"နှုတ်ဆော့မိလေသော တည"
သရဲနဲ့ပတ်သတ်ရင်တော့ ဘ၀မှာတစ်ခါဘဲကြုံဖူးသေးပါတယ်ဗျာ။ ကြုံဖူးတာကလည်း နှုတ်ဆော့မိလို့ပါ။
1996 လောက်က ကန်ထရိုက်တိုက်တွေခေတ်ကောင်းနေတဲ့အချိန်ပေါ့ဗျာ။ ကျွန်တော်တို့လည်း ခေတ်ထနေတဲ့အချိန် အများနည်းတူကျွန်တော့်နေတဲ့အိမ်ကို ကန်ထရိုက်တိုက်ဆောက်မယ်ဆိုတော့ အိမ်ဟောင်းကိုဖျက်တော့မှာမို့ အိမ်ပြောင်းရပါတော့တယ်။
အိမ်ကဘုရားကိုပင့်ပြီး အိမ်သားတွေအားလုံး အိမ်သစ်ကိုပြောင်းပြီးကြပေမယ့် ပစ္စည်းတချို့နဲ့ အိမ်သစ်မှာ ကားထားစရာအဆင်မပြေသေးလို့ ကားကိုတော့ အိမ်ဟောင်းမှာဘဲထားခဲ့ကြတယ်။ ကမြင်းကြောကြံဖန်ထဖို့ အမြဲအကွက်ချောင်းနေတဲ့ ကျွန်တော့်အတွက်တော့ တော်တော်ဂွင်တွေ့သွားတယ်ပေါ့ဗျာ။
အဲဒါနဲ့အမေ့ကို ကားကိုစိတ်မချကြောင်း၊ ပစ္စည်းလည်းနည်းနည်းကျန်သေးတော့ ပစ္စည်းကုန်၊ ကားအပြီးသတ်ပြောင်းမှဘဲ ဟိုအိမ်လိုက်လာမယ်ဆိုပြီး ကင်းစောင့်တာဝန်အတင်းယူပြီး ကျန်ခဲ့တာပေါ့။
ညရောက်တော့ သူငယ်ချင်းကျော်ဇင်ရယ်၊ ထိန်ထိန်ရယ် နှစ်ကောင်လှမ်းခေါ်ပြီး ခြံထဲမှာမီးပုံပွဲလုပ်ပြီး သောက်ရင်းနဲ့ အိမ်ထဲကအမှိုက်တွေ ခြံထဲစုပြီးမီးရှို့တော့ မီးခိုးတွေကအိမ်ထဲလုံးကနဲ ၀င်ကုန်တော့ အိမ်ကရှိသမျှတံခါးတွေ အကုန်ဖွင့်ထားရတော့ အိမ်ကလည်းဟိုးလို့ဟောင်းလောင်းဖြစ်ရော။ အဲဒီ့မှာ ထိန်ထိန်က မင်းအိမ်ကဘုရားတွေ အကုန်ပင့်သွားတယ်ကွ ဒီအိမ်မှာဘုရားလည်းမကျန်ခဲ့ပါလားလို့မေးတော့ ကိုယ်ကလည်း ခပ်ထွေထွေဖြစ်တာရယ် လူကလည်းငယ်သေးတော့
"ဘုရားမရှိတော့ဘာဖြစ်တုန်း မင်းကသရဲလာမှာကြောက်လို့လား စောက်ဂရုစိုက်လို့ကွာ "
လို့ပြောရင်း နောက်ဖေးခေါင်မိုးပေါ်တက်ပြီး
ဒီနေ့ငါကမြင်းမလို့ မိုက်တဲ့ကောင်ရှိလာခဲ့ စောက်သရဲတွေ
လို့ အသံကုန်အော်ရော။ ကျော်ဇင်ကလည်း အားကျမခံ သရဲဆိုရင်တော့ အထီးမလာနဲ့စောက်ခွက်ရိုက်လွှတ်မယ် သရဲမချောချောလေးတွေဘဲလာခဲ့ ကိုကိုတို့ရှိတယ်နဲ့ မူးကြောင်ရူးကြောင်နဲ့အော်ချင်ရာအော်ပြီး ဆက်သောက်နေရင်း ရောက်ရာပေါက်ရာ လျှောက်ပြောရင်း 11 နာရီထိုးသွားလေရော။
ယမကာတွေကလည်းကျန်သေး အမြည်းကလည်းကုန်နေတာနဲ့ ကျော်ဇင်နဲ့ ထိန်ထိန်တို့ကလမ်းထိပ်ထွက်ပြီး အမြည်းသွားဝယ်တာ ပြန်လာတော့အမဲသားကြော်တွေ တပုံတခေါင်းနဲ့ ပြန်လာကြတယ်။ ဆိုင်တွေပိတ်နေလို့ ထမင်းဆိုင်ကရတာဝယ်လာတာတဲ့။ အဲဒါနဲ့ သူငယ်ချင်းတွေ သောက်လိုက်စားလိုက်နဲ့ 12 နာရီထိုးတော့ဗိုက်လည်းတင်း၊ ရှက်ကီလည်းကုန်တာနဲ့ အိမ်တံခါးတွေပိတ်ပြီး အပေါ်ထပ်တက် အိပ်ခန်းထဲဝင်ကြတာပေါ့။ အဲဒီ့မှာ စတာဘဲ။
အိမ်ခေါင်မိုးပေါ် ခဲ တစ်လုံးပြီးတစ်လုံးကျလာရော။ ထင်တာက အိမ်နားကကောင်တွေ လက်သရမ်းတယ်ထင်ပြီး မိုးမွှန်အောင်အော်ဆဲတော့ ခဲကျတာရပ်သွားတယ်။ အဲဒါနဲ့အိပ်ယာထဲဝင်မယ်ရှိသေး အိမ်အောက်ကအ၀င်တံခါးက သော့ဂလောက်ခေါက်သံကြားတာနဲ့ နောက်သူငယ်ချင်းတစ်ယောက်ခုမှလာတယ်ထင်ပြီး သွားကြည့်တော့ဘယ်သူမှမရှိဘူး။ အဲသလိုနဲ့ အိပ်ယာထဲဝင်အိပ်မယ်လုပ်လိုက် သော့ဂလောက်ခေါက်သံကြားလိုက်နဲ့ ဆင်းလိုက်တက်လိုက် လေးခါလောက်ရောက်တော့ သူငယ်ချင်းလာနောက်နေတာလွန်နေပြီ အပြင်ထွက်ရှာမယ်ကွာဆိုပြီး အောက်ဆင်း တံခါးဖွင့်ပြီး ခြံထဲပတ်ရှာရော၊ ကျွန်တော် အိမ်ပေါက်ဝနားမှာ ရပ်ကျန်ခဲ့တုန်းနောက်ကနေ လူတစ်ယောက်အိမ်ထဲဝင်သွားတာ ရိပ်ကနဲမြင်လိုက်တာလှည့်ကြည့်တော့ ဘယ်သူမှမရှိဘူး။ အဲဒါနဲ့သူငယ်ချင်းတွေ ပြန်လာတော့ ခုနကငါ့နောက်ကတစ်ယောက်ယောက်ဝင်သွားသလိုဘဲလို့ပြောတော့ ငထိန်က
မူးကြောင်ရူးကြောင်နဲ့ဘာတွေလျှောက်ပြောနေမှန်းမသိဘူးငါတို့ကခြံနောက်ရောက်နေတာ
လို့ပြောပြီးအားလုံးအိမ်ထဲဝင်လာကြပြီး အိပ်ယာထဲလည်းဝင်ရော ကားဂိုထောင်က ကားဘေးမှာလူတစ်ယောက်ပတ်ပြေးနေတဲ့ခြေသံကြားတာနဲ့ သူခိုးတော့ဝင်ပြီဆိုပြီး ဒုတ်ဆွဲ၊ ဓါးဆွဲနဲ့ ဂိုထောင်ထဲပြေးဝင်ကြည့်တော့တစ်ယောက်မှ မရှိပြန်ဘူး။ အဲဒါနဲ့ အပေါ်ပြန်တက်ရင် သော့လာခေါက်လိုက်၊ ကားပတ်ပြေးလိုက်၊ အိမ်အောက်ထပ်မှာ လမ်းလျှောက်နေတဲ့ခြေသံတွေကြားလိုက်နဲ့ အဲဒီ့တော့မှ ကျော်ဇင်လည်းသတိရပြီး....
ဟေ့ကောင် ငါတို့ညဦးပိုင်းက ပါးစပ်ယားပြီးအော်ထားတာ ခုမှပြသနာစပြီနဲ့တူတယ်
လို့ပြောတော့မှ အားလုံးသတိရပြီး အိမ်အောက်ထပ်ဆင်းပြီး မျက်နှာခြင်းဆိုင်ထိုင်ပြီး ရသမျှ တတ်သမျှ ဘုရားစာတွေရွတ်ကြည့်တာပေါ့။ နာရီဝက်လောက် နေတာ ဘာမှထူးထူးခြားခြားလည်းမတွေ့၊ မရှိတာနဲ့ အိပ်ကြရအောင်ဆိုပြီး အပေါ်ထပ်တက်လာတာ ကျော်ဇင်က သူ့လက်ထဲက ဒုတ်နှစ်ချောင်းကို ခေါက်ပြီးလိုက်လာတာ အပေါ်ရောက်လို့အိပ်ယာထဲလည်းဝင်ရော အောက်ထပ်မှာ ခြေသံတွေပြန်ကြားပြီး ခုနက ကျော်ဇင်ဒုတ်ခေါက်တဲ့အတိုင်း အသံကြားပြီးလျှောက်ပတ်နေသံကြားရော အသံကပထမ ကိုယ်အောက်တည့်တည့်လာပြီး တဖြည်းဖြည်းနဲ့အပေါ်တက်တဲ့လှေခါးဆီရောက်လာပြီး လှေခါးပေါ်တက်လာသံကြားရတာ။ သူငယ်ချင်းသုံးယောက်လည်း ကဲမထူးဘူးကွာ လူဆိုလည်းနောက်ကိစ္စနောက်မှ ရှင်းကြတာပေါ့ဆိုပြီ လှေခါးဝပြေးပြီး မိုးမွှန်နေအောင်အော်ဆဲပြီး လှေခါးအောက်ကို ဓါးနဲ့ပေါက်တဲ့ကောင်ကပေါက်၊ ဒုတ်နဲ့ပစ်တဲ့ကောင်ကပစ်၊ ရှိသမျှနဲ့အကုန်ကောင်ထုကြတာ ပေါက်စရာ၊ ထုစရာကုန်တော့မှ မီးဖွင့်ပြီးလှမ်းကြည့်တော့ အောက်မှဘာမှမရှိဘူး။ ဆော်ထားတာတွေက လူဆိုရစရာကိုရှိမှာမဟုတ်ဘူး နံရံတွေ ကြမ်းတွေမှ ဟိုစိုက် ဒီစိုက်နဲ့ အကွဲတွေက ဗလပွ။
အဲဒါနဲ့ဒီအတိုင်းတော့မဖြစ်ဘူး။ တညလုံးအိပ်ရမဲ့ပုံလည်းမပေါ်ဘူး တစ်ခုခုလုပ်မှဆို သူငယ်ချင်းတွေစဉ်းစားရင်းနဲ့ တလောကလမ်းထိပ်မှာ လမ်းချဲ့တော့ မလွတ်လို့ညောင်ပင်ခုတ်ကျတာ တဖွဲ့ပြီး တဖွဲ့ဖျားတဲ့လူနဲ့ သေတဲ့လူနဲ့ ဖြစ်ကြတာဘယ်သူမှ မခုတ်ရဲဘူး။ နောက်ဆုံး စစ်တပ်က စစ်ကားနဲ့လာပြီး ညောင်ပင်ကိုသေနတ်ကိုယ်စီနဲ့ စစ်သားတွေက၀ိုင်းပြီး ဗိုလ်မှူးက စစ်မိန့်နဲ့အမိန့်ပေးတော့မှဘဲ ညောင်ပင်လည်းလစ်ရတော့တယ်။ အဲဒါသတိရတာနဲ့ အိမ်အပေါ်ထပ်ကနေ အားလုံးကြားအောင်
“ဒီအိမ်ထဲမှာ ရောက်နေတဲ့ ဘယ်သူမဆိုအားလုံးပြန်ထွက်ကြပါ။ ဒီအိမ်ကလက်မခံတော့ပါဘူး။ ဒီအိမ်ရဲ့ အိမ်ရှင်ငါကိုယ်တိုင်က လက်မခံတော့တဲ့အတွက် ချက်ချင်းပြန်ထွက်ကြပါ။ မလိုက်နာဘူးဆိုရင်တော့ ငါလမ်းထိပ်က စစ်သားတွေကိုခေါ်ပြီး စစ်မိန့်စစ်အာဏာသုံးရပါလိမ့်မယ်”
ဆိုပြီး သုံးကြိမ်အော်လိုက်ရတယ်။
ခဲတွေ၊ ဓါးတွေနဲ့ ပလူပျံအောင်ပေါက်လိုက်လို့လား၊ အိမ်ရှင်ကလက်မခံဘူးဆိုလို့လား၊ စစ်မိန့်စစ်အာဏာကို ကြောက်လို့လားတော့မသိဘူး သေချာတာတော့ မနက်လင်းတဲ့အထိဘာမှထပ်မဖြစ်တော့တာပါဘဲ။ ကျွန်တော်တို့သူငယ်ချင်းသုံးယောက်လည်း မနက်လင်းလင်းချင်း ကိုယ့်အိမ်ကိုယ်ပြန်ပြေးကြတာ နောက်နေ့တွေများကိစ္စရှိလို့ ညနေဘက်အဲဒီ့အိမ်သွားခိုင်းရင်တောင် အဖေါ်မပါဘဲမသွားရဲသလောက်ဖြစ်သွားပါတယ်ဗျာ။
အဲဒီ့အချိန်ကစပြီး ခုထိ ကျွန်တော့ရဲ့ ပါးစပ်ကမြင်းတဲ့အကျင့်လည်းပျောက်သွားပါတယ်။
နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရတာလေးကို ပြန်ပြောပြတဲ့ ကိုဖိုးသကြား(ခ)Phar Tha Kyo ရေ....
ကျေးဇူး လွှတ်တင်သဗျာ..........
နှုတ်မဆော့တော့တဲ့
(အက်ဒမင်-ရွာတော်ရှင်)