(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

"စပွန်ဆာရှာ ပါဆယ် မှာလေသည်လား"

"စပွန်ဆာရှာ ပါဆယ် မှာလေသည်လား"

လူ့ဘဝဆိုတာကလည်း ဆန်းတော့အဆန်းကျယ်သား။ ကိုယ်မမျှော်လင့်ထား၊ မထင်မှတ်ထားတဲ့ အရာတွေက တခါတလေကျရင် ဘွားဆို ပေါ်လာတတ်တာမျိုးမဟုတ်လား။ ဥပမာပြောရရင်တော့ ဘုရားဖူးသွားရင်းကနေ လင်နောက်လိုက်ပြေးဖြစ်သွားတာမျိုးတို့၊ သင်္ကြန်ရေပက်ခံထွက်ရာကနေ သံဝေဂတွေ တလှေကြီးရပြီး ရာသက်ပန်သာသနာ့ဘောင် ဝင်သွားတာမျိုးတို့ကို ကိုယ်တိုင် မကြုံဖူးသည့်တိုင်အောင်မှပဲ ကြားဖူးကောင်း ကြားဖူးးကြလိမ့်မယ်ထင်ပါတယ်။ ခုလည်းကြည့် ။ ဖြစ်ပုံက ပျော်ရမယ်ကြံကာမှ ငိုပဲ ထိုင်ငိုရတော့မလိုလို ဖြစ်ကုန်ကြရတော့တာပဲ။ ဖြစ်ပုံကို ပြောရရင်တော့ ဘားအံမှာ ဆယ်တန်းဘော်ဒါဆောင်နေခဲ့ရာကနေ စပြောရမှာ။ ဘော်ဒါဆောင်မှာ စာမေးပွဲစစ်တော့ အဆောင်နေကျောင်းသားတွေအကုန်လုံး အမှတ်ကောင်းကောင်းနဲ့ အောင်ကြတဲ့အတွက် ဆရာမက ညပိုင်းမှာ မုန့်လုပ်ကျွေးတယ်။မှတ်မိသလောက်တော့ အဲ့ဒီတုန်းက ဘော်ဒါဆောင်မှာနေတဲ့ ကျောင်းသားကျောင်းသူအရေအတွက်က အယောက်အစိတ်ထက်တော့ မလျော့ဘူး။ မုန့်လုပ်တဲ့နေရာမှာ ကျောင်းသူတွေက ဆရာမကို ဝိုင်းကူနေကြသလို ကျောင်းသားတွေကလည်း ဆရာမကို ကူသယောင်နဲ့ ကျောင်းသူတွေကို စလိုက်နောက်လိုက်၊ ကျောင်းသူတွေကလည်း ပြန်နောက်နဲ့ အားလုံး ပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွနဲ့ တကယ်ကြည်နူးဖို့ကောင်းတာ။ အခုနေ အဲ့လိုအချိန်၊ အဲ့ဒီလို အခြေအနေမျိုးကို ပြန်ရဖို့ဆိုတာ အတော့်ကို ခဲယဉ်းသွားပြီ။ အကုန်လုံး ပျော်ရွှင်ကြည်နူးနေချိန်မှာ ပြဿနာရဲ့ နိဒါန်းအစချီလာပုံက ဒီလို.....။ ကျောင်းသူတွေထဲက တယောက်က အိမ်သာသွားမလို့ သူ့အနားက မိန်းခလေးသူငယ်ချင်းကို အဖော်ညှိတယ်။ ဟိုတယောက်ကလည်း မုန့်လုပ်နေရင်းတန်းလန်းဆိုတော့ " နင်သွားနှင့်။ ဒီမုန့်ပန်းကန်ကို ဆရာမကို ပေးပြီးတာနဲ့ ငါလိုက်လာခဲ့မယ်" ပြောပြီး သူ့သူငယ်ချင်းမကို အရင်သွားခိုင်းနှင့်လိုက်တယ်။ ဟိုတယောက် အိမ်သာဘက်ထွက်သွားလို့ ဘယ်လောက်မှတောင် မကြာပါဘူး။ ကျန်ခဲ့တဲ့ကောင်မလေးက မုန့်ပန်းကန်ကို ဆရာမလက်ထဲ ကပျာကယာသွားပေးပြီး အိမ်သာဘက်လိုက်သွားမလို့ ခြေလှမ်းပြင်တုန်းရှိသေး။ အိမ်သာဘက်ကို အရင်သွားနှင့်တဲ့ တယောက်က နောက်ဖေးဘက်ကနေ ငိုပြီး ပြန်လာတယ်။ အိမ်သာသွားရင်းနဲ့ ချော်တွေဘာတွေများ လဲကျလာလို့များလားဟဲ့ဆိုပြီး ဘာဖြစ်လာတာလဲမေးတော့လည်း ဘာမှပြန်မဖြေပဲ ဆက်ပြီးငိုနေရော။ သူ့ဘာသာငိုတာက အရေးမကြီးဘူး။ ဆရာမရော၊ ကျောင်းသားတွေပါရောက်လာကြပြီး တယောက်တပေါက်နဲ့ ဝိုင်းမေးကြတော့တာပါပဲ။ မေးတာမဖြေလေ ကျောင်းသားတွေရဲ့ တယောက်တမျိုး ထင်ကြေးပေးချက်တွေ ဆူညံလာလေလေ ဖြစ်လာတော့တာ။ တချို့ကလည်း ဆူးစူးတာထင်တယ်လို့ ပြောတဲ့လူလည်းရှိရဲ့။ နောက်တီးနောက်တောက်ကျောင်းသားတွေကလည်း လိပ်ခေါင်းထွက်လို့ငိုနေတာဖြစ်မှာပေါ့လို့ ပြောတဲ့လူကလည်းပြော။ သူပြောတာ ထင်ရင်လည်း အထင်ခံချင်စရာကြီးကို။ ဆယ်တန်းမှာ ထိုင်ခုံနဲ့တင်ပါး ဂဟေဆော်ထားသလိုထိုင်နေရပြီး စာကို နင်းကန်ကျက်ရတော့ အညောင်းမိ၊ ဝမ်းချုပ်ပြီး လိပ်ခေါင်းရောဂါရမယ်ဆို ရနိုင်တာပဲလေ။ မိန်းခလေးဆိုတော့ ရှက်လို့ မပြောရဲတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့ဆိုပြီး ကိုယ်တော်ချောတွေက ကောက်ချက်တွေဆွဲပြီးထင်ကြေးတွေ ပေးနေတာ။ အိမ်သာအတူသွားဖို့ အဖော်ခေါ်ခံရတဲ့ ချာတိတ်မက ဆရာမကို သူသိသလောက် အစီရင်ခံရတော့တာပါပဲ။ အိမ်သာသွားမလို့ အဖော်လာခေါ်သေးတယ်။ သွားနှင့်။ နောက်ကလိုက်လာခဲ့မယ်ပြောတော့ သူအရင်ထွက်သွားနှင့်ပြီး အခုပြန်ရောက်လာတော့ ဘာမှမေးလို့မရပဲ တရှုံ့ရှုံ့ငိုနေတာ သမီးလည်း ဘာမှမသိဘူးဆိုပြီး ရှင်းပြတာပေါ့။ မုန့်လုပ်ဖို့ အစီအစဉ်ကနေ သူ့ကို ပြုစုရတဲ့ အခြေအနေကို ရောက်သွားရော။ ရေခပ်ပြီး တိုက်တဲ့သူနဲ့၊ ယပ်တောင်ခတ်ပေးရတဲ့လူနဲ့ အလုပ်တွေကို ရှုပ်ကုန်ရော။ ငိုနေတဲ့တယောက်ကလည်း မနားတမ်းကို ငိုတာများ ဘယ်လိုမှ ချော့မေးလို့မရစတမ်းကို ငိုနေတာ။ နောက်ဆုံးတော့ ဆရာမလည်း စိတ်တော်တော်ညစ်လာပုံပေါ်ပါတယ်။ အဲ့လိုကိစ္စတွေမျိုးတွေမှာ တီးမိခေါက်မိရှိတဲ့ ရပ်ကွက်ထဲက ဘကြီးကို သွားခေါ်ဖို့ ကျောင်းသားသုံးယောက်ကို ခိုင်းလိုက်ရတော့တယ်။ ကျောင်းသားလေးတွေထွက်သွားပြီး ခဏလောက်ကြာတော့ ဘကြီးလည်း သူတို့သုံးယောက်နဲ့အတူပါလာတယ်။ ဘကြီးက ငိုနေတဲ့ ကျောင်းသူကို အိမ်ရှေ့ကို ခေါ်လာခဲ့ဖို့ပြောပြီး သူလည်းအိမ်ရှေ့ရောက်ရော " သမီး ဘာဖြစ်လို့ ငိုနေတာလဲ ???"လို့မေးတော့မှ သူ့ပင်ကိုအသံမဟုတ်ပဲ အသက်ကြီးကြီး မိန်းမတယောက်ရဲ့ အသံသြသြကြီးနဲ့ " ငါမုန့်စားချင်လို့ သူ့နောက်က လိုက်လာတာ" လို့ ပြန်ပြောတယ်။ အဘကလည်း အဲ့လိုဆိုရင်လည်းကျွေးပါ့ မယ်။ ကလေးနားကခွာတော့  လို့ ပြောတော့ သူက..... ငါပြောချင်တာလေး ပြောပြီးရင်သွားမှာပါ ငါနေတာက အိမ်သာနားကသရက်ပင်မှာ။ အဲ့ သရက်ပင်လေးကိုခုတ်မပစ်ကြပါနဲ ။ နေတာကလည်း ငါတစ်ယောက်ထဲမဟုတ်ဘူး ငါ့ ရဲ့ သားလေးပါရှိတယ်။ သရက်ပင်ကို နင်တို့ ခုတ်မယ်လို့ ပြောနေသံငါကြားလို့ ..တဲ့ ။ အဲ့ ဒါနဲ့ ဆရာမကလည်း မခုတ်နဲ့ ဆိုလဲမခုတ်ပါဘူး။ အဲ့ သရက်ပင်ကပိုးစားနေလို့ အရင်တုန်းက ခုတ်မယ်လို့ ပြောတာပါ။ အခုတော့ စိတ်ချနေပါ။ မခုတ်တော့ ပါဘူး။ မုန့် စားချင်တယ်ဆိုရင် ကျွေးပါ့ မယ်။ ကလေးကိုတော့ မနှောက်ယှက်ပါနဲ့  လို့ ဝင်ပြောရတော့တာပဲ။ ကျေးဇူးရှင်က ဒီလောက်နဲ့တင် မပြီးသေးဘူး။ ဘာဆက်ပြောသေးတယ် မှတ်တုန်း။ သူက အခုစားသွားမယ်တဲ့ သူ့ ရဲ့ သားအတွက်ကို သရက်ပင်နားကို လာပို့ ပေးပါတဲ့။ အဲ့ဒီတုန်းက အတော့်ကို မြင်ပြင်းကပ်တာ။ စဉ်းစားကြည့် နာနာဘာဝတန်မဲ့နဲ့ ပါဆယ်ဆွဲချင်နေသေးတာ။ လူသာဆိုရင် အနားမှာ ရှိနေတဲ့ ပန်းကန်ပြားနဲ့ ခေါင်းကို ထုပြီး ဒါပဲရမယ်လို့ ပြောမိမှာ ။ အခုဟာက သူနဲ့ကိုယ်က ဘဝချင်းခြားနေလို့သာပေါ့။ သူ့စကားလည်းဆုံးရော အဘက ကောင်းပြီဆိုပြီးတော့ ဆရာမကို မုန့် ယူခိုင်းလိုက်ပါတယ်။ ဆရာမလည်း ကောက်ညှင်းပေါင်းကို ပန်းကန်ပြားနဲ့ ယူလာပြီးပေးတော့ ပန်းကန်ပြားနဲ့ အပြည့် အမောက်၂ပန်းကန်ကို ကုန်အောင်စားပစ်လိုက်တာများတော့ ဘယ်ဘဝကတည်းက အငတ်ဘေးဆိုက်လာမှန်းကို မသိပါဘူးရယ်။ သင်း မျိုလို့စိုလို့ပြီးတော့ အဘက ၀ပြီးလားမေးတော့ ဝပြီတဲ့ ။ အဘက ၀ပြီဆိုရင်လည်းနောက်နောင် ဘယ်သူ့ကိုမှ မနှောက်ယှက်ပါနဲ့တော့။ ကလေးအတွက်လည်း လာပို့ ပေးမယ်။ အမျှဝေရင်လည်း သာဓုခေါ် လို့ ပြောပြီးပြန်ခိုင်းပါတယ်။ အဲ့ လိုလည်းပြောပြီးရော စောစောက အပူးအကပ်ခံထားရတဲ့ ကျောင်းသူက သတိမေ့ သွားသလိုဖြစ်သွားရော။ တခြားကျန်နေတဲ့ လူတွေအကုန်လုံးလည်း ဘေးကနေမခွာကြတော့ဘူး။ မျက်စိရှေ့မှာ အဲ့လိုကြီး ဖြစ်တာမြင်ထားတော့ မလန့်ပဲ နေနိုင်ရိုးလား။ သူ့ ကိုပဲ ၀ိုင်းကြည့် နေကြရင်းက နောက်10မိနစ်လောက်လည်းကြာတော့ သူပြန်ပြီးသတိရလာတယ်။ သူသတိရလာတဲ့အချိန်မှာ အားလုံးက သူ့ကိုဝိုင်းအုံကြည့်နေတာ တွေ့တော့ သူက ကြောင်တောင်တောင်နဲ့ သူ့ကို ဘာဖြစ်လို့ ဝိုင်းကြည့်နေကြတာလဲဟင်..တဲ့။ အဲ့ ဒါနဲ့ ဆရာမကဖြစ်ကြောင်းကုန်စင်ပြောပြတော့မှ သူအဲ့ လိုဖြစ်သွားတာကို လုံးဝမသိပါဘူးတဲ့ ။ အိမ်သာသွားမလို့ ထွက်သွားတာ နောက်ဖေးရောက်တော့ ကြက်သီးတွေထသွားတာနဲ့ပဲကြောက်လို့ ပြန်လှည့် လာတုန်းမှာ ခေါင်းထဲမိုက်ခနဲဆိုဖြစ်သွားတာပါတဲ့ ။ အဲ့ ဒါနဲ့ ကလေးကိုကျွေးဖို့ ကောက်ညှင်းပေါင်းကို ဖက်နဲ့ ထည့် ပြီး အဘရယ် ကျောင်းသားအကိုကြီးသုံးယောက်ရယ် သရက်ပင်နားမှာ သွားချပေးလိုက်ပါတယ်။ အားလုံးအေးဆေးဖြစ်သွားလို့ ဘကြီးလည်း ပြန်သွားရော ကျောင်းသားတွေခမျာ ကောက်ညှင်းပေါင်းတောင် မစားနိုင်ကြပါဘူး။့ ကြောက်လန့်ပြီး ကိုယ့်အခန်းကိုတောင် မပြန်ရဲကြလို့ ဆရာမရယ်ကျောင်းသားတွေရယ် ဟောခန်းထဲမှာပဲ ငုတ်တုတ်ထိုင် မိုးလင်းခဲ့ရပါလေရော။ ဘယ်သူမှလည်း အဲ့ဒီညက မအိပ်ရဲကြတော့ဘူး။ ချိုးချိုးချွတ်ချွတ် အသံကြားတာနဲ့တင်ကို တယောက်နဲ့တယောက် နီးသထက်နီးအောင် ပူးကပ်ပြီး ရသမျှ ဘုရားစာကို အမြီးအမောက်မတည့် ရွတ်ရင်း မနက်မိုးလင်းထိ ဟောခန်းထဲ ငုတ်တုတ်ထိုင်နေရတဲ့ ဒုက္ခကအတော့်ကို ဆိုးရွားမှန်း ကိုယ်တိုင်ကြုံမှ သိတော့တယ်။ မနက်ရောက်မှ ဆရာမကဘုန်းကြီးတွေကိုပင့် ပြီး ပရိတ်တရားနာပေးပြီး သူတို့ သားမိကိုအမျှဝေပေးခဲ့ ပါတယ်။ နောက်နေ့ တွေဆို အိမ်သာသွားရမှာ ကြောက်ကြလွန်းလို့ သွားရင်လည်း လေးငါးယောက်နဲ့ ဆရာမပါမှ သွားရဲကြပါတယ်။ နောက်ပိုင်းတော့ အဲ့ဒီသရဲလည်း ခြောက်တယ်လှန့်တယ် အသံဘာမှ မကြားရတော့ပါဘူး။ ကျွတ်လွတ်ပြီး ကောင်းရာမွန်ရာ ဘုံဘဝကိုရောက်သွားတာလား.... ကောက်ညှင်းပေါင်း စပွန်ဆာရှာရင်းကနေ ကောက်ညှင်းပေါင်းအိုးထဲရောက်သွားပြီလားဆိုတာတော့ စာရေးသူလည်း မမှန်းဆတတ်တော့ပါ။ ဇာတ်ကြောင်းပြောပြပေးတဲ့ မCherry Theint Theint Wai ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကောက်ညှင်းပေါင်းမကြိုက်တော့သူ (အက်ဒမင်-ရွာတော်ရှင်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |