Ghost Car ( Part - 1)
ကားတစီးပေးတဲ့ ဒုက္ခ (၁)
**************************************************************
ကျွန်တော်တို့နှင့် CR-V
ကျွန်တော်နဲ့ ကျွန်တော့်အစ်ကို မလေးရှားကိုရောက်တော့ ကေအယ်(လ်)မြို့လယ်ခေါင်နဲ့ ဆယ့်တစ်မိုင်လောက်ဝေးတဲ့ နေရာမှာရှိတဲ့ ကားဝပ်ရှော့တခုမှာ အလုပ်ရတယ်။ ကျွန်တော်တို့နေတဲ့ နေရာကို လိပ်စာညွှန်းရရင်တော့ ဆလန်းဂေါပြည်နယ်(Selangor)၊ ချရပ်စ်(Cheras) ခရိုင်ထဲမှာခင်ဗျ။ ကျွန်တော်တို့နေတဲ့ရပ်ကွက်ကနေ ကေအယ်လ်ကိုသွားရင် လိုင်းကားနဲ့ဆို တနာရီနီးပါးစီးရပြီး တက္ကစီနဲ့ဆိုရင်တော့ အဲ့လောက် အချိန်မကြာဘူးဗျ။ မလေးရှားကိုရောက်လာတဲ့ မြန်မာတော်တော်များများ အလုပ်မှာ အဆင်မပြေကြတာများတယ်လို့ မြန်မာပြည်မှာနေတုန်းက ကြားဖူးနားဝရှိပေမယ့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကတော့ ကံကောင်းတယ်လို့ပဲ ပြောရမှာပဲ။ အလုပ်လုပ်ရတဲ့ ဝပ်ရှော့ပိုင်ရှင်သူဌေးကတော့ တော်တော်ကောင်းတယ်ဗျ။ ပါမစ်ကြေးလည်း မဖြတ်ပဲစိုက်ပေးတယ်ဗျာ။ ပတ်စပို့သက်တမ်းတိုးခအတွက်လည်း ကျွန်တော်တို့ လစာထဲက မနှုတ်ဘူး။ အလုပ်ဝင်ဝင်ချင်းလမှာ ကျွန်တော်တို့လုပ်အားခကို တနာရီကို မလေးငွေ(၁၀)ရင်းဂစ်နှုန်းနဲ့ ပုံမှန်ရိုးရိုးအလုပ်ချိန်(၈)နာရီ တရက်စာအတွက် (၈၀)ပေးတယ်။ အချိန်ပို အိုတီက တနာရီကို (၃)ရင်းဂစ်ပေးတယ်။ လုပ်အားခပေးတဲ့နေရာမှာ မနှမျောသလို အလုပ်ခိုင်းတဲ့နေရာမှာလည်း အသားကုန်ပဲဗျို့။ သူ့ဝပ်ရှော့မှာရှိတဲ့အလုပ်သမားက ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ရယ်၊ ကျွန်တော်တို့ထက်အရင် ရောက်နှင့်နေတဲ့ ဦးလှမင်း( ကျွန်တော်တို့ကတော့ သူ့ကို ဘကြီးလို့ပဲ ခေါ်ကြတယ်)ရယ်၊ ပြီးတော့ သူ့တူ အကျုံးဆိုတဲ့ တရုတ်ရယ်၊ အလီဆိုတဲ့ Sabah မျိုးနွယ် မလေးရယ် အားလုံးပေါင်းမှ ငါးယောက်တည်းရှိတာ။ လုပ်တဲ့အလုပ်က ကားအဲယားကွန်း၊ အင်ဂျင်၊ အလိုင်းမင့်၊ ဝါယာရိန်းအကုန်စုံတယ်။ မလုပ်ရတာဆိုလို့ ဘော်ဒီထု၊ဆေးမှုတ်အလုပ်ပဲ ကျန်တော့တာဗျာ။ တရက်တရက်ကို ဝင်တဲ့ကားကလည်း တခါမှ မပြတ်တော့ဘူးရယ်။ ကျွန်တော့်စိတ်ထဲမှာ တနိုင်ငံလုံးက ကားတွေ အလှည့်ကျစနစ်နဲ့ ပျက်ပြီးတော့ ကျွန်တော်တို့ဝပ်ရှော့မှာ လာပြင်နေကြလေသလားလို့တောင် တခါတလေ ရူးကြောင်ကြောင် အတွေးဝင်မိတဲ့အထိအောင် အလုပ်များတာ။ အဲ့လောက် အလုပ်များရတဲ့ကြားက ကျွန်တော်တို့သူဌေးရဲ့ စီးပွားရေးသောင်းကျန်းချက်က ဘယ်လောက်ထိများလဲဆိုရင် ကားအာမခံကုမ္ပဏီတခုနဲ့ ချိတ်ပြီးတော့ အဲ့ကုမ္ပဏီက လာအပ်တဲ့ ကားတွေကိုပါ ပြင်ပေးရတဲ့အလုပ်ပါ ထပ်တိုးလာရော။ အဲ့အလုပ်ထပ်တိုးလာလို့ ကျွန်တော်တို့လည်း အခုပြောပြမယ့် ကိစ္စကြီးကို မကြုံချင်ပါပဲ ကြုံခဲ့ကြရတာ။
ကျွန်တော်တို့အလုပ်ရှင် ထပ်တိုးလိုက်တဲ့ အလုပ်က ဒီလိုဗျ။ ကားအာမခံကုမ္ပဏီတွေက သူတို့ဆီမှာ အာမခံထားတဲ့
ကားတွေမတော်တဆမှုတခုခုဖြစ်လာရင် အလျော်ပေးရင်ပေး၊ မပေးရင်လည်း ကားကို မူလအနေအထားအတိုင်း ပြန်ဖြစ်ပြီး
ကားပိုင်ရှင်စိတ်ကျေနပ်လောက်တဲ့အထိ ပြန်ပြင်ပေးရတယ်။ အဲ့ဒီကားအာမခံလုပ်ငန်းက သူ့customerတွေရဲ့ကားတွေ မတော်တဆဖြစ်လို့ ပိန်တာ၊ချိုင့်တာ၊ ဆေးထိသွားတာကစလို့ ကားအောက်ပိုင်းတို့၊ ဖရိမ်တို့အကုန်လုံး
ပြန်ပြင်ဖို့အတွက်ကို ကျွန်တော်တို့သူဌေးကို ကန်ထရိုက်ပေးတယ်။သူတို့သတ်မှတ်ထားတဲ့ အချိန်ကာလအတောအတွင်း
ပြီးအောင်ပြင်ပေးရတယ်။ သတ်မှတ်ချိန်အတွင်း မပြီးရင်တော့ သူဌေးက ပြန်လျော်ပေးရတယ်။
ကုန်ကျစရိတ်ကိုတော့ ကားပြင်လို့ပြီးတာနဲ့ ချက်ချင်းရှင်းပေးတယ်။ တကယ်မလွယ်ဘူးဗျာ အဲ့ဒီအလုပ်က။ မြန်မြန်ပြီးအောင်လောနေရလို့ စိတ်မောရတာကတမျိုး၊ အပျက်အစီးတွေကြားထဲကနေ ဟိုနှိုက်ဒီကလော်လုပ်ရလို့ လူပင်ပမ်းရတာက တမျိုးနဲ့ တကယ်စိတ်ညစ်ရတဲ့အလုပ်။ ဒါတောင် ဘော်ဒီထု၊ ဆေးမှုတ်ဖို့ကိစ္စကို တခြားဝပ်ရှော့ကို လက်လွှဲပြန်ပေးထားလို့ ကျွန်တော်တို့ သက်သာရာရတာ။ နောက်တော့ အလုပ်လည်းပိုတွင်၊ ကျွန်တော်တို့လည်း နည်း
နည်းသက်သာအောင်လို့ အလုပ်သမားအသစ်နှစ်ယောက်ကို အလုပ်သမားအေးဂျင့်ကနေတဆင့် ထပ်ခေါ်တယ်။
အဲ့ဒီ အသစ်ရောက်လာတဲ့ နှစ်ယောက်ကလည်း ကျွန်တော်တို့ ရွှေမြန်မာတွေပဲမို့ ကျွန်တော်တို့လည်း တော်တော်ပျော်သွားတယ်။
တယောက်က ပခုက္ကူ၊ ကံမရွာသားမို့လို့ ဒီကောင့်ကို ကျွန်တော်တို့အားလုံးက ကံမ လို့ပဲ ခေါ်ကြတယ်။ တယောက်ကတော့ တိုင်းရင်းသားဗျ။ လူပုံစံက ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်းနဲ့ တကယ့် ဖိုက်တာပုံစံပေါက်နေတာ။ တကိုယ်လုံးမှာလည်း အင်းလိုလို၊ စမလိုလိုအရုပ်တွေ ပြည့်နေအောင် ထိုးထားတာ။ ဒီကောင့်ကိုတော့ ကျွန်တော်တို့က ဖိုးခွားလို့ပဲ ခေါ်ကြတယ်။ အဲ့ကောင်ဖိုးခွားအကျင့်က စကားအရမ်းနည်းတယ်။ သူလုပ်ချင်လာပြီဆိုရင် ဘာမပြောညာမပြော
ထလုပ်တတ်တဲ့ အကျင့်ရှိတယ်။ ဟိုကောင် ကံမကျပြန်တော့ နည်းနည်းထုံတယ်ပြောရမလားပဲ။ မြန်မာပြည်ကနေ မလေးရှားရောက်လာပြီး ကျွန်တော်တို့နဲ့အတူတူ အလုပ်လုပ်တာ သုံးနှစ်သုံးမိုးကြာတဲ့အထိ သူမလေးစကားကို ကောင်းကောင်း
မပြောတတ်သေးဘူး။ သူကောင်းကောင်းပြောတတ်တာဆိုလို့ တခွန်းတည်းရှိတယ်။ အဲ့ဒါဘာစကားလို့ထင်လဲ။ မသိဘူး (Tak Tahu ) ဆိုတာပဲပြောတတ်တယ် အဟုတ်။ သူဘယ်လောက်ထိ မလေးစကားကျွမ်းကျင်တယ်ဆိုတာ ပြောရဦးမယ်။ အိမ်မှာဟင်းချက်စရာ ဆီကုန်နေလို့ သူ့ကို ခွန်တစ်တစ်(711) ဆိုင်မှာ ဆီသွားဝယ်ခိုင်းလိုက်တာ အိမ်ပြန်ရောက်မလာပဲ
အချုပ်ထဲ ရောက်သွားပါလေရော။ ဖြစ်ပုံက သူဆီဝယ်ပြီးပြန်လာတော့ လမ်းမှာကင်းလှည့်နေတဲ့ မလေးပုလိပ်က သူ့ကိုခေါ်မေးတယ်။ ပထမတော့ ပတ်စပို့ရှိလားလို့ မလေးလိုမေးတယ်။ မသိဘူးလို့ မလေးစကားနဲ့ ပြန်ဖြေတော့ ဟိုက အင်္ဂလိပ်လို ပြောင်းပြီးထပ်မေးတယ်။ ဒါလည်း မသိဘူးပဲထပ်ဖြေတယ်။ ဘာမေးမေး မသိဘူးလုပ်လို့နောက်ဆုံး ရဲကားပေါ်တင်ခေါ်သွားပြီး အချုပ်ခန်းထဲ ထည့်ထားလိုက်တော့တာ။ ရန်ဖြစ်လို့အချုပ်ထဲရောက်နေတဲ့ ဗမာတယောက်ရှိနေလို့ သူ့အတွက် စကားပြန်လုပ်ပေးလို့ ပြန်လွတ်လာတာ။ သူ့ကို အချုပ်ခန်းကနေသွားထုတ်တဲ့နေမှာ စခန်းက ပုလိပ်က သူ့ကို မလေးစကားနဲ့မေးတယ်။ " ငါ ရဲဆိုတာရော မင်းသိလား??? " ဆိုတော့ ကျွန်တော့်ကောင်က တရိုတသေ ပြန်ဖြေလိုက်တာ အဲ့ဒီပုလိပ်မျက်နှာ ပုပ်သိုးသွားတာပဲ။ သူပြန်ဖြေတာက သူ့ထုံးစံအတိုင်း မသိဘူးလို့ ပြန်ဖြေလိုက်တာကိုး။ အချုပ်ကထွက်လာပြီး
ကတည်းက ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် မောင်ကံမတယောက် မြို့နယ်ရဲစခန်းက ပုလိပ်တွေကြားမှာ နာမည်ကိုကြီးသွားတော့တာပဲ။ သူနဲ့အတူ လမ်းသွားရင်းနဲ့ လမ်းမှာ ကင်းလှည့်နေတဲ့ အပိုင်ရဲစခန်းက ပုလိပ်ဆိုင်ကယ်တွေ၊ ရဲကားတွေ သူ့ကိုတွေ့တာနဲ့ ကားကိုရပ်ပြီး မလေးစကားနဲ့ "မသိဘူး.ဘယ်သွားမလို့လဲ" ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ " Tak tahu!! Pergi mana? " လို့ မေးတော့တာပဲ။ သူကလည်း သူ့ရဲ့လက်သုံးစကားနဲ့ မသိဘူး လို့ပဲ တွင်တွင်ဆက်ဖြေမြဲ...။
ဒီလိုကိုးရို့ကိုးယားအဖြစ်တွေကို ကျော်ဖြတ်ရင်းနဲ့ပဲ မလေးရှားနိုင်ငံရဲ့ တရားဝင်အလုပ်ပိတ်ရက်တွေထဲက Hari Raya ဆိုတဲ့
ပိတ်ရက်ကို ရောက်လာပါရော။ မြန်မာလိုရှင်းအောင်ပြောရရင်တော့ အစ္စလာမ်ဘာသာဝင်တွေ တလလုံးဥပုသ်စောင့်ရာက ဥပုသ်ထွက်တဲ့လပေါ့ဗျာ။ မလေးရှားမှာက တရုတ်နှစ်သစ်ကူးရက်ရှည်ပိတ်ရက်ဆိုရင် တရုတ်တွေက သူတို့ဇာတိရပ်ရွာကို ပြန်ကြသလို မလေးလူမျိုး အစ္စလာမ်ဘာသာဝင်တွေရဲ့ ရက်ရှည်ပိတ်ရက် Hari Raya မှာကျတော့ မလေးလူမျိုးတွေက သူတို့ဇာတိမြို့ရွာတွေမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့အတူ ဥပုသ်ထွက်ပွဲကြီးကို တပျော်တပါးဆင်နွှဲဖို့ရာအတွက် မိသားစုလိုက်
ကိုယ့်ကားနဲ့ကိုယ် ပြန်ကြတဲ့အလေ့ရှိတယ်။ လိုင်းကားတို့၊ ရထားတို့သိပ်မစီးကြတာလားတော့မသိပါဘူး။ အင်းပေါ့လေ..
သူတို့နိုင်ငံက အာရှကျားတွေထဲမှာ တကောင်အပါအဝင်ဆိုတော့လည်း သူတို့နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်းက
တအိမ်ထောင်မှာ ကားတစီးစီပိုင်နေကြတာကိုး။ အဲ့လို အခါကြီးရက်ကြီး ရောက်လုနီးပလားဟေ့ဆိုရင် ကျွန်တော်တို့ဝပ်ရှော့တွေလည်း ချာလပတ်ရမ်းနေအောင် အလုပ်များရတော့တာပဲဗျို့။ ခရီးဝေးပြန်ရမယ့်ကားပိုင်ရှင်တွေက
သူတို့ကားတွေစိတ်ချရအောင်လို့ တာယာတွေ လာလဲ၊ အင်ဂျင်ဝိုင်လာလဲ၊ အလိုင်းမင့်ချိန်၊ ဂွေချိန်နဲ့ မနက်အလုပ်ဆင်းချိန်ကနေ
ညနေ အလုပ်သိမ်းချိန်အထိ တချက်ကလေးတောင် မထိုင်ရပါဘူးဗျာ တကယ်။ ထမင်းစားတာတောင် ဆီချေးတွေပေနေတဲ့ လက်ကို ဆေးမနေအားတော့လို့ ဇွန်းနဲ့ တလုပ်နှစ်လုပ်လောက် ကပျာကယာခပ်စားပြီးရင် ကားကိုပြေးနှိုက်လိုက်။ ပြီးရင် နောက်
တခေါက် ပြန်ပြေးလာပြီး ထမင်းစားလိုက်နဲ့အလုပ်လုပ်ရတာ။ ဒါတောင် တခါတလေ အိုတီရှိတဲ့အခါမျိုးတွေမယ် ည ဆယ်နာရီလောက်မှ အလုပ်သိမ်းရတယ်။ ဝပ်ရှော့ရဲ့အပေါ်ထပ်မှာတင် နေစရာစီစဉ်ပေးထားလို့ တော်သေးတာ။ သူတို့လူမျိုးတွေ
ကားကို ဂရုစိုက်တာလည်းမပြောနဲ့လေ။ မလေးရှားရဲ့ရာသီဥတုကလည်း တော်ကြာ တနေကုန်နေပူရင်းက မိုးထရွာချင်ရွာတယ်။
တနေကုန်တနေကုန် မိုးရွာနေရင်းက ညနေလောက်ရောက်တော့ ခြစ်ခြစ်တောက် နေပူချင်ပြန်တော့လည်း စွတ်ရွတ်ပူလာတတ်တယ်ဗျ။ အီကွေတာရာသီဥတုလို့တော့ တတ်သိနားလည်သူတွေက ပြောကြတာပဲ။ ကျွန်တော်ကတော့
အီကွေတာဆိုတာ သိလည်းမသိချင်သလို စိတ်လည်း စိတ်မဝင်စားဘူး။ အီကြာကွေးကို လက်ဖက်ရည်နဲ့ တို့စားရတာက အဲ့ဒီ အီကွေတယထက် အရသာရှိတာအမှန်ပဲ။ အဲ့လိုမျိုး ရုတ်တရက်မိုးရွာတဲ့အခါမျိုးမှာ ကားတွေ လမ်းချော်၊စလစ်မဖြစ်အောင်လို့ သူတို့နိုင်ငံသားတွေ အမြဲလိုလို ဂရုတစိုက်နဲ့ ကားတာယာတွေစစ်၊ အလိုင်းမင့်ချိန် လုပ်ကြရမှန်း တဖြည်းဖြည်းနဲ့ ကားပြင်သက်ကြာလာတော့မှ နားလည်လာတယ်။ နောက်ပြီးတော့ သူတို့ဆီမှာ လမ်းတွေက လွှတ်ကောင်းတော့ မောင်းပဟေ့
ဆိုရင် ဟိုက်စပိနဲ့ မောင်းကြတာ(ဗျာ....အင်္ဂလိပ်စကားကို မြန်မာလိုရေးလိုက်တာပါဗျာ..။ ကျွန်တော်မဆဲရပါဘူး။) High Speed ကိုပြောတာ။ အဲ့လိုမောင်းကြလွန်းအားကြီးလို့ တော်ကြာနေတိုက်ကြ၊ သေကြဖြစ်တဲ့သတင်းတွေ တီဗွီမှာ ပါလာတာလည်း ခဏခဏပဲ။ အိမ်ပြန် (အဲလေ) ရွာပြန်ကားတွေ များလွန်းလို့ ဟိုင်းဝေးလမ်းတွေမှာ ယာဉ်ကြောမကြပ်အောင်လို့ အစိုးရက
နေ့ကြီးရက်ကြီးတွေရောက်လာရင် ကုန်တင်ယာဉ်တွေကိုတောင်မှ အမြန်လမ်းမကြီးတွေ(Express Highway) ပေါ်မှာ
ပေးမမောင်းတော့ဘူး။ ပြီးတော့ ယာဉ်တိုက်မှုမဖြစ်အောင်လို့ သတိပေးချက်ကိုလည်း ရုပ်မြင်သံကြား၊ရေဒီယိုတွေကနေ နားညီးလောက်အောင်ကို ကြော်ငြာပေးတာ ကျွန်တော့်စိတ်ထင် တနာရီ လေးခါလောက်တော့ အနည်းလေးပဲ။ ယာဉ်ထိန်းရဲတွေဆိုလည်း အဲ့ဒီရာသီချိန်ဆိုရင် လမ်းမကြီးတွေပေါ်မှာ စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး သတ်မှတ်နှုန်းကျော်မောင်းတဲ့ကားတွေကို လိုက်ဖမ်းနေရတဲ့ အလုပ်တခု ပိုတတ်ကြတယ်။ ဒါတွေထားပါတော့ဗျာ ကျွန်တော်တို့နဲ့
ဘာမှ မဆိုင်ပါဘူး။ ကျွန်တော်တို့လို နိုင်ငံရပ်ခြားတိုင်းတပါးရောက်နေတဲ့ မြန်မာတွေအတွက်တော့ သူများတွေ အိမ်ပြန်တာကို မြင်ရတော့ရင်ထဲမှာတော့ သိပ်မကောင်းဘူးပေါ့ဗျာ။ အလုပ်ပိတ်ရက်တွေမှာ မိုးရွာတဲ့အခါမျိုးဆိုရင် ကျွန်တော့်ရဲ့ အိမ်လွမ်းတဲ့ရောဂါက ပိုထလာတတ်တယ်။ မိုးတွေက အုံ့မှိုင်းနေတုန်းအချိန်မှာ ဝိုင်းဝိုင်းရဲ့ အိမ်လွမ်းသူသီချင်းများကြားလိုက်ရရင် မျက်ရည်ပါ ဝဲလာမိတာ။ တော်ပြီဗျာ သရဲအကြောင်းရေးပါမယ်ဆိုမှ ငိုချင်းချမိတော့မယ်။ ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်မိသားစုနဲ့ ခွဲပြီး တပြည်တရွာမှာ လာနေရတဲ့သူတယောက်ကသူများတွေ သူတို့မိသားစုနဲ့ ပြန်ဆုံကြမယ့် အိမ်ပြန်ခရီးကိုမြင်နေရတော့
စိတ်ထဲမှာ တမျိုးတော့ဖြစ်နေတာ အမှန်ပဲဗျ။ သူတို့ ဒီလောက်ထိ ကြပ်မတ်နေတဲ့ကြားထဲကနေပြီးကို ယာဉ်တိုက်၊ လူသေမှုကလည်း မဖြစ်တဲ့ နှစ်ရယ်လို့ မရှိသလောက်ပဲ။ ဒီမှာက ယာဉ်တိုက်မှုကြီးကြီးမားမားဖြစ်လာရင် သတင်းကိုဖုံးထားလို့ ရမယ်မထင်လေနဲ့။ သတင်းစာထဲ တီဗွီသတင်းထဲမှာ နေ့မကူးခင်ပါလာပြီ။
ပိတ်ရက်တွေကုန်ဆုံးလို့ အလုပ်တွေ ပြန်ဖွင့်ချိန်မှာ ကျွန်တော်တို့ဝပ်ရှော့လည်း ပုံမှန်အတိုင်း ပြန်လည်ပတ်စပြုလာပါပြီ။
မနက်လင်းတာနဲ့ ရေချိုး၊ ထမင်းကြမ်းလေး ကပျာကယာစားပြီးတာနဲ့ ဝပ်ရှော့နာမည်စတစ်ကာပါတဲ့ စက်ပြင်ဝတ်စုံကိုကောက်စွပ်၊
safety shoe လို့ ခေါ်လား safety boot လို့ခေါ်သလား အဲ့ဒီ ဖိနပ်ကြီးစီးပြီးတာနဲ့ အလုပ်ခွင်ကို စဝင်ရတော့တာပဲ။ ဒီဖိနပ်ကလည်း
မစီးချင်လို့ မရဘူး။ တရက်မစီးရင် ဒဏ်ငွေ(၁၀)ရင်းဂစ် မြန်မာငွေနဲ့တွက်လိုက်ရင် (၃၀၀၀) နီးပါး ဆောင်ရမှာ အဲ့ဒါအလုပ်စည်းကမ်းဗျ။ အလုပ်က ပိတ်ရက်မတိုင်ခင်လောက်တော့ မပင်ပမ်းတော့ဘူးပေါ့ဗျာ။ ခပ်ပါးပါးလေးပဲ။ ဆီပျောက်မီးပျောက်ဖြစ်တဲ့ကား တစီးတလေရယ်၊ အလိုင်းမင့်ချိန်မယ့်ကားတချို့နဲ့ ဂီယာဝိုင်လာလဲတဲ့ ကားတွေလောက်ပဲရှိတော့
သက်သာတယ်လို့ ပြောလို့ရတယ်။ မှတ်မှတ်ရရပြောရမယ်ဆိုရင် အဲ့ဒီနေ့က စနေနေ့ဗျ။ ကျွန်တော်တို့သူဌေး ဦးထိပ်ပြောင် မနက်အစောကြီး ဝပ်ရှော့ကိုရောက်လာပြီး ကျွန်တော်တို့အားလုံးကို ရုံးခန်းထဲကို လာခိုင်းတယ်။ သိသိချင်းတော့
တခုခုများ ပြဿနာတက်သလားလို့တောင် စိတ်ပူမိသွားသေးတယ်။ ရုံးခန်းထဲမှာလူစုံတော့မှ ဘိုးတော်က သူတို့တမိသားစုလုံး ပြည်ကြီး(တရုတ်နိုင်ငံ)ကို သုံးပတ်ခရီးသွားဖို့ရှိတယ်ဆိုတာ ပြောတယ်။ ကြားကြားချင်း ပျော်လိုက်တာများ မပြောပါနဲ့တော့။
ပျော်နေတာလေးတောင် မဆုံးသေးဘူး ဘိုးတော်ဆက်ပြောတာက ဒီနေ့ အာမခံရုံးက ကားတစီးလာပို့မယ်တဲ့။ အဲ့ဒီကားကို
ဘော်ဒီထု၊ ဆေးမှုတ်ဖို့ ဘော်ဒီရုံပို့ဖို့ ဒီနေ့ အချိန်မမီရင် တင်္နလာနေ့ ဝပ်ရှော့ပြန်ဖွင့်ရင် သွားပို့လိုက်လို့ ထပ်မှာတယ်။ ကျွန်တော့်အတွေးထဲမှာတော့ ဒါများ အထူးအဆန်းလုပ်ပြီးမှာနေသေးတယ်။ ခါတိုင်းလည်း ဒီလိုပဲလာပို့နေကျဥစ္စာ ဘာဆန်းလဲလို့ တွေးလိုက်မိသေးတယ်။ အဲ့ဒီအတွေးရဲ့ဆန့်ကျင်ဖက်အဖြစ်အပျက်တွေ အဲ့ဒီစနေနေ့ညမှာ ကြုံရတော့မယ်မှန်းကို ကျွန်တော်လည်း ကြိုမှမသိနိုင်ခဲ့ပဲလေ။ လူကြီးတွေရဲ့ထုံးစံအတိုင်း သူမရှိတဲ့အချိန် ကောင်းကောင်းနေကြဖို့ သြဝါဒတွေမိန့်ကြားပြီး နေ့လည်ခင်းမှာ ပြန်သွားရော။
ကျွန်တော်တို့လည်း ကားပြင်စရာမရှိတော့တာနဲ့ သူမှာသွားတဲ့ အာမခံရုံးက လာပို့မယ့်ကားကိုမျှော်နေကြတာ ညနေစောင်းတဲ့အထိ ပေါ်မလာသေးဘူး။ သူဌေးကလည်း သေချာမှာသွားတာဆိုတော့ လာပို့မှာကတော့ သေချာတယ်။
စနေမိုးကလည်း သောက်ကျိုးနည်းအောင် ရွာနေတာများ အိမ်လွမ်းစိတ်ကနေ ဒေါသစိတ်ဘက်ကိုတောင် ပြောင်းချင်လာတယ်။
လေတွေနင်းကန်တိုက်၊ လျှပ်စီးတွေ တဖြတ်ဖြတ်လက်၊ မိုးတွေခြိမ်းနဲ့ အတော့်ကို သဲကြီးမဲကြီးရွာနေတော့တာ။ စိတ်မရှည်တော့တာနဲ့ ကျွန်တော်တို့ဝပ်ရှော့မှာရာထူးအကြီးဆုံးဖြစ်တဲ့ အကျုံးကို အာမခံရုံးကိုဖုန်းဆက်မေးခိုင်းရတော့တာပဲ။
အကျုံးလည်း မနက်ဖန် တနင်္ဂနွေဆိုတော့ သူလည်းကျွန်တော်တို့လိုပဲ အိမ်ကိုစောစောပြန်ချင်နေရှာပုံရတယ်။ ချက်ချင်းကို
ဖုန်းကောက်ဆက်တော့တာ။ ဖုန်းဆက်ပြီးတော့ ကျွန်တော်တို့ကိုပြန်ပြောတာက ကျွန်တော်တို့ဝပ်ရှော့ကို ကားပို့ဖို့ထွက်သွားတဲ့
Tow In ကား(Toyota Town Ace ကားကိုပြောတာမဟုတ်ဘူးနော်။ ပျက်နေလို့ မောင်းမရတော့တဲ့ကားတွေကို ကရိန်းနဲ့ချိတ်ပြီးဆွဲပေးတဲ့ ကားကိုပြောတာ။ ကျွန်တော်တို့မြန်မာပြည်မှာတော့ Break down ကားလို့ခေါ်တယ်ထင်တာပဲ) ညနေ
သုံးနာရီထိုးကတည်းက ထွက်သွားတာ လမ်းမှာဘီးနှစ်ခါပေါက်လို့ကြာနေတာပါလို့ ဟိုဖက်က ပြန်ဖြေတယ်တဲ့။ သူတို့ကားကို
ဖုန်းလှမ်းဆက်မေးတော့ ရောက်ကာနီးနေပြီလို့ ပြောတယ်တဲ့။ ကျွန်တော်တို့ပြောနေတုန်းမှာပဲ ခါတိုင်း ကျွန်တော်တို့ဆီကို
ကားပျက်တွေဆွဲပို့နေကျ Tow in ကားအနီရောင်က ဝပ်ရှော့ရှေ့မှာလာရပ်တယ်။ အဲ့ဒီကားကိုမောင်းတဲ့ ဒရိုင်ဘာနာမည်က
မာလကျင်လို့ခေါ်တယ်ဗျ။ သူက မလေးနိုင်ငံသား တမီလ်ဟိန္ဒူလူမျိုး။ သူကားပေါ်က ဆင်းလာတော့ သူ့တကိုယ်လည်း ရေတွေစိုရွှဲနေတာပဲဗျာ။ သူ့ပုံစံကြည့်ရတာလည်း မျက်နှာမသာမယာနဲ့။ အင်းပေါ့လေ .. လမ်းမှာ မိုးထဲရေထဲ ဘီးနှစ်ခါတောင်ပေါက်လို့ ဘီးဖြုတ်လဲလာရတော့လည်း ဘယ်ကားသမားက စိတ်ကြည်လင်ပါ့မလဲနော့။ သူ့ကိုကြည့်နေရင်းက
သူ့ကားနဲ့ဆွဲလာတဲ့ ကားပျက်ဆီကို ကျွန်တော့်အကြည့်က အမှတ်မထင်ရောက်အသွားမှာ ကျွန်တော့်ပါးစပ်က " ဟာ... " ဆိုတဲ့ အသံအကျယ်ကြီးထွက်သွားတယ်။
ဘီးလေးလုံးတပ်ထားလို့သာ ကားရယ်လို့ ပြောလို့ရတာ။ ကားတစီးလုံး ဘာမှရစရာမကျန်တော့ဘူး။ ကားဘယ်ဘက်ခြမ်းရှေ့တံခါးက အတွင်းထဲကို တမိုက်လောက်ကျွံဝင်နေပြီ။ စပ်စုချင်စိတ်နဲ့ မိုးရေတွေကြားထဲ ကားဆီလျှောက်သွားပြီး ကားညာဘက်ခြမ်းကို ကြည့်လိုက်တော့ နောက်ခန်းတခုလုံး ရှုံ့တွနေတာများ မြင်ရက်စရာမရှိဘူးဗျာ။
ကျွန်တော့်နောက်နားကကပ်လိုက်လာတဲ့ ဘကြီး(ကျွန်တော်တို့က ဦးလှမင်းကို ဘကြီးလို့ပဲခေါ်ကြတယ်) က " ဟေ့ကောင်..
မောင်ဝေ..ကားထဲကိုလာကြည့်ဦး " လို့ခေါ်တာနဲ့ ကျွန်တော်သွားကြည့်မိလိုက်တယ်။ သောက်ကျိုးနည်းဗျာ..ကားထဲမှာ
ခြောက်ကပ်နေတဲ့သွေးစတွေ မနည်းမနောပဲ။ မှန်တွေကွဲနေလို့ မိုးရေမဝင်အောင်ကာထားတဲ့ ပလတ်စတစ်အကြည်တွေကြားကနေ ကားအရှိန်ကြောင့် လေတိုးပြီးဝင်လာတဲ့ရေတွေကြောင့် သွေးစတချို့ ခြောက်နေရာနေ
အစိုဓာတ်ပေါက်လာလို့လားတော့မသိဘူး။ ကျွန်တော့်နှာခေါင်းထဲမှာ သွေးညှီနံ့ရလိုက်သလိုပဲ။ အဲ့ဒီအနံ့ကြောင့်ပဲထင်ပါတယ်။
ကျွန်တော့်စိတ်ထဲမှာ ဝမ်းနည်းသလိုလို ၊ အားငယ်သလိုလိုတောင်ဖြစ်သွားတယ်။ မြင်မကောင်းလောက်အောင် ကားထဲမှာ သွေးတွေပေနေတာများ ကားခေါင်မိုး အတွင်းထဲမှာတောင် သွေးစသွေးနတွေပေနေတဲ့အထိဗျာ။ ကားကြမ်းပြင်ပေါ်မှာလည်း ကလေးကစားစရာအရုပ်လေးတချို့ရယ်၊ မလေးလူမျိုးတွေ ဆောင်းလေ့ဆောင်းထရှိတဲ့ songkok လို့ခေါ်တဲ့ သူတို့ရိုးရာဦးထုပ်လေးတလုံးရယ်၊ ပြီးတော့ မိန်းမစီးဒေါက်မြင့်ဖိနပ်လေးတရံရယ်၊ နောက်ပြီး အလှပြင်ပစ္စည်းနဲ့ စီဒီသီချင်းခွေတွေ သွေးအလိမ်းလိမ်းနဲ့ပြန့်ကြဲနေတာ။ ဒီလောက်အခြေအနေနဲ့ဆိုရင်တော့ အနည်းဆုံးကားမောင်းတဲ့လူကတော့
အသက်မရှင်နိုင်လောက်ဘူး။ ကားလေးကိုလည်း အတော်နှမျောမိတယ်ဗျာ။ ငွေမှင်ရောင် Honda CR-V ၂၀၀၆ မော်ဒယ်လ် ကားဆိုတော့ ကာလပေါက်ဈေးနဲ့တွက်ရင် အတော်လေးတော့ တန်ဖိုးရှိမှာဗျ။ ကားထဲမှာအာရုံရောက်နေမိတဲ့ ကျွန်တော့်စိတ်တွေ
မာလကျင်ရဲ့ အသံဗြဲကြီးကြားတော့မှ သတိပြန်ဝင်လာတယ်။ မာလကျင်အော်ပြောနေတဲ့မလေးစကားကို မြန်မာလိုပြန်ပြောရရင်တော့ .... " အဘားဘား ... ဒီနေ့နော် မာလကျင် အများကြီးကံမကောင်းဘူး။ မိုးမိမှာကြောက်လို့
သုံးနာရီမှာနော် ရုံးကနေ ကားမောင်းလာဒယ်..လမ်းမှာနော် ပူဒူး(Pudu) ရောက်တော့ ဘီးပေါက်ဒယ်..။ ဘီးဖြုတ်လဲနေတုန်းနော်မိုးအားကြီးရွာဒယ်.. လေးနာရီကျော်မှ ဘီးတပ်လို့ပြီးဒယ်..မာလကျင်နော်..ကားဆက်မောင်းလာဒယ်.. Leisure mall(ကျွန်တော်တို့နေတဲ့နားမှာရှိတဲ့ ကုန်တိုက်) ရောက်တော့ ရှေ့ဘီးနော် ထပ်ပေါက်ဒယ်...မာလကျင်နော်..ဘီးမရှိတော့ဘူးနော် ရုံးကိုဖုန်းဆက်ဒယ်နော်
ရုံးကကားနဲ့ ဘီးလာလဲပေးဒယ်နော်...အခုဘီးတပ်ပြီးလို့ မောင်းလာဒယ်နော်..မာလကျင်တကိုယ်လုံး ရေတွေအများကြီး စိုဒယ်နော်.. " { သူပြောတဲ့စကားကို ဘာသာပြန်ရတာ လူတောင် လျှာလိပ်ချင်လာဒယ် :P}
နောက်ထပ်သူဆက်ပြောတဲ့စကားတခွန်းကြောင့် ကျွန်တော့်စိတ်မှာ တမျိုးဖြစ်သွားတယ်။ သူပြောတာက သူမျက်စိမကောင်းတော့ဘူးထင်တယ်တဲ့။ ကားမောင်းလာရင်းနဲ့ ကားနောက်ကြည့်မှန်ကနေ ကြည့်တာ သူဆွဲလာတဲ့ကားမှာ
အရိပ်မည်းမည်းတွေ မြင်ရတယ်တဲ့။ မနက်ဖန် အလုပ်ပိတ်ရင်တော့ သူ့မျက်စိကို ဆရာဝန်နဲ့ပြဖို့ ဆေးခန်းသွားမယ်တဲ့။
ကျွန်တော်စိတ်ထဲထင်နေတာ မဟုတ်ပါစေနဲ့ပဲ ဆုတောင်းလိုက်မိတယ်။ ကျွန်တော်တို့လည်း ဝပ်ရှော့ပိတ်ချိန်နီးနေပြီဆိုတော့
ပစ္စည်းတွေ သိမ်းစရာရှိတာသိမ်းပြီး အဲ့ဒီဟွန်ဒါတိုက်ကားကို ဝပ်ရှော့ထဲသွင်းထားဖို့ လုပ်ရတော့တယ်။ မနက်ဖန်အလုပ်နားရက်ဆိုတော့ဒီညရော၊ နက်ဖန်ညပါ နှစ်ညတိတိ အပြင်မှာထားရင်တော့ အဲ့ဒီကားလည်း နဂိုက ဘာမှမရှိသလောက်ဖြစ်နေရတဲ့အထဲ သူခိုးလက်ချက်နဲ့ သံရည်ကျိုစက်ထဲရောက်သွားနိုင်တယ်ဗျ။ ကားစက်က နှိုးလို့လည်းရမှာ
မဟုတ်တော့ လူအင်အားနဲ့တွန်းပြီး အထဲသွင်းရအောင်လို့ ကျန်တဲ့လူတွေကိုလှမ်းခေါ်ဖို့ ကြည့်လိုက်မိချိန်မှာ ဟိုဖိုးခွားဆိုတဲ့ ချာတိတ်က ကားကိုကြည့်နေတဲ့အကြည့်က တမျိုးကြီးရယ်။ ဒီကောင်လေး ကားကို မမြင်ဘူးတာလည်း မဟုတ်ဘူး။
သူကြည့်နေတဲ့ပုံစံက မသင်္ကာစရာတခုခုတွေ့လို့ကြည့်နေသလိုလို၊ စိတ်ထဲမှာ မကျေနပ်မှုတခုခုရှိလို့ ကြည့်နေတဲ့ အကြည့်မျိုး။
ကားပျက်ကို အားလုံးဝိုင်းတွန်းပြီးတာနဲ့ ဝပ်ရှော့တံခါးတွေပိတ်၊ မီးတွေ ပိတ်ပြီး သေချာအောင်နောက်တခေါက်ထပ်စစ်ပြီးမှ ကျွန်တော်တို့နေတဲ့ အပေါ်ထပ်ကို ပြန်တက်လာကြတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲ့မှာ ...စတွေ့ကြတာ
ကျွန်တော်တို့(၅) ယောက်နေတဲ့အထပ်ကိုရောက်တော့ စနေညတွေရဲ့ပြုမြဲတမ်းထုံးစံအတိုင်း ကိုယ့်ဂျူတီနဲ့ကိုယ် ဟင်းချက်တဲ့လူကချက်၊ အိမ်သန့်ရှင်းရေးလုပ်တဲ့လူက လုပ်နဲ့ဆိုတော့ ကားအကြောင်းကိုလည်း ခေါင်းထဲမထည့်ဖြစ်လိုက်ဘူး။
မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။ အဲ တအောင့်လောက်နေတော့ ကျွန်တော့်အစ်ကို ကိုဖြိုး အပြင်ကိုခဏသွားရဖို့ အကြောင်း
ပေါ်လာတယ်။ ဒီလိုစနေညတွေဆို ကဂျန်း(Kajang)၊ ပူချုန်း(Puchong) နဲ့ ဒမန်ဆာရာ (Damansara) မှာရှိတဲ့ ကျွန်တော်တို့ရဲ့
ဆွေမျိုးတွေ၊ အသိအကျွမ်းတွေ ကျွန်တော်တို့အိမ်မှာညလာအိပ်တတ်တယ်။ ယောက်ျားသားတွေပဲ လာလည်တာဆိုတော့လည်း
အသောက်အစားတော့ မပါပဲနေပါ့မလား။ အိမ်မှာကုန်နေတာကြောင့် စတိုးဆိုင်သွားပြီး ဝယ်ဖို့ သူ့ကို ဘကြီးက ခိုင်းလိုက်တာ။
ကျွန်တော့်အစ်ကိုအောက်ထပ်တံခါးသော့ယူဆင်းသွားပြီး ဘာမှမကြာဘူး ပြန်ရောက်လာတယ်။ ပြီးတော့ ဘကြီးကို " ဘကြီး ဝပ်ရှော့ထဲက ဧည့်သည်ထိုင်တဲ့အခန်းမီးပိတ်ဖို့မေ့ကျန်ခဲ့တာလား?? " ဆိုပြီး မေးနေတဲ့အသံကို ကြားလိုက်ရတယ်။
ကျွန်တော်တို့အလုပ်စဝင်ကတည်းက တံခါးတွေမီးတွေကို ဘကြီးပဲတာဝန်ယူပြီး အဖွင့်အပိတ်လုပ်လာတာ တခါမှ ဒါမျိုး မကြားခဲ့ရတော့ ကျွန်တော်လည်း နည်းနည်းတော့ အံ့သြမိတာအမှန်ပဲဗျ။
ကျွန်တော့်အစ်ကိုပြောတာကို ဘကြီးက သိပ်ပြီးလက်ခံချင်ပုံမပေါ်ဘူး။ ကျွန်တော်လည်း သူတို့အချေအတင်ပြောနေကြတာကို နားထောင်သာ ထောင်နေရတယ်။ ဘကြီးအကြောင်းကိုလည်း ကျွန်တော်ကောင်းကောင်း
သိတယ်။ ဒီလူကြီးလောက် စေ့စပ်သေချာတဲ့လူ ကျွန်တော်တို့ အလုပ်မှာရှိနိုင်ပါဦးမလား။ သေချာစေ့စပ်ပြီး တိကျလွန်းလို့ သော့တွေ၊ ငွေတွေ အကုန်လုံးကို သူဌေးက သူ့ကိုပဲ အပ်ထားတာ။ ပြီးတော့ ဝပ်ရှော့ထဲကနေ အပေါ်ကိုတက်လာကြတုန်းက ဘကြီး လိုက်စစ်နေတာ ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်တယ်ဗျာ။ ဘကြီးလည်း ဇဝေဇဝါဖြစ်ပြီး
ဝပ်ရှော့သော့တွဲကြီးသွားယူပြီး အောက်ထပ်ကိုပြန်ဆင်းသွားလေရဲ့။ သူပြန်တက်လာတော့ ကျွန်တော့်အစ်ကိုကိုခေါ်ပြီး " မောင်ဖြိုး ... ဧည့်သည်ခန်းက မီးရော၊ အဲယားကွန်းပါ ပွင့်နေတာကွ။ ဒီလောက်မိုးအေးနေတဲ့ကြားက ဘယ်သူက အဲယားကွန်းကို ဖွင့်ထားခဲ့တာလဲ မသိဘူးကွ " ဆိုပြီး ပြောနေသံကြားတယ်။ ကျွန်တော်လည်း ဘာမှဝင်မပြောတော့ဘူး။
ကိုယ်လုပ်စရာရှိတာတွေပဲ ဆက်လုပ်နေလိုက်တယ်။ ခဏနေရင် ဧည့်သည်တွေကရောက်တော့မယ်။ သူတို့လာရင် အောက်ဆင်းပြီး တံခါးဖွင့်ပေးရမှာက ကျွန်တော့်အလုပ်။ ဒါနဲ့ ကျွန်တော်လည်း ရေမိုးချိုးပြီးတော့ အောက်ထပ်ကို
ဆင်းလာခဲ့တယ်။ အောက်ထပ်တံခါးနားရောက်ဖို့ လှေကားတဆစ်ချိုးအလိုရောက်တော့ ကျွန်တော့်ခြေလှမ်းတွေ တုံ့ခနဲ ဖြစ်သွားတယ်။ ကျွန်တော့်အနားကနေ တယောက်ယောက်ဖြတ်သွားသလိုမျိုး ကျွန်တော့်မျက်နှာကို လေလာဟပ်သွားတာဗျ။
တသက်နဲ့တကိုယ် တခါမှ အဲ့လိုမျိုး မဖြစ်ဖူးခဲ့ဘူး။ ကျွန်တော်တို့တွေ တခုခုများ ဖြစ်နေကြတာလားလို့တောင် စိတ်ထဲ
တွေးလိုက်မိသေးတယ်။ ကျွန်တော်အောက်ကို ဆက်ဆင်းလာပြီး အောက်ထပ်တံခါးဖွင့်ပြီး ဧည့်သည်တွေကို စောင့်နေတာပေါ့ဗျာ။
လှေခါးအတွင်းဘက်ကနေမစောင့်တော့ဘုး။ အပြင်ဖက်ထွက် မတ်တပ်ရပ်ပြီး ပလက်ဖောင်းပေါ်ကနေ စောင့်နေတာ။ ဝပ်ရှော့တံစက်မြိတ်လေးရှိနေလို့ မိုးတော့ မစိုပါဘူး။ ဒါပေမယ့် တနေကုန်ရွာထားတဲ့ မိုးကြောင့်ထင်ပါတယ်။ လူက ချမ်းစိမ့်စိမ့်နဲ့။
ညကျရင်တော့ ကစ်လို့ကောင်းပြီထင်ပါရဲ့ အဟီး။ ကျွန်တော်တွေးနေတုန်း ကျွန်တော့်ဘောင်းဘီအိပ်ထဲက လှုပ်စိလှုပ်စိဖြစ်လာလို့
လန့်သွားတာပဲ။ နောက်မှ ကျွန်တော့်တယ်လီဖုန်းက silent ဖြစ်နေလို့ တဖက်ကနေ ဖုန်းခေါ်တော့ vibration ဖြစ်နေတာ။
ကျွန်တော်တို့အိမ်ကို ညအိပ်လာလည်တဲ့ ဧည့်သည်တွေဆီကဖုန်းဆက်လာတာဗျ။ သူတို့ ကျွန်တော်တို့လမ်းထိပ်က ကားမှတ်တိုင်ရောက်နေပြီဆိုတာ လှမ်းအကြောင်းကြားတာ။ ကျွန်တော်လည်း သူတို့ကိုစောင့်နေရင်းနဲ့ နားထဲမှာ ကလေးငိုသံတခုကို ပီပီသသကြီး ကြားလိုက်ရတယ်။ ငိုတဲ့အသံကဗျာ ဘယ်လိုပြောရမလဲ။ ကျွန်တော်လည်း ကလေးအဖေ
မဖြစ်သေးတော့ တိတိကျကျတော့ ပြောမတတ်ဘူး။ ဒါပေမယ့် အတင်းကို ဖျစ်ညှစ်ပြီး ငိုနေသလိုအသံမျိုးဗျ။ လသားကလေးလေးတွေ ငိုနေတဲ့အသံမျိုး။
ဘေးပတ်ဝန်းကျင်မှာလည်း လူမှမရှိတာ။ ဘယ်ကလေးက လာငိုမှာတုန်းဗျာ။ ဒါနဲ့ တယောက်ယောက်များ ကလေးတွေဘာတွေလာပစ်သွားသလားဆိုပြီး အသံလာရာကို လေ့လာကြည့်လိုက်တော့ အားပါးပါး.... အသံက ကျွန်တော်တို့
ဝပ်ရှော့ထဲကနေ ထွက်လာဗျ။ ဝပ်ရှော့ထဲမှာ ကလေးနဲ့တူတာဆိုလို့ အရုပ်တောင်မရှိတာကြီး။ ဒါပေမယ့် ကျွန်တော် ကြောက်စိတ်တော့ မဝင်မိသေးဘူး။ ကလေးငိုသံကို ဖုန်းထဲမှာ ringtone လုပ်ထားပြီး ဖုန်းမေ့ကျန်ခဲ့ချိန်မှာ ဖုန်းထလာတာမျိုးလည်း ဖြစ်နိုင်သေးတာပဲလို့ စိတ်ထဲတွေးလိုက်မိတယ်။ ကျွန်တော့်အစ်ကို ငဖြိုးက ခဏခဏ သူ့ဖုန်းတီးလုံးသံကို လက်ကမြင်းပြီးပြောင်းတတ်တဲ့ အကျင့်ရှိတယ်လေ။ ကျွန်တော်တွေးလို့မှ မဆုံးသေးဘူး ။ ကလေးတွေငိုရင် ချော့တဲ့
" ကျွတ်ကျွတ်...ကျွတ်ကျွတ်.. " ဆိုတဲ့ အသံပါ ဝပ်ရှော့ထဲကနေ ထပ်ကြားလိုက်ရတယ်။ စိတ်ထဲမှာ ဒါသမရိုးကျမဟုတ်လောက်တော့ဘူးလို့တော့ ကျွန်တော့်အတွေးထဲဝင်လာပြီ။ အဲ့ဒီအချိန်မှာ " ဟေ့ကောင် မောင်ဝေ "
လို့ ကျွန်တော့်ကို ခေါ်လိုက်တဲ့ အသံကြားလိုက်ရတော့ လူပါ တုန်သွားတယ်ဗျာ အဟုတ်။ အမှန်ကတော့ ကျွန်တော်တို့အိမ်ကို
လာလည်တဲ့ လေးယောက် ခပ်လှမ်းလှမ်းကနေ လှမ်းခေါ်တာဗျ။ ဒီတော့မှပဲ သက်ပြင်းချလိုက်နိုင်တယ်။ ဟိုလေးယောက် ကျွန်တော်ရပ်နေတဲ့နား ရောက်လာတော့ တယောက်က ကျွန်တော့်ကို မေးတယ်။ " ဟေ့ကောင် မင်းနောက်မှာ ရပ်နေတဲ့
မလေးမက ဘယ်ကလဲ။ မင်း မလေးမတွေနဲ့ ဇယားသွားမရှုပ်နဲ့နော်...။ သောက်ပြဿနာ ကြီးကုန်မယ် " တဲ့။
ကျွန်တော်အောက်ဆင်းလာကတည်းက လူဆိုလို့ အနီးအနားမှာ တယောက်မှ မရှိပါဘူးဗျာ။ စိတ်ထဲကတော့ ကျွန်တော်သိနှင့်နေပြီ။ တခုခုတော့ မှားနေပြီဆိုတာကို။ ဟိုလူလေးယောက်လုံးကလည်း တကယ် အတည်ပေါက်နဲ့ ပြောနေတယ်ဗျာ။ ကျွန်တော့်ကို ဝိုင်းကြပ်နေတာ မဟုတ်ဘူး။ တခြားသုံးယောက်ကို မယုံချင်ပေမယ့် သူတို့လေးယောက်ထဲမှာ ကျွန်တော့်အစ်မယောက်ျား ကိုထက်ပိုင်ကိုတော့ ကျွန်တော်လုံးဝယုံတယ်။ ဒီလူက ဘယ်သူ့ကိုမှ
စတတ် နောက်တတ်တဲ့လူမဟုတ်ဘူး။ သူလည်း သူများကို မနောက်ပြောင်တတ်သလို သူ့ကို နောက်ရင်လည်း လုံးဝသည်းခံတဲ့ အစားမဟုတ်ဘူး။ ကျွန်တော်လည်း သူတို့စကားကို သံယောင်လိုက်ပြီး " သြော်... နောက်ဖက်စက်ရုံမှာ အလုပ်လုပ်တဲ့ မလေးမပါ။ မိုးရွာနေလို့ မိုးခိုနေတာ " လို့ လိမ်ပြောလိုက်ပြီး တံခါးဖွင့်ပြီး သူတို့လေးယောက်နဲ့အတူ အိမ်ပေါ်တက်လာခဲ့တော့တာပဲ။
################################################################
အဲ့ဒီည ဘာတွေဆက်ဖြစ်တယ်ဆိုတာ နောက်တပိုင်းကျမှ ဆက်ပြောပြမယ်။ အခုတော့ လက်လည်း ညောင်းနေပြီ။
အလုပ်လည်း သွားရဦးမယ်ဗျာ။ ဒုတိယပိုင်းကို စောင့်ဗျာ။
(အက်ဒမင်-ရွာတော်ရှင်)