Mid Night
" သန်းခေါင်ယံအောက် လူပိုတယောက်"
ဦးနှောက်မှတ်ဥာဏ်နည်းလှချည့်ဆိုပြီး အပြစ်တင်ချင်ရင်လည်း တင်ကြပါတော့ဗျာ။ အဲ့ဒီနေရာကို ခုချိန်ထိ စိတ်ထဲမှာ မသဲကွဲတာတော့ အမှန်ပဲဗျ။ ဒါပေမယ့် ကျွန်တော့်မှတ်ဥာဏ်တခုတည်းကိုတော့ အပြစ်တင်လို့ရမယ်မထင်ဘူး။ ဘာလို့တုန်းဆိုတော့ အဲ့ဒီနေရာနှစ်ခုကလည်း နာမည်ချင်းက ခပ်ဆင်ဆင်တူနေတာကိုးဗျ။ ကြည့်လေ တခုက ပေါင်းတည်၊ နောက်တမြို့က ပေါင်းတလည်။ကျွန်တော့်မှာလေ နှစ်လုံးတည်းနဲ့ ဘောင်းဘီမကြပ်ပဲ နှစ်မြို့အကြားဗျာများရတဲ့အဖြစ်။ မှတ်မိသလောက်ကတော့ အဲ့ဒီမြို့က တောင်ငူမြို့ကနေဆိုရင် (၁၉) မိုင်လောက်ဝေးတယ်ဆိုတာတခုပဲ။ ရှုပ်ပါတယ်ဗျာ။
ပေါင်းတလည်လို့ပဲ ထားလိုက်ပါတော့။ တကယ်ကို မမှတ်မိတော့တာပါ။ လိမ်ပြော၊ ညာပြောရင် အိမ်မှာအင်တာနက်လိုင်းမရပါစေနဲ့။ သွားလေရာအရပ် ဖုန်းလိုင်းမမိပါစေနဲ့။ အဲဒီနေရာကို အခုတော့ ရိုးမဖြတ်ကျော်လမ်းဆိုတာ ဖောက်နေသဗျ။ ရိုးမဆိုတာ ရခိုင်ရိုးမကိုပြောတာပါ။ အဲ့ဒီနေရာကနေပြီး ရိုးမဖြတ်ကျော်လမ်းကနေတဆင့် ပြည် နဝဒေးတံတားဘက်ကို တဆက်တည်းဆက်ဖို့အတွက် အဲ့လမ်းကို ဖောက်နေတာတဲ့ဗျ။
အဲဒီမြို့လေးကနေပြီး ကိုးမိုင်လောက် ဆိုင်ကယ်စီးသွားရင် အခု ကားတွေ ခဏခဏ အက်ဆီးဒင့်ဖြစ်တယ်လို့ နာမည်ကြီးလွန်းနေတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကိုရောက်ပါတယ်။ နောက်ထပ်များ သုံးမိုင်လောက်ဆက်ပြီးသွားလိုက်ရင်တော့ နောက်ထပ်မြို့တမြို့ကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီမြို့နာမည်လေး တကယ်ကို မမှတ်မိတော့ပါဘူး။ ထားလိုက်ပါလေ။ ပထဝီဝင် သင်ခန်းစာအတွက် ကျမ်းပြုနေတာမှ မဟုတ်ပဲနော့။ ပြောချင်တဲ့ အကြောင်းအရာလေးကိုပဲ ဆက်ပြောပါရစေ။ နေရာလည်းအတိအကျပြောချင်သေး မှတ်လည်းမမှတ်မိတဲ့အတူတူတော့ မထူးတော့ပါဘူး။ လေကြောရှည်နေလို့ ဖတ်တဲ့သူတွေ မေတ္တာပို့ကုန်မှာလည်း စိုးရသေး။
ကျွန်တော်တို့လူစု အဲ့ဒီမြို့လေးမှာ ခဏတာ တည်းခိုကြတယ်ခင်ဗျ။ မြို့ပတ်ချာလည်မှာက စစ်တပ်နဲ့ သင်တန်းကျောင်းတွေ အတော်များတယ်။ မြို့ဆိုပေမယ့်လည်း အဲ့ဒီစစ်တပ်နဲ့ သင်တန်းကျောင်းတွေကို အခြေပြုနေရတဲ့ အသေးစားစီးပွားရေးလုပ်ငန်းငယ်လေးတွေနဲ့ အသက်မွေးသူတွေလောက်ပဲ ဒီမြို့မှာရှိကြတာ။ ပြောချင်တာက ဒီမြို့မှာ ကုန်သည်၊ စက်မှုလက်မှုလုပ်ငန်းတွေ မရှိသလောက်ကိုနည်းပါးပြီး လူရှင်းတယ်လို့ ဆိုလိုတာပါ။ သင်တန်းကျောင်းဆိုတာတွေကလည်း ရန်ကုန်ရွှေမြို့တော်ကြီးဆီက တချို့တချို့သော သင်တန်းများမှာလို ဝင်ချင်တဲ့အချိန်ဝင်၊ ပြန်ချင်တဲ့အချိန်ကားကလေးနဲ့ ရွှတ်ဆိုပြန်လို့ရတဲ့ သင်တန်းကျောင်းမျိုးတွေမဟုတ်ပဲ သူ့အချိန်နဲ့၊ သူ့စည်းကမ်းနဲ့သူဆိုတော့ ညဘယ်နှစ်နာရီနောက်ပိုင်း အပြင်မထွက်ရတို့ဘာတို့ဆိုတဲ့ စည်းကမ်းကလနားတွေရှိတော့ကာ ညအချိန်ဆို ဒီမြို့လေးရဲ့ လမ်းတွေထက်မှာ လူသွားလူလာ အတော်ကင်းရှင်းနေတတ်ပါတယ်။
ကျွန်တော်တို့လူစုက အဲ့ဒီမြို့မှာတညအိပ်ပြီး နောက်နေ့မနက်မိုးလင်းတာနဲ့ နောက်တနေရာကို ခရီးဆက်ဖို့အတွက် တာဝန်ကရှိနေနှင့်ပြီးသား။ ဆက်လက်ချီတက်ရမယ့် မြေပုံညွှန်းကတော့ သရေခေတ္တရာပြည်မြို့ ။ ကာလသားတွေဆိုတော့လည်း ခရီးဘယ်လောက်ပမ်းပမ်း လမ်းခရီးမှာ ဝမ်းတီး၊ တူးတီး ဆွဲရင်း လက်ဖက်ရည်ဆိုင်ထိုင်ချင်တဲ့ ရောဂါပိုးကလေးကတော့ ဘယ်သေနိုင်ပါ့မလဲ။ ဒီတော့ အဲ့ဒီညမှာ ကျွန်တော်တို့အနီးဆုံးမြို့ကို လက်ဖက်ရည်ဆိုင်ထိုင်ဖို့အတွက် စီမံချက်ရေးဆွဲလိုက်ကြပါလေရော။ အောင်မယ်... လက်ဖက်ရည်ဆိုင်ထိုင်တာကိုများ သူတို့ကိုယ်သူတို့ စစ်ဆင်ရေးထွက်မှာကျနေတာပဲလို့တော့ အဝေဖန်မစောလိုက်နဲ့ဦးဗျ။ ကိုးမိုင်ကျော်ကျော်ဝေးတဲ့နေရာကို ဆိုင်ကယ်နဲ့ ညအချိန် ချီတက်ကြဖို့ရာ စီမံကိန်းချမှတ်အကောင်အထည်ဖော်လိုက်ကြတာ။ ခေတ်သစ် ကာလသားရောဂါဆိုတာ ဒါမျိုးကို ပြောတာနေမှာ။
အဖွဲ့ထဲမှာကလည်း အားလုံးက လူငယ်လူရွယ်တွေဖြစ်နေတဲ့အပြင် အလုပ်ကိစ္စတွေကလည်း စိတ်ကို အတော်ဖိစီးနေလေတော့ စိတ်သက်သာရာရကြောင်းအနေနဲ့ ထွက်ပေါက်တခုလိုသဘောထားပြီး ဆိုင်ကယ်စီးရင်းနဲ့ သွားကြတာ။
ကျွန်တော်တို့တည်းခိုရာနေရာကနေ ဆိုင်ကယ်စီးပြီးထွက်လာချိန်မှာ ညခုနစ်နာရီလောက်ရှိနေပြီ။ ဆိုင်ကယ်က နှစ်စီး၊ လူက ငါးယောက်။ တစီးမှာ သုံးယောက်စီးပြီး နောက်တစီးမှာတော့ နှစ်ယောက် စီးလာကြတာ။ ကျွန်တော်နဲ့တစ်ယောက် နဲ့ က တစ်စီး ၊ နောက်ထပ် သုံးယောက်က တစ်စီးပေါ့။ လမ်းကလည်း ရှင်းလိုက်သမှ လမ်းပေါ်မှာ ကျွန်တော်တို့လူစုပဲရှိတယ်။ တလမ်းလုံး ကားတစီးတလေတောင်မှ မတွေ့ရဘူး။ ကျွန်တော်တို့ သွားနေတဲ့လမ်းက အမြန်လမ်းကို ကန့်လန့်ဖြတ်သွားနေတဲ့ သဘောမျိုး။ ဒါပေမယ့် အမြန်လမ်းက ကျွန်တော်တို့သွားနေတဲ့လမ်းရဲ့ အပေါ်က ဖြစ်နေပြီး ကျွန်တော်တို့သွားနေတဲ့လမ်းက အောက်ကဖြတ်သွားတဲ့သဘောပါ။ ခုနစ်မိုင်ကျော်ကျော်၊ ရှစ်မိုင်လောက် ဆိုင်ကယ်စီးပြီးရင် အမြန်လမ်းက ကိုယ့်အပေါ်ကနေ ဖြတ်သွားပြီး နောက်ထပ်သုံးမိုင်လောက်ဆက်သွားလိုက်ရင်တော့ ကျွန်တော်တို့သိပ်ပြီး တောင့်တနေတဲ့ လက်ဖက်ရည်ဆိုင်ရှိရာမြို့ကို ရောက်ပါပြီ။ အသွားခရီးတုန်းကတော့ အားလုံးကောင်းပါသည်ပါပဲ။ လက်ဖက်ရည်ဆိုင်ရောက်တော့ ဘောလုံးပွဲကလည်းကောင်းနေတာနဲ့ ဘောပွဲကြည့်ပြီးမှ ပြန်ကြတော့မယ်ဆိုပြီး ကျွန်တော်တို့အားလုံး ဘောလုံးပွဲထိုင်ကြည့်နေလိုက်ကြတယ်။ ဘောလုံးပွဲက ညကိုးနာရီခွဲမှ စတာ။
ဘောလုံးပွဲပြီးလို့ နာရီကြည့်လိုက်တော့ ဆယ့်တစ်နာရီတောင်ထိုးနေပြီ။ ဘောလုံးပွဲပြီးတော့လည်း ကျွန်တော်တို့လူစုက အပူအပင်အကြောင့်အကျမဲ့စွာနဲ့ ဆိုင်ကယ်မောင်းပြီး အဲ့ဒီမြို့ထဲကို လျှောက်ပြီးကြည့်ကြသေးတယ်။ လည်လို့ပတ်လို့ အားရပြီဆိုတော့မှ လာရာလမ်းအတိုင်း ပြန်လာခဲ့ကြရော။
ဒီလိုနဲ့ အမြန်လမ်းကိုကျော်လာတော့ ကျွန်တော်တို့တည်းတဲ့နေရာကိုရောက်ဖို့ရာ နောက်ထပ်ငါးမိုင်လောက်တော့ ဆိုင်ကယ်ထပ်မောင်းရဦးမယ်။ လက်ဖက်ရည်ဆိုင်မှာလည်း အလကားရတဲ့ရေနွေကြမ်းကို အားမနာတမ်း နင်းကန်လှိမ့်သောက်လာတာရယ်၊ ပြီးတော့ ညအချိန်မှာ ဆိုင်ကယ်လေတိုးတာရယ်ပေါင်းပြီး ကျွန်တော်တို့အားလုံး ရှူရှူးဖလားဝါး ချင်တဲ့ ဝေဒနာကို တပြိုင်တည်းခံစားလာရရော ဆိုပါတော့။ ဝေဒနာကို သေရွာပါတဲ့အထိ ယူဆောင်မသွားနိုင်သူတွေဆိုတော့လည်း ဆိုင်ကယ်တွေ ကပျာကယာရပ်ပြီး ပေါက်တော ပေါက်တော ဆိုပြီး ရှူရှူဖလားဝါးပွဲကြီးကို ညကြီးမင်းကြီး လမ်းဘေးမှာတင် ကျင်းပလိုက်ကြပါတော့တယ်။
ကျွန်တော်တို့ ရှူရှူပေါက်ပွဲတော်ကျင်းပရာနေရာက ကုန်းမို့မို့လေးတွေနဲ့ မြက်ပင်ကိုင်းပင်တွေ လူခါးလောက်ရောက်တဲ့အထိ ပေါက်နေတဲ့ နေရာပါ။ ညအချိန်မတော်ဖြစ်နေတာကြောင့် ပါးစပ်က မဟုတ်မဟတ်တာတွေ ပြောမိမှာစိုးတာကြောင့် တယောက်နဲ့တယောက် နောက်လားပြောင်လားမလုပ်ပဲနဲ့ အေးအေးဆေးဆေး အသံတိတ်ပန်းပွဲတော် ကျင်းပလိုက်ကြပါတယ်။ ရာသီဥတုကလည်း အေးနေတော့ အကာအကွယ်မရှိဘာမရှိနဲ့ ပန်းပွဲတော်ဆင်နွှဲလိုက်ရတာလည်း အရသာက တမျိုးတော့ အရှိသား။ လက်ဖက်ရည်ဆိုင်ကနေပြန်ထွက်လာချိန်တုန်းကတည်းက ကျွန်တော်က ဆိုင်ကယ်မောင်းလာပြီး ကျွန်တော့်နောက်မှာ တယောက်ထိုင်လိုက်တယ်။ ပေါက်တောမရောက်ခင်အချိန်အထိ ကျွန်တော်တို့ဆိုင်ကယ်က ရှေ့ပြေးပွိုင့်အနေနဲ့ ဦးဆောင်ပြီးမောင်းလာခဲ့ပြီး သုံးယောက်စီးလာတဲ့ ဆိုင်ကယ်က ကျွန်တော်တို့ဆိုင်ကယ်နောက်ကနေ လိုက်လာပါတယ်။ ပန်းပွဲတော်ကို ပျော်ပျော်ကြီးဆင်နွှဲလို့ပြီးချိန်မှာတော့ သုံးယောက်စီးတဲ့ ဆိုင်ကယ်ကို ရှေ့ကနေ မောင်းခိုင်းလိုက်တယ်။ သူတို့ဆိုင်ကယ်မီးက ကျွန်တော်တို့ဆိုင်ကယ်ထက် ပိုကောင်းတာကလည်း တပိုင်း၊ ပြီးတော့ ကျွန်တော်ကလည်း အဲ့ဒီလမ်းကို သွားနေကျမဟုတ်တဲ့အတွက်ကြောင့် လမ်းမကျွမ်းကျင်တာကလည်းတပိုင်းကြောင့်မို့ သူတို့ဆိုင်ကယ်ကိုပဲ ရှေ့ကသွားခိုင်းလိုက်ရတယ်။ ပေါက်တောကနေ ပြန်အထွက်မှာ ဆိုင်ကယ်ကိုစက်နှိုးတော့ ကျွန်တော်တို့ ဆိုင်ကယ်ရဲ့ Switch starter က အလုပ်မလုပ်ဘူး။ အကူအညီများရလိုရငြား ရှေ့ကသုံးယောက်စီးတဲ့ ဆိုင်ကယ်ကို လှမ်းကြည့်လိုက်တော့ အတော်လှမ်းလှမ်းတောင်ရောက်နေပြီ။ ဒါနဲ့ kick starter နဲ့ နှိုးတော့မှပဲ ဆိုင်ကယ်က နိုးတော့တယ်။
ရှေ့ဆိုင်ကယ်ကို အမှီလိုက်ဖို့ရာ ကျွန်တော်ဆိုင်ကယ်လီဗာကို ဆွဲညှစ်မယ်အလုပ်........... ကျွန်တော့်နောက်မှာ ထိုင်လိုက်လာတဲ့ ကောင်က ကျွန်တော့်ကို ဟေ့ကောင် ... ခဏနေဦး…… ဟို မှာ တစ်ကောင် သေးပေါက်လို့မပြီးသေးဘူး ဆိုတာနဲ့ ခဏစောင့်နေလိုက်ရသေးတယ်။ ကျွန်တော့်နောက်မှာ ထိုင်လိုက်တဲ့ကောင်က ခပ်လှမ်းလှမ်းမှာ ကျန်နေတဲ့ တယောက်ကို ဟေ့ကောင် လာလေကွာ၊ မင်းမလည်း သေကြောက တယ်ရှည်တဲ့ကောင်ပဲ......။ မြန်မြန်လာပါဟ .... ။ ဆိုပြီးတော့ လှမ်းအော်ခေါ်တယ်။
ဒီနေရာမှာတော့ စာဖတ်သူတွေစိတ်ထဲမှာ ဖတ်နေရင်းနဲ့ ရှုပ်သွားမှာစိုးလို့ နည်းနည်းလေးတော့ လေကြောရှည်ပါရစေဦး။ ဒီလိုပါ....... ။ ရာသီဥတုကလည်းအေးတော့ ဆိုင်ကယ်ပေါ်က လူတွေအနေနဲ့ ကိုယ့်ရှေ့မှာထိုင်နေသူရဲ့ ဦးခေါင်းနဲ့တဖြောင့်တည်းထားပြီးတော့ ကပ်နေအောင် ဆိုင်ကယ်စီးတတ်ကြတာကို ဆိုင်ကယ်နဲ့ မစိမ်းသူတွေကတော့ သဘောပေါက်မယ်လို့ထင်ပါတယ်။ ပြီးတော့ အားလုံးကလည်း ယောက်ျားသားတွေချည်းဆိုတော့ ဘာမှ ပြဿနာမဖြစ်ဘူးလေ။ ဒီတော့ အနောက်ကနေ ဆိုင်ကယ်ကိုလှမ်းကြည့်လိုက်မယ်ဆိုရင် ဆိုင်ကယ်စီးနေသူတွေက တသားတည်း ၊ တဖြောင့်တည်းဖြစ်နေတာကြောင့် လူဘယ်နှစ်ယောက်ဆိုတာ ရုတ်တရက်ကွဲကွဲပြားပြား မမြင်နိုင်ဘူးလေ။ ဒါကြောင့်မို့ ရှေ့ကထွက်သွားတဲ့ကောင်တွေ ခုကျန်နေတဲ့တယောက်ကို ထားခဲ့ပြီးတော့ ကျွန်တော်တို့ဆိုင်ကယ်မှာ လူသုံးယောက်တင်ခိုင်းတယ်လို့ပဲ ကျွန်တော့်စိတ်ထဲကနေ တွေးလိုက်မိပါသေးတယ်။ တွေးနေရင်းကနေ မသာတွေ၊ သူတို့ဆိုင်ကယ် ချောင်ချောင်စီးချင်လို့ ငါ့ဆိုင်ကယ်မှာ သုံးယောက်တင်ခိုင်းတာ.... အေပေးတွေ ဆိုပြီးတော့တောင် စိတ်ထဲကနေ မေတ္တာတွေ တလှေကြီးပို့နေလိုက်မိတယ်။ ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်အထွက်ကတည်းက ကျွန်တော်နဲ့အတူစီးလာတဲ့ သူက ကျွန်တော့်အနောက်က၊ စောစောက ပေါက်တောကျန်ရစ်ကတော့ နောက်ဆုံးကထိုင်ပြီးတော့ ကျွန်တော်ဆိုင်ကယ်ကို မောင်းထွက်လာခဲ့လိုက်တယ်။
အချိန်ကလည်း ညဆယ့်နှစ်နာရီထိုးလုနီးနေပြီ။ ညလေကလည်း စိမ့်နေအောင်တိုက်တော့ အလယ်မှာထိုင်တဲ့ တကောင်က ရှေ့မှာ လေတိုးခံပြီးမောင်းနေရတဲ့ ကျွန်တော့်ကိုတောင် အားမနာတော့ပဲနဲ့ ကျွန်တော်ဝတ်လာတဲ့ အပေါ်ဝတ်အနွေးထည်ရဲ့ အိတ်ထဲကို သူ့လက်ထိုးထည့်ပြီး ကျွန်တော့်ကို ဖက်သလိုမျိုးနဲ့ စီးလိုက်လာတယ်။ ဆိုင်ကယ်အရှိန်ကြောင့် လေတဟူးဟူးဖြစ်နေတော့ အားလုံးကအအေးဓါတ်ကြောင့် ထင်ပါရဲ့။ ဘာစကားမှတောင် တယောက်ကိုတယောက် မပြောနိုင်ကြတော့ပဲနဲ့ ဆိုင်ကယ်ကို စက်ရှိန်မြှင့်ပြီးမောင်းလာရတော့တာပါပဲ။ မြန်မြန်မမောင်းပြန်ရင်လည်း ရှေ့ကသွားနေတဲ့ဆိုင်ကယ်ကို မျက်ခြေပြတ်သွားမှာလည်း စိုးရသေး။ ရှေ့ဆိုင်ကယ်ကကောင်တွေကလည်း ကျွန်တော်တို့လိုပဲ အအေးဒဏ်ကြောင့်မို့ ထင်ပါရဲ့။ ဆိုင်ကယ်ကို မှုန်နေအောင်မောင်းနေတာများ သူတို့ဆိုင်ကယ်အနောက်က မီးရောင်လေးပဲ အနောက်ကနေ ခပ်ရေးရေး မြင်ရပါတယ်။ သူတို့ကလည်း ကျွန်တော်တို့ဆိုင်ကယ်မီးကို မြင်ရတယ်ဆိုရုံလောက် စောင့်ပြီးမောင်းနေတာပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်နောက်မှာ ထိုင်နေတဲ့ နှစ်ယောက်ကလည်း စကားမပြော ကျွန်တော်ကလည်း သူတို့ကို စကားမပြောပဲ ရှေ့ဆိုင်ကယ်ကို မှီအောင် အမြန်မောင်းနေရင်းက ဘေးဘီဝဲယာကို မျက်စိကစားကြည့်လိုက်တော့ လရောင်ကလွဲရင် ဘာအလင်းရောင်မှ မရှိပဲ ကျွန်တော်တို့ဆိုင်ကယ်မီးအရောင်တခုတည်းပဲ ရှိတယ်။
ဆိုင်ကယ်မောင်းနေရင်းနဲ့ ကျွန်တော်က ဘာရယ်မဟုတ် " ဟာ... ရှေ့ကကောင်တွေ ငါတို့ကို မစောင့်ဘူး " လို့ ပြောလိုက်တော့ နောက်ဆုံးကထိုင်လိုက်လာသူဆီကနေ " အေးလေ ..... " ဆိုတဲ့ အသံ ထွက်လာတာကို ဆိုင်ကယ်စက်သံကြားကနေ ကျွန်တော်ကြားဖြစ်အောင် ကြားလိုက်တယ်။ သူပြောလိုက်တဲ့ လေသံက ကျွန်တော်တို့ငါးယောက်ထဲက တယောက်ယောက်ရဲ့ လေသံမျိုးနဲ့မှ မတူတာကို ကျွန်တော့်စိတ်က သတိထားမိလိုက်တယ်။
ဒါပေမယ့်ဗျာ ဆိုင်ကယ်မောင်းနေတဲ့အရှိန်နဲ့ဆိုတော့ လေသံကြောင့်လည်း ဖြစ်မှာပါလေ ဆိုပြီး ဆိုင်ကယ်ကိုပဲ သတိထားမောင်းနေလိုက်တော့တယ်။
နောက်ထပ် မိနစ်နှစ်ဆယ်လောက်နေတော့ ကျွန်တော်တို့ရှေ့ကသွားတဲ့ဆိုင်ကယ်က တည်းတဲ့နေရာရောက်နေနှင့်ပြီ။
ကျွန်တော်တို့ကတော့ သူတို့ထက်ဆယ်မိနစ်လောက် နောက်ကျပြီးမှ ရောက်တယ်။ ဆိုင်ကယ်စီးလာတဲ့ အရှိန်ကြောင့် ပေါက်တောဝေဒနာပြန်ပေါ်လာပြန်လာနဲ့ ဆိုင်ကယ်ပေါ်ကနေဆင်းပြီးပြီးချင်း အိမ်သာရှိရာကို စစ်ကားတွေထဲမှာ ရန်သူ့စခန်းသိမ်းဖို့ ကျားတက်ထိုးသလို အတင်းအဓမ္မ အပြေးသွားကြရပြန်ပါတော့တယ်။ ဒါပေမယ့် ခက်တာက တည်းတဲ့နေရာမှာရှိတာက အိမ်သာနှစ်လုံးတည်းရယ်။ ကျွန်တော်တို့မှာက လူအင်အားက ငါးယောက်။ ကျွန်တော်တို့အိမ်သာရှေ့ရောက်တော့ ရှေ့ကသွားနှင့်တဲ့ ဆိုင်ကယ်မှာပါသွားတဲ့တယောက်က အိမ်သာအပြင်မှာ မတ်တပ်ရပ်ပြီး ထွက်ရပ်ပေါက်လမ်းစဉ်ကို ပေါ်တင်ကျင့်သုံးနေတာဗျား။ ကျွန်တော်က အဲ့ဒီကောင်ကို " ဟေ့ကောင် ၊ ဒီဖက်အိမ်သာ အားလား.... ၊ ဟိုဖက်တလုံး အားတာလား " လို့ မေးလိုက်တော့ " တလုံးမှ မအားဘူး၊ နှစ်လုံးလုံးမှာ နှစ်ကောင်လုံး ရှူရှူးပေါက်နေလို့ ငါ အပြင်မှာ ကိစ္စရှင်းနေရတာ မင်းမမြင်ဘူးလား ??? " လို့ ပြန်ဖြေတယ်။
သူ့အဖြေကို ကြားလိုက်တော့ ကျွန်တော်နဲ့ ကျွန်တော့်ဘေးမှာ ရပ်နေတဲ့တယောက် အတော်လေး အံ့အားသင့်သွားမိတယ်။
ဘယ့်နှယ်ဗျာ........... သုံးယောက်စီးလာတာက ကျွန်တော်တို့ဆိုင်ကယ်ပါ။ ရှေ့ကသွားနှင့်တဲ့ သူတို့ဆိုင်ကယ်မှာက လူနှစ်ယောက်ပဲဖြစ်ရမှာ မဟုတ်ပေဘူးလား။ ကျွန်တော်တို့ဆိုင်ကယ်မှာ သုံးယောက်၊ အရှေ့ဆိုင်ကယ်မှာ နှစ်ယောက် ၊ သုံးနဲ့ နှစ်နဲ့ပေါင်းလိုက်ရင် ငါးယောက် ။ ဒါပေမယ့် အပြင်မှာ ထွက်ရပ်ပေါက်နေတဲ့တယောက်ပြောတော့ အိမ်သာထဲမှာ နှစ်ယောက်၊ အပြင်မှာရှိနေတဲ့ အဲ့ဒီလူက တယောက် ဆိုတော့ ကျွန်တော်တို့ဆိုင်ကယ်နဲ့လိုက်လာတဲ့ နောက်ဆုံးမှာထိုင်တဲ့တယောက်က ဘာတုန်း။ ဘယ်ကတုန်း။ ဘယ်သူတုန်း။
သေချာအောင်လို့ အပြင်မှာရပ်နေတဲ့ကောင်ကို မေးလိုက်ပါသေးတယ်။ " ဘာလဲ ဒီပြင့်တယောက်ယောက် အိမ်သာထဲရှိနေလို့လားကွ " ဆိုတော့ ကျွန်တော့်ကို ဒီကောင် ဘာကြောင်နေတာပါလိမ့်ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး
" အပြင်လူဘယ်သူမှမရှိဘူး။ ငါနဲ့ တူတူ စီးလာတဲ့ နှစ်ကောင် ဆိုင်ကယ်တောင် စက်မရပ်ရသေးခင် အတင်းဆင်းပြေးပြီး အိမ်သာလုတက်နေကြတာ......... " တဲ့။ သေစမ်း...........။
သူ့အဖြေကြားလိုက်တော့မှပဲ ကျွန်တော့်တကိုယ်လုံး ထူပူသွားတော့တယ်။ ဘေးမှာရှိနေတဲ့တယောက်ကို
" ဟေ့ကောင် ...... မင်းနောက်က ထိုင်စီးလာတာ ဘယ်သူလဲ " လို့မေးတော့ " ငါလည်း မသိဘူးလေ။ ငါတို့ထဲက တယောက်ပဲနေမှာပေါ့။ ငါ အေးလို့ မင်းအကျီင်္ လက် အိပ်ထည့်တဲ့အထဲကို ငါ့လက်ထည့်တော့ သူလည်း ငါ့အကျီင်္လက်အိပ်ထဲကို သူ့လက်ထည့်တယ်ကွ။ သူ့လက်ကလည်း အေးစက်စက်ကြီးနဲ့.....။ ငါ့ခါးကိုလည်း ဖက်ပြီးလိုက်လာသေးတယ်။ ငါက ဟိုကောင်မှတ်လို့ကွ " လို့ပြောပြီး အိမ်သာအပြင်မှာမတ်တပ်ရပ်ရင်း အိမ်သာထဲက လူတွေ ကို စောင့်နေတဲ့ တယောက်ကို လက်ညှိုးထိုးပြတယ်။
ကိုယ်တွေ ကလည်း သေးပေါက်ချင်ဇောနဲ့ဆိုင်ကယ် ကို စက် ရပ် ၊ဒေါက်ထောက်ပြီး အိမ်သာတန်းပြေးလာ တာ ၊ သူ့ထက်ဦးအောင် ၊ ဒီတော့ဆိုင်ကယ်နောက်ဆုံးက တစ်ယောက်ကို သတိမထားမိလိုက်ဘူး ၊ သူလည်းဆင်းသွားတာပဲ ။
ဒါနဲ့ကျွန်တော်တို့ နှစ်ယောက် ကတော့ မျက်နှာတော်တော်ပျက်နေပြီ ။အဲဒီ အချိန် အိမ်သာထဲ က နှစ်ယောက် ထွက်လာ ပြီး။ ဟို ကျန်တဲ့တစ်ယောက်ဝင်သွားတယ် ၊ကျွန်တော်တို့နှစ်ယောက် မတိုင်ပင်ဘဲ အပြင် ဘက် မှာ တင် ကိစ္စရှင်းလိုက်ကြတယ် ။
အိမ်သာထဲက ထွက်လာတဲ့နှစ်ယောက် က ဟာ…….ဟေ့ကောင်တွေ မင်းတို့စည်းမရှိကမ်းမရှိနဲ့ကွာ လို့ ကျွန်တော်တို့ကိုလှမ်းပြောတယ် ။ ပြောလည်း မတတ်နိုင်တော့ဘူး။ ဝေဒနာကို ကြာကြာမှ မလွယ်ထားနိုင်တော့တာ။ သူတို့တွေ ပြီးလို့ထွက်သွားရင် ကိုယ်တွေပဲကျန်မှာလေ ၊ ခု န က ဆိုင်ကယ်နောက်က ပါလာတဲ့တစ်ယောက်ကိုလည်း ကြောက်နေကြပြီ ။ ကျွန်တော်နဲ့ နောက်တစ်ယောက်က ၊ ဒါနဲ့ကိစ္စပြီးတာနဲ့တန်းပြီးတော့ အိမ်ထဲကို ပြေးတာ ၊ ဟို ကောင်သုံးယောက်ကတော့ အေးအေးဆေးဆေး နောက်က လိုက်လာတယ် ။
အိမ်ထဲရောက်တာနဲ့ကျွန်တော်တို့ က အိပ်ရာ တွေကို အလယ်နေရာတွေယူပစ်လိုက်တယ် ။
ဒါကို ဟို သုံးယောက် က မင်းတို့ အဲလိုမျိုးလူ လည် ကျ ဖို့မစဉ်းစားနဲ့ ကိုယ့်နေရာနဲ့ကိုယ်အိပ်ဆိုပြီးတော့စနေ ကြသေးတယ် ၊
ဒီတော့မှ ကျွန်တော် တို့လည်း မင်းတို့ စကား များ မနေနဲ့ ၊ မြန် မြန် တံခါး ပိတ်ဆိုပြီးတော့ ပြော ရတယ် ။ အိမ်ရှင်တွေ က တစ်ဖက် အိမ်ပါ ၊ ကျွန်တော် တို့ က လူ မနေတဲ့ အိမ် တစ်ဆောင်ပေး ထားလို့အဲဒီမှာ တည်းရ တာ ပါ ။
ဒါနဲ့ ကျန်တဲ့သုံးယောက်လည်းမျက်စိ မျက်နှာပျက်နေတဲ့ ကျွန်တော် တို့နှစ်ယောက်ကို ကြည့်ပြီးတော့ တစ်ခု ခု ထူး ခြားနေမှန်းသိပြီး ဘာ ဖြစ်တာလည်းလို့မေးပါတယ် ။
ဘာ မှ မဖြစ်ဘူးလို့ ပြောပေမယ့် အမူ အရာတွေ တော်တော် ပျက်နေတာ ကို တွေ့တာ နဲ့ နောက်ဆုံး တော့ပြောပြ လိုက်တယ်၊ ကျွန်တော့်ဆိုင်ကယ်နောက်က လိုက်တဲ့ တစ်ယောက်ဆို ပိုကြောက်တာပေါ့ ၊ သူ့ခါး ဖက်ပြီး လိုက်လာ တာ ကို ၊ သူ က တောင် နောက်ကျနေလို့ဟေ့ရောင်မြန်မြန်လုပ်ဆိုပြီးတော့ခေါ်ခဲ့သေးတာလေ ။ ကိုယ်တွေ ကလည်း ရှေ့ က ဆိုင်ကယ် မှာ နှစ်ယောက်ပဲပါပြီး ကိုယ်တွေ ဆိုင်ကယ်ကို သုံးယောက်စီးလာတယ် ထင် နေ တာ ၊ အမှန် က သူတို့သုံးယောက် က သူတို့ဆိုင်ကယ်နဲ့ပဲသူတို့သွားတာ ၊
အဲဒီ အချိန်မှာ အိမ် အပြင်ဘက်က ခြေသံကြားတယ်ဗျ ။ အားလုံးကြားတာ ၊ အိမ်ရှင် ထင်လို့ ကျွန်တော် တို့ က ဘယ်သူလဲ လို့မေးတော့လည်း ပြန်မဖြေဘူး ၊ ဒါနဲ့ အားလုံးဝိုင်းအော်ကြတယ် ၊ ကျွန်တော် တို့အော်သံကြောင့် အိမ်ရှင်တွေ နေတဲ့အိမ်က မီးတွေ ပွင့်လာပြီးဘာ ဖြစ်တာလဲ လို့မေးတယ် ၊
ကျွန်တော်တို့ က ဘာ မှ မဖြစ်ပါဘူး ၊ လို့ပြောပြီးတော့ အားလုံး အိပ်ယာ မှာ မအိပ်ရဲဘဲ ငုတ်တုတ်ထိုင်နေကြတာဗျာ ။ ခု မှ ပြန်တွေးရင် ရယ်ချင်စရာပဲ။အဲဒီတုန်းကတော့ ကြောက်လိုက်တာတုန်လို့။
တစ်ညလုံး ဗျာ အိမ်ပေါ် တော့ မတက်ဘူး ၊ အိမ်အောက်မှာ ပတ်ခြာလည် အိမ် ကို ပတ်ပြီးတော့လမ်းလျှောက်တဲ့အသံ ကိုကြားတာ မိုးအလင်းပဲ ။မနက် မိုးလင်း ခါ နီး လေး နာရီလောက်ရောက်တော့အားလုံးလည်း မအိပ်ရသေးတော့ ငိုက်ခနဲဖြစ်သွားကြတယ် ။ ဒါနဲ့ အိမ်ရှင် က ခြောက်နာရီ လောက်မှာ သူတို့အိမ်ဘက်ကနေ မနက်စာတွေ လာ ပို့တော့နှိုးတော့မှ ကျွန်တော် တို့ နိုးလာ ကြတယ် ၊ လေးနာရီ နဲ့ ခြောက်နာရီကြား နှစ်နာရီလောက် အိပ် လိုက်ရတာပေါ့။
ကျွန်တော် တို့ဆိုင်ကယ်နဲ့လိုက်စီးလာ တာ ဘယ် က ဘာ ကောင်လဲ ဆိုတာတော့ မသိခဲ့ပါဘူး ။ ကျွန်တော် တို့လည်း အဲဒီ မှာ အဲဒီ မနက်ပဲ ပြန် ထွက်လာခဲ့ကြလို့ ဘာ မှ တော့ ဆက်မဖြစ်ခဲ့ပါဘူး ။
ဖြစ်ခဲ့တာ ၂၀၀၉ ခုနှစ် က ပါ ။ ဆောင်းတွင်း နိုဝင်ဘာ လကုန်လောက်မှာပေါ့ ။ ဆိုင်ကယ်နောက်မှာ ထိုင်ပြီးခါးဖက် ခံခဲ့ ရတယ့် တစ်ယောက်ကတော့ပြောမဆုံးပါဘဲ ခု ထက်ထိ ကို ။
Thank you Ko Aung Ber Lay
နှစ်ယောက်ထက်အပြင် လူပိုမတင်ချင်တော့သူ
(အက်ဒမင်-ရွာတော်ရှင်)