(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Ghost Car ( Final Part )



ကားတစီးပေးတဲ့ ဒုက္ခ(ဇာတ်သိမ်း) 

 သူပြောတာကို ဘာသာပြန်ရရင်တော့ အခုဒီမှာရှိနေတာ သူတယောက်တည်းမဟုတ်ပဲနဲ့ သူ့အဖေနဲ့ သူ့သားလေးလည်း ရှိသေးတယ်။ သူတို့က ဝပ်ရှော့ထဲမှာရှိနေတဲ့ ဟွန်ဒါကားနဲ့ ဒီကို ပါလာကြတာ။ သူတို့မကွယ်လွန်မီတုန်းက ရွာကိုအလည်ပြန်ရင်းနဲ့ လမ်းမှာ ကားတိုက်မှုဖြစ်ပြီး သူရယ်၊ သူ့သားလေးရယ်၊ သူ့အဖေရယ် ကားပေါ်မှာတင် ဆုံးတယ်။ ကားပေါ်မှာ အတူပါလာတဲ့ သူ့ယောက်ျားကတော့ အခုဆေးရုံမှာရှိနေသေးတယ်။ သူတို့မှာ အခု စားစရာ၊ နေစရာမရှိပဲ ဒီကားပေါ်မှာ နေနေကြရတာကြောင့်မို့ ဒီကားရောက်တဲ့နေရာတိုင်းကို လျှောက်လိုက်နေကြရတယ်။ သူတို့ဒီဝပ်ရှော့ကိုရောက်လာတော့ ဒီဝပ်ရှော့မှာ ဘာဘုရားမှ ကိုးကွယ်မထားလို့ သူတို့ လွတ်လွတ်လပ်လပ်နေလို့၊ သွားလို့ရတာပါ....... တဲ့ ။ သူပြောမှပဲ ကိုထက်ပိုင် ဝပ်ရှော့ထဲဆင်းရင်းက မေးခဲ့တာကို ပြန်သတိရတယ်။ သူက ထပ်ပြောသေးသဗျ။ ဖြစ်နိုင်မယ်ဆိုရင် သူတို့အတွက် သူတို့အတွက် နေစရာ၊စားစရာ စီစဉ်ပေးပါတဲ့။ ကျေးဇူးပြန်ဆပ်ပါ့မယ်တဲ့။ အခု ဒီလူကို ဝင်ပူးပြီး နှောင့်ယှက်မိတာကလည်း အကူအညီတောင်းချင်လို့ပါတဲ့။အရင်တုန်းကလည်း ဒီဝပ်ရှော့မှာနေတဲ့လူတွေကို အကူအညီတောင်းဖို့ ကြိုးစားပေမယ့် ဒီကလူတွေအားလုံးက သူတို့ခြောက်လှန့်နေတယ်လို့ ထင်နေကြတာကြောင့် အခုလို ပူးကပ်ပြီးအကူအညီတောင်းမိတာကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်တဲ့......။ သူပြောတာတွေကို ဘုန်းဘုန်းကို ဘာသာပြန်ပေးလိုက်တော့ ဘုန်းဘုန်းက ဒကာမတို့အတွက် ဦးဇင်းတို့ကိုးကွယ်ရာ ဘာသာတရားနဲ့ ပြုလုပ်ပေးရင်ရော ဒကာမတို့ လက်ခံနိုင်ပါ့မလား လို့ မိန့်တော့ ခေါင်းညိတ်ပြတယ်ဗျ။ ဟွန့်... အကူအညီတောင်းချင်ပေလို့သာပဲ။ သူအကူအညီတောင်းတာက သွားကျွတ်တဲ့လူလည်း ကျွတ်၊ ကျွန်တော့်မှာလည်း ခြေသလုံးမှာ သွားရာအကွင်းလိုက်ကြီးကျန်လိုကျန်နဲ့။ ဘုန်းဘုန်းနဲ့ အပြန်အလှန်ပြောခဲ့တာတွေအကြောင်း ပြန်ဆက်ပြောရရင်တော့ လာမယ့် တနင်္ဂနွေနေ့မနက်ပိုင်းမှာ သူတို့မိသားစုအတွက်ရည်စူးပြီး ကုသိုလ်ပြုအမျှအတမ်းပေးဝေမယ်ဆိုရင် သူတို့အတွက် အဆင်ပြေနေနိုင်မလားလို့ ဘုန်းဘုန်းမေးလိုက်တော့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာပြီး ခေါင်းကို တဆတ်ဆတ်ညိတ်တော့တာပဲဗျို့။ ဘုန်းဘုန်း ကျွန်တော်တို့ဘက်ကိုလှည့်ပြီးတော့ " ဘယ့်နှယ့်လဲ ဒကာတို့၊ သူတို့အတွက် ဒကာတို့ဘက်ကရော လုပ်ပေးချင်စိတ်ရှိကြရဲ့လား " လို့ မေးတယ်။ လုပ်ချင်တာ၊ မလုပ်ချင်တာတွေ စဉ်းစားမနေအားပါဘူးဗျာ။ ဒီကိစ္စတွေမြန်မြန်ပြီးလေ ကောင်းလေမို့ အားလုံးက မတိုင်ပင်ထားပဲ တပြိုင်တည်းနဲ့ " တင်ပါ့ ဘုရား " ဆိုပြီး ဝိုင်းအော်လိုက်ကြတာ ဘုန်းဘုန်းတောင် တွန့်ကနဲဖြစ်သွားတယ်။ ကျွန်တော်တို့ဆီက သဘောတူုကြောင်းကြားလိုက်တော့ ဘုန်းဘုန်းက ဟို ယောက်ျားဘော်ဒီနဲ့ မိန်းမလို တော်ကီပစ်နေတဲ့ ကံမဘက်ကိုလှည့်ပြီးတော့ " ကိုင်း....ဒကာမ ကြားတဲ့အတိုင်းပဲ။ ဒီတော့ ဒကာမတို့ဘက်ကလည်း ဒကာမတို့အတွက် ရည်စူးကုသိုလ် မပြုလုပ်ပေးရသေးခင် အချိန်စပ်ကြားမှာ ဒီအိမ်ပရဝုဏ်အတွင်းမှာ မှီတင်းနေထိုင်ကြသူတွေ စိတ်လက်မချမ်းသာဖြစ်စေမယ့် ပူးကပ်၊နှောင့်ယှက်၊ ခြောက်လှန့်တာမျိုးတွေ လုံးဝမလုပ်ကြတော့ပါဘူးလို့ ဦးဇင်းကို ကတိပေးနိုင်ပါ့မလား???? " လို့ ထပ်မေးတယ်။ ကျွန်တော်လည်း တထိတ်ထိတ်နဲ့ ဘာများပြန်ဖြေမှာပါလိမ့်လို့ စိတ်ဝင်တစား စောင့်ကြည့်နေတုန်း ခေါင်းညိတ်ပြတာမြင်လိုက်တော့မှ ဟင်းခနဲ သက်ပြင်းချမိတော့တယ်။ " အခု ဒကာမကြီး ပူးကပ်ဝင်ရောက်နေသူရဲ့ကိုယ်တွင်းကနေ ပြန်ထွက်ပေးဖို့ ဦးဇင်းမေတ္တာရပ်ပါတယ်" လို့ ဘုန်းဘုန်းက ထပ်မိန့်တော့ သူ့လည်ပင်းမှာစွပ်နေတဲ့ ဘကြီးဦးလှမင်းရဲ့ စိပ်ပုတီးကို လက်ညှိုးနဲ့ ထိုးပြရော။ အဲ့ဒါနဲ့ ဘုန်းဘုန်းက ကျွန်တော့်ဘက်ကိုလှည့်ပြီး ဖြုတ်ပေးလိုက်ပါဆိုတဲ့သဘောနဲ့ကြည့်လိုက်တော့ ကျွန်တော်လည်း ရင်တထိတ်ထိတ်နဲ့ သွားဖြုတ်ပေးလိုက်ရတာပေါ့ဗျာ။ လုပ်မယ့်သာ လုပ်နေရတာ။ စိတ်ထဲကတော့ တထိတ်ထိတ်နဲ့ရယ်။ စောနတုန်းက ဆွမ်းကြီးလောင်းထားတာကိုမကျေနပ်လို့ ကျွန်တော်မတ်တပ်ရပ်ပြီး သူ့လည်ပင်းကစိပ်ပုတီးကိုပြန်ဖြုတ်ပေးနေတုန်းများ မှီရာလှမ်းကိုက်လိုက်ရင်တော့ ဘဝဆုံးပြီလို့ ပေါက်တီးပေါက်ရှာအတွေးနဲ့ စိုးတထိတ်ထိတ်ဖြစ်နေမိတာ။ ကျွန်တော်လည်း စိပ်ပုတီးကိုဖြုတ်ပေးလို့ပြီးတာနဲ့ တပြိုင်တည်း " ဟင်း" ဆိုတဲ့ သက်ပြင်းချသံကြီးထွက်လာပြီးတော့ မောင်ကံမတယောက် အဲ့ဒီနေရာမှာတင် အရုပ်ကြိုးပြတ် ခွေခွေလေးလဲသွားတော့တာပဲ။ ကျွန်တော့်အစ်ကိုနဲ့ ဘကြီးဦးလှမင်းတို့နှစ်ယောက် ဒီကောင့်ကို အတင်းလှုပ်နိုးတော့လည်း မနိုးဘူး။ အဲ့ဒါနဲ့ ဘုရားကျောင်းဆောင်ပေါ်က ဘုရားသောက်တော်ရေကိုစွန့်ပြီးတော့ ဒီကောင့်မျက်နှာကို သောက်တော်ရေနဲ့ တောက်လိုက်တော့ တအင်းအင်း ညည်းသံထွက်လာတယ်။ ပြီးတော့ အိပ်မှုံစုံမွှားနဲ့ ဟိုကြည့်ဒီကြည့်လိုက်ကြည့်ပြီးမှ သိုင်းကွက်နင်းပြီး သူ့အိပ်ယာပေါ်ကို သွားတက်အိပ်နေရော။ ကံမအရေးအတွက် စိတ်အေးရပြီဆိုတော့မှ ကျွန်တော်တို့လည်းဘုန်းဘုန်းဘက်ကို ပြန်လှည့်ဖြစ်တော့တယ်။ နံရံမှာချိတ်ထားတဲ့ တိုင်ကပ်နာရီဆီကို မျက်စိအရောက်မှာ အချိန်က ည(၁၂)နာရီတောင်ခွဲနေမှကိုး။ ဘုန်းဘုန်းလည်း ကျိန်းချင်နေလောက်ပြီမို့ ပြန်လိုက်ပို့ဖို့ စီစဉ်ပေးရတယ်။ ကျွန်တော်ကတော့ ခြေထောက်မှာ ကိုက်ခံထားရတဲ့ဒဏ်ရာကြောင့် ဘုန်းဘုန်းကို လိုက်မပို့ပေးတော့ပဲနဲ့ ကျွန်တော့်အစ်ကိုနဲ့ဖိုးခွားကိုပဲ လိုက်ပို့ပေးဖို့ပြောရတယ်။ သရဲတစ္ဆေဆိုရင် အယုံအကြည်မရှိပါဘူးဆိုတဲ့ မစ္စတာအောင်ငြိမ်းတယောက်ကတော့ ဘာအသံမှကိုထွက်မလာတော့ဘူး။ မျက်နှာတခုလုံးမှာလည်း ဖိုးခွားဗျင်းထားလို့ ဖူးယောင်နေရော။ သူ့မျက်နှာက ဒဏ်ရာဒဏ်ချက်တွေကိုတွေ့မှ ကံမကို ကျွန်တော်တို့ ဆွမ်းကြီးလောင်းထားတဲ့ကိစ္စကို ပြန်သတိရတယ်။ သန်သန်မာမာယောက်ျားသားငါးယောက်အားနဲ့ တက်ညီလက်ညီ သမတာကို ခံထားရတာဆိုတော့ ဒင်းတကိုယ်လုံးရစရာကျန်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် " ဟေ့လူတွေ ... ကံမကိုလည်း တချက်ပြန်ကြည့်ကြပါဦးဟ။ တော်ကြာ အတွင်းကြေပြီး သေသွားလို့ ဟိုသုံးယောက်အတွက် အလှူမလုပ်ရပဲ ဒီကောင့်အတွက် ဆွမ်းသွပ်အလှူလုပ်ပေးနေရဦးမယ် " လို့ လှမ်းဆော်သြလိုက်မိတယ်။ ကျွန်တော်ပြောတော့မှ ကျန်တဲ့လူတွေလည်း ပိုးလိုးပက်လက်အိပ်မောကျနေတဲ့ ကံမအနားကိုသွားကြည့်ကြတယ်။ အံ့သြစရာတော့ အကောင်းသား။ သစ်သားကုလားထိုင်တခုလုံးကျိုးတဲ့အထိ ပယ်ပယ်နယ်နယ်အတွယ်ခံထားရတဲ့လူတယောက်မှာ ဘာဒဏ်ရာဒဏ်ချက် တခုတလေမှ မတွေ့ရဘူးဗျာ။ ဒီလောက် ထိုးကြိတ်၊ကန်ကျောက်ခံထားရတဲ့လူတယောက်မှာ အနည်းဆုံးတော့ ပွန်းရာပဲ့ရာလေးတခုလောက်တော့ ကျန်နေသင့်တာပေါ့။ ဖိုးခွားတယောက်တည်း လက်စွမ်းပြထားတဲ့ ကိုအောင်ငြိမ်းတောင်မှ မျက်နှာမှ ယောင်ကိုင်းနေသေးတာပဲ။ အဲ့ဒီတချက်လည်း အတော်ထူးဆန်းတယ်။ ############################################ စက်တင်ဘာလ(၂)ရက်၊ တနင်္ဂနွေနေ့မနက်မှာတော့ ဘုန်းဘုန်းနဲ့ ပြောထားဆိုထားကြတဲ့အတိုင်း သူတို့သုံးယောက်အတွက် ရည်စူးပြီးလုပ်တဲ့ ကျွန်တော်တို့ရဲ့ တရားနာ၊ရေစက်ချ၊ အမျှဝေပွဲလေး အထမြောက်ခဲ့ပါတယ်။ ဒီဟွန်ဒါကား ကျွန်တော်တို့ဝပ်ရှော့ကို အရင်ဦးဆုံးစရောက်တဲ့ညက အိမ်မှာညလာအိပ်ခဲ့တဲ့ ကိုထက်ပိုင်တို့လူစုလည်း ကျွန်တော်တို့ဖုန်းနဲ့အကြောင်းကြားပြီး ဖိတ်ထားလို့ ကျော်လင်းဟန် တယောက်ကလွဲလို့ ကျန်တဲ့လူတွေအားလုံး လာကြတယ်။ ဟိုကောင်ညီညီကတော့ ဘယ်လောက်တောင် စိတ်နာသွားတယ်မသိပါဘူး။ ကိုထက်ပိုင်တို့သူ့ကို ချော့ခေါ်လည်းမရ၊ ချောက်လို့မရပဲ ပေကပ်ပြီးတော့ ကျန်နေခဲ့တာတဲ့။ သြဂုတ်လအတွက်ရတဲ့ ကျွန်တော့်လခလေးလည်း အလှူအတွက် ထည့်သုံးရလို့ မြန်မာပြည်ကို ငွေမလွှဲဖြစ်လိုက်ဘူး။ အလှူမနက်မှာ ဘုန်းဘုန်းကို ကျွန်တော်တို့အားလုံးစုပေါင်းလို့ရတဲ့ငွေနဲ့ သင်္ကန်းသုံးစုံ၊ ထီး(၃)လက်၊ သပိတ်(၁)လုံး၊ ဖိနပ်(၁)ရံ၊ ယပ်တောင်(၁)ချောင်းနဲ့ ဝတ္ထုငွေမလေးရင်းဂစ်(၇၀၀)ကျော် လှူလိုက်နိုင်တယ်။ ဘုန်းဘုန်းကိုနေ့ဆွမ်းကပ်ပြီးတော့ တရားနာကြတယ်ခင်ဗျ။ ဘုန်းဘုန်းဟောတဲ့တရားကတော့ မသေခင်မှာ ကုသိုလ်ကောင်းမှုပြုဖို့၊ ကုသိုလ်ပြုတဲ့နေရာမှာလည်း ဒါနတခုတည်း၊ သီလတခုတည်းတင်မဟုတ်သေးပဲ ဘာဝနာကိုလည်းတွဲဖက်နိုင်မှ သေကာနီးဘဝကူးကောင်းမယ်ဆိုတာကို အဓိကထားပြီး ဟောသွားတာ။ တရားနာပြီးတော့ ရေစက်ချ၊ အမျှဝေတဲ့အချိန်မှာ ထူးထူးဆန်းဆန်းကြုံတာတခု ထပ်ပြောရဦးမယ်။ " အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်လော့ " လို့ အမျှဝေချိန်မှာ တံခါးပေါက်နားကရယ်၊ ကျွန်တော်တို့ အနောက်ဖက်နံရံကရယ်၊ မျက်နှာကျက်အတွင်းထဲကရယ် အိမ်မြှောင်စုတ်ထိုးသံတွေတပြိုင်တည်းထွက်လာတာ သေသေချာချာကြားလိုက်ရတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ သူတို့သုံးယောက် ကောင်းရာမွန်ရာရောက်သွားလို့ အသိပေးတာပဲဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ မရောက်ပဲနဲ့ အိမ်ထဲမှာပဲ တဝဲလည်လည်လုပ်နေကြလို့ ခဏခဏအလှူလုပ်ရင်လည်း ရတဲ့လခ အိမ်ပို့ရတဲ့လို့ကို ရှိမှာမဟုတ်တော့ပဲကို။ နောက်နေ့အလုပ်ပြန်ဆင်းတော့ မနက်စောစောစီးစီး ကျွန်တော်တို့အလုပ်ရှင်သူဌေး ရောက်လာတယ်။ သူမနေ့က ညနေကတည်းက နိုင်ငံခြားခရီးကနေပြန်ရောက်လာတာလို့ ကျွန်တော်တို့ကိုပြောတယ်။ ပြီးတော့ သူခရီးသွားနေတုန်း အလုပ်မှာဘာတွေဖြစ်သေးလဲ လို့ မေးသေးသဗျ။ ကျွန်တော်တို့လည်း ဘာမှမဖြစ်ဘူး။ အေးဆေးပါပဲလို့ ကြားကောင်းအောင်ဖြေလိုက်ပါတယ်။ ဒါပေမယ့် ဘိုးတော်က ကျွန်တော်တို့ကို မယုံသလိုအကြည့်နဲကြည့်ပြီး ဟုတ်ရဲ့လားလို့ ထပ်မေးဖြစ်အောင် မေးလိုက်ပါသေးတယ်။ ကျွန်တော်တို့ကလည်း ဟုတ်ပါတယ်လို့ကို ဖြေဖြစ်အောင်ဝိုင်းဖြေကြရင်းနဲ့ ဘာလို့လဲလို့ ပြန်မေးကြည့်တော့ ဘာမှမဟုတ်ပါဘူး။ မေးကြည့်တာပါ..... တဲ့။ အဲ့ဒီနေ့ နေ့လည်မှာ ကျွန်တော်တို့ဝပ်ရှော့ကို လော်ရီကားတစီးရောက်လာပြီး တရုတ်နတ်စင်တခုရယ်၊ နတ်ရုပ်သေးသေးတရုပ်ရယ် လာပို့တယ်။ မေးကြည့်တော့ သူဌေးမှာထားလို့တဲ့ဗျ။ ဘာသာရေးနဲ့ပတ်သက်လာရင် ဘာမှ အယုံအကြည်မရှိတဲ့ကျွန်တော်တို့သူဌေး ဒီအလုပ်တွေ လုပ်နေတော့ ကျွန်တော်တို့မှာ အထူးအဆန်းတွေကိုဖြစ်လို့..။ အလုပ်ထဲ သူဌေးမရှိတဲ့အချိန်မှာ သူဌေးရဲ့တူ၊ ကျွန်တော်တို့ရဲ့ အထက်လူကြီးလည်းဖြစ်တဲ့ အကျုံး ပြောပြလို့ သိရတာကတော့ သူဌေးနိုင်ငံခြားရောက်နေတဲ့အချိန်တုန်းက ကျွန်တော်တို့ဝပ်ရှော့ထဲကအခြေအနေကို ကင်မရာတွေကနေ ကြည့်ရင်းက Hantu(ဟန်သူ) လို့ခေါ်တဲ့ သရဲတွေ ဝပ်ရှော့ထဲမှာ တွေ့လိုက်ရလို့ အခုခရီးကနေ ပြန်ရောက်ရောက်ချင်း ကောက်ကာငင်ကာ နတ်ကွန်းတွေ၊ နတ်ရုပ်တွေမှာလိုက်ခြင်းဖြစ်ပါသတဲ့။ သူတွေ့လိုက်ရတာက ကျွန်တော်တို့အလှူမလုပ်ခင်မှာလား၊ အလှူလုပ်ပြီးနောက်မှ တွေ့တာလားဆိုတာကတော့ မမေးကြည့်ဖြစ်လိုက်ပါဘူး။ ကျွန်တော်တို့ကတော့ အလှူပြီးချိန်ကစလို့ မလေးရှားကနေ မြန်မာပြည်ပြန်လာချိန်အထိတိုင်အောင် ဘာဆိုဘာမှ ခြောက်တာလှန့်တာ မတွေ့တော့ပါဘူး။ အခုတော့ ကျွန်တော်တို့အားလုံးလည်း ဘဝပေးအခြေအနေတွေအရ တယောက်တနေရာစီ ဝေးကွာသွားခဲ့ရလို့ အရင်တုန်းကလို အတူမရှိနိုင်ကြပေမယ့် အားလုံးရဲ့စိတ်မှာတော့ မလေးရှားနိုင်ငံ၊ ချရပ်စ်ခရိုင်၊ Batu Sebelas အရပ်က ဝပ်ရှော့လေးနဲ့ Honda CR-V ကားလေးတစီးရဲ့ အကြောင်းကတော့ အမြဲတမ်းမေ့မရနိုင်တော့မယ့် တသက်စာအမှတ်တရအနေနဲ့ ရှိနေမယ်ဆိုတာကတော့ အသေအချာပါပဲ.......။ "ကားတစီးပေးတဲ့ဒုက္ခ" ဤနေရာတွင် ပြီးပါပြီ။

(အက်ဒမင်-ရွာတော်ရှင်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |