(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

သိုက်နန်းသို့ ပြန်ကြလေပြီလား

၂၀၁၄ ခုနှစ် ၊ မတ်လထုတ် ဂမ္ဘီရ ဆန်းကြယ် မဂ္ဂဇင်းတွင် ရေးသားထားသည့် ကျွန်တော့်ကိုယ်တွေ့ သဘာဝလွန် ဥစ္စာစောင့် ဇာတ်လမ်းလေးပါ၊

 သိုက်နန်းသို့ ပြန်ကြလေပြီလား 


 အချိန်ကာလအားဖြင့် နှစ်ပေါင်းသုံဆယ်နီးပါးမျှ ကြာမြင့်ခဲ့ပါပြီ။ ၁၉၈၅ ခုနှစ် ၊ သြဂုတ်လ ၁ ရက်နေ့ ကဖြစ်ပါ၏။ ရန်ကုန်မြို့  ကျုံးကြီးလမ်းနှင့် လမ်းမတော်လမ်းထောင့်ရှိ ထိုစဉ်က ဟာဂျီမ ဒေါ်ပုဆေးရုံဟုခေါ်သည့် ဆီးနှင့် ကျောက်ကပ် အထူးကုဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်အတွင်းဝယ် ကျွန်တော် ၊ ကျွန်တော့်ဇနီး နှင့်သူနာပြု ဆရာမလေးတို့ ရှိနေကြပါ၏။ထိုနေ့ က ရာသီဥတုသည်လည်း မိုးလင်းကတည်းကကောင်းကင်တစ်ပြင်လုံး အုံ့ မှိုင်း နေသည်။နံနက်ခင်း အိပ်ရာ မှ နိုးလာသော ဇနီးဖြစ်သူ ၏ မျက်နှာက မရွှင်ပျလှ။ " ခိုင်လေး သက်သာလာပြီနော် " ဟု နှုတ်ဆက်ရင်းဇနီးသည်၏ မျက်နှာကို လက်ကိုင်ပုဝါ နုနုလေးဖြင့် သုတ် ပေးကာ မျက်နှာသစ်ပေးရန်ကျွန်တော်ပြင်လိုက်ပါသည်။ ဇနီးသည်က နွမ်းလျစွာပြုံးရင်း " ဒီနေ့  ၀ါဆိုလပြည့်နေ့  မဟုတ်လား အကို ၊ နေ့ ခင်းအကို ပြန်ရင် သားလေးကိုခေါ်လာခဲ့ပါနော် " အိမ်တွင်ထားရစ်ခဲ့သော ကျွန်တော်တို့ သားလေးကို ဇနီးသည်တွေ့ ချင်ပေလိမ့်မည်။သို့ သော် " ဟို လေးငါးရက်ကတင် ခေါ်လာခဲ့သေးတယ်လေ ၊ ကလေး ပင်ပန်းနေမှာပေါ့ ခိုင်လေးရယ် ၊ ခိုင်လေးလဲ ဆေးရုံ က ဆင်းရတော့မှာဘဲ " ကျွန်တော်စကားကို ဆုံးအောင်ပင်မပြောလိုက်ရပါ ။ ဇနီးသည်က လက်ကာပြလိုက်ရင်း " ဒီနေ့ ခေါ်ဖြစ်အောင်သာ ခေါ်လာခဲ့ပါ အကိုရယ် " ဟု တတွတ်တွတ် ပြောနေတော့သည်။ ကျွန်တော့်ဇနီး ဆေးရုံရောက်နေသည်မှာ ထိုနေ့ က နှစ်ပတ်တိတိပြည့်လေပြီ ၊ အာဇာနည်နေ့ ကတည်း က ဆေးရုံ ရောက်တက်နေခဲ့ရသော ကျွန်တော့် ဇနီးဖြစ်သူသည် ဆေးရုံတွင် နှစ်ပတ်ကြာမျှ တက်ရောက်နေရချိန်ဝယ် အသက်ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်မရှိ သလောက် နည်းနေပြီဖြစ်ကြောင်း ကျွန်တော် သိရှိထားပြီး ဖြစ်ပါ၏။ ကျွန်တော့်ဇနီးသည်အိမ်တွင်နေ နေရာမှ ရုတ်တရက် ဆီးသွား၍ မရတော့သဖြင့် ဆေးရုံသို့ ရောက်ခဲ့ ရသည်။ ဆေးရုံတွင်စစ်ဆေး ကြည့်တော့ ကျောက်ကပ် နှစ်ခုလုံး အလုပ်မလုပ်တော့ ဟု သိခဲ့ရသည်၊ ထိုစဉ်က ယခုခေတ်ကဲ့သို့  ကျောက်ကပ် အစားထိုးကုသ၍ မရသေးသည့်အပြင် ကျောက်ကပ်ဆေးစက်လည်းမရှိသေးသဖြင့် ဗိုက်ကိုဖောက်ကာ ကျောက်ကပ် များအတွင်းသို့  ဆေးသွင်းပြီး သန့် စင်အောင်ဆေးကြော နေသည်မှာ ဆေးရာ် ပုလင်း အလုံးပေါင်း ကိုးဆယ်ကျော်ပေပြီ ၊ ဇနီးသည် ၏ ပါးလျလျ ခန္ဓာကိုယ်လေးက မြင်မကောင်းအောင်ပွရောင်း ကာ နကိုထက် သုံးဆ ကျော် လေးဆနီးပါးမျှ ဖောင်းပွ ပြီး ၀၀တုတ်တုတ်ကြီးဖြစ် နေချေပြီ။ ထို အချိန်ထိအောင် ဆီးက မသွားနိုင်သေးသဖြင့် ဆရာဝန်ကြီးက ကျွန်တော့်အား အခြေ အနေမကောင်းနိုင်တော့ကြောင်း ကိုလည်း ပြောပြထားပြီး ဖြစ်ပါ၏။ ကျွန်တော် အတတ်နိုင်ဆုံး ဇနီးသည် အတွက် ကုသပါသော်လည်း မျှော်လင့်ချက်ကားဝေးနေခဲ့ချေပြီ။ ထိုအချိန်က ကျွန်တော်တို့ တွင် သုံးနှစ်အရွယ် သမီးလေး နှင့် အခါလည် အရွယ် သားလေး တစ်ယောက် တို့ရှိပါ၏။ ဇနီးသည် နေမကောင်း၍ ဆေးရုံတက်ရတော့ သမီးလေးကို နယ်မှ ကျွန်တော့်အမေက လာရောက် ခေါ်ယူ သွားခဲ့သည်။ သားလေးကိုကား နို့စို့ တန်းလန်း အရွယ်မို့  ဇနီးသည်က ခေါ်သွားခွင့်မပြုခဲ့ပါ။ကျွန်တော်က ညပိုင်းတွင် ဆေးရုံ တွင်ဇနီးသည်အား စောင့်အိပ်ပြီး သားလေးကို ဘေးအိမ်မှ အမထွေးက နို့ တိုက်ကာ ထိန်းပေးထားသည်မှာ သူဆေးရုံ စတက် ကတည်းကပင်ဖြစ်ပါ၏။မနက်ပိုင်းတွင် ကျွန်တော် အိမ်ပြန်ကာရေမိုးချိုး ၊ သားလေးနှင့် ခဏနေပြီး ညနေပိုင်းတွင်ဆေးရုံ သို့ ပြန်လာရသည်။ လွန်ခဲ့သော လေးငါးရက်လောက်က အမထွေး ကျွန်တော်နှင့် ဆေးရုံသို့ လိုက်လာကာ သားလေးကိုပါ ခေါ် လာခဲ့သေးသည်။ကျွန်တော်က ကလေးကို ဆေးရုံသို့ သိပ်ခေါ်မလာစေချင်၊ နုနယ်သေးသော ကလေးငယ်လေး တစ်ယောက် အတွက် ဆေးရုံကဲ့သို့ နေရာမျိုးက အချိန်မရွေး ရောဂါပိုးတွေ ကူးစက်သွားနိုင်သည်ဟု ကျွန်တော် စွဲမြဲစွာ ယုံကြည် ထားသည်။ သည်နေ့ တော့ ဇနီးသည်က သားကို ခေါ်လာခိုင်းနေပြန်ပါပြီ။ ရောဂါ မသက်သာသည့် ဇနီးသည်ကို လည်း စိတ်ချမ်းသာစေချင်ပါသည်။ဘ၀နောက်ဆုံးအချိန် နီးကပ်လာ နေသောအချိန်များတွင် သူ့ ဆန္ဒကို လိုက်လျောသင့်သည်ဟုလည်း ကျွန်တော်ထင်မိခဲ့ပါသည်။ " အကို ပြန်တော့နော် ၊ သားလေးကို စောစောခေါ်ခဲ့ပါနော် " ဇနီးသည်၏ မျက်နှာကိုကြည့်ကာ ကျွန်တော် စိတ်မကောင်းဖြစ်ရပါသည်။ " အမထွေးကိုပါ ခေါ်ခဲ့မယ် " ဇနီးသည်က ကျွန်တော့်ကို အားယူကာ ပြုံးပြပြီး ခေါင်းငြိမ့်လိုက်ပါသည်။ ကျွန်တော်အိမ်သို့ ရောက်ရောက်ခြင်း အံ့သြဖွယ်တစ်ခုနှင့်ကြုံလိုက်ရပါသည်။ အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် ကျွန်တော်တို့ အိမ် ဧည့်ခန်းတွင် ဘုရားပန်းများသည် တစ်စုံတစ်ဦးက လွှင့်ပစ် ထားသည့် အလား ကြမ်းပေါ်တွင် ပြန့် ကြဲနေသည်ကို တွေ့ လိုက်ရပါသည်။အိမ်သော့ကို အမထွေးက ယူမထားသဖြင့် မနေ့ ညနေက ကျွန်တော်ဘုရားညောင်ရေအိုးလဲ အပြီး မည်သူ တစ်ယောက်မျှ အိမ်ထဲသို့ ဝင်လာ စရာ အကြောင်းမရှိပါချေ ။ အိမ်သော့ကိုလည်း အသေအချာ ပိတ်ခဲ့သဖြင့် ကြွက်များတိုးရော့လားဟု ကျွန်တော် ဘုရားစင်ကို ကြည့်လိုက်မိပါသည်။ ညောင်ရေအိုးသုံးလုံး ရှိရာ တစ်လုံးမှ လဲ မနေသည့်အပြင် ညောင်ရေ အိုးများထဲ မှရေများသည်လည်း ကျွန်တော် မနေ့ ညနေက ကပ်ထားခဲ့သည့် အတိုင်း အပြည့် ရှိနေပါသည်။ ကျွန်တော်စဉ်းစား မရနိုင်ပါပြီ။ ကျွန်တော် အိမ်တံခါးဖွင့်နေသည်ကိုမြင်တော့ အမထွေး က " အေးအေးခိုင် ဘယ်လိုနေသေးလဲ ကိုဝင်းဇော် " ဟုမေးကာ ကျွန်တော်တို့ အိမ်ဘက်သို့ ကူးလာပါသည်။ ကြမ်းပေါ်တွင်ပြန့် ကြဲနေသော ပန်းများကို ကြည့်ကာ " ဟာ ပန်းတွေ ဘာလိုဖြစ်လို့ပြန့် ကြဲနေတာတုန်း " ဟု ရေရွတ်ကာ ကျွန်တော့်ကို ကြည့်နေပါသည် ။ " ကျွန်တော်လည်းမသိဘူး အမထွေး ၊ မနေ့ က ကျွန်တော်သေသေချာချာ ဘုရားပန်းညောင်ရေအိုးလဲ ထား ခဲ့တာ ၊ ဘယ်လိုဖြစ်တာလဲ မသိဘူးနော် ၊ နိမိတ်မကောင်းဘူးထင်ပါရဲ့ ဗျာ" " ဟယ် ဘာတွေ လျှောက်ပြောနေတာလဲ " အမထွေးက ပန်းများကို ကောက်ယူကာ စွန့် လိုက်ပါသည်။ " အမဈေးသွားပြီး ပန်းတွေ လဲ ထားပေးလိုက်မယ် " ကျွန်တော်လည်း ဘုရားပန်းကိစ္စ ဘာမှ မစဉ်းစားတော့ဘဲ သားလေးကို ခေါ်လာဖို့  ဇနီးသည်ပူဆာ ကြောင်းကိုသာ အမထွေးအားပြောပြလိုက်ပါသည်။ " သူလဲ သူ့ သားလေး တွေ့ ချင်မှာပေါ့ဟယ် ၊ အမ ပါလိုက်ခဲ့မယ် " ထိုနေ့ နေ့ ခင်းတွင် သားလေးကို ရေမိုးချိုး ၊ သနပ်ခါး ပါးကွက်ကျားလေးကွက်ပြီး ဆေးရုံသို့ ခေါ်သွားခဲ့ ပါသည်။ ဆေးရုံရောက်တော့ သားလေးက သူ့  အမေကို တွေ့ ရ၍ မြူးနေလိုက်သည်မှာ ကျွန်တော်တို့ ခေါ်၍ ပင်မရ တော့၊ ဇနီး ဖြစ်သူ ကလည်းနေမကောင်းသည့်ကြားမှ သူ့ သားလေးကို နို့ တိုက်နေရင်း မျက်ရည်များ တစ်ပေါက် ပေါက် ကျနေသည်ကို မြင်ရသဖြင့် ကျွန်တော့် ရင်ဝယ် ပြောမပြနိုင်လောက်အောင် ခံစား ခဲ့ရပါသည်။ထိုအချိန်သည် ကျွန်တော့် သားလေး နှင့် ကျွန်တော့်ဇနီးတို့ ၏ နောက်ဆုံး ဆုံတွေ့ နေကြခြင်းဖြစ်သည်ကို ကျွန်တော် ထိုစဉ်က လုံဝ မသိခဲ့ပါချေ။ သားလေးကတော့ စကား မပီကလာ ပီကလာ ပြောတတ်ရုံသာရှိသေးသည်။ မေမေ ၊ မေမေဟု ခေါ်ကာ သူ့ အမေကို အတင်းအကြပ်ဖက်ထားသည့် ထိုနေ့ က မြင်ကွင်းကို ကျွန်တော် ယနေ့ တိုင် မမေ့နိုင်ခဲ့ပါ။ သားအမိနှစ်ယောက် တို့ ၏ နောက်ဆုံးအချိန် မြင်ကွင်းများက ကျွန်တော့် ဘ၀ အတွက် ကြေကွဲဖွယ် အတိပါပင်။ ညနေ အတော်လေး စောင်းတော့မှ အမထွေး နှင့် သားလေးတို့ ပြန်သွားကြပါသည်။ သူတို့ ပြန်တော့ ဇနီးသည်က ထိုင်ချင်သည်ဟုဆိုသဖြင့် သူနာပြု ဆရာမလေးက ထူပေးပြီး ကုတင် ခေါင်းရင်း တိုင်ကို မှီကာ ထိုင်စေပါသည်။ ကျွန်တော်က ကျွန်တော့်ဇနီးကို ဖက်ထားရင်း ဆေးရုံမှ ဆင်းရမည့် အကြောင်းတွေကို ဇနီးသည်ကျေနပ်မှုရစေရန် နှစ်သိမ့် ပြောဆိုနေမိပါသည်။ကျွန်တော့် ဇနီးက သူဆေးရုံမှ ဆင်းရ မည့် ကိစ္စ ကို စိတ်ဝင်စားမှုမရှိဘဲ " အကို ၊ ခိုင်လေး ရွှေစက်တော် ကို သွားတော့မယ်နော် ၊ အင်းခွေးအူသံကြားရတယ်အကို" ဟုသာ ထပ်ခါထပ်ခါ ပြောနေပါသည် ။ ဇနီးသည် ဘာကို ဆိုလိုမှန်း ကျွန်တော်သာလျှင် တိတိကျကျသိသူဖြစ်လေရာ ၊ အနားမှ ဆရာမလေးက ဘာမျှ မသိရှာပါ။ ( အင်းခွေး အူသံ အကြောင်းသီးသန့် ရေးပါဦးမည်) " ခိုင်လေးရယ် အဲဒိ အစွဲ အလန်းတွေကို ဖျောက်ထားပါကွာ ၊ မင်းနေကောင်းရင် အကိုတို့  ရွှေစက်တော်ကို သွားကြမယ်နော် "ဟု ကျွန်တော်က ပြောတော့ ဇနီးသည်က မချိပြုံးလေး ပြုံးနေပါသည်။ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ကျွန်တော့် ရင်ခွင်တွင် မှိန်းနေရင်း သူ ကွယ်လွန်သွားခဲ့ပါသည်။ သူ့ အသက် ၂၄ နှစ် ၊ သမီးလေးတစ်ယောက် ၊ သားလေး တစ်ယောက်။ ***` *** *** ကျွန်တော်တို့ သည် ဧရာဝတီတိုင်း ၊ ကျိုက်လတ် မြို့ လေးမှ ဖြစ်ကြပါ၏။ သူက ကျွန်တော့် အောက် လေးနှစ်ခန့် ငယ်ကာ ကျွန်တော်တို့ နှစ်ယောက်လုံး ကျိုက်လတ်မြို့ အစိုးရ အထက်တန်းကျောင်းတွင် အတူကျောင်း တက် ခဲ့ကြပြီး ကျောင်း မှာ ကတည်းက ချစ်ကြိုက်ခဲ့ကြပါသည်။ ကျွန်တော် တို့ အိမ်ထောင်ထူထောင်ကြချိန်တွင် သူက အသက် ၂၀ ၊ ကျွန်တော်က အသက် ၂၄ နှစ် အရွယ်ဖြစ်ပါ၏။ ငယ်စဉ်ကတည်းက ချစ်ကြိုက်ခဲ့ကြသူများဖြစ်သဖြင့် ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် မြတ်နိုးစွာ သံယောဇဉ် တွယ်ခဲ့ကြပါ၏။ ကျွန်တော့်ဇနီးက ကျွန်တော်တို့ အိမ်ထောင်ကျပြီးသည့် နောက်ပိုင်းဝယ် " အကို ၊ ခိုင်လေးက သိုက်ကလာတာ အကိုရဲ့ ၊ အကို့ အတွက် သမီးလေး တစ်ယာက် ၊ သားလေးတစ် ယောက် မွေးပေးပြီးရင် ခိုင်လေး သိုက်ကို ပြန်ရမှာ " ဟု မကြာမကြာပြောလေ့ရှိတတ်ပါသည်။ " မင်းဘာတွေ လျှောက် လျှောက်ပြောနေတာလဲကွာ" " ဟုတ်တယ် အကို ရဲ့  ၊ ခိုင်လေး တကယ်ပြောနေတာ " " မင်းကို ဘယ်ဗေဒင်ဆရာက မဟုတ်မဟတ်တွေ ဟောထားလို့ လဲကွာ " " ဘယ်ဗေဒင်ဆရာကမှ ဟောတာ မဟုတ်ဘူး ၊ ကိုယ့်ဖာသာကိုယ် သိတယ် " " မင်းဟာက မဖြစ်နိုင်တာဘဲလေ " " အော် အကိုရယ် ၊ အကိုတစ်နေ့ ကျ ယုံလာပါလိမ့်မယ် " ကျွန်တော့်ဇနီးအား ကျွန်တော်နားမည်နိုင်ခဲ့ပါ။ " ခိုင်လေးတို့ ညီအစ်မနှစ်ယောက်လုံး က ရွှေစက်တော် သိုက်ကလာကြတာ ၊ ညီအစ်မ နှစ်ယောက်လုံး သိုက်ကို ပြန်ကြရမှာ ၊ ခိုင်လေး က အရင်ပြန်ရမယ် ၊ ပြီးရင် အမ နွေးနွေး ပြန်ရမယ် ၊ သူက အသက် သုံးဆယ့် တစ်နှစ် အထိ နေရမယ် " သူတို့ ညီအစ်မ နှစ်ယောက်ရှိပါသည်။နွေးနွေးခိုင်က သူ့ အမ။ ထိုသို့ ပြောသည့် အခါတိုင်း သူ့ မျက်လုံးတွေ က အလွန်တောက်ပလွန်းနေသည်ကို ကျွန်တော် သတိထား မိခဲ့ပါသည်။ " မင်းပြောတာတွေ အကို တစ်ခုမှ လက်မခံချင်ဘူး၊ သိလား " သူက ကျွန်တော့်ကို ပြုံးကြည့်နေသည်။ " မင်းငါ့ကို မချစ်ဘူးလားကွာ ၊ ဒီစကားတွေ ကြားရရင် ငါဘယ်လိုခံစားရမလဲ မင်းမစဉ်းစားမိဘူးလား " "စဉ်းစားမိတာပေါ့ ၊ အကို့ ကို အရမ်းချစ်လို့ ပြောပြနေတာ ၊ ခိုင်လေး မရှိတော့တဲ့နောက်မှာ အကို နောက် မိန်းမ ဘယ်တော့မှ မယူတော့ဘူးဆိုတာလည်း ခိုင်လေး သိနေတယ် ၊ ခိုင်လေးရဲ့ သားလေးနဲ့ သမီးလေးက အကို့  တစ်ဘ၀လုံးစာ ခိုင်လေးရဲ့ ကိုယ်ပွားတွေ ဘဲလေ" ပြောဖန်များတော့ ကျွန်တော် သက်ပြင်းအခါခါချမိခဲ့ပါသည်။ " ခိုင်လေး အသက် ၂၄ နှစ်ထိဘဲ နေဖို့ သိုက်ကခွင့်ပြုလိုက်တယ် " သူ့ မျက်နှာလေးကလည်း ပြောပြီးတိုင်း ညှိုးသွားတတ်ပါ၏။ ကျွန်တော် ထို အကြောင်းတွေကို မေ့ပျောက်နိုင်အောင်ကြိုးစားခဲ့ပါသည်။ မယုံကြည်ဟု ဆိုရပါသော်လည်း ၊ သူဆေးရုံတက်နေရချိန်သည် အသက် ၂၄ နှစ် ၊ ကလေး နှစ်ယောက်ရခဲ့ပြီးချိန် ၊ ဆရာဝန်ကြီးက မျှော်လင့်ချက် နည်းပါးနေပြီ ဟု ပြောလိုက်ချိန်ဝယ် ကျွန်တော်မည်သို့ မျှ မခံစားနိုင်တော့ပါပြီ ။ သူပြောခဲ့သည့်အတိုင်း သူ ပြန်သွားခဲ့ပါပြီ။ ***` *** *** ဇနီးသည် ကွယ်လွန်ပြီး ငါးနှစ်ခန့် အကြာ ၁၉၉၀ ခုနှစ် ၊ မတ်လတွင် ကျွန်တော် ရွှေစက်တော် ဘုရားသို့  ရောက်ရှိ သွားခဲ့ပါသည်။ မန်းချောင်းဘေးမှ တည်းခိုခန်းလေး တွင် ကျွန်တော့်ညီမ၊ ကျွန်တော့်ညီ တို့ နှင့် အတူ တည်းခိုခဲ့ပါသည် ၊ ကျွန် တော့်သား နှင့် သမီးတို့ တော့ပါမလာခဲ့ပါ။ တစ်ခါမျှ မရောက်ဖူးခဲ့သော ရွှေစက်တော်သို့ ကျွန်တော် ရောက်လာခဲ့ချိန် တွင် ရွှေစက်တော်ကို အထူးတမ်းတခဲ့ဖူးသည့် ကျွန်တော့်ဇနီးအား အမှတ်ရနေမည်ကို အထူး ပြောဖွယ် မလိုတော့ပါ။ ရွှေစက်တော်သို့ ရောက်ရောက်ချင်းည ၊ ကျွန်တော်တို့ အားလုံးအိပ် ပျော်နေကြချိန်ဝယ် ကျွန်တော့်အား တစ်စုံတစ်ယောက်က နူးနူးညံ့ညံ့ထိတွေ့ လိုက်သကဲ့သို ခံစားလိုက်ရပြီး ကျွန်တော် အိပ်နေရာမှ လန့် နိုးခဲ့ ပါသည်။ကျွန်တော့်နားထဲတွင်လည်း ကျွန်တော့် ဇနီး အေးအေးခိုင်၏ အကို ဟု ခေါ်လိုက်သံကို ပီသ ရှင်းလင်းစွာ ကြားလိုက်ရပါသည်။ ကျွန်တော်အ်ပ်၍ မရတော့ပါပြီ။ သူမကွယ်လွန်မီ ပြောခဲ့သည့် အတိုင်း ရွှေစက်တော်တွင် အမှန်ပင်ရှိနေလေရော့လား။ ကျွန်တော်မခွဲခြားနိုင် တော့ပါပြီ။ နောက်နေ့ ည၌ ကျွန်တော့ဇနီးကို အိပ်မက်မက်ခဲ့ပါသည်။အိပ်မက်ထဲတွင် အလွန်လှပသော အ၀တ်အစား များ ၀တ်ဆင် ထားသော အေးအေးခိုင်သည် ကျွန်တော်တို့ တည်းခိုနေသည့် အခန်းလေးထဲသို့ ရောက်လာပြီး ကျွန်တော့် ကို စကားတွေလာပြောပါသည် ။ အိပ်မက်ထဲတွင် အေးအေးခိုင်ကို ကျွန်တော် ထိတွေ့ ၍ မရခဲ့ဘဲ သူ့ ကို အမျှဝေ ပါဟု ထင်ထင်ရှားရှား ပြောသွားခဲ့သည်ကိုသာ မှတ်မိခဲ့ပါသည်။ ထိုစဉ်က ရွှေစက်တော်ဘုရားပွဲ၏ နံနက်ခင်း အရုဏ်တက်ချိန်များတွင် သံဃာတော်များ ဆွမ်းခံကြွလေ့ရှိရာ ထိုသံဃာ တော်များအား ဆွမ်းနှင့် သစ်သီးများ ကပ်လှူကာ ဇနီးဖြစ်သူအတွက် ထက်သန်စောစိတ်ဖြင့် ကျွန်တော် အမျှ အတန်း ပေးဝေခဲ့ပါသည်။ ထိုအချိန်တွင် ဇနီးသည်ပြောခဲ့သည့်စကားများကို ကျွန်တော် ယုံကြည်လိုက်ရပါပြီ ၊ သူပြောခဲ့သည့် အတိုင်း အမှန်ပင် သိုက်သို့ ပြန်သွားခဲ့လေပြီဟုသာ ကျွန်တော်တွေးရပါတော့သည်။ ရန်ကုန်သို့ ပြန်ရောက်ပြီး တစ်ရက်ဝယ် ကျွန်တော်သည် မရီးဖြစ်သူ နွေးနွေးခိုင်ထံသို့ ရောက်ဖြစ်ခဲ့ပါသည် ။ သူက မြောက်ဥက္ကလာပ ဧရာလမ်းတွင် ဖိနပ်လုပ်ငန်းလုပ်ကိုင်နေသည်။သူ့ ထံ ကျွန်တော်ရောက်သွားခဲ့စဉ်က ရွှေစက်တော်မှ အကြောင်းများကို လုံးဝမပြောဖြစ်ခဲ့သော်လည်း သူ ကျွန်တော့်ကို ပြောလိုက်သည့် စကားများက ကျွန်တော့်အားများစွာ ပဟေဠိ ဆန်စေခဲ့ပါပြီ။ " ကိုဝင်းဇော်ရေ ၊ ရောက်တုန်းပြောရဦးမယ် ၊ ကျွန်မ အေးအေးခိုင်ကို အိပ်မက် မက်တာ သုံးခါရှိပြီ ၊ သူရွှေ စက်တော်မှာ ရှိတယ်တဲ့ ၊ ကျွန်မကို နင်လာခဲ့တော့တဲ့ ၊ တို့ ညီ အမတွေ အတူတူ ပြန်နေကြမယ် လို့ ပြော ပြောနေ တယ် " အေးအေးခိုင် မကွယ်လွန်မီကပြောသွားသော စကားများကို ကျွန်တော် ပြန်လည် ကြားယောင်နေမိပါသည်။ နွေးနွေးခိုင်က ကျွန်တော့်ဇနီး ထက် နှစ်နှစ်လောက် ကြီးသည်။ကျွန်တော့်ဇနီးကွယ်လွန်ချိန်ဝယ် သူ့ အသက် ၂၆ နှစ် အရွယ်ဖြစ်ပါသည်။ယခု သူ ၃၁ နှစ် အရွယ် ဖြစ်နေပြီ။အေးအေးခိုင် ကျွန်တော့်အားပြောသွားသော စကားများကို သူ သိ မသိ ကျွန်တော်လည်း မသိခဲ့ပါ။ " အေးပါ မနွေးရယ် ၊ အစွဲ အလန်းတွေ မထားပါနဲ့  ၊ အိပ်မက်ဆို တာ ဒီလိုဘဲ မက်တတ်တာပါဘဲ " ကျွန်တော်သူ့ ကို နှစ်သိမ့်စကားပြောဖြစ်ခဲ့ပါသေးသည်။ ကျွန်တော့်၏ ကိုယ်တွေ့ ဂမ္ဘီရ သည် ဤနေရာတွင် ရပ်ဖို့ ကောင်းပြီ ဖြစ်ပါသည်။ သို့ သော် အနည်းငယ်မျှ ဆက်ရပါဦးမည်။ ကျွန်တော် နွေးနွေးခိုင်အိမ်သို့ ရောက်အပြီး ၁၀ ရက်ခန့် အကြာတွင် နွေးနွေးခိုင်တစ်ယောက် ရုတ်တရက် လွယ်လွန်သွားခဲ့ပါသည်။ သူသည်လည်း ရွှေစက်တော်သို့ အမှန်ပင်ရောက်သွားလေပြီလား မပြောတတ်တော့ပါပြီ။ ပရ လောက ကို ကျွန်တော် မည်သို့ မျှ နားမလည်နိုင်တော့ပါတကား။ ***` *** *** ကျွန်တော် ငယ်စဉ်ကျောင်းသားဘ၀ကတည်းက ချစ်မြတ်နိုးခဲ့ရသောကျွန်တော့်ဇနီး အေးအေးခိုင်ကွယ်လွန် ခဲ့သည်မှာ နှစ်ပေါင်း ၂၈ နှစ် ကျော်ခဲ့ပါပြီ။ကျွန်တော့် အသက်သည်လည်း ၅၆ နှစ်ကျော်ခဲ့ပါပြီ။ ကျွန်တော် ယခုအချိန်အထိ နောက်အိမ်ထောင်မပြုခဲ့ပါ။သမီး နှင့် သားတို့ ကိုပြုစုပျိုးထောင်ပေးခဲ့ပြီး သူတို့ တွေ အိမ်ထောင်အသီးသီး ကျသွားခဲ့ကြပြီးသည့်နောက်ပိုင်း ၊ ကျွန်တော့်ဘ၀၏ ကျန်ရှိနေသေးသော ကာလ များ တွင်လည်း ကျွန်တော် အိမ်ထောင်ပြုဖြစ် တော့မည်မဟုတ်ပါ။ “ ခိုင်လေးရဲ့ သားလေး နဲ့ သမီးလေးက အကို့ တစ်ဘ၀လုံးစာ ခိုင်လေးရဲ့ ကိုယ်ပွားတွေ ဘဲလေ “ဟု ပြောခဲ့ သည့် ဇနီးဖြစ်သူ၏ စကားများကိုကျွန်တော် အမှတ်ရနေဆဲပါပေ။ သူ ကွယ်လွန်ပြီးနောက်ပိုင်း ကျွန်တော် နောက်အိမ်ထောင်မပြုဘဲ နေလိမ့်မည်ကို ချစ်သောခိုင်လေး တစ်ယောက် ထူးခြားစွာ ကြိုတင် သိရှိနေခဲ့သည် ကို ကျွန်တော်မည်သို့ မျှ စဉ်းစား၍ မရနိုင်သေးပါချေ။ သူပြောခဲ့သည့် ရွှေစက်တော်သိုက်ဆိုသည်မှာလည်း အမှန်ပင်ရှိနေပါသလား ဆိုသည်ကိုလည်း ကျွန်တော် စဉ်းစား၍ မရနိုင်သေးပါတကား။ မည်သို့ ပင်ဖြစ်စေ ရွှေစက်တော်သို့ ကျွန်တော် နောက်တစ်ခေါက် သွားရပါဦးမည်။ ၀င်းကိုဇော် ( ဂမ္ဘီရဆန်းကြယ် မဂ္ဂဇင်း ၊ မတ် ၊ ၂၀၁၄ )

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |