(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Ghost Car ( Part - 4)



ကားတစီးပေးတဲ့ ဒုက္ခ (၄) 


စိတ်အေးလက်အေးနဲ့ ကောင်းကောင်းမွန်မွန်အိပ်ခွင့်ရတဲ့ ကျွန်တော်တို့ရဲ့ညတွေက သိပ်တော့ တာရှည်မခံလိုက်ပါဘူးဗျာ။ ဗိုင်းဒါမ ဟွန်ဒါက ပြန်ရောက်ချလာပါလေရော။ အရင်လို စုတ်တီးစုတ်ပဲ့ပုံစံမျိုးတော့ မဟုတ်တော့ဘူးပေါ့။ ဖရိမ်၊ ဘော်ဒီ၊ ဆေး အကုန်လုံး ပြန်လုပ်ထားတော့ ကားအကြောင်းနားမလည်တဲ့လူတယောက်ယောက်ဆိုရင် အသစ်လို့တောင် ထင်ရလောက်တယ်။ ဘော်ဒီရုံက အလုပ်သမားတွေလည်း သူ့ဒုက္ခကနေ ဒီညတော့ ဝဋ်ကျွတ်ကြပြီပေါ့။ ကံဆိုးသူ ကျွန်တော်မျိုးတို့မှာသာ ဒီဗြဟ္မာကြီး ဦးခေါင်းနဲ့ ဘယ်အချိန်ဘယ်ကာလအထိ စခန်းသွားရမယ် မသိသေးတာ။ ဒီကားအတွက် ကျွန်တော်တို့ လုပ်ပေးရမယ့်အလုပ်တွေကိုလည်း ကြည့်ဦး။ ဝါယာရိန်း၊ အဲယားကွန်း၊ ပါဝါဝင်းဒိုး၊ အင်ဂျင် ဒါတောင်မှ အသေးအဖွဲလေးတွေ မပါသေးဘူးနော်။ တခြားကားတွေပြင်ဖို့၊ နှိုက်ဖို့မရှိလို့ ဒီတစီးတည်းကို ကျွန်တော်တို့ဝပ်ရှော့အဖွဲ့သားအားလုံးပေါင်းပြီး လုပ်မယ်ဆိုရင်တောင် အနည်းဆုံးတော့အချိန်တပတ်လောက်က အသာလေးပဲ။ အဲ့ဒီကားပြန်လာတာမြင်လိုက်ရတာ ကျွန်တော်တို့ မှာ နေ့လည်စာတောင် စားမဝင်တော့တဲ့အဖြစ်။ မြန်မာပြည်မှာနေတုန်းက ရည်းစားနဲ့အဆက်ပြတ်တာတောင် အစားအသောက်မပျက်ခဲ့တဲ့ ကျွန်တော့်မှာ ခုကျမှ မစားနိုင်၊မသောက်နိုင် လင်းတလို မှိုင်နေရတဲ့ အဖြစ်ကိုရောက်တော့တာပဲ။ အဲ့ဒီကားဒုက္ခပေးချက်ကလည်း တကယ့်စံပဲဗျို့။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို ပြန်ရောက်တဲ့ညမှာကို ရက်ရက်စက်စက်ဂြိုဟ်မွှေတော့တာ။ မှတ်မှတ်ရရပြောရရင်တော့ အဲဒီနေ့က (၃၀)ရက်၊ သြဂုတ်လ ၊ ကြာသပတေးနေ့။ နောက်နေ့ဆိုရင် မလေးရှားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့မို့လို့ ကျွန်တော့်တို့အလုပ်နားရက်ရမယ့်နေ့လေ။ လကုန်ရက်နဲ့လည်း တိုက်နေတော့ ကျွန်တော်တို့ လစာတွေ တရက်စောပြီး ကြိုရ ထားတာကြောင့် နက်ဖန် မနက် မြိုထဲသွားပြီး မြန်မာပြည်ကို ငွေသွားလွှဲရအောင် ဘေးစက်ရုံက မြန်မာအစ်ကို နှစ်ယောက်နဲ့တောင် အဖော်ညှိထားပြီးသားဗျ။ သူတို့လည်းမနက်ဖန်အလုပ်နားရက်ရတော့ ဒီည ကျွန်တော်တို့အိမ်လာခဲ့မယ်ဆိုတာနဲ့ ကျွန်တော်လည်း နည်းနည်းတော့ အားရှိသွားတာ အမှန်ပဲ။ အဲ့ဒီနေ့ညနေ (၅)နာရီခွဲလောက်မှာ ကျွန်တော်တို့လူစု ဝပ်ရှော့ထဲမှာ သိမ်းစရာရှိတာတွေ အကုန်သိမ်းပြီး အပေါ်မြန်မြန် ပြန်တက်လို့ရအောင် အဆင်သင့်လုပ်ထားကြပြီးသား။ သူဌေးတူ ဆီက " တံခါးတွေ ပိတ်တော့ " ဆိုတဲ့ အသံကိုပဲ နားစွင့်နေကြတာ။ သူ့ဆီက အလုပ်သိမ်းကြဖို့ အသံလည်းထွက်လာရော တံခါးတွေ၊ မီးတွေ အသေအချာလိုက်ပိတ်၊ လူစုံတက်စုံရှိတုန်း သေချာအောင် တခေါက်ပြန်လိုက်စစ်ပြီးတာနဲ့ အပေါ်ကို တက်လာကြတော့တာပဲ။ အပေါ်ရောက်တာနဲ့ ကပျာကယာ ထမင်းဟင်းချက်၊ လျှော်စရာရှိတာ အမြန်လျှော်၊ ရေမိုးချိုး၊ ညစာ စားထားကြလိုက်ကြတယ်။ အကြောင်းမသိရင် ဆီရီးယားက စစ်ဘေးဒုက္ခသည်တွေ လေကြောင်းရန်ကြောက်လို့ ကပျာကယာ ထမင်းစားနေကြသလား မှတ်ရလောက်တယ်။ ကျွန်တော်တို့ ထမင်းစားပြီးလို့ နာရီကြည့်လိုက်တော့ (၇) နာရီတောင် မထိုးသေးဘူး။ ဟိုဘက်စက်ရုံက မြန်မာအစ်ကို နှစ်ယောက်လည်း စားသောက်ပြီးလို့ ကျွန်တော်တို့အိမ်ဘက်ကို ရောက်လာကြပြီ။ သူတို့နဲ့စကားပြောနေတုန်း ဘကြီးက အပြင်ခဏလိုက်ခဲ့ဦး ခေါ်တာနဲ့ ကျွန်တော်လည်း ကပျာကယာအဝတ်အစားလဲပြီး လိုက်သွားရရော။ ဘယ်သွားလို့သွားမှန်းမသိရပဲ ဘကြီးသွားတဲ့နောက် တကောက်ကောက်နဲ့ (၁၅)မိနစ်လောက် လမ်းလျှောက်သွားလိုက်ရပြီးချိန်မှာ ဘကြီးတို့နဲ့ တမြို့တည်းသား ကိုအောင်ကိုတို့နေတဲ့တိုက်ခန်းကို ရောက်ရော။ ကိုအောင်ကိုတို့အိမ်ဦးခန်းမှာ မြန်မာဘုန်းတော်ကြီးတစ်ပါးကို တွေ့လိုက်ရတယ်။ အိမ်မှာ အချိုရည်တွေ၊ မုန့်တွေအများကြီးရှိနေပါရဲ့သားနဲ့ လမ်းကဆိုင်မှာ ဦးလှမင်း ဈေးဝင်ဝယ်တာ ဒီဘုန်းဘုန်းကိုလှူဖို့မှန်းလည်း ခုမှ သဘောပေါက်သွားတော့တယ်။ ဘုန်းဘုန်းက သက်တော်(၄၀)ဝန်းကျင်လောက်ပဲ ရှိလိမ့်ဦးမယ်ထင်ပါတယ်။ အသားဖြူဖြူ၊ ဥပဓိကောင်းကောင်းနဲ့ ကြည်ညိုစရာတော့ အကောင်းသား။ စကားလည်း သိပ်မပြောဘူးဗျ။ သီဟိုဠ်(သီရိလင်္ကာ)မှာ အမ်အေဘွဲ့ယူဖို့ ကျောင်းတက်နေရင်း စာမေးပွဲဖြေပြီး ကျောင်းပိတ်ထားတုန်း မလေးရှားကို ခဏကြွလာတဲ့အကြောင်းနဲ့ မြန်မာပြည်မှာ ဘုန်းဘုန်းက သာသနဓဇ၊ ဓမ္မာစရိယ နှစ်ဘွဲ့ရထားတယ်ဆိုတာတောင် ဦးလှမင်း ပြောမှ ကျွန်တော်သိရတယ်။ ကျွန်တော်အကဲခတ်ရသလောက်ဆိုရင် ဆရာတော်ပြောပုံဆိုပုံ၊ နေထိုင်ပုံတွေက အတော်ဣနြေ္ဒရှိတယ်။ သိက္ခာ၊ သမာဓိ၊ သီလ အတော်ပြည့်စုံမယ့်ပုံပေါ်တယ်။ အတော်လေးကြာမှ ဘကြီးလည်း အိမ်မှာဖြစ်နေတဲ့ကိစ္စတွေအကြောင်း ဘုန်းဘုန်းကိုလျှောက်ပါလေရော။ ဘုန်းဘုန်းကတော့ ဘကြီးလျှောက်သမျှကို ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်နေတယ်။ ဘာမှလည်း မမေး၊ ဘာမှလည်း ဝင်မပြောဘူး။ ဘကြီးစကားဆုံးတော့မှဒကာကြီးပြောသလိုဆို ဒီကားမှာ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေရှိနေတာဖြစ်ဖို့တော့ သေချာသလောက်ပဲ။ ဦးဇင်းမျက်မြင်မဟုတ်တော့လည်း မေတ္တာပို့၊ အမျှဝေဖို့ကလွဲပြီး တခြားလည်း ပြောမတတ်ဘူး။ ဒီည အခြေအနေထူးခြားရင်တော့ ဒကာကိုအောင်ကို(ဘုန်းဘုန်းတည်းနေတဲ့ အိမ်က လူု) ဖုန်းကို ဆက်လိုက်။ ဒကာအောင်ကိုတို့နဲ့ အတူတူ ဦးဇင်းကြွလာခဲ့မယ်။ အခုတော့ အရံအတားလေးဖြစ်အောင် ပရိတ်ချည်၊ ပရိတ်ရေ၊ တွေယူသွားလိုက်လေ။ပရိတ်သဲကတော့ ဦးဇင်းသီဟိုဠ်ကနေ တကူးတက သယ်မလာဖြစ်ဘူး။ လေယာဉ်စီးတဲ့အခါ ဝိတ်ပိုနေလို့ ငွေပိုပေးရမယ်ဆိုရင် ပါလာတဲ့ဝတ္ထုငွေနဲ့ မလောက်မငဖြစ်နေမှာစိုးလို့။ ဘယ်လိုလုပ်ရမယ်ဆိုတာတော့ ဒကာကြီး သိတယ်မဟုတ်လား ???? လို့ပဲ ပြောပြီး ပရိတ်ချည်တွေ ၊ ပရိတ်ရေတွေ စွန့်လိုက်တယ်။ ကိုအောင်ကိုတို့နဲ့ စကားစမြည်ဆက်ပြောနေရင်း အချိန်က (၉)နာရီထိုးလောက်ရှိလာတော့ ဘုန်းဘုန်းကိုရော၊ အိမ်ရှင်တွေကိုပါ နှုတ်ဆက်ပြီး ကျွန်တော်တို့နှစ်ယောက် အိမ်ပြန်လာခဲ့ကြတယ်။ အိမ်အောက်ထပ်ရောက်လို့ တံခါးဖွင့်ပြီးအထဲကိုဝင်ဝင်ချင်းမှာတင် ကျွန်တော့်နှာခေါင်းထဲကို ပုတ်အဲ့အဲ့ အနံ့ဆိုးကြီးတခု တိုးဝင်လာတော့တာပဲ။ အနားနားမှာအတူတူရှိနေတဲ့ ဘကြီးကိုကြည့်လိုက်တော့ သူကလည်း ကျွန်တော့်ကို ပြန်ကြည့်နေလေရဲ့။ တယောက်နဲ့ တယောက် ဘာစကားမှ မပြောဖြစ်ပဲ နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ်နဲ့ လှေကားအတိုင်း အပေါ်ထပ်ကို တက်လာခဲ့ကြရော။အပေါ်ထပ်ကိုရောက်တော့ အခန်းထဲဝင်ဖို့ ကြံတုန်းရှိသေး ဖိုးခွားကျွန်တော်တို့ကို လှမ်းမေးလိုက်တာက " ဘကြီးနဲ့ ကိုဝေ ... နင်တို့ တက်လာတော့ လှေကားမှာ အကောင်တွေ ဘာတွေ သေနေတာ တွေ့မိလား " တဲ့။ " ဟင့်အင်း ... မတွေ့မိဘူး။ ဘာလို့လဲ " လို့ ပြန်မေးတော့ သူက ကျွန်တော်တို့ပြန်မလာခင်လေးတင် အပေါ်ထပ်မှာ ပုပ်နံ့တခု နံနေလို့ မေးတာပါဆိုပဲ။ " မင်းဥစ္စာ ဟုတ်ရော ဟုတ်လို့လား ဖိုးခွားရယ်... "လို့ ပြန်မေးတော့ အိမ်လည်ရောက်နေတဲ့ ဟိုဘက်စက်ရုံက ကိုစိုးဝင်းဆိုတဲ့လူကပါ ဝင်ပြီးတော့ " တကယ်နံတာ ဘကြီး ကျွန်တော်တို့လည်း အနံ့ရလိုက်တယ် " ဆိုပြီး ဆက်ပြောတယ်။ ဘကြီးလည်းဘာမှဆက်မပြောတော့ပဲနဲ့ အခန်းထဲဝင်ပြီး ဘုရားသောက်တော်ရေတွေ အသစ်ကပ်၊ ဆီမီးပူဇော်နေတယ်။ သူ့ကိစ္စတွေ ပြီးသွားတော့ ဟိုဖက်စက်ရုံက နှစ်ယောက်ကို မင်းတို့ ဒီမှာ အိပ်ချင်လည်း အိပ်သွား။ မအိပ်ချင်လည်း စောစောစီးစီးပြန်ကြ.. လို့ ပြောတာဗျ။ ဟိုနှစ်ယောက်လည်း နည်းနည်းတော့ တွေသွားမှာပေါ့ဗျာ။ ဗျာ.. ဘာလို့လဲ ဘကြီး ဆိုပြီး ပြန်မေးတော့ ဘကြီးက ငါ အခန်းကို စည်းချမှာမို့လို့ ပြောနေတာ..။ ကျန်တဲ့လူတွေလည်း အိမ်သာသွားစရာရှိရင် ၊ အခန်းပြင်ထွက်စရာ တခြားကိစ္စရှိရင် ခုကတည်းက သွားထားနှင့်ကြ... လို့ ထပ်ပြောတယ်။ ဘုန်းဘုန်းစွန့်လိုက်တဲ့ ပရိတ်ကြိုးတွေကိုလည်း ကျွန်တော်တို့အားလုံးကို ဝေပေးပြီး လည်ပင်းမှာ ဆွဲခိုင်းထားသေးတယ်ဗျ။ ကံမ တယောက်ကလွဲလို့ ကျန်တဲ့လူတွေအားလုံး လည်ပင်းမှာ ပရိတ်ကြိုးလေးတွေ ကိုယ်စီကိုယ်စီနဲ့ မသိရင် ဆရာစံခေတ်တုန်းက အင်္ဂလိပ်ကို တိုက်ခါနီး တပွဲထိုး အစီအရင် စီမံနေသလားမှတ်ရတယ်။ ကိုရင်ကံမကတော့ ပရိတ်ကြိုးမဆွဲပါရစေနဲ့ တောင်းပန်လို့ ဘာလို့တုန်းမေးကြည့်တော့ သူ ရဲဆေးတင်ထားပြီးသားဖြစ်နေပြီ။ အရက်သောက်ထားတဲ့အချိန် ပရိတ်ကြိုးလည်ပင်းဆွဲထားတော့ ဘုရားကို ဂါရဝမထားသလို ဖြစ်မှာစိုးလို့ပါတဲ့လေ။ ဘေးအိမ်က နှစ်ယောက်လည်း တခုခုထူးနေပြီမှန်း မပြောပြပဲသိနေကြတော့ သူတို့အိမ်ကိုမပြန်တော့ဘူး။ ဘကြီး၊ ငဖြိုး၊ ကျွန်တော်၊ ဖိုးခွား၊ ကံမ၊ ဟိုဖက်စက်ရုံက ကိုစိုးဝင်းနဲ့ ကိုအောင်ငြိမ်း အားလုံးပေါင်း (၇) ယောက်တောင်ရှိနေတော့ ကျွန်တော်လည်း ကြောက်စိတ်တော့ သိပ်မဖြစ်မိပါဘူး။ သရဲနဲ့တွေ့လို့ပြေးရရင်လည်း တပျော်တပါး အုံနဲ့ကျင်းနဲ့ ပြေးရမှာ။ ဘေးနားမှာ အဖော်တွေပါ ရှိနေမှတော့ ဘာကြောက်စရာလိုသေးတုန်းဗျာ နော့။ လူကြီးစကားကို မဆန့်ကျင်ချင်တာနဲ့ပဲ ကျွန်တော်တို့လည်း အပေါ့အလေးကိစ္စတွေပါ တခါတည်း ရှင်းထားလိုက်ကြတယ်။ အခန်းထဲမှာ လူစုံတော့မှ တံခါးကိုပိတ်၊ ဂျက်ထိုးပြီး ဘကြီးလည်း ဘုရားကျောင်းဆောင်ရှေ့မှာ ဘုရားကန်တော့၊ သီလယူပြီး မေတ္တသုတ်တွေရွတ်၊ ပဌာန်းတွေရွတ်နဲ့ အချိန်က (၁၁)နာရီထိုးလောက် ဖြစ်လာရော။ အဲ....ဘကြီးဘုရားဝတ်ပြုပြီးလို့ အမျှဝေတဲ့အချိန်မှာတင် အခန်းရှေ့ကနေ ဝုန်းးးးး ဆိုပြီး အသံအကျယ်ကြီး စ,ကြားလိုက်ရတယ်။ အသံကြားကြားချင်း ဖိုးခွား တံခါးပေါက်ဆီကို ပြေးသွားဖို့လုပ်တော့ ဘကြီးက လက်ကိုလှမ်းဆွဲထားပြီး နေရာမှာပြန်ထိုင်ခိုင်းတယ်။ဟိုဖက်စက်ရုံက အလည်ရောက်နေတဲ့ ကိုအောင်ငြိမ်းက "စောနက အသံကြားရတာ ဘာဖြစ်တာလဲ???" လို့ မေးတာကို ဘကြီးက ဘာမှ ပြန်မဖြေတော့ ကျွန်တော့်အကိုဆီ လှမ်းမေးတယ်။ ကျွန်တော့်အကိုက သရဲ...သရဲ လို့ လေသံတိုးတိုးလေး နဲ့ ပြန်ဖြေတာကို ဟိုလူက တဟားဟားနဲ့ ရီပါလေရောဗျာ။ ပြီးတော့ ဆက်ပြောသေးတယ်ဗျာ။ အဓိပ္ပာယ်မရှိတာတွေကွာ... ဒီခေတ်ကြီးမှာ အဲ့လိုဟာတွေ ယုံတဲ့လူတွေလည်း ရှိသေးတယ်။ ဘာသရဲလဲ...။ မဟုတ်တာကို ကြောက်မနေစမ်းပါနဲ့။ ဆိုပြီး ထပ်ပြောသေးတယ်။သူကတော့ မကြုံမှ မကြုံသေးတာ။ ပြောအားရှိပေမပေါ့ဗျာ။ ကျွန်တော်တို့မှာသာ တခါမဟုတ် နှစ်ခါမဟုတ်။ ခံရတာကလည်း တယောက်တည်း မဟုတ်ပဲ အဖွဲ့လိုက်ထိထားတာဆိုတော့ မယုံချင်ရင်တောင် ဘယ်လိုအကြောင်းပြချက်နဲ့ ဆင်ခြေပေးပြီး မဟုတ်ပါဘူးဆိုပြီး ငြင်းဖို့ကလည်း ခက်ပြန်ပါရောလား။ ကိုအောင်ငြိမ်းစကားပြောနေတုန်း သူ့ပါးစပ်ကနေ အရက်နံ့ တထောင်းထောင်းထနေတော့ ဒီလူ အတော်မှန်နေတဲ့ သဘောမှာရှိတယ်။ ကိုအောင်ငြိမ်း ခင်ဗျား မသိရင်လည်း ကိုယ့်ဘာကိုယ် အေးဆေးနေဗျာ..။ ကျွန်တော်တို့ကိစ္စ ကျွန်တော်တို့ အသိဆုံးပဲ လို့ ကျွန်တော်ဝင်ဟန့်ကာမှ ပိုဆိုးလာပါလေရော။ သူ့လည်ပင်းက ပရိတ်ကြိုးကိုပါ ဆွဲဖြုတ်ပြီး ပါးစပ်ကနေ ဟေ့...ဘာသရဲလဲကွ ++ီး သရဲလား....။ေ++ာက်ရေးမပါတာ....။ တကယ်ရှိရင် လာခဲ့လေကွာ ဆိုပြီး အော်တော့တာပဲ။ ဘကြီးကတော့ ကျွန်တော်တို့အားလုံးကို လက်ကာပြပြီး ဘာမှမလုပ်ဖို့ အသံတိတ် အချက်ပေးတယ်။ အမှန်အတိုင်းဝန်ခံရရင် အဲ့ဒီအချိန်မှာ ကျွန်တော် ကြောက်လည်းကြောက်နေတယ်။ ဒါပေမယ့် အခန်းအပြင်က ကြားလိုက်ရတဲ့အသံက တကယ်ကြီး သရဲခြောက်နေတာလား၊ တခြားအကြောင်းတခုခုကြောင့်လားဆိုတာကိုလည်း စပ်စုချင်နေတာ။ လူ့စိတ်ကလည်း အခက်သားနော်။ မမြင်ရတဲ့အရာများဆိုရင် ပြူးပြဲကြည့်ချင်တဲ့စိတ်ကလည်း အတော်ဆိုးသဗျာ။ နောက်(၅)မိနစ်လောက်နေတော့ အခန်းရှေ့မှာ လူတယောက် ဖြတ်လျှောက်နေတဲ့ ခြေသံမျိုး ထပ်ကြားလာရပြန်တယ်။ ကျွန်တော်တို့စိတ်ထဲကတော့ အလိုလိုသိလိုက်ပါပြီ။ ပြဿနာကတော့စ လာပြီဆိုတာကိုလေ။ ဖိုးခွားက ထကြည့်မယ်တကဲကဲလုပ်နေလို့ သူ့ကို ဦးလှမင်း ကပျာကယာ လှမ်းဆွဲထားရသေးတယ်။ ပြီးတော့မှ ဘကြီးက လေသံ တိုးတိုးလေးနဲ့ " ဖိုးခွား...အပြင်မထွက်နဲ့ ။ အခန်းကို ငါစည်းချထားတာ စည်းပေါက်သွားမယ် " လို့ ပြောတာကို ဘကြီးဘေးနားမှာ ထိုင်နေတဲ့ ကျွန်တော် ကြားဖြစ်အောင်ကြားလိုက်တယ်။။ " ရှေ့ကဧည့်သည်အကိုကြီးလား၊ အစ်မကြီးလား... ညီမလေးလား ညီလေးလား...။ အခန်းထဲဝင်ခဲ့လေဗျာ။ အပြင်မှာ မပျင်းဘူးလား...." ဆိုတဲ့အသံထွက်လာလို့ ကြည့်လိုက်တော့ ကိုအောင်ငြိမ်း။ မူးမူးနဲ့ ပါးစပ်က တွေ့ကရာတွေ အော်နေတာ။ ပြေးကန်ချင်စိတ်ကို မနည်းကိုထိန်းထားရတယ်ဗျာ။ ကျွန်တော့်ထက်သာ ဒီလူအသက်ငယ်ရင် ကျွန်တော် သေချာပေါက် ကန်မိမှာ။ ဒါတောင် ငတိပါးစပ်က အသံထပ်ထွက်လာသေးတယ်။ " ကိုဝေ...မင်း ကြောက်လို့လား... ?? ယောက်ျားကြီးတန်မဲ့နဲ့ ဒီလောက်ကြောက်မနေစမ်းပါနဲ့ကွာ...။ ငါတောင် ဘာမှမဖြစ်ဘူး " ဆိုပြီး ဆက်အော်နေသေးတာ။ သူအော်တာတောင် မဆုံးလိုက်ပါဘူး။ အခန်းရှေ့မှာ တရှပ်ရှပ် ခြေသံကြားရပြီး "တောက်" ခေါက်သံကြီးပါ ကြားလိုက်ရတယ်။ ကျွန်တော်တို့အိမ်ဘက်ကို ကိုအောင်ငြိမ်းနဲ့ အတူတူလိုက်လာတဲ့ကိုစိုးဝင်းကတော့ ကိုအောင်ငြိမ်းကို ငါ တွေ မိုးမွှန်အောင် ဆဲတော့တာပဲဗျာ။ သူ့ပါးစပ်ကထွက်သမျှအသံတွေကိုသာ ထည့်ရေးရရင် ရေးတဲ့လူပါ မြေမျိုလောက်အောင်ကို ပက်ပက်စက်စက်တွေ ဆဲတာ။ ကျွန်တော်လည်း စိတ်ညစ်ရမှာလိုလို၊ ကြောက်ရမှာလိုလိုဖြစ်နေတုန်း ကျွန်တော့်ကို ဖိုးခွားက လက်နဲ့အချက်ပြပြီး သူရပ်နေတဲ့ကျွန်တော်တို့အခန်းတံခါးနားကို လှမ်းခေါ်လို့ ဘာများလဲဆိုပြီး သူခေါ်တဲ့နားကိုသွားလိုက်မိတယ်။ သူက ကျွန်တော့်ကို တံခါးမှာဖောက်ထားတဲ့ အပေါက်သေးသေးလေးကနေ အပြင်ကိုကြည့်ဖို့ လက်ဟန်ခြေဟန်နဲ့ပြောလို့ အပေါက်လေးကနေ ချောင်းကြည့်မိတော့ ........... သောက်ကျိုးနည်းဗျာ ကျွန်တော်တို့အခန်းရှေ့မှာ အသက်ခပ်ကြီးကြီးနဲ့ လူတယောက် ခေါက်တုံ့ခေါက်ပြန့် လျှောက်နေတာကို အပြင်မှာထွန်းထားတဲ့ နှစ်ပေမီးချောင်းအလင်းရောင်နဲ့ အသေအချာမြင်လိုက်ရတယ်။ အသက်ကြီးတယ်ဆိုတာ သူဝတ်ထားတဲ့ အဝတ်အစားကြောင့်သာ ခန့်မှန်းလို့ရတာ။ မျက်နှာကို သဲသဲကွဲကွဲမမြင်ရဘူး။ မလေးမှာ အသက်ကြီးပိုင်းအမျိုးသားတွေပဲ ဝတ်လေ့ဝတ်ထရှိတဲ့ သူတို့ရိုးရာ လုံချည်ကိုဝတ်ထားပြီး ရှပ်အကျီင်္လက်ရှည်ကို လုံချည်အပြင်ထုတ်ဝတ်ထားတာကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ ခေါင်းပေါ်မှာလည်း သူတို့ရိုးရာ ဦးထုပ်ကလေး ဆောင်းလို့ဗျ။ ကျွန်တော်ပဲမျက်စိအမြင်မှားနေလားဆိုပြီး မျက်လုံးကိုလက်နဲ့ပွတ်ပြီး ပြန်ကြည့်တော့လည်း မြင်ရတဲ့မြင်ကွင်းက မပြောင်းလဲသွားဘူး။ ဒါနဲ့ကျန်နေတဲ့လူတွေဘက်ကို လှမ်းကြည့်တော့ ကျွန်တော့်အစ်ကိုကျွန်တော်တို့ဘက်ကို ကြည့်နေတာတွေ့လို့ သူ့ကိုလက်ယပ်ခေါ်ပြီး အပြင်က မြင်ကွင်းကို ကြည့်ခိုင်းလိုက်တယ်။ ကျွန်တော့်အစ်ကို့ကို ကြည့်ခိုင်းတော့မှ ပိုရှုပ်ကုန်တာ။ သူအပေါက်ကနေ ကြည့်နေတာ အချိန်တော်တော်ကြာလာလို့ ကျွန်တော်စိတ်ပူပြီး ခေါ်ကြည့်တော့မှ အပေါက်နားမှာမျက်နှာအပ်ပြီး ငုတ်တုတ်ကြီး သတိလစ်နေတာမှန်း သိရတော့တယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ မျက်လုံးမှိတ်ပြီး ပုတီးစိပ်နေတဲ့ ဘကြီးဦးလှမင်းကိုပဲ အပူကပ်ရတော့တာပါပဲ။ ဘကြီးသူထိုင်နေတဲ့နေရာကနေ ထလာပြီး ဘုရားကျောင်းဆောင်ပေါ်က ပရိတ်ရေနဲ့ ကျွန်တော့်အကိုမျက်နှာကို တောက်ချလိုက်တော့ ငဖြိုး ပြန်သတိရလာတယ်။ သတိရလာတာနဲ့ "ဘကြီး လုပ်ပါဦး....။ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ ???? "ဆိုပြီး တန်းမေးပါလေရော။ ဘကြီးလည်း သူ့ဖုန်းလေးကောက်ကိုင်ပြီး ကိုအောင်ကိုတို့ဆီ လှမ်းဆက်တော့တာပဲ။ ဘကြီးဖုန်းဆက်နေတုန်း အခန်းထဲက လူတွေရဲ့အခြေအနေကို လိုက်ကြည့်မိတော့ မောင်ကံမက အရက်တန်ခိုးနဲ့ ဇက်ကျိုးပြီး လောကကြီးကို ယာယီဥပေက္ခာပြုနေပြီ။ ဟိုဖက်စက်ရုံက ကိုစိုးဝင်းကတော့ ပြူးကြောင်ကြောင်မျက်လုံးတွေနဲ့ တောင်ကြည့်မြောက်ကြည့် လိုက်ကြည့်နေတယ်။ ဖိုးခွားကတော့ တံခါးအပေါက်လေးထဲကနေ အပြင်ကိုပဲ မျက်တောင်မခတ်စတမ်း ကြည့်နေတာ။ အဲ့ဒီအချိန်မှာ ပြဿနာကို အဆိုးဆုံးအခြေအနေအထိ ရောက်သွားအောင် ဖိတ်ခေါ်လိုက်တဲ့လူကတော့ သရဲမယုံပါဘူးဆိုတဲ့ ငအောင်ငြိမ်း (အဲ့ဒီကိစ္စတွေးမိတိုင်း ခုချိန်ထိ အဲ့ဒီလူကို ဒေါသအလိပ်လိုက်ထွက်မိတယ်)။ အတန်တန် သတိပေးထားပါရဲ့နဲ့ဗျာ။ တံခါးပေါက်မှာရှိတဲ့ ဖိုးခွားကိုအတင်းတွန်းထုတ်ပြီး တံခါးကိုဆွဲဖွင့်၊ ပါးစပ်ကလည်း "မင်းတို့တကယ်စွမ်းရင် ပြကြစမ်းကွာ။ လက်တွေ့မြင်ရမှ ငါဆိုတဲ့ကောင်က ယုံမှာကွ " ဆိုပြီး ဟီးရိုးထလုပ်ပါလေရော။ ဘယ်လိုမှကို လှမ်းတာဖို့ အချိန်မမှီလိုက်ဘူး။ ကိုအောင်ငြိမ်းပါးစပ်က စိန်ခေါ်သံလည်းဆုံးရော ကျွန်တော်တို့ဖိနပ်တွေတင်ထားတဲ့ ဖိနပ်စင်ပေါ်က ဖိနပ်တွေအကုန်လုံး ပြုတ်ကျလာတယ်။ ပြီးတော့ ကျွန်တော်တို့ ထမင်းစားတဲ့လေးထောင့်စားပွဲက နဂိုရှိနေကျ နေရာကနေ ခြေသုံးလှမ်းစာလောက် တရွတ်တိုက် ရွေ့သွားတာ။ အဲ့လိုရွေ့သွားတဲ့မြင်ကွင်းကို ကျွန်တော်တယောက်တည်း မြင်တာမဟုတ်ဘူးနော်။ ကျွန်တော့်ဘေးနားမှာ ဖိုးခွားရော၊ ကျွန်တော့်အစ်ကို ငဖြိုးရော၊ ကိုစိုးဝင်းရော၊ ကိုအောင်ငြိမ်းရော လေးယောက်လုံး ပေါ်တင်ကြီးမြင်လိုက်ရတာ။ အဲ့ဒီမှာ ဖိုးခွား ဘာလုပ်တယ်မှတ်တုန်း။ သရဲမယုံပါဘူးဆိုတဲ့ ကိုအောင်ငြိမ်းကို ပယ်ပယ်နယ်နယ်ကြီး လက်သီးတွေ ပစ်ကျွေးတော့တာပဲ။ ပါးစပ်ကလည်း " မယုံဘူးဆို..။ အခု နင်ဘာဆက်လုပ်မလဲ..။ နင် ဘာလုပ်ပေးနိုင်လဲ ပြောလေ.. " ဆိုပြီး ကြိမ်းလိုက်၊ လက်ကလည်း မနားတမ်း ကိုအောင်ငြိမ်း မျက်နှာပေါ်ကို လက်သီးမိုးတွေ ရွာချလိုက်လုပ်နေတာ " ဟေ့ကောင်တွေ တော်ကြစမ်း။ ဒီမှာ လာကြည့်ကြဦး ..ဟ " ဆိုတဲ့ ဘကြီး အသံကြားမှပဲ ရပ်တော့တယ်။ ဘကြီးဆီကနေ အသံထွက်မလာရင် ကျွန်တော်လည်း ကိုအောင်ငြိမ်းကို တွယ်မိတော့မှာ။ ကျွန်တော့်စိတ်ထဲမှာ အခုကြုံနေရတဲ့ ပြဿနာတွေအားလုံးရဲ့ တရားခံက ကိုအောင်ငြိမ်းကိုပဲ မြင်နေမိတယ်။ သူသာ အာမချောင်ခဲ့ရင် ဒီလောက်ထိ ဖြစ်လာနိုင်စရာမရှိဘူး။ ခုတော့ဗျာ.....။ ဘကြီးခေါ်တဲ့ဆီကို ကြည့်လိုက်တော့ ကျွန်တော်တို့ဘာမြင်လိုက်ရတယ်ထင်လဲ။ စောနတုန်းက မူးပြီးမှောက်နေတဲ့ မောင်ကံမ ငုတ်တုတ်ထိုင်ပြီး ကျွန်တော်တို့ဘက်ကို ဘုကြည့်ကြည့်နေတာဗျား။ ဒီကောင့်ပုံစံကြည့်ရတာလည်း မူမမှန်ဘူး။ မျက်စိနှစ်လုံးစလုံးပွင့်နေရဲ့သားနဲ့ ကျွန်တော်တို့တွေ ဒီလောက်ဖြစ်နေတာကို သူမသိသလို မမြင်သလို စတိုင်နဲ့။ ဘကြီးက " ဟေ့ကောင် ကံမ " လို့ ခေါ်တာကို ဘာမှပြန်မပြောပဲ ကျွန်တော်တို့ဘက်ကို လှည့်ကြည့်လိုက်တဲ့ အကြည့်က ဒီနေ့ဒီအချိန်ထိ ကျွန်တော့်မျက်စိထဲက မထွက်ဘူး။ မျက်လုံးတွေနီရဲတွတ်နေပြီး ကျွန်တော်တို့ကို မျက်တောင်တချက်မှ မခတ်ပဲ စူးစိုက်ကြည့်နေတာဗျာ။ အဲ့ဒီမှာ အရင်ဦးဆုံး သတိဝင်လာတဲ့လူက ဘကြီး။ " တခုခုတော့ မှားပြီ ဟေ့ကောင်တွေ။ ဒီကောင့်ကို မင်းတို့ ချုပ်ထားစမ်း။ ငါ ပရိတ်ရေတိုက်ကြည့်မယ် " ပြောတာနဲ့ ကျွန်တော်တို့ ညီအစ်ကိုနဲ့ ဖိုးခွား သုံးယောက် ဒီကောင့်နားကိုကပ်သွားပြီး ချုပ်မယ်အလုပ်မှာ အတင်းရုန်းပြီး ဆောင့်တွန်းထည့်လိုက်တာ သူ့လက်နဲ့ ဖိုးခွားမျက်နှာမိတ်ဖွဲ့ပြီး ဖိုးခွားခမျာ သွားတချောင်းကျွတ်ထွက်သွားပါလေရော။ ဒီလောက်တောင်ဖြစ်တာဆိုပြီး ကျန်နေတဲ့ လူသုံးယောက်ကိုပါ ခေါ်ပြီးတော့ မရမကဝိုင်းချုပ်ရတော့တာပဲ။ ကျွန်တော်တို့လူခြောက်ယောက်အားနဲ့ ဝိုင်းချုပ်နေတဲ့ကြားက ဒီကောင့်လက်နဲ့ရမ်းလိုက်တာ ဘေးနားက နှစ်ယောက်ထိုင်ဆိုဖာဆက်တီခုံကြီး လွင့်ထွက်သွားတယ်။ ရွေ့သွားတာ မဟုတ်ဘူးနော်။ အဲ့ ဆက်တီခုံကို သယ်လာတုန်းက ကျွန်တော်တို့ ယောက်ျားသားနှစ်ယောက်တောင် အတော်အားစိုက်ပြီး မ,ရွှေ့ရတာ။ ကံမကို အတင်းဝိုင်းချုပ်ပြီး ဘုရားကျောင်းဆောင်ရှေ့ကို ခေါ်လာတော့ ဘုရားကျောင်းဆောင်ရှေ့အရောက်မှာ မျက်လုံးကို စုံမှိတ်ပြီး မိန်းကလေးအသံနဲ့ မလေးလို " ဟိုဟာတွေ ဖြုတ်ပေး၊ ဟိုဟာတွေ ဖြုတ်ပေး " ဆိုပြီး လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်တော့တာပဲ။ ကံမလက်ညှိုးထိုးပြနေတဲ့ဆီကို ကြည့်လိုက်တော့ ဘုရားကျောင်းဆောင်အောက်မှာ ကပ်ပြီးပူဇော်ထားတဲ့ ပဌာန်း(၂၄)ပစ္စည်း စတစ်ကာအဝိုင်းတွေ ဖြစ်နေတယ်။ ပြောတဲ့စကား က မလေးလို၊ ပြောနေတဲ့အသံကျပြန်တော့ မိန်းမအသံ၊ ပြောနေတဲ့လူကလည်း မလေးစကားကို မသိဘူး တခွန်းပဲပြောတတ်တဲ့ လူဖြစ်နေတော့ ကျွန်တော်တို့မှာ ဘယ်လိုနားလည်ရမှန်းကို မသိတော့ဘူး။ ကျွန်တော့်စိတ်ထဲမှာ ဘာတုန်းဟလို့ တွေးနေတုန်းရှိသေးတယ်။ သွားတချောင်းကျွတ်ထားလို့ ဒေါသူပုန်ထနေတဲ့ ငဖိုးခွားက အရင်ဆုံးစပြီး မဖြုတ်ပေးဘူးကွာ လန်ကျောက်ပဲဖြုတ်ပေးမယ် လို့ မြန်မာလိုပြောပြီး ကံမ မျက်နှာကို ခြေထောက်နဲ့ ပစ်ကန်တော့တာပဲ (လန်ကျောက်ဆိုတာ မလေးလို ယောက်ျားအင်္ဂါကို ပြောတာ)။ ကျန်တဲ့လူတွေလည်း ဘကြီးကလွဲလို့ လူစုံတက်စုံ လက်ရည်၊ ခြေရည်စမ်းပြီး ဆွမ်းကြီးဝင်လောင်းကြတော့တာပဲ။ ကျွန်တော်တို့ရဲ့ ဆွမ်းကြီးလောင်းပွဲကြီး အရှိန်ကောင်းနေတုန်း တယ်လီဖုန်းမြည်သံကြားရလို့ ခဏဘရိတ်တိုင်းမ်ပေးပြီး ကြည့်လိုက်တော့ ဘကြီးဦးလှမင်းဆီကို ကိုအောင်ကိုဆက်တဲ့ဖုန်းဖြစ်နေတယ်။ သူတို့ရောက်တော့မှာမို့ ဖုန်းဆက်ပြီး တံခါးဖွင့်ပေးဖို့ ပြောတာဗျ။ အောက်ဆင်းပြီးတံခါးဖွင့်ဖို့ ဖိုးခွားနဲ့ ကိုစိုးဝင်းသော့ယူပြီးဆင်းသွားတော့ ကြမ်းပြင်ပေါ်ပက်လက်လန်နေတဲ့ ကံမဘေးနားမှာ ကျွန်တော်တို့ညီအစ်ကိုနဲ့၊ ဘကြီးရယ်၊သရဲမယုံပါဘူးဆိုတဲ့ ကိုအောင်ငြိမ်းရယ် လေးယောက်ကျန်နေခဲ့တယ်။ စိတ်ရောလူရော မောမောရှိတာနဲ့ ဘုရားကျောင်းဆောင်ရှေ့ဖြစ်နေတာကိုတောင် မေ့ပြီး ခြေထောက်ဆင်းပြီး ထိုင်လိုက်မိတယ်ဗျာ။ ကျွန်တော်ခြေထောက်ဆင်းမိလိုက်တာ ကံမခေါင်းကိုသွားအထိမှာ မလေးမ အသံနဲ့ " ငါ့ခေါင်းကို မကန်နဲ့" ဆိုပြီး ကျွန်တော့်ခြေထောက်ကို ဆွဲကိုက်ပါလေရော။ ကျွန်တော်လည်း အတင်းဆောင့်ရုန်း၊ ကျန်တဲ့သုံးယောက်ကလည်း သူ့ခေါင်းကို ဘောလုံးလို ဝိုင်းကန်မှ အကိုက်ရပ်ပြီး ကျွန်တော့်ခြေထောက်ကို လွှတ်တော့တယ်။ ကျွန်တော်လည်း ကိုယ့်အသားနာတော့ ဒေါသကို ဘယ်လိုမှထိန်းမရတော့ဘူး။ မျက်စိထဲတွေ့တာ ဆွဲယူလိုက်တော့ လက်ထဲမှာ သစ်သားကုလားထိုင်ပါလာတာနဲ့ အဲ့ဒါနဲ့တင် တချက်ပြီးတချက် ဆင့်ရိုက်ထည့်ပစ်တာ ကုလားထိုင်ပါကျိုးတယ်။ ဒီလောက်အထိ အားပါးတရ သမ,တာတောင်မှ ဒင်းက ဘာမှမဖြစ်ပဲ " အဒူး အဒူး " လို့ပဲ လှိမ့်အော်နေတာ။ {အဒူး(aduh) ဆိုတာ မလေးလို ထိတ်လန့်နာကျင်မှုကို ကြုံရင်သုံးတဲ့ အာမေဋိတ်စကားဗျ}။ ကျွန်တော့်လက်ထဲက ကုလားထိုင်ကျိုးသွားလို့ ရိုက်စရာပစ္စည်းလိုက်ရှာနေတုန်း ဘကြီးဦးလှမင်း သူ့လက်ထဲက စိပ်ပုတီးကို ကံမလည်ပင်းမှာ စွပ်ချလိုက်တော့ မျက်စိတွေပြူး၊ လျှာတစ်လစ်ကြီးထွက်ပြီး ငြိမ်ကျသွားတယ်။ သူငြိမ်နေတုန်း ကျွန်တော့်အစ်ကိုက ကျွန်တော့်အနားကပ်လာပြီး " ဟေ့ကောင် အခြေအနေမဟန်ရင် စီဒီစက်ထဲကို ကြာနီကန်ပဌာန်းတရားခွေ ထည့်ဖွင့် " လို့ တိုးတိုးလေး မှာတယ်။ သူပြောမှပဲ ကျွန်တော်လည်း တရားခွေဖွင့်မယ်ဆိုပြီး စီဒီစက်တင်ထားတဲ့ခုံနားကို သွားမယ်လုပ်တော့ " မသွားနဲ့ " လို့ မောင်ကံမ တဖြစ်လဲ မလေးမမက သူတို့ဘာသာစကားနဲ့ ဝင်တားပြန်ရော။ အဲ့ဒီတချက်လည်း အတော့်ကို ထူးဆန်းတယ်ဗျာ။ အဲ့ဒီအချိန်မှာပဲ ညနေခင်းတုန်းက ကျွန်တော်နဲ့ ဘကြီးသွားဖူးတဲ့ ဘုန်းဘုန်းလည်း ကိုအောင်ကိုနဲ့အတူ ရောက်လာတယ်။ ဘုန်းဘုန်း ကျွန်တော်တို့ အိမ်အောက်ထပ်မှာရောက်နေတာကို အိမ်ပေါ်ထပ်မှာရှိနေတဲ့ ကျွန်တော်တို့က ဘယ်မှာ သိနိုင်မှာတုန်း။ အိမ်အောက်ထပ်က သံတံခါးကြီးဖွင့်သံကြားလိုက်ရပြီးတာနဲ့ တချိန်တည်းမှာပဲ ကံမပါးစပ်ကနေ မိန်းကလေးအသံနဲ့ မလေးလို " ပူတယ်။ မလာနဲ့ " ဆိုပြီး အသေအော်တော့တာပဲ။ တကိုယ်လုံးလည်း ထွန့်ထွန့်ကိုလူးနေရော။ ကျွန်တော်တို့ကဖြင့် ဘုန်းဘုန်းကို မြင်တောင်မှ မမြင်ရသေးဘူး။ သူအဲ့လို အော်ဟစ်ဆူညံနေတုန်း ဘုန်းဘုန်းလည်း ကျွန်တော်တို့အခန်းထဲကို ကိုအောင်ကို၊ ဖိုးခွား၊ ကိုစိုးဝင်းတို့နဲ့အတူ ရောက်လာတော့တာပဲ။ ဘုန်းဘုန်းအခန်းထဲရောက်တော့ သူ့လည်ပင်းကဟာကို ဖြုတ်ပေးကြပါ။ သူအခု ထွက်သွားပါတော့မယ် ဆိုပြီး ငိုယိုပြီး တောင်းပန်ပါလေရော။ အောက်ထပ်က တက်လာကြတုန်းကတည်းက ဖိုးခွားနဲ့ ကိုစိုးဝင်း သတင်းပို့နှင့်ပြီးသားဆိုတော့ ဘုန်းဘုန်းက အကျိုးအကြောင်းတော့ သိပြီးပုံပေါ်တယ်။ အခန်းထဲရောက်တာနဲ့ ကံမရှေ့တည့်တည့်မှာ ဖျာတချပ်ခင်းပေးဖို့ပြောပြီး အဲ့ဒီဖျာပေါ်မှာထိုင်တယ်။ ရဟန်းတော်တွေရဲ့ ဝိနည်းအရ လူတွေနဲ့ ကြမ်းတပြေးတည်းမှာ မထိုင်ရဘူးလို့ ဘုန်းဘုန်းက မိန့်သေးသဗျ။ ရဟန်းဝိနည်းကိုလေးစားလိုက်နာတဲ့ ဘုန်းဘုန်းကိုလည်း ကျွန်တော့်စိတ်ထဲမှာ အားကိုးယုံကြည်စိတ်တွေ အရင်ကထက် ပိုလာတယ်။ ကျွန်တော်တို့ ခင်းပေးတဲ့ ဖျာပေါ်မှာ ဘုန်းဘုန်းထိုင်ပြီးတာနဲ့ ကံမကိုကြည့်ပြီးတော့ " အခု ဦးဇင်းပြောတဲ့စကားကို နားလည်ရင် ခေါင်းညိတ်ပါ " လို့ မြန်မာလို မိန့်တယ်။ ဟိုကလည်း ခေါင်းပြန်ညိတ်တယ်ဗျို့။ ဘုန်းဘုန်းကဆက်ပြီးတော့ " အခု ဒီဒကာလေးရဲ့ ခန္ဒာကိုယ်မှာ တွယ်ကပ်ပူးဝင်နေသူက အမျိုးသားလား??? " လို့ မေးတော့ ခေါင်းခါပြတယ်။ ဘုန်းဘုန်းက " ဒကာမ ဘာလိုချင်လို့ သူ့ကို ဝင်ပူးကပ်ရတာလဲ??? " လို့ ထပ်မေးတော့ သူ့လက်နဲ့ ထမင်းစားတဲ့ ပုံစံလုပ်ပြတယ်။ ပြီးတော့ သူ့လက်ဝါးနှစ်ဖက်ကိုပူးကပ်ပြီး ခေါင်းနောက်မှာကပ်ပြီး အိပ်တဲ့ပုံ ထပ်လုပ်ပြတယ်။ " ဒကာမအတွက် စားစရာနဲ့ နေစရာရပြီးရင် အခု ဒကာမ ပူးကပ်နေတဲ့ ဒကာလေးရဲ့ကိုယ်ကနေ ခွာပေးမလား ??? လို့ ထပ်မေးတော့ ခေါင်းခါပြတယ်။ ဒါဖြင့်ရင် ဒကာမ ဘာလိုချင်သေးလို့လဲ ထပ်မေးတော့ အမူအယာနဲ့ ထပ်လုပ်ပြတယ်။ သူလုပ်ပြတာကို ဦးဇင်းရော၊ ကျွန်တော်တို့တွေပါ နားမလည်တာနဲ့ ဦးဇင်းက ဒကာမ နှုတ်ကနေ ပြောချင်ပြောပါ။ ဦးဇင်း ဒကာမတို့ ဘာသာစကားကို နားမလည်ပေမယ့် ဒီမှာရှိနေတဲ့ ဒကာကြီးတွေ ဘာသာပြန်ပေးလို့ရပါတယ် ဆိုတော့မှ ကံမပါးစပ်ကနေ မလေးစကားသံတွေ တလှေကြီး ပွင့်ထွက်လာတော့တာပဲ။

(အက်ဒမင်-ရွာတော်ရှင်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |