(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

ပါးစပ်ဆော့မိသူတစ်ယောက်အကြောင်း

ပါးစပ်ဆော့မိသူတစ်ယောက်အကြောင်း

တကယ့်ဖြစ်ရပ်မှန်လေးတစ်ပုဒ်ပါ.. မြို့လေးတစ်မြို့မှာ ဦးဖိုးအောင်ဆိုတာ အလုပ်လုပ်တဲ့နေရာမှာ ကြုံရာကျပန်းလုပ်တတ်သလို အရက်သောက်တဲ့နေရာမှာလည်း ကြွက်တွင်းလို့ပြောရလောက်အောင် အင်မတန်သောက်တဲ့သူ.. သူမှာရှိတဲ့ ခံယူချက်က အရက်သောက်မှ အလုပ်လုပ်နိုင်မယ်.. အလုပ်လုပ်နိုင်မှ အရက်ဝယ်သောက်နိုင်မယ်လို့ ခံယူထားတဲ့လူတစ်ယောက်.. အလုပ်ကို သေသေချာချာစေ့စေ့စပ်စပ်လုပ်တတ်ပေမယ့် အရက်ကြိုက်လွန်းလှတာကြောင့် သူကိုခိုင်းမယ့် လူတွေက သိပ်မနှစ်ခြိုက်လှပေမယ့် နောက်ဆုံး သူ့ကိုပဲ ပိုက်ဆံပေးပြီးခိုင်းကြရတယ်.. ဦးဖိုးအောင်ရဲ့ ထူးခြားချက်က သရဲတစ္ဆေတွေကို အယုံအကြည်မရှိသလို ဘယ်တုန်းကမှလည်း မကြောက်ဘူး.. သူနေတဲ့ အိမ်ကလည်း အရူးသချိုင်းလို့ခေါ်တဲ့ သချိုင်းရဲ့ တစ်ဖက်မှာ.. အရူးသချိုင်းလို့ နာမည်တွင်သွားတာက အရင်တုန်းက အဲဒီမြို့ငယ်လေးမှာ အရူးတွေ အင်မတန်ပေါတယ်.. ရူးပြီးလည်း သိပ်မကြာဘူး သေတာပဲ.. အဲဒီလိုသေပြီဆိုရင် အဲဒီအရူးနဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေက အလောင်းမြေကျဖို့ သုဘရာဇာတွေကို ပိုက်ဆံပေးရင် ကျွင်းကိုသေချာတူးပေးပေမယ့် ပိုက်ဆံများမပေးလို့ကတော့ အပေါ်ယံတင် မြေကြီး ဆွဲဖုံးလိုက်တာပဲဗျို့.. တချို့အလောင်းကောင်တွေဆို ခွေးတွေက လက်တွေလာဆွဲလိုက် ခြေထောက်တွေချီလာလိုက်နဲ့ အနားတ၀ိုက်က ရပ်ကွက်လမ်းတွေမှာ မနက်မိုးလင်းရင် မြင်မကောင်းအောင် ပျံ့ကျဲနေတော့တာပဲ.. အဲဒီသချိုင်းဘက်က ဆွဲဆွဲငင်ငင် အူတဲ့ ခွေးအူသံ မကြားရတဲ့ ရက်ကို မရှိပါဘူးဗျာ.. ခြောက်လိုက် လှန့်လိုက်တာလည်း လွန်ရော.. ဘာရယ်.. ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်လိုက် ဟုတ်လား.. ခင်ဗျားတို့ပြောတာတောင် နောက်ကျနေသေးတယ်.. ရွတ်တာပေါ့ဗျာ.. ဒါပေမယ့် ရွတ်လည်း ခဏပဲ.. ရွတ်ရပါများလွန်းလို့ ဘုန်းကြီးတွေကိုတောင်အိမ်တွေမှာ ခေါ်ထားရမလို ဖြစ်နေပြီဗျို့.. ကဲပါ.. ဆက်ပါဦးမယ်.. အဲဒီ သချိုင်းထိပ်မှာ သစ်ပင်ကြီးတစ်ပင်ရှိတယ်ဗျ... အရင်တုန်းကတော့ ဘာသစ်ပင်ကြီးလဲ မသိပါဘူးဗျာ.. အခုတော့ ညောင်ကပ်ပင်ကစနွယ်ပြီးတော့ ညောင်ပင်ကြီးတစ်ပင်လိုတောင် ဖြစ်နေပြီ.. အဲဒီအပင်ကြီးကလည်း သရဲလွတ်ခြောက်တာဗျ.. လပြည့် လကွယ်ညတွေဆို အဲဒီသစ်ပင်ကြီးမှာ ခြေထောက်ကိုတွဲလောင်းချနေတဲ့ ကောင်က တစ်မျိုး၊ ဇောက်ထိုးကြီး တက်လိုက်ဆင်းလိုက်လုပ်နေတဲ့ ကောင်က တဖုံ၊ မည်းမည်းကောင်ကြီးတွေမှဗျာ.. နည်းတာမဟုတ်ဘူး.. အဲဒါတွေကို တွေ့ခဲ့မြင်ခဲ့တဲ့ ကိုသံချောင်းဆို လန့်ပြီးဖျားပါလေရောလား.. တစ်ပတ်လောက်ဆေးကုလိုက်ရတယ်.. တစ်ခါကလည်း အမူးသမားတွေ အဲဒီအပင်အောက် အပေါ့သွားမိလို့တဲ့.. အပေါ်က မည်းမည်းကောင်ကြီးက အမူးသမားတွေကျောကုန်းကို " ဖြန်း.. " ခနဲနေအောင် တီးလိုက်တာ.. မနက်ထိအောင် ကျောကုန်းမှာ လက်ဝါးရာထင်နေတုန်း တဲ့..သူတို့ ပြန်ပြောပြကတည်းက ကျွန်တော်တို့ဆို အဲဒီသစ်ပင်ကြီးနား ဘယ်တော့မှ မသွားတော့ဘူး.. မလွဲသာလို့ သွားရမယ်ဆိုရင်တောင် အဲဒီသစ်ပင်နားရောက်တာနဲ့ ခြေထောက်နဲ့တင်ပါး တသားတည်းကျအောင် ပြေးတော့တာပဲဗျို့... အဲဒီသစ်ပင်ကျော်ပြီး တော်တော်လှမ်းလှမ်းလောက်ရောက်မှ အမောဖြေရတယ်... ကဲပါဗျာ.. လေကလည်း ရှည်နေမိပြန်ပါပြီ.. အဲဒီလိုသတင်းတွေ ကြားပေမယ့် ဦးဖိုးအောင်ကတော့ မကြောက်ဘူးဗျ... သွားမြဲ လာမြဲ မူးမြဲပဲ.. အလုပ်ကပြန်လာရင် အရက်ကလေးသောက် စက်ဘီးလေးစီး သီချင်းလေးညီးရင်း ပြန်လာနေကြပေါ့.. ဒီလူကြီးက အပေါင်းအသင်းတွေကိုလည်းခင်တတ်တယ်လေ.. တစ်ရက်တော့ အလုပ်က အပြန် အရက်ဆိုင်ဝင်ရင်း နယ်က သူငယ်ချင်းတစ်ယောက် မြို့ကိုပြန်ရောက်တုန်းပြုစုလိုက်တာ သူတော်တော်မူးသွားတယ်.. သူပြန်မယ်လုပ်တော့ သူငယ်ချင်းက လိုက်ပို့မယ်ပြောတာ လက်မခံဘဲဒီအတိုင်း ဇွတ်ပြန်လာတယ်.. နောက်တော့ လေလေးကတိုက် အရှိန်လေးကတက်လာတော့ စက်ဘီးတောင် မနင်းနိုင်တော့ဘဲ ဒယီးဒယိုင်နဲ့ တွန်းလာရတယ်.. အပြန်လမ်းက ညနေ နေ၀င်ရီတရော..လမ်းကလည်း မကောင်း မူးကလည်း မူးနေတော့ ဟန်ချက်တော်တော်ပျက်နေတယ်.. သစ်ပင်ကြီးနားရောက်တော့ ချိုင့်တစ်ခုနဲ့တွေ့ပြီး စက်ဘီးရော လူရော လဲပါလေရော.. စက်ဘီးကို ပြန်ထောင်တယ်.. လူကလဲတယ်.. လူလဲတော့ စက်ဘီးလည်း ပြန်လဲတယ်.. ဒီလိုနဲ့ သုံးလေးခါ ပြန်ထ စက်ဘီးပြန်ထောင် လူပြန်လဲ... အဲဒီအချိန်မှာ တစ်စုံတစ်ယောက်က စက်ဘီးကို ကူပြီးထောင်ပေးလိုက်သလို စက်ဘီးထောင်သွားတယ်.. ပြီးတော့ စက်ဘီးကိုဆွဲပြီး ထတော့လည်း စက်ဘီးက ပြန်လဲမသွားဘူး.. အဲဒါနဲ့ အမူးလွန်နေတဲ့ ဦးဖိုးအောင်လည်း " သယ်ရင်းးး ကျေးဇူးပဲကွာ... မင်းသာမကူညီရင် ဒီစက်ဘီလည်း ထောင်မှာမဟုတ်ဘူး.. ငါလည်း အိမ်ပြန်ရောက်တော့မှာမဟုတ်ဘူး.. မင်းးကို ကျေးဇူးတင်တယ်ကွာ.. " ပြောပြီး မော့ကြည့်လိုက်တော့ မည်းမည်းအကောင်ကြီးတစ်ကောင်.. ဦးဖိုးအောင်က မကြောက်ဘူး.. " မင်းကြည့်ရတာ လူနဲ့လည်းမတူဘူး.. ဘာပဲဖြစ်ဖြစ်ကွာ.. မင်းကို ငါကျေးဇူးဆပ်မယ်.. မင်း ငါ့အိမ်လိုက်ခဲ့.. ထမင်းကျွေးမယ်.. အရက်တိုက်မယ်.. သြော်.. မေ့တော့မလို့.. မင်းတို့ကြိုက်တဲ့ အမဲသားလည်း အိမ်မှာရှိတယ်.. မနက်က ဟိုဘက်ရပ်ကွက်မှာ အမဲပေါ်လို့ ငါ့မိန်းမ အမဲတစ်တွဲဝယ်ထားတယ်.. မင်း အိမ်လိုက်ခဲ့... လမ်းမှာ နောက်တစ်ခါ ငါလဲရင်လည်း ထူပေးလို့ရတာပေါ့ကွာ.. ဟားဟားဟား.." မည်းမည်းကောင်ကြီးကလည်း ဦးဖိုးအောင်ပြောတဲ့စကားကို နားလည်သလိုလိုနဲ့ နောက်ကလိုက်လာတယ်.. ဒီတစ်ခါတော့ စက်ဘီးလည်း မလဲတော့သလို လူလဲမလဲတော့ဘူး.. အိမ်နားရောက်တော့ အိမ်ကခွေးတွေက ဦးဖိုးအောင်နောက်ကိုကြည့်ပြီး စူးစူးဝါးဝါးထိုးဟောင်ကြတယ်.. " အော်.. မင်းတို့က လူစိမ်းမြင်လို့ ဟောင်နေကြတာလား... အဲဒါ လူစိမ်းမဟုတ်ဘူးကွ.. ငါ့ဘော်ဒါ .. ငါ့ သယ်ရင်း.. သွားကြ.. သွားကြ.. ရူး..ရူး.. မဟောင်ကြနဲ့.. " ခွေးမောင်းရင်း ဦးဖိုးအောင် အိမ်ထဲကို ဒယီးဒယိုင်နဲ့ ၀င်လာတယ်.. ပြီးတော့ နောက်လှည့်ပြီး " ခွေးတွေတော့ မရှိတော့ဘူး သယ်ရင်း.. အေးဆေးဖြစ်သွားပြီ.. ဒါ ငါ့အိမ်ပဲ.. မင်းလည်းလိုက်ခဲ့.. " ဆိုပြီးခေါ်တယ်.. ဒါပေမယ့် မည်းမည်းအကောင်ကြီးက အိမ်ထဲလိုက်ဝင်မလာသေးဘဲ ခြံထဲကို လက်ညိုးထိုးပြနေတယ်.. " မင်းက ဘာဖြစ်နေတာလဲ.. လာစမ်းပါကွာ.. ၀င်ခဲ့.. ကိုယ့်အိမ်လိုသဘောထားလို့ရတယ်.. ၀င်လာခဲ့.. လာ.. လာ.. " ဦးဖိုးအောင် ထပ်ပြောလိုက်မှ တရွေ့ရွေ့နဲ့ ခြံထဲကိုလိုက်ဝင်လာတယ်.. ဦးဖိုးအောင်ရဲ့ အသံနဲ့ ခွေးတွေအသံကြားလိုက်ကတည်းက ဦးဖိုးအောင်ပြန်လာပြီဆိုတာ ဒေါ်ထားသိလိုက်တယ်.. ဒေါ်ထားဆိုတာ ဦးဖိုးအောင်ရဲ့ အိမ်သူသက်ထား ဇနီးမယားပေါ့ဗျာ.. " မိန်းမရေ.. ငါ ပြန်လာပြီဟေ့.. တံခါးဖွင့်.. " " ကျုပ်သိပါတယ်တော်.. တော် ရေအရင်ချိုးလိုက်အုန်း.. ပြီးရင် ထမင်းပွဲပြင်ထားလိုက်မယ်.. " " အေး.. အေး.. ပြီးရော.. " ဦးဖိုးအောင်က မိန်းမကိုမြင်တာနဲ့ ခေါ်လာတဲ့ သူငယ်ချင်းကို မေ့သွားတယ်... နောက် ရေမိုးချိုးလိုက်တော့ အရက်ရှိန်ကလည်း တော်တော်လေးပြယ်သွားပြီဆိုတော့ စောစောက အဖြစ်အပျက်တွေ သူမေ့သွားပြီလေ.. အ၀တ်အစားလဲပြီး ထမင်းဝိုင်းမှာ ထိုင် ထမင်းစားနေတုန်း စားပွဲကို ကုတ်ခြစ်သံတွေ ကြားရတယ်.. ပထမတော့ ကြောင်တစ်ကောင် အစာတောင်းနေသလားပေါ့.. အိမ်မှာမွေးထားတဲ့ ရွှေနီဆိုတဲ့ကြောင်လည်း ရှိသေးတယ်လေ.. ဦးဖိုးအောင်စိတ်ထဲမှာ မိဝါ အစာတောင်းနေတယ်ထင်ပြီး ဒီလိုပဲ အမှုမဲ့ အမှတ်မဲ့နေလိုက်တယ်.. ဒါပေမယ့် စားပွဲကို ကုတ်ခြစ်သံက တဖြေးဖြေးကျယ်လာတယ်.. ဦးဖိုးအောင်ကတော့ ကြောင်ကုတ်သံထင်ပြီး.. " ဟဲ့ကောင်.. တိတ်တိတ်နေစမ်း.. တော်တော်ဆူတယ်.. နင့်ကို ဘယ်သူက ကျွေးမယ်ပြောလို့ လာကုတ်နေတာလဲ.. ထွက်သွားစမ်း.. သွားးး.. တောက်... ငါ ထရိုက်လိုက်ရရင် မကောင်းဖြစ်တော့မယ်.. " စားပွဲကို ကုတ်ခြစ်တဲ့ အသံပျောက်သွားပြီး တရူးရူးအသံကြီး ကြားလာရတယ်.. အသံကြီးက ကျယ်လွန်းလို့ အခန်းထဲမှာ လှဲနေတဲ့ ဒေါ်ထားကတောင် " ကိုဖိုးအောင်.. ရှင်ဘာဖြစ်နေတာလဲ.. ဆူညံနေတာပဲ.. အသက်ရှုသံကြီးကလည်း ပြင်းလိုက်တာ.. " ဒေါ်ထား စကားပြောပြီး သိပ်မကြာခင်မှာပဲ တောက်ခေါက်သံ တစ်ချက်အကျယ်ကြီးပေါ်လာပြီး ၀ုန်းဆို ဦးဖိုးအောင်တစ်ယောက် ထမင်းပန်းကန်ထဲကို မျက်နှာ အပ်လျက်သား ကျသွားတယ်.. အသံတွေ ဆူညံလို့ ဒေါ်ထားအပြေးလေးရောက်လာပြီး ဦးဖိုးအောင်ကို ခေါ်ကြည့် စမ်းသပ်ကြည့်တော့ ဦးဖိုးအောင် အသက်မရှိတော့ဘူးလေ.. နောက်မှ သိရတာက ဇတ်ကျိုးပြီး သေသွားတာတဲ့... ဇာတ်လမ်းက ဒီမှာတင်ပြီးသွားပြီလား ဆိုတော့ မဟုတ်သေးဘူးဗျ.. ဦးဖိုးအောင် အသုဘတွေဘာတွေပြီးသွားတော့ တစ်ရက်ဒေါ်ထားကို အိမ်မက်လာပေးတယ်.. သူ အခု အရူးသချိုင်းနားက ညောင်ပင်ကြီးမှာ နေနေရတဲ့အကြောင်း၊ နောက်ပြီး သူ့ရဲ့အဖြစ်အပျက်တွေကို ပြောပြပြီး သူအခု အဲဒီသရဲကြီးရဲ့ အခိုင်းအစေဖြစ်နေတဲ့အကြောင်း၊ သူရှိတဲ့နေရာမှာ သူ့နာမည်ကိုလာခေါ်ပြီး အမျှပေးဝေပေးပါလို့ သနားစရာရုပ်ကလေးနဲ့ အကူအညီလာတောင်းတယ်.. ဒေါ်ထားလည်း သူ့ယောင်္ကျားရဲ့အဖြစ်အပျက်တွေကိုသိပြီး သူယောင်္ကျားပြောသလို အလှူလုပ် အမျှဝေပေးလိုက်ပါတယ်.. အဲဒီနောက်မှာတော့ ဒေါ်ထားကို နောက်တစ်ခါ အိမ်မက်လာမပေးတော့ပါဘူး.. ကောင်းရာမွန်ရာ ရောက်သွားပြီထင်ပါရဲ့ဗျာ.. အခုအဖြစ်အပျက်တွေကို ဒေါ်ထားကတဆင့် ပြန်ပြောပြလို့ သိရတာပါ... ဒါကြောင့် ကိုယ်မမြင်ရတဲ့ အရာတွေကို နှုတ်ကတိပေးခြင်း၊ စကားကျွံခြင်းမျိုးတွေ မလုပ်မိကြဖို့ သတိပေးရင်းးးး

Credit : သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |