(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

ကိုယ်တွေ့ မဖဲဝါ (ပီယဆေး)


ကိုယ်တွေ့ မဖဲဝါ

 (က) ပီယဆေး

ကျုပ်နာမည်က တာတေပါ..ကျုပ်နေတာက အညာဒေသပေါ့ဗျာ..ကျုပ်တို့ရွာကို ထနောင်းကုန်းလို့ ခေါ်တယ်..အိမ်ခြေတော့တစ်ရာလောက် ရှိသပေါ့..သူကြီးက ဦးဘိုးထင်ဗျ..လွှတ်စိတ်တိုတတ်တဲ့အဘိုးကြီးပါဗျာ.. ကျုပ်တောင် ရွာထဲမှာ ရန်ဖြစ်လို့ ခြောက်ပေါက်ထဲ ၀င်လိုက်ရသေးဗျာ.. ခြောက်ပေါက်ဆိုတာ ထိတ်တုံးကို ပြောတာလေ.. ကျုပ်မိဘတွေကတော့ လူချမ်းသာတွေတော့ မဟုတ်ဘူးပေါ့ဗျာ.. အသင့်အတင့်ပါပဲ.. စားနိုင်သောက်နိုင်ထဲကပေါ့.. ကျုပ်ကတော့ လပ်ယားလပ်ယားပါပဲ.. ယာထဲလည်း သိပ်ကူတာမဟုတ်ဘူး.. တစ်ခါတစ်လေ အဖေ့ကိုလိုက်ကူတာလောက်ရှိတာပါ.. ကျုပ်ကလူမှုရေးသမားဗျ.. ရွာရေး၊ ရပ်ရေးဆိုရင်တော့ ကျုပ်မပါလို့ ပြီးတာ မဟုတ်ဘူးလေ.. " တာတေရေ အလှူကိစ္စတိုင်ပင်ချင်လို့ အိမ်ဘက်ကို လျှောက်ခဲ့ပါအုန်းကွ... " လို့ကို တကူးတကလာပြီး ဖိတ်မန္တက ပြုရတဲ့ကောင်လေ... ကျုပ်ကလည်း ရပ်ရေးရွာရေး လုပ်နေကြဆိုတော့အထာက သိပြီးသားဗျ.. ကျုပ်လုပ်ရင် ဘာမဆို သပ်သပ်ခပ်ခပ်ကို ပြီးသွားတာ.. အဖေနဲ့အမေကလည်း ကျုပ်ကရွာထဲမှာ အရေးပါတဲ့လူဖြစ်နေတာကို သဘောကျကြတယ်လေ...ဒါပေမယ့် ခက်တာက တစ်ခုရှိတယ်ဗျ.. အဲဒါက ကျုပ်ဝါသနာလေ..ဘာလဲဆိုတော့အားကြီး စပ်စုချင်တာဗျ.. ကျုပ်က ငယ်ငယ်ကတည်းက ဘာမဆို လွှတ်သိချင်တာလေ.. ထူးထူးဆန်းဆန်းကိစ္စဆိုရင် ပိုတောင် ဆိုးသေးဗျာ.. ဘယ်ရွာမှာဆွဲကြိုးချသေလို့တဲ့ ဆိုရင် တာတေရှေ့ဆုံးက ရောက်ပြီးသားဗျ.. ဘယ်သူ ပိုးထိလို့ဆိုရင် တာတေ ရှေ့ကပဲ... တာတေ့လက်ပေါ်မှာတင် ဆုံးသွားတဲ့လူတွေ မနည်းတော့ဘူးလေ..ဒီတော့လည်း ထနောင်းကုန်းက တာတေဆိုရင် အနီးအနားက ဘန့်ဘွေးကုန်း၊ ၀က်စု၊ ငွေတွင်းကုန်း၊ သာယာကုန်း စတဲ့ရွာတွေက မသိတဲ့သူမရှိသလောက်ပါပဲ.. အဲဒီရွာတွေထဲမှာ ဘန့်ဘွေးကုန်းက ကိုပေသီးကိုတော့ တာတေ တော်တော်ခင်တာဗျ.. ဘာဖြစ်လို့လဲဆိုတော့ ကိုပေသီးကတော့ တာတေလိုပဲ.. နေရာတကာ စပ်စပ် စပ်စပ်နဲ့ ပါတဲ့လူ.. ဒါပေမယ့် သူက ပယောဂ ကိုလွှတ်ဝါသနာပါတဲ့လူ..ဟိုရွာ ဒီရွာတွေသွား ဆရာတွေနောက်လျှောက်လိုက်.. ပြီးတော့ ပညာယူဆိုပဲ.. ကိုပေသီး ပယောဂ ကုတဲ့နောက်ကို တာတေ တစ်ခါနှစ်ခါတော့ လိုက်သွားဖူးတယ်.. ကိုပေသီးက ဆိုးတော့မဆိုးဘူးဗျ... လူပုံကတော့ အရပ်ပုပြတ်ပြတ်၊ ဂင်တိုတို၊ အသား ခပ်မည်းမည်း၊ မျက်လုံးက ပြုးပြူး၊ နှာခေါင်းကကြီးကြီး.. ဒီကြားထဲမှာ ခန့်ညားအောင်ဆိုပြီး နှုတ်ခမ်းမွှေးကလည်း ထားလိုက်သေးသဗျ.. သူ့နှုတ်ခမ်းမွှေးကြီးကလည်း အပြားကြီးဆိုတော့ ခန့်ညားတာ မခန့်ညားတာတော့မသိဘူး.. သူ့မျက်နှာကြီးကတော့ ကြောက်စရာတော်တော်ကောင်းတာဗျို့.. ပယောဂ ချွတ်ပြီဆိုရင်.. " အရှေ့နေထွက်၊ အနောက်နေ၀င်၊ တောင်တံငါ့ကွန်၊ မြောက်ဓူဝံအတွင်း ပုန်းခြင်း၊ ခိုခြင်း၊ ကပ်နေခြင်း မရှိစေရ.. ဆရာ့ ဆရာကြီးတွေရဲ့ တပည့်ကျော် ငါဆရာပေသီးရဲ့ အမိန့်.. အခုချက်ချင်း ချင်းဆိုချင်း၊ နင်းဆိုနင်း၊ ၀င်ဆိုဝင်၊ ကပ်ဆိုကပ်၊ ပူးဆိုပူး... ဗြန်း.. " " အောင်မယ်လေး တော့.. " " အောင်မယ်လေး ဗျ.. " ကိုပေသီးက အမိန့်ပြန်တမ်းအဆုံးမှာ လက်ထဲက ဆေးကြိမ်လုံးနဲ့ ကြမ်းပြင်ကို ဗြန်းကနဲ ရိုက်လိုက်တော့ ပယောဂတော့မသိဘူး.. ဘေးက ၀ိုင်းကြည့်နေတဲ့လူတွေ လန့်ပြီးထအော်ကြတော့တာပဲဗျို့.. ကျုပ်တောင် တုန်သွားသေးတယ်.. ကိုပေသီးကတော့ခပ်တည်တည်ပဲဗျ.. နှုတ်ခမ်းမွှေးပြားပြားကြီးကို လက်နဲ့တစ်ချက်သပ်လိုက်ပြီး ပယောဂကုတဲ့မိန်းမကို သူ့မျက်လုံးပြူးပြူးကြီးနဲ့ စိုက်ကြည့်နေတာ မျက်တောင်တစ်ချက် မခတ်ဘူးဗျို့.. သူ့ရှေ့မှာ ကြုံ့ကြုံ့ကလေးထိုင်ပြီး ဘုရားစင်ကို လက်အုပ်ချီထားတဲ့ မိန်းမက လက်တွေ ကွေးကောက်လာတော့တာပဲ.. " လာခဲ့.. လာခဲ့.. ငါဆရာပေသီး ရှေ့မှောက် အရောက်လာခဲ့.. ချင်းဆို ချင်း၊ နင်းဆို နင်း၊ ကပ်ဆို ကပ်၊ ၀င်ဆို ၀င်၊ အခုဝင်လိုက်စမ်း.. ဗြန်း... " " အောင်မယ်လေး.. " ကိုပေသီးက ကြမ်းပြင်ကို ဆေးကြိမ်လုံးနဲ့ ဗြန်းကနဲ ရိုက်၊ လူတွေကလန့်အော်.. ဒါပေမယ့် ကျုပ်ကြည့်တယ်ဗျ.. သူတို့အားလုံး မျက်လုံးတွေကတော့ ပယောဂပူးနေတဲ့ မိန်းမကို စိုက်ကြည့်နေလိုက်ကြတာ အသက်တောင် ရှူမိကြပုံမပေါ်ဘူးဗျို့.. တဖြည်းဖြည်းနဲ့ ကျုံ့ကျုံ့ထိုင်နေတဲ့ မိန်းမက တုန်ုတုန်ရီရီဖြစ်လာပြီး အတုန်ရပ်သွားတဲ့အချိန်မှာ ကျုံ့ကျုံ့ထိုင်ရာကနေ ဆတ်ခနဲ တင်မျဉ်ထချိတ်တော့တာပဲဗျ..ပြီးတော့ ဆရာကိုပေသီးကိုလည်း စူးစူးကြီးကြည့်နေတော့တာ.. ကိုပေသီးကလည်း ဘာရမလဲ.. ပယောဂကို မျက်တောင်မခတ်ဘဲ ပြန်ကြည့်တယ်ဗျို့.. " သြော်... ယောင်္ကျားကိုး.. ငါက မိန်းမကပ်နေတယ် ထင်တာ.. ကဲ.. ပြောစမ်း.. ဟေ့ကောင်..မင်းဘယ်သူတုံး.. " ကိုပေသီးက လက်ထဲက ဆေးကြိမ်လုံးကို မြှောက်ပြီး ရိုက်မလိုလုပ်မေးတာဗျ.. ဒါပေမယ့် ၀င်ပူးနေတဲ့ သရဲက နည်းနည်းတောင် မတွန့်ဘူးဗျို့.. " မင်း ငါ့ကို ရိုက်ရဲရင် ရိုက်လိုက်လေကွာ.. ဒီမိန်းမအသက်ကို အခုချက်ချင်း နှုတ်ပစ်လိုက်မယ်.. ငါ့ကို ဘာများ အောက်မေ့နေကြတုံး..." " အေး.. မင်းကို ငါမရိုက်ဘူး.. မင်း ဘယ်သူလဲဆိုတာ ပြော.." " ငါက နောက်ဘက်တောမှာ နေတဲ့ကောင်ဟေ့.. " " ဟင် အနောက်ဘက်တောမှာနေတဲ့ကောင်က မပုကြည်ကို ဘာကြောင့် ၀င်ကပ်နေတာတုံး.." " ဟောဒီကောင်မက အားကြီးနှုတ်ကြမ်းတာ..ငါနေတဲ့ မကျည်းပင်ကြီးအောက်မှာ လာပြီး စတည်းချတယ်..ချက်ပြုတ်စားတယ်.. တောထဲဝါးလာခုတ်တိုင်း ငါ့အပင်အောက်မှာ စတည်းချတာ.. ပါးစပ်က လွှတ်ကြမ်းတဲ့ မိန်းမကွ.. ငါတို့လို့ သက်ကြီးဝါကြီးတွေကို အစားအသောက်ကလေး တစ်ဆုပ်ဆစ်လုတ် ကျွေးရမှန်းလည်းမသိ.. လင်ကို ဆဲလိုဆဲ.. ယုတ်ယုတ်မာမာတွေကလည်း ပြောလိုက်တာ လွန်ပါရော.. သင်းကို ကျောင်းမှန်းကန်းမှန်းသိအောင် ငါ လုပ်လိုက်တာ" " မင်း နာမည် ဘယ်သူလဲ.. " " ငါ့နာမည်တော့ ငါမသိဘူး.. တခြားသရဲတွေ ခေါ်ကြတာကတော့ မွှေးနီကြီးတဲ့.. " " အသက် ဘယ်လောက်ရှိပြီလဲ.. " " ငါ အနောက်ဘက်တောကိုရောက်တော့ နင်တို့ရွာ ဒီနေရာမှာ ရှိတောင်မရှိသေးဘူး.. ငါ့အသက်က လေးရာကျော်ပြီ.." " ဟာ.. " အားလုံး တအံ့တသြဖြစ်သွားကြသည်.. " ငါလုပ်ရင် နင်တို့ တစ်ရွာလုံး တန်းစီသေသွားမယ်..ဘာမှတ်သလဲ.. " " ကဲ..ကဲ.. အနောက်ဘက်တောမှာနေတဲ့ ကျုပ်ထက် အသက်အပုံကြီးကြီးတဲ့ ဘမွှေးနီကြီးဗျာ.. ကျုပ် ဆရာပေသီးက မေတ္တာရပ်ခံပါတယ်.. မပုကြည်ကို ကျုပ်တို့အားလုံး ၀ိုင်းဝန်းဆုံးမပေးပါ့မယ်.. နောက်ကို နှုတ်အာ မကြမ်းတမ်းဖို့ ပြီးတော့ ဘမွှေးနီနေတဲ့ မကျည်းပင်ကြီးအောက်မှာ စတည်းချ ချက်ပြုတ်စားတဲ့အခါတိုင်း ဘမွှေးနီကိုလည်း ဖိတ်မန္တကပြုပြီး ကျွေးဖို့ မွေးဖို့ ပြောပေးပါ့မယ်.. အခု ဘမွှေးနီ ဘာများ အလိုရှိပါသလဲ.." ကိုပေသီးက လေပြေကလေးနဲ့မေတ္တာရပ်ခံတယ်ဗျ.. မွှေးနီကြီးကို နည်းနည်းလန့်သွားသလားတော့ မပြောတတ်ဘူးဗျို့..အမြဲတမ်းတ၀င့်ဝင့်လုပ်နေတဲ့ သူ့ဆေးကြိမ်လုံးကိုတောင် ကြမ်းပြင်မှာချထားလိုက်သဗျ... "်ငါ့ကို အမဲသားကွှေးကြ.." " ဟာ.. ကျွေးပါ့မယ်ဗျာ.. ကျွေးပါ့မယ်.. ဘယ်လောက်များစားချင်ပါသလဲ.." " သုံး ပိဿာကျွေး.." " သုံးပိဿာ ဟုတ်လား..ကျွေးမယ်ဗျာ..ကျွေးမယ်.. မနက်ဖြန်ညနေ နွားရိုင်းသွင်းချိန်မှာ ဘမွှေးနီနေတဲ့ မကျည်းပင်ကြီးအောက်ကို လာပို့ပေးမယ်.. ကျုပ်ကိုယ်တိုင် လာပို့မယ်.. အခုတော့ ပုကြည်မကို လုပ်ထားတာတွေ တစ်ခုမကျန် ပြန်ပြီး နှုတ်သွားပေးပါဗျာ.. မေတ္တာရပ်ခံပါတယ်.. ပုကြည်မ မိမွေးတိုင်း ဘမွေးတိုင်း ဘာမှ ကပ်ငြိမကျန်ရစ်ခဲ့အောင် နှုတ်ယူသွားပါ.. ဘမွှေးနီ.." " အေး.. ကောင်းပြီ..ငါလုပ်ထားတာတွေ ငါအခု ပြန်သိမ်းလိုက်မယ်.. နင်တို့ ကတိမတည်လို့ကတော့ တစ်ရွာလုံးကို ငါအသေသတ်ပစ်မယ်.. " " ဟာ..မလုပ်ပါနဲ့.. ကျွေးပါ့မယ်.." ဘေးကကြည့်နေတဲ့သူတွေ လန့်ပြီး တစ်ယောက်တစ်ပေါက် အော်ကြတော့တာပေါ့ဗျာ.. " ဒီအတွက်တော့ စိတ်ချပါ.. ကျုပ်ဟာ သီလ သမာဓိနဲ့ ပြည့်စုံတဲ့ ဆရာပေသီးပါ.. ကျုပ် အာမခံပါတယ်.. " လို့ ကိုပေသီးက ရုပ်တည်ကြီးနဲ့ ပြောလိုက်တော့ မပုကြည် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာတော့တာပဲဗျာ.. လက်ကြီးတွေကားပြီး လေထဲကို မြောက်တက်လာတယ်.. ပြီးတော့ သူ့တစ်ကိုယ်လုံးကို လက်ဖ၀ါးနဲ့ သပ်ချတယ်ဗျ..လေး ငါးခါ သပ်ချလိုက်ပြီးတော့မှ.. " ၀ါး.. " ပါးစပ်ဖြဲပြီးသမ်းလိုက်တယ်.. မပုကြည်လည်း ထိုင်နေရာကနေ ပျော့ခွေကျသွားတော့တယ်.. " ဟဲ့.. ပုကြည်.. ပုကြည်.. " ကိုပေသီးရဲ့ ကျယ်ကျယ်ကြီးနဲ့ အော်ခေါ်တဲ့အသံကြောင့် မပုကြည် ဆတ်ခနဲဖြစ်ပြီးခေါင်းမော့လာတယ်.. ကိုပေသီးက သူ့ရှေ့မှာချထားတဲ့ ရေစင်ခွက်ထဲကရေနဲ့ မပုကြည်ကို နှစ်ခါသုံးခါ တောက်လိုက်တယ်.. ပြီးတော့ မျက်လုံးထဲမျက်စဉ်းလို ခတ်ပေးလိုက်သေးတယ်ဗျ.. " ကဲ.. အားလုံး ရှင်းသွားပြီ.. ပုကြည်ရေ.. နင့်ပါးစပ်ကို နင်ဒီကနေ့ကစပြီး ထိန်းပေတော့.. နင် ကံကောင်းလို့ မသေတာ.. ငါလို ဆရာနဲ့တွေ့ပေလို့ပေါ့.. တော်ရုံတန်ရုံဆရာနဲ့ တွေ့လို့ကတော့ နင်အသက်ပါသွားလောက်ပြီဟေ့..နဲတဲ့ကောင်ကြီး မဟုတ်ဘူး.. ခင်ဗျားတို့အားလုံး ကြားလိုက်တဲ့အတိုင်းပဲလေ.. " " ဟုတ်ပတော် ပုကြည်ရယ်.. နင့်ကိုလေ ဆရာကိုပေသီး ကယ်လိုက်ပေလို့ပဲ.. နင်မလွယ်ဘူး.. နင့်ပါးစပ်ကလည်း တယ်ကြမ်းသကိုး.. ကဲ.. ကဲ.. မနက်ဖြန်ကို မြို့ကိုစောစောထသွား.. အမဲသား သုံးပိဿာဝယ်ခဲ့.." အရီးဒေါ်လုံးကြည်က ပြောလိုက်တော့ မပုကြည်ရဲ့ ယောင်္ကျား ကိုသာဒွန်းက " စိတ်ချ အရီး.. ကျုပ် မနက်ကို ဝေလီဝေလင်းထသွားပြီး ၀ယ်လာခဲ့မယ်.. မနက်ဖြန်ညနေ သွားရင်တော့ ဆရာကိုပေသီး လိုက်ခဲ့ပါဗျာ.. ကျုပ်တို့ချည်းမသွားရဲဘူးဗျ.. " " အေးပါ.. ငါ လိုက်ခဲ့ပါ့မယ်..သာဒွန်းရာ.. ပြီးတော့မနက်ဖြန်ကျရင် ငှက်ပျောဖက်ကြီးကြီး သုံးလေးရွက် ခုတ်ထားကြဟေ့.. " " စိတ်ချ..စိတ်ချ.. ကိုပေသီး.. ကျုပ်တို့ အားလုံး အဆင်သင့်လုပ်ထားလိုက်ပါ့မယ်.. " ပယောဂထုတ်တဲ့ပွဲကတော့ အောင်အောင်မြင်မြင်ကိုပြီးသွားတာဗျို့..နေ့တိုင်း ဗိုက်အောင့်လို့ အော်နေရတဲ့ မပုကြည်လည်း ယူပစ်သလိုကို ပျောက်သွားတာဗျို့.. ရွာသားတွေအားလုံး အံ့သြကြတာပေါ့ဗျာ.. ကိုပေသီးရဲ့ သတင်းလည်း ကျော်ထွက်လာတော့တာပေါ့လေ.. ဟိုရွာက လာခေါ်၊ ဒီရွာကလာခေါ်နဲ့ လက်တောင် မလည်ဘူးဆိုပဲ.. ကျုပ်လည်း နောက်ပိုင်းတော့ ကိုပေသီးနဲ့ သိပ်မတွေ့ဖြစ်တော့ပါဘူးဗျာ.. တစ်နေ့တော့ ကျုပ်လည်း ပျင်းပျင်းရှိတာနဲ့ မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ တုံးလုံးလဲနေခဲ့တယ်ဗျ.. " ကိုကြီးတာတေ.. ကိုကြီးတာတေ.. " " ဟေလကွာ.. ဘယ်သူတုံးဟ.. လာခဲ့..လာခဲ့.. ငါ ဒီမှာရှိတယ်... " ကျုပ်က မန်ကျည်းပင်အောက်က အသံပြုလိုက်တော့ ၀ိုင်းထဲကို ကောင်လေးတစ်ယောက်ဝင်လာတယ်.. " ဟ မျက်ပြူး ပါလား.. လာလေကွာ.. " မျက်ပြူးက ကျုပ်လှဲနေတဲ့ကွပ်ပျစ်အစပ်မှာ ၀င်ထိုင်လိုက်တယ်.. " ကိုကြီးတာတီး .. ရွာပြင်ဘက်က ဇရပ်ပေါ်မှာ လူကြီးတစ်ယောက်ေ၇ာက်နေတယ်ဗျ.. အဲဒီလူကြီးက ပြောခိုင်းလိုက်လို့ ကျုပ်လာပြောတာ.." " ဟေ.. ဘယ်သူတုံးကွ.. " " ကျုပ်လည်း မသိဘူးဗျ..ကျုပ်တို့ထနောင်းကုန်းကတော့ မဟုတ်ဘူး.. " " လူပုံလည်း ပြောဦးလေ.. မျက်ပြူးရဲ့.." " အသားမည်းမည်း၊ မျက်လုံးပြူးပြူး နှုတ်ခမ်းမွှေးကြီးနဲ့ဗျ.. လူပုံစံကတော့ တစ်မျိုးကြီးပဲ ကိုကြီးတာတီးရ.." " သြော်.. အရပ်ပုပုလား.. " " ဟုတ်တယ်.. အရပ်ပုပုလူကြီးဗျ.. " " သြော်.. ငါသိပြီ မျက်ပြူး..အဲဒါ ကိုပေသီးပဲ.. အေး..အေး.. ငါသွားလိုက်မယ်.. ဒီလူ ဘာများကိစ္စရှိလို့ပါလိမ့်... " မျက်ပြူး ပြန်သွားတော့ ကျုပ်လည်း ပုဆိုးတစ်ထည် ပခုံးပေါ်ထင်ပြီး ထွက်လာခဲ့တယ်.. ရွာပြင်က ဇရပ်ပေါ်ရောက်တော့ မျက်စေ့ကြီးစုံမှိတ်ပြီး တရားထိုင်သလို ဘာလို လုပ်နေတဲ့ ကိုပေသီးကိုတွေ့လိုက်တယ်.. ကျုပ်ခြေသံကြားတော့ မျက်စေ့ပြုးပြူးကြီးကို ဖွင့်ကြည့်ပြီး.. " ဟာ တာတေ.. လာကွာ.. ငါ မင်းနဲ့ တွေ့ချင်လို့ လာခဲ့တာကွ.. " " ကိုပေသီးကလည်းဗျာ.. ရွာထဲဝင်ခဲ့ရင် ပြီးရော.. အိမ်လည်း သိလျက်သားနဲ့.. ကဲလာ.. အိမ်ကိုသွားမယ်.. "ကိုပေသီးက ကဗျာကယာ လက်ကာပြတယ်ဗျ... " မဟုတ်ဘူး ..တာတေရဲ့.. ငါတို့က ဆရာသမားတွေကွ.. ရွာတစ်ရွာကို ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ မကောင်းဘူးလေကွာ.. ရွာတိုင်းမှာ ရွာသူဆိုတာ ရှိတယ်.. ရွာစောင့်တွေ ရှိတယ်.. သူတို့ကို အကြောင်းပြုပြီးမှ ၀င်လို့ထွက်လို့ရတာကွ.. ဒါကြောင့် အလုပ်ရှုတ်လို့ မ၀င်တော့တာ.. ဒီမှာပဲ ပြောစရာကိစ္စကိုပြောကြတာပေါ့ကွာ.. " " သြော်..ဒါကြောင့်လား.. ကဲ..ဒါဆိုလည်း ဒီမှာပဲ ပြောကြတာပေါ့ဗျာ.. " ကိုပေသီးက သူ့လွယ်အိတ်ကြီးထဲက သနပ်ဖက်ဆေးလိပ်အသစ်တစ်လိပ်ကို ထုတ်ပေးပြီး... " ကဲ ဆေးလိပ်ကလေး ဖွာလိုက်ပါဦးကွာ.. အမောပြေပေါ့.. " လို့ပြောရင်း မီးခတ်ကလေးထုတ်ပေးသဗျာ... ကိုပေသီးကိုင်နေကြ မီးခတ်ကလေးဗျ.. ဓနုဖြူကလုပ်တဲ့ ကြေးဝါမီးခတ်လေ.. ကျုပ်လည်း ဆေးလိပ်မီးညှိပြီး တစ်ဖွာနှစ်ဖွာ ဖွာလိုက်တယ်.. ကိုပေသီးက စကားစတယ်.. " ငါလာတာ ကိစ္စတစ်ခု ရှိလို့ကွ.. တာတေရဲ့.. ဒီနေ့မနက် အစောကြီးက တို့ရွာတောင်ဘက်က ငွေတွင်းကုန်းမှာ ကောင်မလေးတစ်ယောက် ပိုးထိပြီး သေသွားတယ်ကွာ.." " ကိုပေသီး မြွေကုနိုင်တာပဲ.. သွားမကုဘူးလား.. " " ငါ့ကိုလာပင့်လို့ လိုက်သွားတယ်လေ.. ဒါပေမယ့် ငါရောက်တော့ မမှီတော့ဘူး တာတေရ.. ကောင်မလေး ဆုံးသွားပြီ.. " " အို..ဖြစ်မှ ဖြစ်ရလေဗျာ.." " အေး..မြွေဆိပ်က တစ်ကိုယ်လုံး ပြန့်နေပြီကွာ..ငါရောက်တော့တစ်အိမ်လုံးငိုနေကြပြီ.. ငါလည်း အိမ်ပေါ်မတက်တော့ဘူးလေကွာ.. လှည့်ပြန်လာခဲ့တယ်.. အဲဒီမှာတင် ငါအရမ်းအံ့သြသွားတာကွ.. " " ဟင်.. ဘယ်လိုဖြစ်လို့လဲ.. " " ဒီလိုကွ.. တာတေရ..ဒီနေ့ တနင်္ဂနွေနေ့မဟုတ်လား.. " " ဟုတ်တယ်လေဗှာ..ဒီနေ့ တနင်္ဂနွေနေ့.. " " အေး..ကောင်မလေးဆုံးတာ မနက် ငါးနာရီထိုးလောက်ကွ.. အဲဒါ တနင်္ဂနွေအခါပဲကွ.. ပြီးတော့ ဒီနေ့က ပြာသိုလဆန်းတစ်ရက်လေ.. ပိုးထိတဲ့ကောင်မလေးက အသက် ၁၆ နှစ်တဲ့ အပျိုစစ်စစ်ပဲ..နာမည်က မအေးအေးဝင်းတဲ့.. တနင်္ဂနွေသမီးတဲ့ကွ.. " " ဟင်.. အဲဒီတော့ ဘာဖြစ်တုံးဗျ.. ကိုပေသီးရဲ့..." " ဟာ အဲဒါမျိုးက အင်မတန် ကြုံတောင့်ကြုံခဲကွ.. တာတေရ.. ပီယဆေးကွ..ပီယဆေး.." " ဗျာ.. ပီယဆေး ဟုတ်လား.. ကိုပေသီး.." " ဟုတ်တယ်လေကွာ.. ပီယဆေးဖော်လို့ရတယ်ကွ.." " ပီယဆေး ဆိုတာတကယ်ကော ရှိလို့လားဗျ.." " ဟကောင် တာတေရ.. ရှိတာပေါ့ကွ.. သိပ်ရှိတာပေါ့.. ပီယဆေးဆိုတာ ယောင်္ကျား၊ မိန်းမ ကိစ္စတင် ပြောတာ မဟုတ်ဘူးကွ..ကိုယ်ပြောသမျှ အောင်တာကွ..ကိုယ်လိုချင်တာ အကုန်ရတာကွ..စီးပွားရေးလုပ်ရင် မင်း သူဌေးဖြစ်ပြီးပေါ့ကွ.. မင်း မလိုချင်ဘူးလား.." " ဟာ.. ဒီလိုဆိုရင် လိုချင်တာပေါ့ဗျ.. ဒီဆေးသာရရင် မြို့တက်ပြီး ပဲပွဲရုံ၊ နှမ်းပွဲရုံ ထောင်ပစ်လိုက်မှာပေါ့ဗျ.." " အေးပေါ့ကွ.. တာတေရ.." " ကဲ ပြောဗျာ.. ကိုပေသီး.. ဘယ်လိုလုပ်ရမှာလဲ.." " ဟာ.. ဒါတွေ ငါတတ်ပါတယ်ကွ.. ငါပိုင်ပါတယ်.. အေး အခုလိုမျိုး လတစ်လရဲ့ လဆန်းတစ်ရက်မှာ တနင်္ဂနွေကျဖို့..အဲ.. ဒီ တနင်္ဂနွေကျတဲ့လမှာ တနင်္ဂနွေအခါမှာ တနင်္ဂနွေသမီး အပျိုစစ်စစ်တစ်ယောက် အစိမ်းသေသေဖို့ဆိုတာတွေက ကြုံဖို့ မလွယ်ဘူးကွ..အခုတော့ ကြုံပြီဟေ့.. စောစောကပဲ သူတို့ အသုဘချလိုက်ကြပြီ.. မြုပ်ထားတဲ့ မြေပုံကို သေသေချာချာမှတ်ပြီးမှ ငါ မင်းဆီကို လာခဲ့တာကွ.." " ဟင်.. ချက်ချင်း သင်္ဂြိုလ်တာလား.." " ဟာ ဒါမျိုးက ရက်မထားကြဘူးကွ..အစိမ်းသေလေ..ချက်ချင်းချရတယ်.. ရက်ထားရင် ရွာခိုက်တတ်တယ်ကွ.. " " သြော် ဒီလိုလား.." " အေး.. ညမိုးချုပ်တာနဲ့ မင်းပေါက်တူးတစ်လက်ဆွဲပြီး ငွေတွင်းကုန်း သုသာန်ကို လာခဲ့ပေတော့.. ငါလည်း ပေါက်တူးတစ်လက် ယူခဲ့မယ်.ပြီးတော့ လိုတာတွေ ငါ အားလုံးယူလာခဲ့မယ်.. မင်းသာ ရဲရဲ့လား တာတေ.." " ဟာ.. ကိုပေသီးကလည်း တာတေပါဗျ.. ဒီလို ထူးထူးဆန်းဆန်းကိစ္စမျိုးဆိုရင် တာတေတို့က အခုလားဆိုတာမျိုးဗျ.. စိတ်သာချ..ညကျရင် ကျုပ်အရောက်လာမယ်.. " " အေး ကောင်းပြီ.. တို့က သန်းခေါင်မကျော်ခင် လုပ်ရမှာနော်.. ဟိုဘက်ရက်ကို ကူးသွားရင် မအောင်တော့ဘူး သိလား.." " သြော်..ဒီလိုလား.. တနင်္ဂနွေမကျော်ခင် အပြီးစီရင်ရမှာပေါ့.. " " အေး ဟုတ်တယ်..တာတေရ..ကဲ.. ငါ ရွာပြန်ပြီး စီစဉ်စရာတွေ စီစဉ်လိုက်အုန်းမယ်.. " ကိုပေသီး ပြောပြောဆိုဆို လွယ်အိတ်ကြီးလွယ်ပြီးထွက်သွားတယ်.. ကျုပ်လည်း ရွာကိုပြန်လာခဲ့တာပေါ့..ကိုပေသီး ပြန်သွားတော့ပဲ ညနေလေးနာရီလောက် ရှိနေပြီဗျ..ကျုပ်လည်း မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ အသာပြန်ထိုင်ပြီး ကိုပေသီးပြောတာတွေကို ပြန်တွေးနေမိတယ်.. ပီယဆေး ဆိုတာ တကယ်ရှိတာကိုး..ဒီဆေးရရင် ပြောတိုင်းအောင်ဆိုပဲ.. ပြီးပြီပေါ့ဗျာ.. တာတေတစ်ယောက် သူဌေးဖြစ်ပြီပေါ့ဗျာ.. ကျုပ်မျက်စိထဲမှာ အခုကိုမြင်နေပြီဗျ.. ကျုပ်က အကျီအကောင်းစား ပုဆိုးအကောင်းတွေနဲ့၊ ကျုပ်ပိုင်တဲ့ ပဲပွဲရုံကြီးရှေ့က မော်တော်ကားတစ်စီးဘေးမှာ ရပ်လို့ဗျ.. ပွဲရုံနာမည်ကလည်း ဘာတဲ့.. " တာတေ ပဲ၊နှမ်း ရောင်းဝယ်ရေး" တဲ့ဗျ.. ကျုပ်အလုပ်သမားတွေကလည်း ပဲအိတ်၊ နှမ်းအိတ်တွေ ထမ်းလို့ပေါ့ဗျာ.. " ဟဲ.. တာတေ.. ငုတ်တုတ်ကြီးထိုင်ပြီး ပြုံးပြုံးကြီး.. ဘာတွေများသဘောကျနေတာတုံး.. ဟဲ့.. လာလေ..ထမင်းစားရအောင်.." အမေ့အော်သံကြားလိုက်တော့မှ ကျုပ်လည်း လန့်ပြီး အတွေးတွေ ရပ်သွားတာပေါ့ဗျာ.. နဂါး ဆေးပေါ့လိပ်ကလေးတစ်လိပ်ဖွာရင်း ပေါက်တူးကို မန်ကျည်းပင်အရင်းမှာ ထောင်ထားလိုက်တယ်.. သုံးထောင့်ထိုး ဓာတ်မီးကိုလည်း မသိမသာ ကျုပ်ယူထားလိုက်တယ်.. မိုးစုံးစုံးချုပ်ပြီဆိုတော့မှ ဓာတ်မီးလေး ခါးမှာထိုးပြီး ပေါက်တူးကို ပခုံးမှာထမ်းပြီး ကျုပ်ထွက်လာခဲ့တယ်.. လကွယ်ညဗျ.. ကြယ်ရောင်ကလေးလောက်ပဲရှိတာ.. ဒါပေမယ့် ဒီလမ်းတွေက ကျုပ်အဖို့တော့ ကြိုက်တဲ့အချိန် ထသွားနေကြ လမ်းတွေပါဗျာ.. ငွေတွင်းကုန်းသုသာန်ကို ရောက်ဖို့ဆိုရင် ဘန့်ဘွေးကုန်းဘက်ကို အရင်သွားရမယ်.. ပြီးတော့ ဘန့်ဘွေးကုန်း တောင်ဘက်က ညောင်ကြပ်ပင်ကြီးရောက်ရင် အနောက်ဘက်ကို ချိုးချလိုက်ရုံပဲလေ.. စုစုပေါင်း နှစ်နာရီလောက်တော့ သွားရမယ် ထင်တယ်.. ကျုပ်လည်း ပေါက်တူးတစ်လက်ထမ်းပြီး သုတ်ချေတင်ရတော့တာပေါ့ဗျာ. တစ်ချက်တစ်ချက်တော့ ကျောထဲက စိမ့်သွားသားဗျ.. ပီယဆေးလိုချင်တဲ့ဇောက ကပ်နေတော့ သိပ်မကြောက်လှဘူးပေါ့လေ.. ဘန့်ဘွေးကုန်း တောင်ဘက်က ညောင်ကြပ်ပင်ကြီးအောက်ရောက်တော့ သစ်ပင်ကြီးပေါ်က ဇီးကွက်တစ်ကောင်လား မသိပါဘူးဗျာ.. ထအော်လိုက်တာ ကြက်သီးတွေ ဖြန်းခနဲထသွားလိုက်တာ.. စိတ်ထဲကနည်းနည်းကြောက်လာလိုက်.. ပီယဆေးအကြောင်းတွေးလိုက်နဲ့ အနောက်ဘက်ကို ချိုးလိုက်တယ်.. ငွေတွင်းကုန်း သုသာန်ရှိတဲ့ဘက်ပေါ့ဗျာ..ကိုပေသီးကြီးရောက်နေလောက်ပြီ ထင်ပါရဲ့.. ငွေတွင်းကုန်းသုသာန်အ၀ရောက်တော့ သစ်ပင်အုပ်အုပ်ကြီးတွေနဲ့ တော်တော်ကို မှောင်ရိပ်ကြီးကျနေတာဗျ.. " ၀ူးး... ၀ူးးး...၀ူးးးး... ၀ူးးး..." ခွေးအူသံကြီး ရုတ်တရက် ထွက်လာပြန်တော့ ကျုပ်ဖြင့် လန့်သွားလိုက်တာဗျာ..မပြောပါနဲ့တော့.. မဟုတ်သေးပါဘူး.. ကိုပေသီးကကြိုပြီး ရောက်နေရမှာပါ.. ဘယ်လိုဖြစ်လို့နောက်ကျနေပါလိမ့်.. " ဖျောက်.." ဇရပ်နောက်ဘက်က သစ်ကိုင်းချောက် တက်နင်းသံ ကြားလိုက်ရလို့ ကျုပ်ချက်ချင်း လှမ်းကြည့်လိုက်မိတာပေါ့.. သြော်.. ကိုပေသီးက ရောက်နေတာကိုး... ဇရပ်ပေါ်တက်လာတဲ့ ကိုပေသီးကို ကျုပ်က " ကိုပေသီး မရောက်သေးဘူး မှတ်လို့ဗျ.." " ငါရောက်နေတာ ကြာပါပြီကွ.. တနင်္ဂနွေသမီးကိုထားတဲ့သင်္ချိုင်းကို သေချာအောင် သွားကြည့်တာပါ.. တို့ သိပ်တူးရမှာ မဟုတ်ပါဘူး.. မြှုပ်တဲ့သူတွေကလည်း ခပ်ဖွဖွပဲ ဖို့ခဲ့တာကွ.." ကိုပေသီးက ဆေးပေါလိပ်ကို မီးညှိပြီး ဖွာနေတယ်.. " ၀ူး... ၀ူး... ၀ူးးးး..." ဒီအချိန်မှာပဲ ခပ်လှမ်းလှမ်းက ခွေးအူသံကြီး ထွက်လာပြန်တယ်ဗျ.. " ၀ူး.. ၀ူးး.. ၀ူးးးးး... " ဒီတစ်ခါ ခွေးအူသံက ပျောက်မသွားဘဲ ကျုပ်တို့ဘက်ကို လာနေသလိုပဲ.. ကျုပ် ခွေးအူသံကို နားစွင့်နေတုန်းမှာပဲ.. " ကဲ.. တာတေ.. ငါတို့ အလုပ်စလိုက်ကြရအောင်.. " ကိုပေသီးက ပြောပြောဆိုဆို ထလိုက်တယ်.. ကျုပ်လည်း ပေါက်တူးဆွဲပြီး ထလိုက်တယ်.. " ငါ့ ပေါက်တူးက မြေပုံနားမှာ ထားခဲ့တယ်.. " ကျုပ်နဲ့ ကိုပေသီး မြေပုံနားရောက်တော့ " ဒီ မြေပုံပဲကွ.. ဒါ တနင်္ဂနွေသမီးရဲ့မြေပုံလေ.." ကိုပေသီးက မြေပြင်ကိုထိုင်ချလိုက်တယ်.. သူယူလာတဲ့ မီးအိမ်ကလေးကို မှန်ပြောင်းမပြီး မီးထွန်းလိုက်တယ်.. မီးအိမ်ကလေးက သင်္ဘောတွေမှာသုံးတဲ့ လေကာပါတဲ့မီးအိမ်ကလေးဗျ.. " ကဲ..မင်းဓာတ်မီးကို ချထားလိုက် တာတေ.. လိုမှပဲ ဓာတ်မီးကို သုံးကွ..အဝေးက လှမ်းမြင်နိုင်တယ်.. " ကျုပ်တို့နှစ်ယောက် ပုဆိုးခပ်တိုတ်ုပြင်ဝတ်လိုက်ကြပြီး မြေပုံကို တူးဖို့လုပ်ရတာပေါ့ဗျာ.. ဒီမှာတင် ကိုပေသီးက မြေပုံရဲ့ခေါင်းရင်းနား သွားပြီး ရပ်လိုက်တယ်.. " အရှေ့နေထွက်၊ အနောက်နေ၀င်၊ တောင်တံငါကွန်၊ မြောက်ဓူဝံအတွင်း ကျုပ်ဆရာပေသီး၏ အမိန့်ပြန်တမ်းသည် ပျံ့နှံ့ရောက်ရှိစေသတည်း.. ကျုပ်ဆရာပေသီးဟာ (၇) ရက်သားသမီးတို့ရဲ့ အကျိုးကို လိုလားသောအားဖြင့် ဒီ တနင်္ဂနွေသမီးရဲ့ အကူအညီကို ယူလိုပါတယ်.. ဒီကလေးမရဲ့ ၀ိညာဉ်ကို ဟန့်တားထားခြင်း၊ ထိန်းသိမ်းထားခြင်း၊ လှည့်ဖျားထားခြင်း အလျှင်းမရှိစေရ... တနင်္ဂနွေသမီး .. သင်သည် ရောက်ရာအရပ်ကနေ အခုချက်ချင်း ကျွန်ုပ်ထံသို့ အရောက်လာခဲ့ရမည်.. ကျုပ်ဆရာပေသီးရဲ့ အမိန့်.. ဖြန်း.." ကိုပေသီးက လက်ထဲမှာ ကိုင်ထားတဲ့ သူရဲ့ ဆေးကြိမ်လုံးနဲ့ မြေပုံမို့မို့ကြီးကို ဖြန်းခနဲ မြည်အောင် ရိုက်လိုက်တယ်ဗျ.. " ကဲ.. တာတေရေ.. တူးကြစို့ဟေ့.." မီးအိမ်ရဲ့ အလင်းရောင်ကလေးနဲ့ ကျုပ်တို့နှစ်ယောက် သချိုင်းကိုစပြီး တူးတာပေါ့ဗျာ.. တော်တော်ကလေး တူးမိတော့.. " ဒေါက်.." " ဖြေးဖြေး..ဖြေးဖြေး.. သေတ္တာကို ထိနေပြီကွ.." ကျုပ်တို့နှစ်ယောက် ချွေးတွေပြန်လာတဲ့အချိန်လောက်မှာပဲ သစ်သားခေါင်းကြီး ပေါ်လာတာဗျ.. ရုတ်တရက် ဆုံး၊ ရုတ်တရ်သဂြိင်္ုလ်ရတာဆိုတော့ ခေါင်းကအကြမ်းထည်ကြီးပေါ့ဗျာ.. " တာတေရေ.. ခေါင်းကိုဖွင့်မယ်ဟေ့.. မင်းနောက်ဆုတ်.. " ကျုပ်တို့နှစ်ယောက် ဖော်ထားတဲ့ သစ်သားခေါင်းကြီးကို ကားရားခွရပ်ပြီး ကိုပေသီးက အသင့်ယူလာတဲ့ သံကလော်နဲ့ ခေါင်းဖုံးကို ဖွင့်တာဗျ.. " အေး.. ရပြီကွ.. ပွင့်ပြီ.. " ပြောပြောဆိုဆိုနဲ့ ကိုပေသီးက ခေါင်းဖုံးကြီးကို မပြီး တူးထားတဲ့ မြေကြီးပုံပေါ်ကိုတင်လိုက်တယ်.. မီးရောင်အောက်မှာ ကျုပ်မြင်လိုက်ရတာက တစ်ကိုယ်လုံး မည်းပြာနေတဲ့ ကလေးမလေးရဲ့ အလောင်းဗျ..မအေးအေးဝင်းတဲ့.. သနားပါတယ်ဗျာ.. ခမျာ အရွယ်ကောင်းကလေးရောက်မှ သေရတာ.. ကိုပေသီးကတော့ သူလွယ်အိတ်ကြီးကို ယူပြီး အထဲက ကျောက်ပျဉ်ကလေးကို ထုတ်တယ်... ပြီးတော့ သနပ်ခါးတုံးတစ်တုံး၊ ရေထည့်ထားတဲ့ ပုလင်းတစ်လုံး.. အလောင်းရဲ့ရင်ဘတ်ပေါ်ကို ကျောက်ပျဉ်တင်တယ်.. ကျောက်ပျဉ်ပေါ်မှာ သနပ်ခါးတုံးကလေးတင်ထားတယ်.. ရေပုလင်းကလည်း ဘေးမှာ ထောင်လို့ဗျ.. " တနင်္ဂနွေသမီး အေးအေးဝင်း ဆရာခေါ်တယ်.. အခုချက်ချင်း အရောက်လာ.. ဘယ်သူမှ မဟန့်တားစေရ.. ငါဆရာ အမိန့်.." ကျုပ်လည်း မျက်လုံးကို ပြူးနေအောင် ကြည့်တာပေါ့ဗျာ.. ဘာမှတော့မထူးခြားလာဘူးဗျ.. အလောင်းကလည်း ငြိမ်နေတာပါပဲဗျာ.. " တနင်္ဂနွေသမီး ငါဆရာပေသီး အမိန့်.. အခုချက်ချင်းလာခဲ့..ဒီကိုယ်ထဲကို ပြန်ဝင်လိုက်.. အခုပြန်ဝင်လိုက်.. " အနောက်ဘက်က လေအေးကလေးတစ်ချက် ဝေ့တိုက်သွားတယ်.. တစ်ကိုယ်လုံး စိမ့်ခနဲဖြစ်သွားတာကို ကျုပ်သတိထားမိလိုက်တယ်.. " ၀ူး..၀ူးးး..၀ူးးးးးးးးးးး..၀ူးးးးးးးးးးးးး " ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံကြီးတစ်သံထွက်လာပြန်တယ်.. " ဖြန်း.. ဖြန်း..ဖြန်း..ဖြန်.. " ဇရပ်ခေါင်မိုးပေါ်က ငှက်တစ်ကောင် ထပြန်သွားတဲ့အသံကို ကြားနေရတယ်..ခွေးအူသံကမရပ်တော့ဘူးဗျ..ဆက်တိုက်ကိုထွက်နေတော့တယ်.. " ဖြန်း.. ဖြန်း.. ဖြန်း... ဖြန်း.. ဖြန်း.. " အနားက သစ်ပင်တွေပေါ်မှာ အိပ်တန်းတက်နေတဲ့ ဗျိုင်းတွေတောင် ထပြန်ကုန်တယ်ဗျ.. တစ်ခုခုပဲ ဆိုတာတော့ ကျုပ်တွေးမိတယ်.. မီးရောင်ဖျော့ဖျော့ကလေးအောက်မှာ တစ်ကိုယ်လုံး မဲပြာနေတဲ့ လူသေအလောင်းကြီးဗျ.. ပြီးတော့ မြေကျင်းဘေးမှာထိုင်ပြီး တတွတ်တွတ်နဲ့ အမိန့်ပေးနေတဲ့ ဆရာကိုပေသီး၊ သချိုင်းတပြင်လုံး ဟိန်းထွက်နေတဲ့ ခွေးအူသံကြီး၊ တဖြန်းဖြန်းထပျံနေတဲ့ ငှက်တွေရဲ့ အသံ..တော်တော့်ကို ချောက်ခြားစရာကြီးပါဗျာ..ကျုပ်ဖြင့် ကြက်သီးတွေ တဖြန်းဖြန်း ထနေတာပေါ့ဗျာ.. " ဟာ.. " အဲဒီအချိန်မှာပဲ ကျုပ် လုံးဝထင်မထားတာ တစ်ခုဖြစ်သွားတယ်ဗျ.. ကျုပ်ဆိုတာတစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားတာပဲဗျို့..ဘာဖြစ်လဲ သိလား..အလောင်းကြီးကမျက်စိတွေ ဖျတ်ခနဲ ပွင့်လာတာဗျ.. ဟုတ်ရဲ့လားလို့ ကျုပ် သေသေချာချာထပ်ကြည့်တယ်.. ဟုတ်ပဗျာ..မျက်လုံးကြီးတွေ ပြူးနေတာပဲဗျို့.. " အေး.. ဟုတ်ပြီ.. တနင်္ဂနွေသမီးရောက်ပြီ..ဟုတ်ပြီ.. ငါဆရာ အမိန့်.. ထ..ထ..ထထိုင်လိုက်.. ထထိုင်လိုက်.. ဆရာ့ကို ကူညီရမယ်.. ကူညီရမယ်.. ထ ..ထ.. " ဟောဗျာ.. ထပြီဗျို့.. ထပြီ.. အလောင်းက မျက်လုံးပြူးကြီးနဲ့ ထထိုင်နေပြီဗျ..အောင်မယ်လေး တကယ့်ကို ထိုင်တာဗျာ.. " ဟုတ်ပြီ.. တနင်္ဂနွေသမီး သနပ်ခါးတုံးကိုင်လိုက်.. ဟုတ်ပြီ.. ကိုင်လိုက်.. ရေထည့်.. ရေထည့်.. ငါ ဆရာအမိန့်.. သွေး.. သွေး.. ဟုတ်ပြီ.. သွေး.." ဟာ.. သွေးတယ်ဗျို့.. သွေးတယ်.. ဒါဆိုရင် ပီယဆေးရတော့မှာပေါ့.. ကျုပ် ၀မ်းသာသလိုဖြစ်သွားတယ်ဗျ.. " သွေးသွေး.. တနင်္ဂနွေသမီး အားကလေးစိုက်ပြီး သွေးကွ.. ရေထည့်ဦးလေ.. ရေထပ်ထည့်.." ကိုပေသီးက အမိန့်တွေ တတွတ်တွတ်ပေးပြီး အလောင်းကောင်ကို ခိုင်းနေလေရဲ့..အလောင်းက သနပ်ခါးတော့သွေးတယ်ဗျ..သူခိုင်းသလို ရေတော့ ထပ်မထည့်ဘူး.. ကျုပ် သေသေချာချာကြည့်တယ်.. သနပ်ခါးတွေ ထွက်နေတယ်ဗျ.. " ရေထည့်ဆို ထည့်လေ.. " ကိုပေသီးက အမိန့်သံနဲ့ ခိုင်းတယ်ဗျ.. အလောင်းက ကိုပေသီးကို မျက်လုံးပြူးကြီးနဲ့ မော့ကြည့်တယ်.. အောင်မလေး.. ကျုပ်ဖြင့် တုန်သွားတာပဲဗျာ.. ကိုပေသီးက အမိန့်ပေးနေပေမယ့် အလောင်းက ရေမထည့်ဘူးဗျ..ကျုပ်စိတ်ထဲမှာ အလောင်းက နည်းနည်း ပုံပြောင်းသွားသလိုပဲဗျ.. ကိုပေသီးကို မကျေနပ်သလို ကြည့်နေတယ်.. ကိုပေသီးက သူရဲ့ ဆေးကြိမ်လုံးနဲ့ ရွယ်လိုက်ပြီး ထပ်ခိုင်းတယ်ဗျ.. " ကဲ.. အခု ရေထည့်လိုက်စမ်း.. " ဒီလိုတော့ ဟုတ်သားဗျ.. အလောင်းက ရေပုလင်းကိုယူ ရေထည့်တယ်ဗျ.. ကိုပေသီးက ပုလင်း ခပ်လတ်လတ် အရွယ်တစ်လုံးကို အဖုံးမှာ အပေါက်ကလေးဖောက်ထားတာဗျ..ရေက အနေတော်ပဲကျတာ.. သွေးတယ်ဗျို့.. သနပ်ခါးတောင် တော်တော်ထွက်နေပြီဗျ.. " ဟုတ်ပြီ..သွေး.. သွေး.. ရေထည့်လိုက်အုန်း..ရေထည့်လိုက်အုန်း.. " ကိုပေသီးက ရေထည့်ခိုင်းတယ်.. ဒါပေမယ့် အလောင်းက မထည့်တော့ဘူးဗျ.. သနပ်ခါးသွေးတော့မရပ်ဘူး.. သွေးနေတယ်..ကိုပေသီးက ကြိမ်လုံးကို အပေါ်မြှောက်ပြီး အမိန့်ပေးပေမယ့် ဒီတစ်ခါတော့ မရတော့ဘူးဗျို့..ကိုပေသီးကလည်း အမိန့်တွေ ပေးတာပဲဗျ.. ဒါပေမယ့် အလောင်းက သိပ်ပြီး မနာခံသလိုပဲ.. မျက်လုံးပြူးကြီးနဲ့ ကိုပေသီးကို မော့မော့ကြည့်နေတယ်ဗျ.. " ကိုပေသီး သတိလည်းထားအုန်းဗျ.. " လို့ ကျုပ်က သတိပေးလိုက်မိတယ်.. " စိတ်မပူနဲ့ တာတေ.. ဒါလောက်ကတော့ ပေသီးတို့ မမှုဘူးကွ.. ဟဲ့ကောင်မ.. အခုရေထည့်စမ်း. .ငါ့အမိန့်.." ကိုပေသီး လေသံပြောင်းသွားပြီး ခပ်ကြမ်းကြမ်းပြောပြီး ခိုင်းတယ်.. အလောင်းက သနပ်ခါးသွေးတာကိုတော့ မရပ်ဘူးဗျ.. ရေတော့ ထပ်မထည့်တော့ဘူး.. အလောင်းက ခေါင်းထဲမှာ ရှိနေတာဗျ.. ပက်လက်ကနေ ထထိုင်နေတာ.. ခြေထောက်တွေက ဆင်းထားတဲ့အတိုင်းပေါ့.. သူ့ပေါင်ပေါ်မှာ ကျောက်ပျဉ်တင်ပြီး သွေးနေတာလေ.. ကိုပေသီးက စိတ်မရှည်တော့ဘဲ.. " ဒီကောင်မတော့ ငါထသတ်ရင် နောက်တစ်ခါ ထပ်သေးဦးမယ်.. ခိုင်းရင် ခိုင်းတဲ့အတိုင်းမလုပ်ဘူး.. " လို့ပြောပြီး ကိုယ်ကိုရှေ့ကုန်းလိုက်တယ်.. ပြီးတော့ အလောင်းဘေးမှာ တုံးလုံးလဲနေတဲ့ရေပုလင်းလေးကို လှမ်းပြီးကောက်တယ်.. ဒီမှာတင် မမျှော်လင့်တာ ဖြစ်တော့တာပါပဲဗျာ.. အလောင်းရဲ့ လက်နှစ်ဖက်က လေထဲကို မြောက်တက်လာပြီး ကိုပေသီးရဲ့ခေါင်းက ဆံပင်ကို ဆတ်ခနဲ ဆွဲချလိုက်တယ်.. ကိုပေသီးအရှိန်လွန်ပြီး ခေါင်းပေါ်ကို ပြုတ်ကျသွားတယ်.. အလောင်းက လက်တစ်ဖက်က ကိုပေသီးရဲ့ ဆံပင်ကို ဆွဲထားပြီး လက်တစ်ဖက်က ကျောက်ပျဉ်ကိုကိုင်ပြီး ထုတော့တာပဲဗျာ.. " ခွပ်.. ခွပ်.. ခွပ်.. ခွပ်.. ဟား..ဟား..ဟား..ဟား... ငါဟဲ့ ငါ.. တနင်္ဂနွေသမီးမဟုတ်ဘူး.. ငါ မဖဲဝါဟေ့.. နင့်လို ဆရာကများ.. ငါ့သချိုင်းထဲကို လာပြီး စွာရတယ်လို့.. ခွပ်.. ခွပ်.. ဟား..ဟား..ဟား.." " ဟာ..မဖဲဝါဆိုပါလား.. သချိုင်းစောင့်မဖဲဝါ ဆိုတာထင်တယ်.. " ကျုပ်တစ်ယောက်ထဲ အတွေးနဲ့ ပြောတဲ့စကားဗျ.. ကိုပေသီးရဲ့ခေါင်းက သွေးတွေ မြင်မကောင်းအောင် ထွက်လာတာပေါ့ဗျာ.. " တာတေ... ပြေးတော့.."ှဗလုံးဗထွေး အသံကြီးနဲ့ ကြုံးအော်လိုက်တဲ့ ကိုပေသီးရဲ့ စကားလည်း ကြားရော.. ကျုပ်လည်း ဘာပြောကောင်းမလဲ..ပေါက်တူးကလေး ပြေးဆွဲပြီး တစ်ချိုးတည်း သုတ်တော့တာပဲပေါ့ဗျာ.. " ခွပ်.. ခွပ်.. ခွပ်.. ဟား..ဟား..ဟား.. မဖဲဝါတဲ့ဟေ့.. ငါ့ကို စမ်းချင်တဲ့ကောင်.. ကဲဟာ..ကဲဟာ.." ဆိုတဲ့ အသံကြီးက ကျုပ်နောက်ကို ပြေးလိုက်လာသလိုပဲဗျ.. ကျုပ်လည်း မနားတမ်း ပြေးလိုက်တာ ခါးကြားမှာ ထိုးထားတဲ့ဓာတ်မီးလည်း ဘယ်နားကျကျန်ခဲ့မှန်းတောင် မသိတော့ပါဘူးဗျာ.. လမ်းမှာလည်း သုံးခါလောက် ချော်လဲသေးတယ်ဗျ.. ဘုန်းခနဲ လဲလိုက် ကုန်းထပြီး ပြေးလိုက်နဲ့ အိမ်ကို ဘယ်လိုရောက်လာမှန်းကို မသိတာပါဗျာ.. နောက်တစ်နေ့ရောက်တော့ ငွေတွင်းကုန်း သုသာန်မှာအလောင်းဖော်ပြီး ဆေးစီရင်တဲ့ ပယောဂဆရာကိုပေသီး မြေကျင်းထဲမှာ မှောက်ခုံကြီး သေနေတဲ့သတင်းက တောမီးလို ပျံ့နေတော့တာပေါ့ဗျာ.. ကျုပ်တို့ ထနောင်းကုန်းမှာလည်း ဒီသတင်းပဲ ပြောနေကြတာပဲဗျို့.. ကိုပေသီးခေါင်းတစ်ခုလုံး ကြေမွပြီး ဦးနှောက်တွေတောင် ထွက်နေတယ် ဆိုပဲ.. ကိုပေသီး ဘယ်လိုဖြစ်ပြီး သေတယ်ဆိုတာကိုတော့ ဘယ်သူမှ အတိအကျမသိကြဘူးပေါ့.. အလောင်းကတော့ မြှုပ်ထားတဲ့အတိုင်း မလှုပ်မယှက်ပဲတဲ့ဗျ.. ကျုပ်လည်း သတင်းမျိုးစုံကြားရပေမယ့် ဘာမှ မသိသလိုနေရတာပေါ့လေ.. အခုဆိုရင် ကိုပေသီးသေတာကြာခဲ့ပါပြီ.. အဲဒီညက ကျုပ်ပါခဲ့တယ်ဆိုတာကို အခုအချိန်အထိ ဘယ်သူမှ မသိကြဘူးဗျ.. အဲ.. ခင်ဗျားတစ်ယောက်က လွဲရင်ပေါ့လေ... ဇာတ်လမ်းရေးသားသူ...

တာတီး

 ပြန်လည်ရေးသားတင်ဆက်ပေးသူ.. မင်းမနိုင် ဇာတ်လမ်းက တစ်ခုချင်းစီဖြစ်ပြီး ဆက်ရန်မဟုတ်ပါခင်ဗျာ.. အခုရေးပြီးသလောက်တင်ထားခြင်းဖြစ်ပါတယ်.. နောက် ဇာတ်လမ်းတွေလည်း နောက်ထပ်ထပ်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်.. ဒါပေမယ့် လိုင်းကမကောင်းတဲ့အတွက် သည်းခံဖတ်ရှုပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ... (မင်းမနိုင်)

Credit to :: သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |