(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Ghost Car ( Part - 2)


ကားတစီးပေးတဲ့ ဒုက္ခ (၂)

@@@@@@@@@@@@@@@ ပွဲပျက်လေသော....ည @@@@@@@@@@@@@@@@@ 

ကျွန်တော်နဲ့ ဧည့်သည်လေးယောက် အိမ်ပေါ်ထပ်ကိုရောက်တဲ့အချိန်မှာ ကျွန်တော်တို့အိပ်ခန်းအပြင်မှာရှိတဲ့ ထမင်းစားပွဲမှာ အကုန်အဆင်သင့်ဖြစ်နေပြီ။ ပုလင်းကတော့ မပါလို့ရမလားဗျ။ ဘုန်းကြီးကျောင်းမှာ တရားလာနာကြတဲ့သူတွေမှ မဟုတ်ပဲ။ သိပ်တော့မများပါဘူးရယ်။ အိမ်ရှင်ဖြစ်သူ ကျွန်တော်တို့ဝယ်ထားနှင့်တဲ့ ပုလင်းက တစ်လုံး၊ ဧည့်သည်တွေ ယူလာကြတဲ့ ပုလင်းက နှစ်လုံး ပေါင်းသုံးလုံး။ ဒါတောင် ဘီယာပုလင်းတွေကို ထည့်မတွက်သေးဘူး။ အဲ.. ဝိုင်းကြမယ်ဆိုပြီး လူစုတော့ ဘကြီးက သူဒီနေ့ မသောက်တော့ဘူးဆိုပဲ။ ခါတိုင်း စနေညတွေဆိုရင် ဘကြီးဦးလှမင်းက အရက်ပြင်းကို မသောက်ပေမယ့် အသက်ကြီးလာတော့ အညောင်းအညာပြေပြီး ဝမ်းပျော့အောင်ဆိုပြီး Guinness Stout ပုလင်းကြီး တလုံးတော့ ပုံမှန်မှီဝဲလေ့ရှိတယ်ဗျ။ ဒီနေ့မှ သူကလည်း ဘာစိတ်ကူးပေါက်ပြီး မသောက်တော့တယ်မသိဘူး။ ဘကြီးက အသက်အရမ်းမကြီးသေးပေမယ့် ဘုရားတရားအလုပ်ကိုတော့ ကျွန်တော်တို့လူငယ်တွေနဲ့ယှဉ်လိုက်ရင် အတော့်ကို ဖိဖိစီးစီး လုပ်တဲ့လူဗျ။ ဒီနေ့တောင်မှ မိုးမရွာရင် ချရပ်စ်၊ အလန်ဂျာရာ (Alam Jaya, Cheras) မှာ ရှိတဲ့ သူ့သားဆီ ညသွားအိပ်ပြီး နက်ဖန်ကျရင် အဲ့မှာရှိတဲ့ ဗမာဘုန်းတော်ကြီးကျောင်း ညပိုင်းတရားပွဲမှာတရားနာဖို့ ဟိုမှာညအိပ်ပြီး တနင်္လာမနက်မှ ပြန်လာမှာ။ ဒီနေ့ကျမှ မိုးကလည်းတော်တော်နဲ့ မတိတ်လို့ သူလည်း အိမ်မှာပဲ ဘုရားရှိခိုး၊ ပုတီးစိပ်ပြီး အိပ်ယာစောစောဝင်သွားလေရဲ့။ ဟိုအကောင် ဖိုးခွားကတော့ သူကျွန်တော်တို့ဆီရောက်ကတည်းကစလို့ တခါမှ အရက်လည်းတိုက်လို့မရ၊ ဘီယာလည်း တိုက်မရတဲ့ကောင်မို့ သူ့ကိုကျွန်တော်တို့ ခေါ်လည်း မခေါ်ကြတော့ဘူး။ သူလည်း သူ့ဘာသူတယောက်တည်း ဂစ်တာထိုင်တီးနေတာလေ။ သူပြောဖူးတာတော့ သူအရက်သောက်လို့ မရဘူးတဲ့။ သူ့ကိုယ်မှာထိုးထားတဲ့ ဆေးတွေက သူအရက်သောက်မိရင်လူကို ဒုက္ခပြန်ပေးနိုင်တယ်ဆိုပဲဗျ။ ဘာဆေးတွေထိုးထားတာလဲတော့ ကျွန်တော်လည်း မမေးကြည့်မိဘူး။ ကျွန်တော်တို့ရဲ့ ပရော်ဖက်ဆာဒေါက်တာမသိဘူး မောင်ကံမကတော့ ကိုကြီးကျော်တို့နဲ့ နယ်ချင်းဆက်နေတဲ့ ပခုက္ကူနယ်သားမို့ထင်ပါ့။ လက်ကသွက်မှသွက်။ ကျန်တဲ့နေရာမှာသာ လေးတိလေးကန်နဲ့။ အရက်နဲ့ပတ်သက်လာရင်တော့ သွက်ချက်က လက်ကုန်။အဲ...သောက်ပြီးရင်လည်း ဘယ်တော့မှ သူ့အိပ်ယာသူပြန်အိပ်တတ်တဲ့ အကောင်မဟုတ်ဘူး။ အရက်ဝိုင်းဘေးနားမှာတင် ဒူးပေါ်ပေါင်ပေါ်၊ဟိုလန်ဒီလန်နဲ့ စက်တော်ခေါ်တဲ့ကောင်။ ခုလည်း ပထမဆုံးပုလင်းဖောက်တာနဲ့ သူ့လက်က အရင်ရောက်နှင့်နေပြီ။ကျွန်တော့်အစ်ကို ငဖြိုးလည်း ကံမနဲ့အပြိုင် နင်လားငါလား ကစ်နေတာ။ အဲ့ဒီညက မိုးလည်း အတော်အေးနေလို့ ထင်ပါတယ်။အရက်သောက်ရတာ အတော်မိုက်တယ်။ ဘကြီး ချက်ထားတဲ့ ဝက်သားကိုကြက်သွန်နီတွေနဲ့ အချိုချက်တဲ့ဟင်းရယ်၊ ချဉ်ပေါင်နဲ့ ငါးကို အရည်သောက်ချဉ်ဟင်းချက်ထားတဲ့ဟင်းရယ် ငါးပိရည်တို့စရာရယ်ကလည်း ရှိနေတော့ အရက်သောက်လို့ရေချိန်ကိုက်ကုန်တဲ့လူတွေလည်း ထမင်းစားတဲ့လူက စားပြီးကုန်ပြီ။ ည(၈)နာရီကတည်းက စလိုက်ကြတဲ့ ကျွန်တော်တို့ရဲ့ အရက်ဝိုင်းက ည(၁)နာရီခွဲလောက်ထိ အရှိန်မသတ်နိုင်သေးဘူး။ ခါတိုင်းမိုးမရွာတဲ့ စနေညတွေဆိုရင် ကျွန်တော်တို့ တိုက်ခန်းတွဲရဲ့မျက်နှားချင်ဆိုင်မှာ တရုတ်စားသောက်ဆိုင်တန်းကြီးက ည(အဲလေ) မနက်သုံးနာရီဝန်းကျင်မှ လူကုန်ဆိုင်ပိတ် အိမ်ပြန်ကြတာ။ နောက်နေ့ဆန်းဒေးမှာ အလုပ်ပိတ်တော့ နားနားနေနေ ဘောလုံးပွဲကြည့်ရင်း၊ ဘီယာသောက်၊ စကားပြောတဲ့လူတွေနဲ့ဆိုတော့ ကားတဝီဝီ၊ လူတစီစီရယ်။ အဲ့ဆိုင်ကလည်း ဒီနေ့ကျမှ မိုးကဆက်တိုက်ရွာနေတော့ စောစောသိမ်းသွားတယ်။ ကျွန်တော်တို့လမ်းမှာက အဲ့ဒီဆိုင်ကြီး ရှိနေလို့ လူသွားလူလာရှိတာ။ အဲ့ဆိုင်ပိတ်တဲ့နေ့ဆိုရင် နေ့ခင်းပိုင်းတောင် လူသွားလူလာ၊ ကားသွားကားလာ သိပ်မရှိချင်ဘူးဗျ။ ကျွန်တော်လည်း အရက်လေး တပက်နှစ်ပက်ဝင်လာတော့ ညဦးပိုင်းမှာ ကြုံထားတာတွေကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။ အချိန်ကလည်း နှစ်ချက်တီးကျော်ပြီ။ အရက်ဝိုင်းမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြော၊ သူ့အလုပ် ကိုယ့်အလုပ်အကြောင်းတွေ၊ မြန်မာပြည်အကြောင်းတွေ ဝေဖန်လေကန်လို့ အားရတော့ လူတွေက တီဗွီဘက်ကို အာရုံပြန်လှည့်ကြတယ်။ TV-3 လိုင်းမှာလာနေတဲ့ ဂျက်ကီချန်းကားကလည်း အတော်ကောင်းနေတာကိုး။ ဇာတ်လမ်းနာမည်တော့ မမှတ်မိတော့ဘူး။ ဟိုလေဗျာ ဂျက်ကီချန်း ဟောင်ကောင်မှာ ကားဝပ်ရှော့ဖွင့်ရင်းနဲ့ ပြိုင်ကားမောင်းတဲ့ ဖိုက်တင်ကားဗျ။ ဇာတ်လမ်းထဲမျောနေရင်းနဲ့ ဂျက်ကီချန်းနေတဲ့ ကွန်တိန်နာကြီးကို လူဆိုးတွေကရိန်းနဲ့ ဆွဲမြှောက်တဲ့ အခန်းရောက်တဲ့အချိန်မှာ ကျွန်တော့်ယောက်ဖကိုထက်ပိုင်က အခန်းတံခါးဝကို မကြာမကြာ လှမ်းလှမ်းပြီး ကြည့်နေတာကို ကျွန်တော်သတိထားမိလိုက်တယ်။ ဟိုကောင်ဖိုးခွားလည်း ရုတ်တရက် သူထိုင်နေတဲ့နေရာကနေ ထလာပြီး " တောက် " ဆိုပြီး တက်ခေါက်လိုက်တယ်။ တော်တော်အသံကျယ်တယ်ဗျ။ ကျွန်တော့်စိတ်ထဲမှာတော့ ကိုထက်ပိုင်နဲ့ ဖိုးခွား တခုခု ငြိကြတော့မလားဆိုပြီး ထင်မိတာ။ ဒါပေမယ့်ဗျာ သူ့အကန့်နဲ့ ကိုထက်ပိုင်အကန့်နဲ့က တလိုင်းစီ ။ ဘာမှ ဆိုင်တာမှမဟုတ်ပဲ။ ကျွန်တော်အူလည်လည်ဖြစ်နေတုန်း ကိုထက်ပိုင်က ကျွန်တော့်ကို " မောင်ဝေ...မင်းတို့အလုပ်ထဲမှာ တခြားဘယ်သူနေသေးလဲ ??? " လို့ မေးရော။ ကျွန်တော်လည်း နည်းနည်းတော့ သဘောပေါက်သွားပြီ။ ပြဿနာတော့ လာပြန်ပြီဟ လို့ပဲ စိတ်ထဲတွေးလိုက်မိတယ်။ ကိုထက်ပိုင်အမေးကို ကျွန်တော်ချက်ချင်း ပြန်မဖြေပဲနဲ့ " ဘာလို့လဲ အစ်ကို " ဆိုပြီး သူ့ကိုပြန်မေးတော့ .... " ငါပဲမူးနေလို့လား မသိပါဘူးကွာ။ မင်းတို့ အရှေ့မှန်တံခါးမှာ ရပ်ပြီး ငါတို့ဘက်ကို လူတယောက်ခဏခဏ လာကြည့်နေတယ်ဟ " လို့ ပြန်ဖြေရော။ သူ့စကားကြားမှ ကျွန်တော့်မှာ မူးနေတဲ့အရှိန်လေး ဘယ်ပျောက်လို့ ဘယ်ရောက်သွားမှန်းကို မသိတော့ဘူး။ ကျွန်တော့်အကို ငဖြိုးကလည်း မပြောမဆိုနဲ့ တီဗွီရီမုကိုကောက်ကိုင်ပြီး တီဗွီအသံကို တိုးလိုက်တယ်။ ပြီးတော့ သူ့လက်ညှိုးကို ပါးစပ်ရှေ့မှာထောင်ပြပြီး တိုးတိုးနေဆိုတဲ့ သင်္ကေတလုပ်ပြတယ်။ အဲ့ဒါကို ကိုထက်ပိုင်နဲ့တူတူ အလုပ်လုပ်တဲ့ ကျော်လင်းဟန်ဆိုတဲ့ ငနဲက ဘာထင်တယ်မသိပါဘူး။ လျှာလေးအာလေးနဲ့ အကိုဖြိုး ရှူရှူပေါက်ချင်နေရင်လည်း သွားပေါက်လေ။ ခွင့်တောင်းစရာမလိုပါဘူး .ဆိုပြီး နောက်ရော။ အဲ့ကောင်အကျင့်က မူးလာရင် ဟိုလူ့ကိုစ ဒီလူ့ကိုစ အရမ်းဝါသနာပါတာ။ ငဖြိုးက ကျော်လင်းဟန်ကို " ဟေ့ကောင် တိတ်တိတ်နေ။ မင်းအသံမကြားဘူးလား။ သေချာနားထောင်ကြည့် " ဆိုပြီးပြောတော့မှ ကျွန်တော်တို့ တဝိုင်းလုံး ဘာသံမှ မထွက်လာတော့ပဲ တိတ်သွားတော့တယ်။ ငဖြိုးတယောက်တည်း မူးနေလို့ကြားတယ်ဆိုလည်း ထားတော့။ ခုက အကုန်လုံးကြားတယ်ဆိုတော့ အကုန်လုံးမူးနေလို့လား။ ဒါလည်း မဟုတ်သေးပါဘူး။ ဟိုကောင်ဖိုးခွားက မသောက်မှ မသောက်ထားတာ။ ဒါပေမယ့် အဲ့ဒီခြေသံကို သူလည်းကြားတယ်တဲ့။ ကျွန်တော်လည်း ကြားတယ်။ ကိုထက်ပိုင်လည်း ကြားတယ်။ ကျန်တဲ့လူတွေလည်း အကုန်ကြားတယ်။ မကြားတာဆိုလို့ ကံမတယောက်တည်း ရှိမှာ။ သူက အရက်ဝိုင်းမှာ မှောက်နေပြီလေ။ ခြေသံက ကျွန်တော်တို့တိုက်အောက်ထပ် လှေခါးကနေ အပေါ်ကို တလှမ်းချင်းလာနေတဲ့ အသံ။ တဒေါက်ဒေါက်နဲ့ ကြားနေရတဲ့အသံက ရေကျသံမဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်ကျိန်ပြောရဲတယ်။ ကျွန်တော်တို့ကြားနေရတဲ့အသံက တဖြည်းဖြည်းနဲ့ ပိုနီးလာသလိုမျိုး ပီပီသသကြားလာရတယ်။ အသံက ကျွန်တော်တို့ အခန်းတံခါးဝမှာ ပျောက်သွားတယ်ဗျ။ လူက ညနေကတည်းက စိတ်ကစနိုးစနောင့်ဖြစ်နေရတဲ့ကြားထဲ ခုလို မူးနေတဲ့အချိန်မှာ အာရုံလာနောက်နေတော့ အတော်လေး ကြောက်စိတ်တွေပျောက်ပြီး ဒေါသစိတ်ဖက်ကို ရောက်လာပြီ။ ပြီးတော့ ကိုယ်တယောက်တည်းမဟုတ်ပဲ အဖော်အပေါင်းနဲ့ဆိုတော့ ပိုဆိုးတယ်။ ကျွန်တော်တို့လူစုရဲ့ မျက်လုံးအကြည့်တွေက တံခါးမှာပဲ ရောက်နေကြတာ။ သရဲဆိုလည်း ဟုတ်သော်ရှိမဟုတ်သော်ရှိ ဝိုင်းဗျင်းမှာ။ သရဲမဟုတ်ပဲ သူခိုးဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ လူကတော်တော်တင်းလာပြီ။ သောက်ကောင်းခြင်းမသောက်ရ။ တော်ကီပစ်ကောင်းခြင်း မပစ်ရနဲ့ တော်တော်အလုပ်လာရှုပ်နေတာ။ အခန်းတံခါးက သစ်သားမှာ မှန်တပ်ထားတဲ့ တံခါးဗျ။ တံခါးရှေ့မှာလည်း သံပန်းတံခါး တထပ်ခံထားသေးတယ်။ လှေကားမှာ မီးထွန်းထားတော့ လှေကားမီးရောင်ကြောင့် တံခါးနားတယောက်ယောက်ရှိနေရင် အရိပ်ထင်နေမှာတော့ သေချာပေါက်ပေါ့။ ကျွန်တော်တို့ တံခါးဆီအာရုံစိုက်နေတုန်းမှာပဲ မှန်တံခါးမှာ မိန်းမအရိပ်တခုတွေ့လိုက်ရတယ်။ ကျွန်တော်တို့လူအုပ်ထဲကနေ အရင်ဆုံး ဝုန်းကနဲထပြီး နံရံမှာထောင်ထားတဲ့ တံမြက်စည်းကို ပြေးယူတာက ဖိုးခွား။ သူ့နောက်ကကပ်လျက် ပြေးလိုက်သွားတာက ကျွန်တော့်အစ်ကို၊ ကျွန်တော့်အကိုနောက်ကနေ ကိုထက်ပိုင်နဲ့ ကျော်လင်းဟန်ကတတွဲ၊ ပြီးတော့မှ နောက်ထပ် ဦးလှမင်းရဲ့ အမျိုး ညီညီ၊ အဲ့ဒီနောက်ကမှ ကျွန်တော်။ ကျွန်တော်က နောက်ဆုံးပိတ် အဟီး။ ထွက်ပြေးတာမဟုတ်ဘူးနော်။ အဲ့ဒီအရိပ်မြင်လိုက်ရတဲ့ တံခါးကိုဖွင့်ပြီး လှေကားအတိုင်း အောက်ထပ်ကို ဆင်းလိုက်ကြတာ။ကံမနဲ့ နောက်တကောင်ကတော့ အရက်တန်ခိုးနဲ့ လောကကြီးကို ဥပေက္ခာပြုနေလိုက်တာ နောက်နေ့မနက်လင်းမှ ကျွန်တော်တို့တွေ ဘာဖြစ်မှန်းသိကြတယ်။ လူတွေတအုပ်တမကြီးနဲ့ ဘာမှန်းညာမှန်းကွဲကွဲပြားပြားမသိတာကြီးတခုနောက်ကို ပြုံလိုက်ရတာ ကျွန်တော့်စိတ်ထဲမှာ နည်းနည်းတောင် ပျော်လာသလိုလိုပဲ။ ပျော်ချင်လာတဲ့ အပျော်လေးတွေက ခဏနေတော့ ပျောက်သွားပါလေရော။ ဘာကြောင့်လို့ထင်လဲ။ ကျွန်တော်တို့လူစု လှေကားကဆင်းလာကြတာ အောက်ထပ်တံခါးနားကိုရောက်ဖို့ လှေကားနှစ်ဆစ်ချိုး ကျန်နေသေးတယ်။ ပထမတဆစ်ချိုး ကွေ့နေရာမှာဝပ်ရှော့ထဲကိုဆင်းတဲ့တံခါးပေါက်ရှိတယ်။ သစ်သားတံခါးနော်။ အလုပ်ဆင်းအလုပ်ပြန်ချိန်ကလွဲလို့ တခြားဘယ်အချိန်ဖြစ်ဖြစ် အမြဲတမ်း lock ချပြီးပိတ်ထားတဲ့တံခါး။ မလေးစကားနဲ့ baju kurung လို့ခေါ်တဲ့ မလေးရိုးရာအမျိုးသမီးဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတယောက် အဲ့ဒီတံခါးထဲကို တိုးဝင်သွားတယ်။ ကျွန်တော်တယောက်တည်း မြင်တာမဟုတ်ဘူး။ ကျွန်တော်ရှေ့ကနေ အရင်ဆင်းလာတဲ့ လေးယောက်လည်း မြင်တယ်။ အကုန်လုံး ကြောင်တောင်တောင်မျက်နှာပေးတွေနဲ့ တံခါးကို ငေးကြည့်နေကြတာ။ ငေါင်တောင်တောင်နဲ့ တံခါးကိုရပ်ကြည့်နေတာ တော်တော်လေးကြာသွားမှ ရှေ့ဆုံးမှာရောက်နေတဲ့ ဖိုးခွားက ကျွန်တော့်အစ်ကိုကို "ယောက်ဖ...ငါ...သော့သွားယူမယ်။ အောက်ထပ်ဆင်းကြည့်မယ်ကွ " ဆိုပြီး ပြောရော။ သူ့စကားလည်းဆုံးရော ကျွန်တော့်နောက်ကနေ " ငါ ဒီမှာယူလာပြီ " ဆိုတဲ့ အသံကြီး ကြားလိုက်ရတာ လန့်သွားတာပဲဗျာ။ ကပျာကယာနောက်လှည့်ကြည့်တော့မှ ဘကြီးဦးလှမင်း ဘယ်အချိန်တုန်းကတည်းက ရောက်နေမှန်းတောင် မသိပါဘူး။ အသံမပေး ဘာမပေးနဲ့ဗျာ။ " မင်းတို့ကောင်တွေ ဝုန်းဒိုင်းကြဲပြီးအောက်ဆင်းသွားကြလို့ ဘာဖြစ်တာလဲဆိုပြီး ငါလိုက်လာတာ " တဲ့။ ပြီးတော့ ဆက်ပြောသေးတယ်။ လူငယ်တွေမို့လို့ အလုပ်နားချိန်မှာ အရက်သောက်တာကို ငါဘာမှ မပြောဘူး။ အခုလို ဆူဆူညံညံတော့ မလုပ်ကြနဲ့။ ကိုယ့်တိုင်းကိုယ့်ပြည်မဟုတ်ဘူး တဲ့။ ကျွန်တော့်အကိုက ဝင်ပြောပါလေရော... ဘကြီး ကျွန်တော်တို့ သောက်တာတော့ ဟုတ်တယ်။ ဒီမှာ ဖိုးခွား တခွက်မပြောနဲ့ ။ တစက်တောင်မှ အရက်မသောက်တဲ့ကောင်။ ဘာတွေဖြစ်နေတယ်ဆိုတာ သူ့ကိုမေးကြည့် ဆိုပြီးတော့။ ဒီတော့မှ တေမိဖိုးခွားက ဘကြီး .. အပေါ်မှာ ငါတို့ရှိနေတုန်း ကောင်မတကောင်ငါတို့နားကို လာကြည့်တယ်။ ညနေတုန်းက ဆွဲလာတဲ့ ကားနဲ့ လိုက်လာတဲ့ ကောင်မလေ ဆိုပြီး လှမ်းပြောတော့တာပဲ။ ဘကြီးလည်း သူပြောတော့မှ အတော်လေးနားရှုပ်သွားတယ်ထင်ပါတယ်။ ဟမ် ... ဘယ်ကကောင်မကို မင်းတို့ ခေါ်လာကြတာလဲ။ ဟေ့ကောင်တွေ မင်းတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ အေကိုက်သေကုန်မယ်နော် တဲ့။ သူပြောမှပဲ လူက သေချင်စိတ်ပေါက်လာတယ်။ ဖိုးခွားပြောတာကို ဘကြီးနားမရှင်းတော့ ကျွန်တော်တို့တွေ အရက်သောက်ပြီးတော့ ပေါက်ကရလုပ်ရအောင်လို့ မကောင်းတာလုပ်စားတဲ့ ဟိုကောင်မလေးအိမ်ပေါ်ခေါ်ထားတယ် ထင်သွားတာနေမှာပေါ့။ ဒီတော့မှ ဖိုးခွားကဆက်ပြောတယ်။ ဘကြီး ငါတို့--ာသည်မလည်း မခေါ်ဘူး။ အခုရောက်လာတာလည်း လူမဟုတ်ဘူး ဆိုတော့မှ ဘကြီးက မင်းတို့ မျက်စိမှားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒီမှာငါတို့နေလာတာ နှစ်နဲ့ချီနေပြီ။ ဘာဖြစ်ဘူးလို့လဲ။ ဘာတွေ့ဘူးကြလို့လဲ ဆိုပြီး ပြန်ပြောတယ်ဗျ။ သူပြောတာလည်း မမှားတော့မမှားပါဘူး။ ကျွန်တော်တို့ ဒီတိုက်မှာနေတာ သုံးနှစ်တောင်ကျော်ခဲ့ပြီ။ ဘယ်တုန်းကမှ အဲ့လိုကိစ္စမျိုးဖြစ်ခဲ့တာမှ မဟုတ်ပဲ။ ဒီတော့မှ ဖိုးခွားလည်း အသေအချာဝင်ပြောတော့တယ်။ ဘကြီး ငါလည်း နင့်ကိုညာမပြောဘူး။ ကိုဖြိုးတွေ့တယ်ပြောလည်း ငါယုံချင်မှ ယုံမယ်။ ဘကြီးတွေ့တယ်ပြောလည်း ငါယုံချင်မှ ယုံမယ်။ ငါ့မျက်စိနဲ့တွေ့မှ ငါသေချာယုံတယ်။ ငါထိုးထားတဲ့ဆေးမှာ သရဲရှိရင် မြင်ရတဲ့ဆေးရှိတယ်။ ငါ ငယ်ငယ်တုန်းက မယ်ပ(ယိုးဒယားနိုင်ငံနဲ့ မြန်မာနယ်စပ်နားက မြို့လေး၊ မဲဆောက်နဲ့ နီးတယ်)မှာ ငါတို့ ဖထီး ထိုးပေးခဲ့တဲ့ဆေး..။ ညနေဟိုကားစုတ် လာပို့ကတည်းက ကားပေါ်မှာ ကလေးတယောက်ရယ်၊ ကောင်မတယောက်ရယ်၊ အဖိုးကြီးတယောက်ရယ် ပါလာတာ ငါမြင်နေရတယ်။ ငါပြောတာ နင်မယုံရင် ဝပ်ရှော့ထဲဆင်းကြည့်ကြမယ် ... ဆိုပြီး ပြောရောဗျို့။ ဘကြီးကလည်း " အေး ဟုတ်ရင်ဟုတ်ပေါ့ကွာ မဟုတ်ရင်တော့ မင်းတို့ကို နက်ဖန် ငါထမင်းမချက်ကျွေးပဲ အငတ်ထားမှာနော် " ဆိုပြီး ဖြဲခြောက်တယ်။ အိမ်မှာ သူက အိုးသူကြီးဆိုတော့ သူချက်ကျွေးတာကိုပဲ ကျွန်တော်တို့စားတတ်တာ။ ကိုယ့်ဘာသာကိုယ်ဆိုရင် ကြက်ဥတောင် တည့်တည့်မပြုတ်တတ်ဘူး။ ကျွန်တော့်အစ်ကိုကလည်း ဘကြီး သော့ပေး၊ ကျွန်တော်တို့ ဆင်းကြည့်မယ် ဆိုပြီး ဘကြီးလက်ထဲက သော့တွဲကြီး သွားယူ တံခါးဖွင့်ပြီး ဝပ်ရှော့ထဲဆင်းလာကြရော။ ဒီလိုနဲ့ ကျွန်တော်တို့လူတသိုက်ဝပ်ရှော့ထဲရောက်လာရောဆိုပါတော့။ ဝပ်ရှော့ထဲမှာတော့ ခါတိုင်း ညလုံးပေါက် ထွန်းထားနေကျ နှစ်ပေမီးချောင်းတချောင်းရဲ့ အလင်းရောင်ကြောင့် အရမ်းတော့ မမှောင်နေပါဘူး။ ဝပ်ရှော့ထဲက နေရာတိုင်းနီးပါး ကို ကောင်းကောင်းမြင်နေရတယ်။ ဝပ်ရှော့ထဲမှာ ဘာခြေရာလက်ရာမှပျက်နေတာမရှိပဲ ညနေ ကျွန်တော်တို့ ကားသွင်းပြီး အပေါ်ပြန်တက်လာတုန်းက အတိုင်းပဲ။ ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေရင်းကြတုန်းမှာ ဘကြီးက မင်းတို့ကောင်တွေကွာ လူကြီးကို အိပ်ပျက်အောင် တော်တော်လုပ်တာပဲ....သောက်စရာရှိရင် အေးဆေးသောက်။ မူးလာရင်လည်း ကိုယ့်ဘာသာအေးဆေးနေကြ။ ဘယ်မလဲ မင်းတို့ပြောတဲ့ သရဲထီး၊ သရဲမ ဆိုပြီး ကျွန်တော်တို့ကို စိတ်မကြည်တဲ့ လေသံနဲ့ ပြောရော။ သူပြောလို့တောင်မဆုံးသေးဘူး။ ဟွန်ဒါကားစုတ်နားမှာရှိတဲ့ ကျွန်တော်တို့ အလုပ်အားရင် ထိုင်နေကျ ပလတ်စတစ်ခုံက ဂလောက် ဆိုတဲ့ အသံနဲ့ ကြမ်းပေါ်ကို လဲကျရော။ ကျွန်တော်ကတော့ အခြေအနေမဟန်တော့ဘူးဆိုတာ စိတ်ထဲမှာ သိနှင့်နေပြီ။ ရှေ့ကိုဆက်တိုးမယ့်အစား ကျွန်တော့်ခြေထောက်တွေက မသိမသာနဲ့ အပေါ်ထပ်ကိုပြန်တက်မယ့် တံခါးနားကို သွားထားနှင့်လိုက်တယ်။ တယောက်တည်းလည်း အပေါ်ထပ်ကို ပြန်မတက်သွားရဲတော့ဘူး။ ကိုယ်တယောက်တည်း ပြန်တက်သွားကာမှ လမ်းမှာတည့်တည့်တိုးနေရင် ကျွန်တော်ပါရောပြီး သရဲဘဝရောက်သွားနိုင်တယ်။ ထိုင်ခုံလဲကျတာကိုလည်းမြင်ရော ဘကြီးဦးလှမင်းကို ဖိုးခွားက ဘယ်လိုလဲဆိုတဲ့ ပုံစံမျိုးနဲ့ လှမ်းကြည့်တော့ ဘကြီးက ကြွက်တိုးလို့ ထိုင်ခုံလဲကျတာ ဖြစ်မှာပေါ့ကွာ၊ ယောက်ျားတွေဖြစ်နေပြီး မင်းတို့ကလည်း တောတွေးတောင်တွေးတွေ လျှောက်တွေးနေကြတယ် ဆိုပြီး ထပ်ပြောရော။ ကျောမှီပလပ်စတစ်ခုံတခုလုံးလဲအောင် တိုက်ချသွားနိုင်တဲ့ ကြွက်သာရှိရင် ဂရင်းနစ်မှတ်တမ်းတောင် ဝင်ကုန်မှာပေါ့။ ဘကြီး ကျွန်တော်တို့တွေ ကြောက်မှာစိုးလို့ ပြောတယ်ဆိုတာတော့ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ယုတ္တိမတန်တဲ့ စကားကိုတော့ ကျွန်တော်လည်း ဘယ်လက်ခံချင်ပါ့မလဲ။ ဘကြီးက ဆက်ပြီးတော့ လာပါကွာ ပြန်အိပ်ကြမယ်။ အချိန်လည်း အတော်လင့်နေပြီ။ မနက်ကို ငါလည်း ငါ့သားဆီသွားရဦးမယ်။ ဘာမှအရေးမဟုတ်တာကို အရေးစိုက်မနေကြနဲ့။ အိပ်ရေးပျက်တယ်ကွ လို့ ပြောပြီး ထပ်ပြောတယ်။ ကျွန်တော်တို့လူငယ်တွေအကုန်လုံး လက်ဆုပ်လက်ကိုင် မပြနိုင်သည့်တိုင်အောင် မျက်မြင်ကိုယ်တွေ့ ကြုံထားကြပြီးသားဆိုတော့ ဘကြီးစကားကိုသိပ်တော့ဘဝင်မကျတာ အမှန်ပဲ။ ဒါပေမယ့် သူ့ကိုလည်း လွန်ဆန်လို့ကမရပြန်ဘူး။ သူက ကျွန်တော်တို့အားလုံးထဲမှာ အသက်အကြီးဆုံးကလည်းဖြစ်နေပြန်၊ ကျွန်တော်တို့အလုပ်မှာလည်း အုပ်ချုပ်သူဖြစ်နေပြန်တော့ သူ့စကားကို နားထောင်ရုံကလွဲလို့ ဘာတတ်နိုင်ဦးမှာလဲ။ အားလုံးသူ့စကားအတိုင်း ပြန်တက်ဖို့ပဲ စဉ်းစားရတော့တာပဲ။ ပြန်တက်ခါနီးကျမှ ညီညီက ခဏလေးစောင့်ကြဦးဗျာ၊ ကျွန်တော်အပေါ့သွားချင်လို့ အိမ်သာခဏဝင်လိုက်ဦးမယ်..ဟေ့လူတွေ မတက်သွားကြနဲ့ဦးနော် တဲ့။ ငဖြိုးလည်း စိတ်မကြည်လို့ထင်ပါတယ်။ ခါတိုင်း ညီညီနဲ့ဆို အမြဲလိုလို စကားပြောအဆင်ချောပေမယ့် ခုကျမှေ--ာက်ရေးထဲမှ မင်းကတမျိုးကွာ မြန်မြန်လုပ် ဆိုပြီး ခပ်ငေါက်ငေါက် လှမ်းပြောတယ်။ ညီညီခမျာလည်း အေးပါဟ ဆိုပြီး ကပျာကယာ အိမ်သာထဲဝင်ပြေးသွားရော။ သူ့ကိုစောင့်နေကြရင်းနဲ့ ဟိုဟိုဒီဒီကိုလည်း မျက်လုံးက အငြိမ်မနေပဲ လိုက်ကြည့်နေရသေးတယ်။ တနေရာရာကနေ ပုံဆိုးပန်းဆိုးကြီးနဲ့များထွက်ချလာလေမလားလို့ စိတ်ထဲတွေးပြီး ပြေးပေါက်ကြိုရှာထားတာ။ ခဏနေတော့ အိမ်သာထဲက ရေလောင်းသံကြားရပြီး ဟိုကောင်ပြန်ထွက်လာတယ်။ အပြင်က ဘေစင်မှာ လက်ဆေးနေရင်းက ကျွန်တော်တို့ဘက်ကိုလှမ်းကြည့်ပြီး အပေါ်ရောက်ရင် လက်ကျန်လေး ဖြတ်လိုက်ကြရအောင်ဗျာ.. နော်.. လို့ လှမ်းပြောသေးတယ်။ ပြောနေရင်းနဲ့ ဘေစင်က ရေဘုံဘိုင်ခေါင်းကို လှည့်ပိတ်ရင်းနဲ့ အဲ့ကောင် မှန်ထဲကိုလည်း ကြည့်ပြီးရော " အမေကြီးရေ... " ဆိုပြီး အသံဗြဲကြီးနဲ့ အော်ပြီး ပြေးထွက်လာတာ။ ကျွန်တော်တို့ သူ့ကို ဘာဖြစ်တာလည်းတောင် မေးချိန်မရလိုက်ပါဘူး။ လမ်းမှာ ကန့်လန့်ခံနေတဲ့ လူတွေကိုလည်း မရှောင်တော့ပဲ ဖြတ်တိုက်ချပြီး ကျွန်တော်တို့ လာခဲ့တဲ့လမ်းအတိုင်း အပေါ်ကို တန်းနေအောင်ထွက်ပြေးရော။ သူတိုက်ချခဲ့လို့ အင်ဂျင်ဝိုင်အဟောင်းတွေထည့်ထားတဲ့ ပလတ်စတစ်ခွက်လည်း မှောက်ကျ၊ ကြမ်းပေါ်ချထားတဲ့ တူးဘောက် (Tool Box) တွေလည်း ဖရိုဖရဲတွေဖြစ်ကုန်ရော။ နဂိုကမှ လူကကြောက်ချင်ချင်ဖြစ်ရတဲ့အထဲ သူက အဲ့လိုကြီး တက်ပြေးတော့ ကျန်တဲ့လူတွေလည်း သူ့နောက်ကို ပြေးလိုက်ကြတော့တာပဲ။ သူဘာဖြစ်တာလည်းကိုလည်း သိချင်။ ဝပ်ရှော့ထဲမှာလည်း ဘယ်သူဆက်နေရဲဦးမှာလဲဗျာ။ ကျွန်တော်တို့အားလုံးအပေါ်ပြန်ရောက်တော့ ဟိုကောင် ညီညီ ကြောင်စီစီနဲ့ အခန်းထဲက ဘကြီးကုတင်ပေါ်မှာ ငုတ်တုတ်လေးရယ်။ ဘာဖြစ်တာလဲ မေးတော့ ချက်ချင်း ပြန်မပြောနိုင်သေးဘူး။ ရေ.. ရေ ဆိုပြီး ပြောနေလို့ ဘကြီးဦးလှမင်း ဘုရားကျောင်းဆောင်ပေါ်က ပရိတ်ရေပုလင်းကို သွားယူပြီး သူ့ကိုတိုက်လိုက်တော့မှ တငုံနှစ်ငုံလောက် တဂွပ်ဂွပ်နဲ့ သောက်ချလိုက်ပြီး ဟင်း ဆိုပြီး သက်ပြင်းချတယ်။ ပြီးတော့ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်လိုက်သေးတယ်။ ပြီးမှ အထစ်ထစ်အငေါ့ငေါ့နဲ့ ကျ..ကျနော် စကားလှမ်းပြောရင်း .....ဘေစင်ကမှန်... မှန်.. မှန်ကိုကြည့်လိုက်မိတာ...မှန်ထဲမှာ မှန်ထဲမှာ ဆိုပြီး စကားရပ်သွားတယ်။ စိတ်မရှည်တတ်တဲ့ ကျွန်တော့်အစ်ကိုက မှန်ထဲမှာ မင်းညီမ မိလဲ့ ကိုယ်တုံးလုံးကြီးနဲ့ lotion လိမ်းနေလို့လား လို့ မေးရော။ခါတိုင်းအချိန် အဲ့လိုသွားပြောမိရင် ရန်ပွဲဖြစ်မှာ ကျိန်းသေပေါက်ပဲ။ ညီညီက သူ့နှမကိုထိရင် နည်းနည်းလေးတောင် သည်းခံတတ်တဲ့အစားမဟုတ်ဘူး။ ခုတော့ စိတ်ဆိုးဖို့ နေနေသာသာ။ မ..မဟုတ်ဘူး ကိုဖြိုး ။ မှန် .. မှန်ထဲမှာ ကျွန်တော့်နောက်မှာ ကျွန်တော့်ကို ကျောပေးပြီး မလေးး မလေး မ တယောက် ရပ်နေတာ...။ ညနေ ကျွန်တော်တို့ လာတုန်းက အောက်မှာ ကိုဝေနဲ့ အတူတူတွေ့ခဲ့တဲ့ ကောင်မ... ဆိုပြီး ဆက်ပြောတယ်။ ပြီးလည်းပြီးရော ကျွန်တော်ဒီမှာ ဆက်မနေတော့ဘူး။ ပြန်မယ်။ ကျွန်တော့်ကို ပြန်လိုက်ပို့ပေး ဆိုပြီး ဖြစ်ပါလေရော။ ဘယ်လိုလုပ် သူ့ကို ပြန်လိုက်ပို့လို့ရမလဲဗျာ။ အချိန်ကိုလည်း ကြည့်ဦး။ အခုမှ မနက်သုံးနာရီ။ ဒီအချိန် ဘယ်လိုင်းကား၊ ဘယ်တက္ကစီရှိမှာမို့လို့လဲ။ ဟိုကောင်ကလည်း ချော့မရ၊ ဟောက်မရ ပြန်ပို့ပေးကလွဲရင် ဘယ်လိုမှ ညှိလို့မရတော့ဘူး။ ငိုပါငိုနေတာ။ နောက်တော့ ဘကြီးလည်း ဟေ့ကောင် ပြန်ရမယ် ခဏစောင့်၊ ပြန်ချင်ရင် ဒါကုန်အောင်သောက် ရော့.. ဆိုပြီး ကျွန်တော်တို့ သောက်ရင်း ကျန်နေတဲ့ အရက်ပုလင်းထဲက အရက်တွေကို ကိုင်းခွက်နဲ့အပြည့်ထည့်တိုက်ပါလေရော။ ဒါတော့ အဲ့ဒီနွားက မငြင်းရှာဘူး။ ရန်ကုန်သားများ အတော်အကောင်းကြိုက်တာ။ ပရိတ်ရေကျတော့ ကုန်အောင်မသောက်နိုင်ဘူး။ အရက်ကျတော့ သောက်လိုက်တာများ တစက်တောင် မကျန်အောင် သောက်ပစ်တယ်။ ညီညီ အရက်ဝင်သွားပြီး တအောင့်လောက်နေတော့ ဘကြီးက မင်းတို့လည်းအိပ်ကြတော့။ ဆက်သောက်မနေနဲ့တော့။ မနက်ကျရင် ငါ ချရပ်စ်သွားရင်အကုန်လိုက်ခဲ့။ ဟိုမှာ ညအိပ်မယ်။ တနင်္လာနေ့မနက်မှပဲ တက္ကစီငှားပြီး အလုပ်တန်းလာလိုက်မယ်။ အကုန်လုံး အခန်းထဲမှာပဲ အိပ်။ အပြင်မှာ မအိပ်နဲ့။ မိုးအေးတယ်။ တော်ကြာ ဖျားနာနေကြမယ် ဆိုပြီး ပြောတယ်။ ကျွန်တော်တို့လည်း အပြင်မှာကျန်ခဲ့တဲ့ ပုလင်းတွေ၊ ပန်းကန်တွေတောင် မသိမ်းကြတော့ဘူး။ အခန်းတံခါးပိတ်ပြီး အကုန်လုံး ကြမ်းပြင်ပေါ်မှာ စုအိပ်လိုက်ကြတော့တယ်။ ကျွန်တော်ကတော့ အလယ်ခေါင်ကနေ အိပ်တယ်။အိပ်ကာနီးမှာ ဘကြီး ဘုရားကန်တော့ပြီး ပါးစပ်က တတွတ်တွတ်နဲ့ ပွစိပွစိရွတ်နေတာကိုတော့ အခန်းထဲမှာ မီးမထွန်းထားတော့ ကျွန်တော်တို့ မြင်ဖြစ်အောင် မြင်လိုက်ပါသေးတယ်။ ကျွန်တော်ကတော့ ရှင်းတယ်။ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် အဆောင်တခုကို ခေါင်းအုံးအောက်မှာ ထားပြီးအိပ်လိုက်တယ်။ ကြောက်စိတ်ဝင်လာတာနဲ့ အဲ့ဒါလေးကို မသိမသာဆွဲထုတ်ရင်း ကြောက်စိတ်ဖြေလိုက်တာ မနက်မိုးလင်းလို့ အပြင်သွားဖို့ သူများနှိုးမှပဲ နိုးတော့တယ်။ ကျွန်တော့်ခေါင်းအုံးအောက်က အဆောင်က ဘာလဲ သိချင်ကြမယ်ထင်ပါတယ်။ တဝက်လောက်ကျန်နေသေးတဲ့ ရမ်(Rum) ပုလင်း ဖြစ်ကြောင်းပါ ခင်ဗျာ။

 ဘယ်သောအခါမှ မက္ကင်းနစ်မလုပ်လိုတော့သော (အထူးသဖြင့်) တိုက်ထားသောကားများနှင့် လုံးဝဥဿုံ မပတ်သက်လိုသူ (အက်ဒမင်-ရွာတော်ရှင်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |