို့ တဖြည်းဖြည်းမြင့်တက်သွားသော ကျောက်လှေခါးလိုလို တွေ့ရ၏။ "ကဲ မောင်လှဝင်း ဒီအထဲကိုဝင်ကြည့်ရအောင်" ဟု ပြောလျှင် မောင်လှဝင်းသည် မှောင်မဲသော ဥမှင်လမ်း၏ အခြေအနေကို အကဲခပ်ခါ- "မှောင်ကမှောင်နဲ့ဆရာလေးရယ်။ အထဲမှာ ဘာတွေ့မလဲဆိုတာ မသိနိုင်ဘူး။ ဒီတော့ မီးကလေး လက်နက်ကလေးနဲ့ ၀င်မှနေရာကျမယ်" ဟု ပြောကာ လက်ဆွဲဓာတ်မီးအိမ်အငယ်စား တခုနှင့် ခြောက်လုံးပြူးတခုကို ပြန်ယူပြီး မရင်နွဲ့ပါ သုံးဦးသား ဥမှင်ထဲဝင်လာကာ ကျောက်လှေခါးမှ တဖြည်းဖြည်းတက်လာခဲ့လေ၏။ အပြင်တွင် နေ့အချိန်ဖြစ်၍ လင်းနေသလောက် ဥမှင်ထဲသို့ရောက်သောအခါ ညဥ့်အခါကဲ့သို့ မဲမှောင်နေပြီး လေကောင်းလေသန့်မ၀င်နိုင်သဖြင့်လည်း စိတ်ကျဉ်းကြပ် မွန်းအိုက်ကြီးဖြစ်နေကြပေ၏။ တောင်အတွင်းဖောက်ထွင်းလာသော ဥမှင်လမ်းဖြစ်သောကြောင့် အေးမြလျှက်ခြေချရာတိုင်းမှာ စွတ်စိုထိုင်းမှိုင်းနေသည်ကို သိရှိရပြီလျှင် တဘက်တချက်မှာလည်း လူနှစ်ယောက်ရှောင်နိုင်ရုံမျှသာ ကျယ်သောကြောင့် ကျွန်တော်က ရှေ့ဆုံးမှသွား၍ မရင်နွဲ့ကို အလယ်ကထားပြီး မောင်လှဝင်းက နောက်ဆုံးမှနေ၍ ၀င်သွားကြရ၏။ ယင်းသို့သွား၍အတန်ကြာလျှင် ဥမှင်လမ်းကလေးမှာ ခပ်မတ်မတ်မြင့်တက်သွားရာမှ တဘက်တွင် ကျယ်ဝန်းသော အခန်းကြီးသဘွယ် ကျောက်ခေါင်းကြီးတခုတွင် မီးရောင်ကလေးမှိတ်တုတ်ကို စတင်၍တွေ့မြင်ရလေ၏။ "ဟော မီးရောင်တော့မြင်ရပြီ။ လူများရှိမလားမပြောတတ်ဘူး" ဟု တီးတိုးသတိပေးကာ ပါလာသောဓာတ်မီးရောင်ကို လူနှင့်ကွယ်၍ အတွင်းသို့လှမ်းကြည့်ကြပြန်သောအခါမူကား တိုက်ခန်းကြီးတခုလုံးတွင် မဲမှောင်သော အမှောင်ထုကြီးအတွင်းမှ ဟင်္သာပြဒါးကဲ့သို့ နီရဲသောမီးတောက်တခုမှာ လှုပ်ရှားယိမ်းယိုင်ခြင်းမရှိ တည်ငြိမ်စွာတောက်နေပြီး မလှမ်းမကမ်း ခပ်မြင့်မြင့်နေရာတွင်ကား ၀ါဖြော့ဖြော့အဆင်းရှိသော မီးတောက်နှစ်ခုမှာ တည့်မတ်စွာတောက်လင်းနေသည်ကို တွေ့ရပေ၏။ ထိုမှတဘန် အထက်ပိုင်းသို့ မော်ကြည့်လိုက်ပြန်သောအခါ လူလက်တမြှောက်စာခန့်အမြင့်တွင် စိမ်းစိမ်း နီနီ ၀ါဝါ ရွှေရွှေ ပြိုးပြိုးပြက်အရောင်တွေသည် ရေယဉ်စီးသကဲ့သို့ အောက်သို့အစဉ်တစိုက် ကျစီးနေသော အသွယ်ကြီးသုံးသွယ်ကို တွေ့မြင်ရလေ၏။ မောင်လှဝင်းကား အလွန်အံ့သြသောအမူအရာနှင့် မြင်ရသောအရာများကို စူးစိုက်ကြည့်ကာ- "ဆရာလေး ဒါတွေဘာလဲ ဆရာလေးရဲ့ သိပ်ထူးဆန်းတာဘဲ။ ကျွန်တော် ဒီအနားမှာနေလာတာ ခြောက်နှစ်ခုနှစ်နှစ်ရှိပြီ။ ဒီအနားမှာ ဒါလောက်ထူးခြားတဲ့ ကျောက်လိုဏ်ခေါင်းကြီးရှိလိမ့်မယ်လို့ ဘယ်တော့မှမမျှော်လင့်ခဲ့မိဘူး" ဟု တီးတိုးပြောလေ၏။ သို့ပြောရုံနှင့် အားမရသေးဘဲ "ဒါဟာ ကဝေပညာသယ်နေတဲ့နေရာနဲ့ တူတာဘဲဆရာလေးရဲ့။ ဧကန္တ ဒီအထဲမှာ အနွဲ့ကို ပညာသွင်းတဲ့ကဝေကြီးရှိမှာဘဲနော်" ဟု ပြော၍- "ဆရာလေးလည်း အတတ်မပြောနိုင်သေးလို့ အကဲခပ်ကြည့်နေတုံးဘဲ မောင်လှဝင်းရဲ့။ အနွဲ့ပညာပေးတဲ့ကဝေအဆက်ဆိုတာတော့ သိပါရဲ့။ သို့ပေတဲ့ ဒီအထဲမှာ ကဝေပညာသယ်ကြီးရှိတယ် မရှိဘူးဆိုတာတော့ အခုမသိနိုင်သေးဘူး။ ရှိရင်လည်း သူ့ပညာကိုခံယူလိုလို့ လာတဲ့တပည့်များဘဲ ရန်ပြုမယ်တော့မဟုတ်ပါဘူး။ ကဲ လာလာ ဓာတ်မီးပြ ရှေ့တိုးကြစို့" ဟု ဆိုပြီး ကျွန်တော်တို့လည်း ကျောက်ခန်းကြီးထဲသို့ဝင်ကာ မီးအလင်းရောင်ဖြင့် လူတစုံတယောက်ရှိလေမည်လားဟု ရှာဖွေကြည့်ရှုရာ လူစလူနဆို၍ တစုံတရာမျှမတွေ့ရဘဲ တနေရာတွင် ဆန်ကောတမျှရှိသော ပင့်ကူနက်ကြီးတကောင်မှာ နီရဲသောမျက်လုံးကြီးနှစ်လုံးနှင့် ငြိမ်သက်စွာနံရံတွင် ကပ်နေသည်ကိုတွေ့ရပြီး တဘက်ကျောနံရံမှ ကျောက်လိုဏ်ငယ်ကလေး တခုအတွင်းမှာမူကား ကြီးမားသော လင်းဒပနီကြီးတကောင်မှာ ကြက်သရေကင်းမဲ့သော လယ်တန်ရှည်ကြီးကို ကွေးညွှတ်လျက် မျက်လုံးဟောက်ပက်ကြီးနှင့် မလှုပ်မရှား အရုပ်ကြီးများလို ငြိမ်နေသည်ကို တွေ့ရပေ၏။ စောစောမှောင်ထဲတွင်မြင်ရသော စိမ်းစိမ်း နီနီ ၀ါဝါတွေမှာ အတန်မြင့်သော ကျောက်နံရံလိုဏ်ကလေးပေါ်တွင် တင်ထားသည့် လူခေါင်းခွံရိုးကြီးဖြစ်လျှက် မျက်ကွင်းဟောက်တောက်ကြီးနှင့် ကြည့်နေသလိုထင်ရပြီး ၎င်း၏ပြဲကျယ်သော ပါးစပ်ကြီးမှာ ဟချည် စေ့ချည်ပြုနေလျှက် ပါးစပ်ထဲမှ အခိုးအငွေ့ အယိအရွဲတွေ ရေယဉ်စီးသလို စီးကျနေသည်ကိုတွေ့ရပြီး ထိုသို့စီးကျနေသော အယိ အရွဲ အခိုး အငွေ့ထဲကပင် ပြိုးပြိုးပြောင်ပြောင် အရောင်စုံဝင်းလျက်ရှိသဖြင့် မှောင်ထဲတွင်မြင်ရသော စိမ်း နီ ၀ါ ရွှေတွေမှာ ဤခေါင်းခွံကြီးပါးစပ်မှ ကျစီးနေကြောင်း သိရပါ၏။

တဘန် ဟင်္သာပြဒါးခဲကဲ့သို့ နီရဲငြိမ်သက်စွာတောက်နေသော မီးတောက်ရှိရာကို သွားကြည့်ကြပြန်ရာ မီးတောက်သက်သက်မျှမဟုတ်သေးဘဲ မီးတောက်ပေါ်တွင် သံဒယ်အိုးကြီးတခု တင်ထားသည်ကိုပါ တွေ့မြင်ရပါသည်။ မီးတောက်မှာ ထင်းဖြင့်ပြီးသော ပကတိမီးတောက်မဟုတ်ဘဲ အင်းနှစ်ချပ်ကိုထပ်ထားရာမှ အခိုးအလျှံနှင့်တကွ ရဲရဲနီနီတောက်လောင်နေသော အတတ်ပညာ မီးတောက်တမျိုး ဖြစ်နေသည်ကို တွေ့ရပြီးလျှင် ဖိုခနောက်သုံးလုံးမှာ အတော်ကြီးသော လူဦးခေါင်းသုံးခုဖြစ်၍ ထိုအပေါ်မှ ဒူးဂဏန်း ကြေးဂဏန်းတွေလို ရေးထွင်းထားသော ကြေးနီဒယ်အိုးကြီးဖြစ်သည်ကို ထပ်မံတွေ့မြင်ရပြီး ဒယ်အိုးတွင်နီရဲသောသွေးများ ပွက်ပွက်ဆူလျှက်ရှိ၍ အလယ်တဲ့တဲ့တွင် သေးငယ်သောဘူးကလေးမှာ ခပ်စောင်းစောင်းပေါလောပေါ်နေသည်ကို တွေ့မြင်ရလေ၏။ မရင်နွဲ့ကား ဘူးကလေးကိုကြည့်ကာ- "ဆရာလေး ဆရာလေး နွဲ့ကို ဟိုအမယ်ကြီးပေးသွားတဲ့ဘူးကလေးလဲ ဒီအတိုင်းဘဲဆရာလေးရဲ့။ ဟောဟိုနီနီ ၀ါဝါတွေထွက်နေတဲ့ ခေါင်းခွံကြီးပေါ့။ နွဲ့နဲ့တွေ့တာ ဟောဟိုပင့်ကူကြီးရော ဟောဒီဘက်က လင်းတပနီကြီးရော နွဲ့နဲ့တွေ့ရတာကြီးဘဲ။ ကဲ ကိုကို မယုံဘူးဆို" ဟု မောင်လှဝင်းကိုပါလှည့်၍ပြောနေလျှင် ကျွန်တော်မှာ မကြောက်မရွံ့ ရဲရင့်ဖျပ်လပ်စွာရှိနေသော မရင်နွဲ့၏သတ္တိကို စိတ်ထဲကချီးမွမ်းမိပါ၏။ ထို့နောက်တဖန် ၀ါဖျော့ဖျော့မီးတောက်နှစ်ခုယှဉ်ထားသော နေရာဆီသို့ သွားကြည့်ကြပြန်ရာ မီးရောင်မှာဖယောင်းတိုင်မီးဟု ထင်မိကြသော်လည်း အနီးသို့ရောက်သောအခါ ဖယောင်းတိုင်မီးမဟုတ်ဘဲ လူ၏ဒူးဆစ်ရိုးနှစ်ခုကို အင်းကွက်များနှံကာ အဖျားတွင်အ၀တ်စီးလျှက် မီးတောက်လောင်နေစေခြင်းဖြစ်၍ များစွာအံ့သြမိကြလေ၏။ ထိုဒူးရိုးမီးတိုင်နှစ်ခု၏ အလယ်ကြားတွင်ကား မဲနက်ညစ်ပေသော ကုန်းစပ်ထမီကြီးတထည်ဖြင့် ရှည်လျားသောသဏ္ဍာန်တခုအား ဖုံးလွှမ်းထားသည်ကို တွေ့ရလေ၏။ ကျွန်တော်လည်း အတွင်းကပစ္စည်းကို သိလိုသဖြင့် မရင်နွဲ့အား အနည်းငယ်ဖွင့်ကြည့်စေရာ ထမီဖြင့်ဖုံးထားသောသဏ္ဍာန်ကား အသက်ရှစ်ဆယ်မျှလောက်ရှိသော အမယ်အိုကြီးတယောက်၏ သွေ့ခြောက်နေသော အလောင်းကောင်ကြီး ဖြစ်နေသည်ကို တွေ့မြင်ရလေ၏။ မရင်နွဲ့မှာ အလောင်းကိုသေသေချာချာကြည့်လျှက်- "ဟင် နွဲ့ကိုဘူးသွင်းသွားတဲ့ အမယ်ကြီးပါလား။ အို တနေ့ကလာသေးတယ်။ ခုသေရှာပြီနော်" ဟု ၀မ်းနည်းသံဖြင့်ပြောလျှင် မောင်လှဝင်းမှာ အတော်စိတ်အားထက်သန်လာရာမှ အားလျှော့သွားသကဲ့သို့- "ဟင် ဒါဖြင့် နွဲ့အတွက် ကဝေပညာဘယ့်နှယ်လုပ်ယူမလဲ" ဟု ညည်းညူလေတော့၏။ ထိုအခိုက်တွင် "ဖလပ် လပ်လပ်"ဟူသောအသံတခုကိုကြား၍ အံ့အားသင့်ကြည့်နေမိရာ စောစောကတွေ့ရသော လင်းတပနီကြီးသည် အမယ်အိုကြီးအလောင်းခေါင်းရင်းဘက်မှ လာနားပြီး လည်ချောင်းကြီးကိုစင်းလျှက် အမယ်ကြီးပါးစပ်သို့ နှုပ်သီးတေ့ခါ ၀င်းဝင်းဝါ၀ါအခိုးတွေ အန်သွင်းလိုက်သည်ကို မြင်ရလေ၏။ ထိုခဏတွင် အမယ်အိုကြီးမှာ လှုပ်ရှားလာပြီး လင်းတကြီးကို ဘေးသို့ဖယ်စေလျှက် ငုတ်တုတ်ကြီးထထိုင်ပြီး ကျွန်တော့်ကို ပြူးပြဲကြီးစိုက်ကြည့်နေလေ၏။ အမယ်ကြီးသည် လက်တဘက်ကို ဆန့်တန်းလျှက် ပါးစပ်မဟဘဲနှင့်- "အို-အထက်လမ်းဆရာကလေး အမေကြီးကို ရန်မူဘို့လာတာမဟုတ်ကြောင်းသိပါရဲ့။ ဒါပေတဲ့ ဆရာကလေး ခပ်ဝေးဝေးနေစေလိုပါတယ်။ အမေကြီးမှာ ဆရာကလေးနဲ့ နီးနီးနေရလျှင် အင်မတန်ပူလောင်လှလို့ တောင်းပန်တာပါ" ဟူသော ပြောသံကြီးပေါ်လာလေ၏။ ကျွန်တော်လည်း အလိုက်သိစွာ နောက်သို့အတော်ဝေးဝေးကလေး ဆုတ်ခွာပေးလိုက်ပါသည်။ ထိုခဏ၌ အမယ်အိုကဝေမကြီးသည် လွှမ်းထားသော ထမီကြီးကို ဇောက်ထိုး ရင်လျားဝတ်ခါ ထလာပြီး မရင်နွဲ့အနီးတွင်လာရပ်ခါ မရင်နွဲ့၏ပခုံးနှစ်ဘက်ကို ညင်သာစွာ ကိုင်ထားလျှက် ပါးစပ်မဟမျက်တောင်မခပ်ဘဲ အသံထွက်လာပြန်ပါသည်။ ကဝေမကြီးမှာ အသေဖြစ်ဟန်တူပါသည်။ အလောင်းကြီးမှာ နာနာဘာဝအစွမ်းနှင့်ထလာလှုပ်ရှားသော်လည်း စကားမပြောနိုင် အသံမှာ အပေါ်ဆီကလိုလို ပေါ်ထွက်လာပါ၏။ ၎င်းပြောသော စကားများကား မရင်နွဲ့မှာ အရင်ဘ၀က သူ၏သမီးဖြစ်ဘူးကြောင်း အချိန်အရွယ်ရောက်လာသောအခါ သူ၏ပညာကို ဆက်ခံစေရန်လွှဲပေးမည့်ဆဲဆဲ သက်ဆိုးမရှည်သေဆုံးသွားရသည့်အတွက် ၀မ်းနည်းပက်လက်ဖြစ်ကျန်ရစ်ကြောင်း။ နောက် ပညာစွမ်းဖြင့်စုံစမ်းရာ လူဝင်စားမရင်နွဲ့ ဖြစ်လာသည်တွင် ဘ၀ဟောင်းက သမီးတော်ခဲ့ဘူး၍ အထူးချစ်လှသဖြင့် အနှစ်နှစ်အလလက စုဆောင်းသိုမှီးထားသော သူ၏ပညာများကို အမွေပေးလိုသောကြောင့် ဤနေရာတွင် လာ၍သေသည်တိုင်အောင် စောင့်စားနေခဲ့ရာ နှစ်ပေါင်းနှစ်ဆယ်ကျော်လာပြီဖြစ်ကြောင်း လွန်ခဲ့သောနှစ်တွေက ဤနေရာတွင် တောင်ယာလုပ်သော အမယ်ကြီးအဖြစ်နှင့် လာရောက်နေထိုင်ရင်း ဤဥမှင်လမ်းများကို ပညာစွမ်းဖြင့် ဖောက်ထွင်းပြုပြင်ကာ ကဝေအတတ်ပညာ၏ လိုရင်းအသုံးအဆောင် ဘဏ္ဍာပစ္စည်းများကို စုဆောင်းသိုမှီလျှက် သမီးလက်ထက်တွင် မပင်မပန်း အလွယ်တကူ ပြည့်စုံလေအောင် တင်ကြိုသိုလှောင်ထားခဲ့ကြောင်း- -မိမိအတတ်ပညာနှင့် ဤဒေသသို့ တနေ့သ၌ မရင်နွဲ့ရောက်လာရမည်ကို သိရှိပြီးဖြစ်၍လည်း အဆင်သင့်ဤနေရာမှ ကြိုဆိုနေထိုင်ခဲ့ကြောင်း မိမိမှာ သမီးကိုကြိုဆိုစောင့်မျှော်ရင်းနှင့်ပင် လွန်ခဲ့သောဆယ်နှစ်ခန့်က သေဆုံးခဲ့သော်လည်း မိမိ၏၀ိညာဉ်မှာ သမီးကိုသံယောဇဉ်တွယ်ကာ ပညာအမွေမပေးရသေးသမျှ ဤနေရာကထွက်ခွာမသွားနိုင်အောင် စွဲလမ်းနေတော့ကြောင်း ယခုသမီးကို ပညာလွှဲပြီးသောအခါမူကား မိမိသွားလိုရာဘ၀သို့သွားနိုင်တော့မည်ဖြစ်ရာ သမီးမရင်နွဲ့၏၀မ်းတွင်းပင်ပြန်၍ ၀င်စားတော့မည်ဖြစ်ကြောင်းများ ပြောဆိုလေ၏။ မရင်နွဲ့နှင့်မောင်လှဝင်းတို့ကား နဂိုက စိတ်အားထက်သန်နေကြရာတွင် ယခုအခါသာ၍ စိတ်ဝင်စားနေကြသည်ကို တွေ့ရလေ၏။ သို့နှင့်ပင် မရင်နွဲ့နှင့်မောင်လှဝင်းတို့က ကျေနပ်စွာ ပညာဆက်ခံပါမည်ဟု အခွင့်ပန်လိုက်သောအခါမူကား ကြေးဒယ်အိုး သွေးပွက်အလယ်တွင် ပေါလောပေါ်နေသော ဗူးကလေးကို ကဝေမကြီးလက်နှင့်ကိုင်ယူလျှက် ဒယ်အိုးအလယ်တည့်တည့်သို့ နှစ်လိုက်သည့်ခဏ၌ မရင်နွဲ့၏ကိုယ်ထဲသို့ စိမ်း နီ ၀ါ ရွှေသော အရောင်များပါသည့် မီးခိုးလုံးကြီးမှာ ဒယ်အိုးမှခုန်၍ တိုက်ရိုက်ဝင်သွားသည်ကို မြင်လိုက်ရပေ၏။ ထို့နောက် ကဝေမကြီးသည် ပင့်ကူကြီးကို လက်ယပ်ခေါ်လိုက်ပြီး ပင့်ကူဝမ်းဗိုက်ကြီးမှာ လွယ်ထားသော အထွေးကြီးကိုယူ၍ ဖြန့်လိုက်သောအခါ ၀င်းဝင်းလက်လက် ငွေချည်နန်းလိုလို ပင်ကူမှေးလိုလို ကြိုးတွေဖြစ်စေလျှက် ထိုကြိုးတွေကို ကဝေမကြီးလက်နှင့် ငင်ကာမရင်နွဲ့၏ကိုယ်ခန္ဓာကိုကပ်၍ ရစ်ပတ်ပျောက်ကွယ်သွားစေသည်ကို တွေ့မြင်ရလေ၏။ ထို့နောက် ပင့်ကူကြီး လင်းတပနီကြီးနှင့် အခိုးထွက်နေသော ခေါင်းခွံကြီးကိုပြကာ- "ဒါတွေဟာ အမေ့တပည့်ရင်းတွေဘဲ။ ဒင်းတို့ငါ့သမီးကို ဆက်လက်စောင့်ရှောက်ကြလိမ့်မယ်" ဟု ပြောပြီး အမယ်ကြီးသည် မူလနေရာသို့ ပြန်လှဲချငြိမ်သက်သွားလေ၏။ ကျွန်တော်လည်း အတန်ကြာလျှင် ကျောက်လိုဏ်တွင်းမှ ပြန်ထွက်လာခဲ့ကြလေရာ မရင်နွဲ့ကား ကျွန်တော့်အနားသို့ ရှေးကလောက် မကပ်တော့သည်ကို တွေ့ရလေ၏။ "ဆရာလေးရယ် လူချင်းခင်ပေတဲ့ ဇာတ်ချင်းကကွဲသွားပြီ။ ဒါပေတဲ့ ကျမတို့တကိုယ်ကောင်းအတွက် ယုတ်ညံ့တဲ့နေရာမှာ အသုံးမချဘူးဆိုတာ ဆရာလေးလည်း သိပါတယ်နော်။ ဒီပညာကြီးပွားထွန်းကားပြီး စည်းစံနစ်ကျကျဖြစ်လာတဲ့အခါ အများကောင်းကျိုးအတွက်သာ အသုံးချရမှာဖြစ်လို့ နွဲ့တို့အပြစ်ကြီးမရောက်နိုင်ပါဘူး ဆရာလေးရယ်" ဟူ၍ မရင်နွဲ့ကပြောသလို မရင်နွဲ့ပညာကို ခြေရာလိုက်နင်းမည့် မောင်လှဝင်းကလည်း- "ဟုတ်ပါတယ်ဆရာလေးရယ်။ ကျွန်တော်တို့ရည်ရွယ်ချက်ကို ဆရာလေးလဲသိပြီးသားမို့ အပေါင်းအသင်းမလုပ်အပ်တဲ့ လင်မယားလို့စွန့်ပယ်မထားပါနှင့် ပညာဇာတ်ချင်း မတူသော်လည်း လူချင်းကတော့ ချစ်ခင်မြဲချစ်ခင်ပါခင်ဗျာ" ဟု အခါခါ တောင်းပန်နေပြန်ရာ- "အို ဆရာလေးကကော အပေါင်းအသင်းမလုပ်တော့ဘူးလို့ ပြောဘူးသလား။ အလကားစိုးရိမ်ကြရန်ကောကွယ်" ဟု ပြောဆိုနှစ်သိမ့်စေပြီး အယူသီး၍ ရည်ရွယ်ချက်ကောင်းအားကြီးသော ထူးဆန်းသည့် လင်မယားနှစ်ယောက်ထံမှ ကျွန်တော်တည်ခိုသော ခေါင်စိုင်ရွာကလေးသို့ ပြန်လာခဲ့ပြီး နောက်တနေ့ပင် ကျေးဇူးရှင်ဆရာကြီးထံသို့ တူးခဲ့ပြီးသော ဆေးဘက်များကို သယ်ယူကာ ခရီးထွက်လာခဲ့ပါတော့သတည်း။ ။ ***** ***** ***** ***** ***** ***** ***** ***** ***** ***** ***** စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး၏ သီးခြားကလောင်အမည်တခုဖြစ်သည့် ကိုကိုလေးဟူသော အမည်ဖြင့်ရေးသားခဲ့သော မှော်ဆရာမှတ်တမ်းပေါင်းချုပ် အမှတ်၃-စာအုပ်ထဲမှ နံပါတ်-၅ဇာတ်လမ်းဖြစ်ပါသည်။ ယခုဆိုလျှင် မှော်ဆရာမှတ်တမ်းပေါင်းချုပ် အမှတ်-၃ စာအုပ်ထဲက ဇာတ်လမ်းများအားလုံး(၆ခု) တင်ပြီးသွားပြီ ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးး

(ရွာတော်ရှင်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |