(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Ghost Car ( Part - 3)


ကားတစီးပေးတဲ့ ဒုက္ခ (၃) 

 ညတုန်းက အကြောက်ပြေဆေးမှီဝဲလိုက်တာ လက်လွန်သွားတော့ တော်တော်နဲ့ အိပ်ယာကမနိုးဘူးဗျ။ အိပ်မက်တွေကလည်း ကပေါက်တိကပေါက်ချာနဲ့ စိတ်ချမ်းသာစရာကို တခုမှမရှိဘူး။ အိပ်မက်ထဲမှာ ကျွန်တော်တယောက်တည်း ဝပ်ရှော့ထဲပြန်ဆင်းသွားတုန်း ကလေးငိုသံကြားရလို့ အသံလာရာဆီကိုလှည့်ကြည့်တော့ မလေးအမျိုးသမီးတွေ ခြုံလေ့ခြုံထရှိတဲ့ Baju Kurung ကြီးခြုံထားတဲ့ မိန်းမတယောက် ကလေးကိုချီရင်းနဲ့ ချော့နေတာတွေ့တယ်။ ခဏကြာတော့ သူ့အကျီင်္ကို အပေါ်ကိုမ တင်ပြီး ကလေးကို ရင်ခွင်ထဲပိုက်လိုက်တယ်။ ပြီးတော့ ........ ဆက်ပြောရမှာလည်း ရှက်ပါရဲ့။ ကျွန်တော်ကြည့်ကောင်းကောင်းနဲ့ ကြည့်နေလိုက်တာ ဘေးဘီကိုလည်း သတိမထားမိတော့ဘူး။ အဲ့ဒီအချိန်မှာ ကျွန်တော့်နားရွက်တဖက်ကို အသားကုန်ဆွဲလိမ်ထားပြီး ကျွန်တော့်ကို ... ထစမ်း ထစမ်း ဆိုပြီးဒေါသတကြီးနဲ့ အော်နေတာ။ ကျွန်တော်လည်း ကြောက်ပါပြီ..လွှတ်ပါဗျ.နာလွန်းလို့ပါ နောက်ကိုမကြည့်တော့ပါဘူး လို့ တောင်းပန်ရင်းနဲ့ နင်းကန်ဆောင့်ရုန်းနေမိတယ်။ နားရွက်လည်း တော်တော်နာလွန်းလို့ မလေးလို Sakit(pain) ဆိုပြီး ထအော်လိုက်မိတယ်။ေ--ာက်ရူး ၊ကယောင်ကတမ်းနဲ့ ဘာတွေ လျှောက်အော်နေတာလဲ။ ထတော့ ၊မိုးလင်းနေပြီ ဆိုတဲ့ ငဖြိုးရဲ့ အသံကြားမှပဲ ကျွန်တော်နိုးလာတော့တယ်။ လက်စသပ်တော့ မနေ့ညက မော့ထားတဲ့အရှိန်တွေတက်ပြီး အိပ်မက်မက်နေမှန်း သိတော့တယ်။ ဘေးဘီကိုကြည့်တော့မှ နေတောင်ထွက်လာပြီပဲ။ ဘယ်လောက်များ အိပ်မောကျသွားလဲမသိပါဘူး။ ကျွန်တော့်ကို နှိုးနေတာ အတော်ကြာပြီ။ မထလို့ နားရွက်ဆွဲပြီး နှိုးတာတဲ့။ ကျွန်တော့်စိတ်ထဲမှာတော့ တော်သေးတာပေါ့လိုပဲမှတ်လိုက်တယ်။ အိပ်မက်မဟုတ်ပဲ တကယ်ဆိုရင် မချောင်ဘူး။ အားလုံးအိပ်ယာကနိုးချိန်မှာမနေ့ညတုန်းက ဟိုကောင်ပြေးရင်းနဲ့ တိုက်ချသွားတာတွေပြန်သိမ်းဖို့အတွက် ဝပ်ရှော့ထဲကို တခေါက်ပြန်ဆင်းရပြန်ရော။ အိမ်မှာညလာအိပ်တဲ့ ဧည့်သည်တွေလည်း ဝိုင်းကူမယ်ဆိုပြီး ကျွန်တော်တို့တားနေတဲ့ကြားက ဇွတ် လိုက်လာကြတယ်။ဒီတခါတော့ ဝပ်ရှော့သော့တွေကိုင်ထားတဲ့ ဘကြီးဦးလှမင်းလည်း မနေ့ကဆင်းတဲ့ အတွင်းလှေကားကနေ မဆင်းတော့ပဲအောက်ထပ်ကိုဆင်းပြီး အပြင်ဖက်ကနေထွက်ပြီး ရှိသမျှ တံခါးတွေအကုန်လုံးအရင်လိုက်ဖွင့်ပြီးမှ အထဲကိုဝင်တယ်။ ဝပ်ရှော့ထဲမှာလည်း မနေ့ညကဝရုန်းသုန်းကားတက်ပြေးထားကြလို့ အတော့်ကိုပွစာကြဲနေတာ နာဂစ်ဝင်မွှေသွားသလား မှတ်ရလောက်တယ်။ အောက်ပြုတ်ကျနေတဲ့ စပန်နာ(Spanner) တွေကို ကျွန်တော်လိုက်ကောက်နေတုန်း ငဖြိုးက ကျွန်တော့်ကို လှမ်းခေါ်တယ်။ သူ့နားရောက်တော့ တနေရာကို ကျွန်တော့်ကိုလက်ညှိုးထိုးပြီးပြတယ်။ ပါးစပ်ကတော့ ဘာဆိုဘာမှ မပြောဘူး။ ကျွန်တော်ကြည့်မိတော့ လား..လား ဟိုကောင် ညီညီပြေးရင်းနဲ့ တိုက်မိသွားလို့ ဖိတ်ကျထားတဲ့ အင်ဂျင်ဝိုင်ကွက်မှာ ဖိနပ်ရာတွေ။ မနေ့ညက ကျွန်တော်တို့ အပေါ်ထပ်ကနေ ကမန်းကတန်းပြေးဆင်းလာကြတုန်းက ဖိနပ်မစီးလာတာတော့ အသေအချာပဲ။ ဖိနပ်ရာတွေက ဟွန်ဒါကားပျက်ဆီကို ဦးတည်နေတာ။ ကျန်တဲ့လူတွေကိုပါ ခေါ်လိုက်ပြီး ကားနားကပ်ကြည့်တော့ ကားပေါ်မှာလည်း အင်ဂျင်ဝိုင်ပေနေတဲ့ ဖိနပ်ရာတွေ တွေ့တယ်ဗျ။ ပိုပြီးတော့ ထူးဆန်းတာက အင်ဂျင်ဝိုင်တွေပေနေတဲ့ ဖိနပ်လေးတရံကြောင့်ပါ။ မနေ့က မာလကျင်ကားကိုလာပို့တုန်းက ကားထဲမှာ ကျွန်တော်တို့တွေ့ခဲ့တဲ့ ဒေါက်မြင့်ဖိနပ်လေးမှာ အင်ဂျင်ဝိုင်တွေ ပေလို့။ ကားရှေ့ခန်းမှာ ပြုတ်ကျနေတဲ့ ဓါတ်ပုံလေးတပုံမှာတော့ ကလေးတယောက်ကို မလေးဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတယောက် ချီထားတာတွေ့တယ်။ မျက်နှာကို သေချာကြည့်ဖို့ စဉ်းစားပေမယ့် ဓါတ်ပုံမှာသွေးစတွေ ပေနေတော့ စိတ်ထဲမသတီတာကြောင့် မကြည့်လိုက်တော့ဘူး။ သိမ်းစရာရှိတာတွေ မြန်မြန်သိမ်းကြကွာ..ပြီးရင် ရေမိုးချိုးပြီး ချရပ်စ်သွားကြမယ် ဆိုတဲ့ဘကြီးစကားသံကြောင့် ကျွန်တော်တို့လူစု ဝပ်ရှော့ထဲမှာ သန့်ရှင်းရေးကို အမြန်လုပ်ကြတယ်။ သန့်ရှင်းရေးလုပ်နေရင်းနဲ့ကိုထက်ပိုင်က သူ့နားမှာ ကြမ်းပေါ်က အင်ဂျင်ဝိုင်တွေကို သတင်းစာစက္ကူနဲ့ သုတ်နေတဲ့ ကံမကိုလှမ်းမေးတယ်။ ကံမ ...မင်းတို့ ဝပ်ရှော့မှာ နတ်စင်လည်း မတွေ့ပါလား.?? မရှိဘူးလားဟ လို့မေးတာကို ဥာဏ်ကြီးရှင်မောင်ကံမ ပြန်ဖြေလိုက်ပုံက နတ်တွေက စင်နဲ့မထားဘူး အစ်ကို။ လိုချင်ရင် တူးဘောက်ထဲမှာ ရှာကြည့်လိုက်လေ ဆိုပဲ။ သူ့စကားလည်းကြားရောကိုထက်ပိုင် စိတ်တော်တော်ညစ်သွားတဲ့ မျက်နှာကြီးနဲ့ ငါမေးတာက မင်းတို့အလုပ်ရှင်သူဌေး သူတို့ကိုးကွယ်တဲ့ ရိုးရာနတ်စင်ကိုမေးတာဟ၊ မင်းတူးဘောက်ထဲက နတ်တွေကို ငါဘာလုပ်ရမှာလဲ လို့ ပြန်ပြောရော။ ဒီတော့မှ ဆြာကံမကကျွန်တော်တို့ဝပ်ရှော့မှာတော့ အဲ့ဒီနတ်စင်မရှိဘူး၊ အကိုလိုချင်ရင် ဟိုဖက်လမ်းက ဘုရားပစ္စည်းဆိုင်မှာ ရှိတယ်။ အဲ့မှာ သွားရှာရင်တော့ ရမယ် လို့ ထပ်ပြောတယ်။ ကံမ ပြောတာလည်း မမှားပါဘူး။ ကျွန်တော်တို့သူဌေးက လူတမျိုး။ ဘာသာရေးနဲ့ပတ်သက်လာရင် ဘာတခုမှ အလေးအနက်မရှိဘူး။ သူများကိုးကွယ်တာကို မဝေဖန်တတ်ပေမယ့် ဘာသာရေးကိစ္စတွေမှာ သူကိုယ်တိုင် ဟုတ်တိပတ်တိ ဘာမှလုပ်တာမတွေ့ရဘူး။ တခြားဝပ်ရှော့တွေမှာဆိုရင် မြေစိုက်နတ်စင်လေးတွေ သူဌေးတိုင်းလိုလို ထားတတ်ကြတယ်။ အဲ့ဒီနတ်စင်မှာလည်း ဆီမီးတို့၊အမွှေးတိုင်တို့၊ တရုတ်မုန့်တို့ပူဇော်ထားတတ်ကြတာ။ကျွန်တော်တို့သူဌေးကတော့ အဲ့ဒါမျိုးလုံးဝမရှိဘူး။ အလုပ်မလုပ်ပဲနဲ့ ဘုရားတွေ၊ နတ်တွေကိုတနေ့ ဆယ့်ရှစ်နာရီကန်တော့နေမယ်။အဲ့ဒါဆိုရင် သူ ပိုက်ဆံတွေ အများကြီးရမှာမို့လို့လားတဲ့။ ကိုယ်လုပ်မှ ကိုယ်ရတာ။ အဲ့ဒါတွေ စိတ်မဝင်စားဘူးဆိုပဲ။ ကိုယ့်ထမင်းရှင်ဆိုတော့လည်း ကျွန်တော်တို့ သူ့ကိုစောဒကတက်နေလို့လည်း မရနိုင်မယ့်အတူတူ ကိုယ်တွေနေတဲ့ အထပ်မှာကိုယ့်ဘုရားကျောင်းဆောင်လေးနဲ့ကိုယ် ဘုရားပုံတော်တွေကပ်ပြီး ပူဇော်ကိုးကွယ်ခွင့်ရတာကိုပဲ သူ့ကိုပြန်ပြီး ကျေးဇူးတင်နေရတယ်။ ကိုထက်ပိုင်က ဘကြီးဦးလှမင်းကို ဘကြီး ကျွန်တော်တွေ့ဖူးတဲ့ တရုတ်သူဌေးတော်တော်များများက အလုပ်မှာ နတ်စင်လေးတစင်တော့ ရှိကြတာချည်းပဲ။ ဘကြီးတို့သူဌေးက ဘယ်လိုကြီးလဲလို့ လှမ်းမေးတယ်။ ဘကြီးက ငါလည်း သူတို့ကိစ္စဆိုတော့ မေးလည်း မမေးမိတော့ မသိဘူး မောင်ထက်ပိုင်ရေ လို့ပဲ ပြန်ဖြေတယ်။ ကိုထက်ပိုင်ကတော့ ထပ်ပြောရှာသား။ ဘကြီး ဘယ်ဘာသာပဲဖြစ်ဖြစ် ကိုယ်ကိုးကွယ်ရာဘာသာတရားနဲ့ပတ်သက်တာ တခုခုတော့ ရှိသင့်တယ်နော်။ ဘကြီးတို့အလုပ်ကလည်း ဘယ်လိုကြီးလဲ??? ဆိုပြီး ပြောတာပါ။ ဘကြီးလည်း အေးကွာ ငါလည်း နားလည်ပါတယ်။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ လို့ပဲ ပြန်ဖြေပြီး ကဲ ပြီးရင် တံခါးတွေပိတ်ပြီး အပေါ်ပြန်တက် ရေချိုးကြ၊ ချရပ်စ်သွားကြမယ် ဆိုပြီး စကားကိုဖြတ်လိုက်တယ်။ ကျွန်တော်တို့တွေလည်း အိမ်ပေါ်တက်ရေမိုးချိုးပြီး တံခါးတွေ အသေအချာပိတ်၊ အိမ်ပေါ်ထပ်က မီးခလုပ်တွေ အကုန်လိုက်ပိတ်။ ပိုသေချာအောင်လို့ အိမ်ပေါ်ထပ်က မိန်းဆွစ်( Main Switch) ကိုပါ ချခဲ့လိုက်တယ်။ အောက်ထပ် ဝပ်ရှော့မိန်းကိုတော့ ချလို့မဖြစ်လို့ ဒီတိုင်းထားခဲ့လိုက်တယ်။ မိန်းချလို့မဖြစ်ခြင်းအကြောင်းရင်းကတော့ သူဌေးတပ်ထားတဲ့ CCTV ကင်မရာတွေကြောင့်ပဲ။ ကျွန်တော်တို့အလုပ်ကိုသူမလာဖြစ်တဲ့အခါကျရင် ကင်မရာတွေထဲကနေ ကျွန်တော်တို့ ဘာတွေ သောက်တလွဲလုပ်နေကြတယ်ဆိုတာကို ဒင်းက ချောင်းလေ့ချောင်းထရှိတယ်ဗျ။ သူ့အိမ်ကနေအလုပ်ထဲကို လှမ်းကြည့်လို့ရအောင် ဘာနဲ့ဆိုလား ချိတ်ထားလေရဲ့။ ကင်မရာတွေတလုံးမှ active မဖြစ်ရင် အလကားနေရင်း နားဒုက္ခခံနေရမှာလေ။ အောက်ဆင်းလာတော့ ကျွန်တော်တို့ဝပ်ရှော့နဲ့ဘေးကပ်လျက် ပဲပြား၊ပဲနို့ စက်ရုံက မြန်မာနှစ်ယောက်နဲ့တွေ့လို့ ကျွန်တော်တို့ ချရပ်စ်မှာညသွားအိပ်မယ့်အကြောင်းနဲ့ အိမ်ဘက်ကို တချက်လောက် ကြည့်ပေးထားဖို့ အကူအညီတောင်းခဲ့လိုက်တယ်။ သူတို့နှစ်ယောက်လည်း ညက သူတို့ဘက်မှာ သူတို့ဧည့်သည်တွေရောက်နေတော့ ကျွန်တော်တို့ပြေးပွဲကြီးမှာ ဝင်မနွှဲလိုက်ရတာ။ သူတို့ကိုတော့ အဲဒီအကြောင်းတွေ မပြောလိုက်ပါဘူး။ အရေးကိစ္စရှိရင်တော့ ဖုန်းလှမ်းဆက်ပေးပါလို့ပဲ မှာခဲ့လိုက်တယ်။ ကျွန်တော်တို့လူစု လမ်းထိပ်ကိုရောက်တော့ လိုင်းကားစောင့်နေတာ တော်တော်နဲ့ မလာတာကြောင့် တက်စီနှစ်စီးငှားလိုက်ရတယ်။ ဒီလူအုပ်နဲ့ဆိုတော့ ကားတစီးတည်း ဘယ်မှာလာဆန့်လိမ့်မတုန်း။ မှတ်မှတ်ရရ အဲ့ဒီတနင်္ဂနွေမနက်ခင်းက နေသာတယ်ဗျ။ လူက အိပ်ရေးလည်းပျက်၊ အရက်နာလည်းကျနေတော့ ခေါင်းကကြည်ကြည်လင်လင်မရှိတာနဲ့ ကားနောက်ခန်းထိုင်ခုံပေါ်မှာ ခေါင်းမှီရင်းကနေ ကျွန်တော်မနေ့ညက ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်နေမိတယ်။ မာလကျင်ကားပို့တုန်းက ပြောသွားတဲ့စကား....သူဆွဲလာတဲ့ကားမှာ အရိပ်မည်းမည်းတွေမြင်ရတယ်ဆိုတာရယ်၊ ကားကိုဝပ်ရှော့ထဲမသွင်းခင်မှာ ဖိုးခွား ကားကို စူးစူးစိုက်စိုက်ကြည့်နေတာတွေရယ်၊ ငဖြိုးအောက်ဆင်းတော့ visitor room မှာ အဲယားကွန်းနဲ့ မီးတွေပွင့်နေတာတွေကစလို့ အင်ဂျင်ဝိုင်ကွက်ထဲက ခြေရာတွေ တွေ့တဲ့အထိကို တဆင့်ချင်း တွေးနေမိတာ။ မာလကျင် တကယ်ပဲ မျက်စိမကောင်းလို့ အရိပ်မြင်တယ်လို့ ထားလိုက်။ ဖိုးခွားကားမှာ သရဲမြင်တယ်ဆိုတာရော တကယ်ဖြစ်နိုင်ရဲ့လား။ အဲ့ဒီအထိက သရဲတစ္ဆေဆိုတာကို မဟုတ်ဘူးလို့ တွက်လို့ရသေးတယ်။ ကျွန်တော်တို့အရက်သောက်နေရင်းက တွေ့လိုက်ကြရတဲ့ အရိပ်ကတော့ ငြင်းလို့မရတဲ့အချက်ဖြစ်နေတယ်။ ဒီထက်ပိုဆိုးတာက တံခါးထဲကို ဖြတ်ဝင်သွားတဲ့ အရိပ်။ ပြီးတော့ ပလတ်စတစ်ခုံအလိုလိုလဲကျသွားတာကရော။ညီညီအော်ပြီး ထွက်ပြေးတာကိုတော့ ကျွန်တော့်စိတ်ထဲမှာ ဒီကောင်အရက်သောက်ချင်လို့ ဂွင်ဆင်တာလည်း ဖြစ်နိုင်တယ်လို့ သတ်မှတ်ထား လိုက်တယ်။ ဒါဆိုရင် နောက်ဆုံးတချက်က အင်ဂျင်ဝိုင်စွန်းနေတဲ့ ဒေါက်ဖိနပ်ရာတွေ။ ကြံကြံဖန်ဖန်နောက်ချင်လွန်းလို့ အောက်ကိုပြန်ဆင်းပြီး တယောက်ယောက်က အင်ဂျင်ဝိုင်တွေထဲမှာ ဒေါက်ဖိနပ်စီးပြီးလျှောက်ချင်လွန်းလှပါရဲ့ဆိုရင်တောင်မှ အဲ့ဒီမိန်းမဖိနပ်ကို ကျွန်တော်တို့ခြေထောက်တွေမှာ စွပ်လို့မတော်တာတော့ အသေအချာပဲ။ အိမ်မှာရှိတဲ့ ဖိနပ်ဆိုဒ်တွေအားလုံးထက် သေးနေတဲ့ ဒီဖိနပ်က ဘယ်သူနဲ့မှ မတော်နိုင်တာရယ်၊ ဝပ်ရှော့သော့တွေက ဘကြီးတယောက်တည်း မှာရှိနေတာတွေကြောင့် ဘကြီးလုပ်ကြံထားတာလား။ ဒါကလုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော့်အတွေးစတွေမပြတ်ခင်မှာပဲ ချရပ်စ်ကိုရောက်လာတယ်။ ကားပေါ်ကဆင်းကြတော့ ဘကြီးက သူ့သားနေတဲ့အိမ်ဘက်ကို အရင်မသွားသေးပဲ အလမ်ဂျာရာမှာရှိတဲ့ 99 Speed Mart ရှေ့က ဗုဒ္ဓဝိဟာရ ဘုန်းကြီးကျောင်းကို အရင်သွားတယ်။ ကံခေပုံများတော့ ကျောင်းထိုင်ဆရာတော် ဦးပညာဝံသက ကျောင်းမှာမရှိဘူး။ ဘကြီးဦးလှမင်း ဘုန်းဘုန်းကို ဖုန်းဆက်ပြီး မေးတော့ Cameron Highland က အသုဘတခုရှိတဲ့ဆီ တရားဟောဖို့ကြွသွားတာ။ ဝေးလည်းဝေးတော့ ဟိုမှာပဲ ကျိန်းမှာတဲ့။ လူက ဗိုက်လည်း ဆာနေပြီ။ မနက်အိပ်ယာထကတည်းက ဘာမှမစားရသေးတော့ ဘုန်းကြီးကျောင်းရောက်ရင်တော့ အသားကုန် ကြိတ်မှာဆိုပြီး အားခဲထားတာ အခုတော့ လွဲပါပေါ့။ ဘုန်းကြီးကျောင်းကနေပြီး ဦးလှမင်းရဲ့သား ဟိန်းမင်းသူ နေတဲ့အိမ်ကိုပဲ ခြေလျင်ချီတက်ကြရတော့တာပဲ။ တော်သေးတယ် ဒီကောင့်အိမ်နဲ့ ဘုန်းကြီးကျောင်းက သိပ်မဝေးလို့။ သူ့သားအိမ်မရောက်ခင်လမ်းမှာ ဦးလှမင်းက ကျွန်တော်တို့ကို မနေ့ညက ကိစ္စတွေကို ဘယ်သူ့ကိုမှ လျှောက်မပြောကြဖို့ သတိပေးတယ်။ သူပြောတာတော့ ကျွန်တော်လက်ခံပါတယ်။ ကိုယ့်အိမ်ကိုယ်ယာမဟုတ်ပဲ သူများစီးပွားရေးမှာ ကိုယ်တွေက အလုပ်သမားတွေလေ။ ကျွန်တော်တို့နှုတ်ကြောင့် မဖြစ်သင့်တာတွေ ဆက်ဖြစ်လာခဲ့ရင် ဘယ်ကောင်းပါ့မလဲနော့။ ကျွန်တော်တို့လူစု ဘကြီးရဲ့သားအိမ်မှာပဲ နေ့လည်စာနဲ့ ညစာကို အားမနာတမ်းတဝတပြဲ တီးလိုက်ကြတယ်။ မှန်ထဲမှာ သရဲတွေ့လို့ လန့်ဖျန့်ပြီး အိမ်ပြန်မယ်ဆိုပြီး တငိုငိုတရီရီလုပ်နေတဲ့ လဒညီညီကိုလည်း ကားငှားပြီး သူ့အိမ်ကိုပြန်ပို့ပေးလိုက်ရတယ်။ ကျန်တဲ့ဧည့်သည်သုံးယောက်လည်း ညနေပိုင်းမှာ သူတို့အလုပ်တွေရှိရာဆီ ပြန်သွားကြတယ်။ နက်ဖန်တနင်္လာဆိုတော့ အလုပ်ဆင်းရတော့မယ်လေ။ စိတ်ထဲမှာတော့ မနက်ဖန်အလုပ်ပြန်ဝင်တဲ့အခါဘာတွေများဆက်ဖြစ်ဦးမလဲလို့ တထင့်ထင့်နဲ့ပါ။ ကျန်တဲ့လူတွေအားလုံးလည်း စကားသိပ်မပြောနိုင်ကြပဲ ငြိမ်နေကြပုံထောက်ရင် သူတို့အတွေးထဲမှာလည်း ကျွန်တော့်လိုပဲ တွေးနေမှာ အသေအချာပေါ့။ မနက်စောစောထပြီး အလုပ်ကိုပြန်သွားရမှာမို့ အဲ့ဒီညက ကျွန်တော်တို့အားလုံး စောစောစီးစီး အိပ်ယာဝင်ဖြစ်လိုက်ကြပါတယ်။ လူကအိပ်ကောင်းတုန်းရှိသေး သံသေးသံကြောင်နဲ့ " ကိုကိုရေ.. ဖုန်းလာနေတယ် " ဆိုတဲ့ အသံကြားလို့ လန့်နိုး ရပြန်တယ်ဗျာ။ ထကြည့်လိုက်တော့ မနက်(၄)နာရီပဲရှိသေးတယ်။ ငဖြိုးဖုန်းလာနေတာ။ သူဖုန်းကိုင်လိုက်တော့ ကျွန်တော်တို့ ဝပ်ရှော့ဘေးပဲနို့စက်ရုံက အကိုလှမ်းဆက်တာဖြစ်နေတယ်။ ကြားရတဲ့သတင်းက အတော်မင်္ဂလာရှိသား။ ဘာပြောတယ်မှတ်တုန်း။ ကျွန်တော်တို့ဝပ်ရှော့ထဲမှာ ကလေးတယောက်ငိုနေတာ နာရီဝက်လောက်ရှိနေပြီတဲ့။ အထဲမှာလည်း ချိုးချိုးချွတ်ချွတ်အသံတွေကြားနေရတယ်။ ကျွန်တော်တို့ဧည့်သည်တွေဘာတွေများ အိမ်မှာကျန်နေခဲ့လားလို့ လှမ်းမေးတဲ့ဖုန်း။ အတော်စိတ်တိုဖို့ကောင်းလိုက်တာများဗျာ။ ကိုယ့်အိမ်မှာမနေပဲ သူများအိမ်မှာရောက်နေတာတောင် ဒီပြဿနာက လိုက်လာဖြစ်အောင်လိုက်လာသေးတယ်။ ဟိုလူတွေကလည်း ကျွန်တော်တို့ဝပ်ရှော့မှာဖြစ်နေတဲ့ကိစ္စတွေကို မသိရှာပါဘူး။ ကျွန်တော်တို့ကို အိမ်နီးချင်းအနေနဲ့ အကြောင်းကြားတာဆိုတော့လည်း စိတ်ဆိုးလို့လည်းမရပြန်။ ဖုန်းဆက်တဲ့ကိစ္စကိုတော့ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကလွဲလို့ တခြားဘယ်သူတယောက်ကိုမှ မပြောပဲထားလိုက်တော့တယ်။ ပြောနေလို့လည်း ဘာမှထူးလာမှာမှ မဟုတ်တာကြီးကို။ မိုးလင်းတာနဲ့ ကျွန်တော်တို့တွေ ကိုယ့်အလုပ်ရှိရာဆီကို ကားငှားပြီး ပြန်လာကြတယ်။ နေ့ခင်းကြောင်တောင်ကြီးမှာတောင် အဲ့ဒီ ဟွန်ဒါ CR-V ကားစုတ်က ကြည့်ရရှုရ အတော်ကျက်သရေတုံးတယ်ဗျာ။ နေ့လည် (၂)ချက်တီးလောက်ကျတော့ အဲ့ကားကို ဘော်ဒီထု၊ ဆေးမှုတ်ဖို့အတွက် ဘော်ဒီရုံကိုသွားပို့လိုက်ရော။ ဘော်ဒီရုံသွားပို့တော့ ဘော်ဒီရုံက နောက်နှစ်ပတ်နေမှ ပြီးမယ်တဲ့။ ကားက တိုက်ထားတာ ဖရိမ်ပါထိထားလို့ အတော်လုပ်ရမယ်တဲ့။ ဘယ်လောက်ကြာကြာ ပြန်လာမပို့လေ ကောင်းလေပဲ။ အာမခံရုံးကိုအချိန်မီပြန်မအပ်နိုင်ရင်လည်း ကိုယ့်ကိစ္စမဟုတ်တော့ဘူး။ သူဌေးအလုပ်ဖြစ်သွားပြီ။ ကျွန်တော်တို့စိတ်ထဲမှာ ရှိနေတာက ဒီကားရှိမနေတော့ရင် အကောင်းဆုံးပဲ။ တကယ်လည်း အဲ့ကား မရှိတော့တဲ့အချိန်ကတည်းက ဝပ်ရှော့မှာ ဘာဆိုဘာသံမှကို မကြားရသလို ဘာမှလည်းမဖြစ်တော့တာ။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးလည်း အဲ့ကားကောင်းမှုကြောင့် အရက်မသောက်ဖြစ်ကြတော့ဘူး။ ကျွန်တော်တို့တွေ ဝဋ်ကျွတ်သွားချိန်မှာ ဘော်ဒီရုံကအဖွဲ့တွေကတော့ ဟွန်ဒါကားရဲ့ဒဏ်ကို အလူးအလဲခံနေရတယ်ဆို တဲ့အကြောင်းကို နောက်သုံးရက်ကျတော့ သိရတယ်ဗျာ။ ညနေပိုင်းအလုပ်ပါးနေတဲ့အချိန်လေး ဝပ်ရှော့က သတင်းစာတွေ သွားရောင်းပြီး ရလာတဲ့ငွေလေးနဲ့ လက်ဖက်ရည်ဝယ်သောက်နေတုန်း ကျွန်တော်တို့ရဲ့ဂုရု၊ သူဌေးရဲ့တူ အကျုံးဆီကို ဖုန်းဝင်လာ တယ်။ သူတို့အချင်းချင်း တရုတ်လို ကွိကော်ကွိကော်နဲ့ ဘာတွေမှန်းမသိ အကြာကြီးပြောနေပြီး တအောင့်နေတော့ အနားမှာ ဆေးလိပ်သောက်နေတဲ့ ကျွန်တော့်လက်ထဲကို ဖုန်းထည့်ပေးတယ်။ ပြီးတော့ ကျွန်တော့်ကို ဘော်ဒီရုံက နင်တို့မြန်မာတယောက် နင်နဲ့ စကားပြောချင်လို့ ဆိုပြီးပြောတယ်။ ကျွန်တော်လည်း ကြောင်တောင်တောင်နဲ့ ဟယ်လို ပြောပါ... ဆိုပြီးပဲ ပြောရသေးတယ်။ ဟိုဘက်ကကောင် မနားတမ်းကို ရင်ဖွင့်တော့တာပဲဗျာ။ သူပြောတဲ့အတိုင်း ပြန်ပြောပြမယ်။ ဟေ့လူတွေ ... ခင်ဗျားတို့ကားက အတော်ဂြိုဟ်မွှေတယ်ဗျာ။ ရောက်လာကတည်းက ကျွန်တော်တို့ကောင်းကောင်း ကိုမအိပ်ရတော့ဘူး။ ခင်ဗျာ့တို့ကားကျွန်တော်တို့ဆီရောက်တဲ့ညကစပြီး ကျွန်တော်တို့ ခြေရင်းကနေ လမ်းလျှောက် တဲ့ခြေသံကြားနေရတာ ညတိုင်းပဲ။ ထကြည့်တော့လည်း လူလည်းမတွေ့ ၊ အသံလည်းပျောက်သွားရော။ ကျွန်တော်တို့ သူဌေးမွေးထားတဲ့ ခွေးတွေလည်း ညတိုင်းညတိုင်း ကားကိုကြည့်ပြီး နင်းကန်ဟောင်လိုက်၊ အူလိုက်ဖြစ်နေတယ်။ သူဌေးရဲ့ သမီးအငယ်ဆုံးလေးလည်း ဘော်ဒီရုံကိုသူဌေးကတော်နဲ့လိုက်လာတိုင်း လန့်လန့်ပြီး အော်ငိုနေလို့ အခု ခေါ်တောင် မခေါ်လာရဲတော့ဘူး။ ကျွန်တော်တို့ အလုပ်သမားတွေထဲကတယောက်လည်း ညဘက် ခင်ဗျာ့တို့ ကားနားမှာသေးသွားပေါက်တာ အော်ပြီး ပြန်ပြေးလာတယ်။ ဘာမှလည်း မေးလို့မရသေးဘူး။ အခုဖျားနေလို့ အလုပ်တောင်မဆင်းနိုင်ဘူး။ တချို့အလုပ်သမားတွေလည်း အလုပ်မှာ ညအိပ်မနေတော့ပဲ အပြင်မှာ အိပ်ပြီး မိုးလင်းမှ အလုပ်ကိုလာကြတယ်။ အလုပ်ထွက်တဲ့ကောင်က နှစ်ယောက်ရှိနေပြီ.။ ခင်ဗျာ့တို့ဆီမယ် အဲ့လိုမျိုးတွေဖြစ်လား။ ခင်ဗျာ့တို့ကားက တိုက်ထားတာ လူပါသေမယ့်ပုံပဲ။ သူဌေးက အကျိုးအကြောင်းမေးခိုင်းလို့ ကျွန်တော်မေးတာပါ။ သူဌေးလည်း သူတို့တရုတ်အချင်းချင်း အဲ့ကိစ္စပြောနေကြတာ ......... တဲ့။ ကျွန်တော်လည်း ဘာကိုဘယ်လိုပြန်ဖြေရမယ်မှန်းကို မသိတော့ ဘူးဗျာ။ သူပြောသမျှကို သြော်.. ဟုတ်လား...ဟုတ်ကဲ့... ဆိုပြီးတော့ပဲ သံယောင်လိုက်နေလိုက်ရတယ်။ ညနေအလုပ်သိမ်းတော့ ဘော်ဒီရုံမှာဖြစ်နေတဲ့သတင်းကို ကျန်တဲ့လူတွေကိုပြန်ပြောပြလိုက်တယ်။ ကျွန်တော်တို့အတွေးထဲမှာ ရှိနေတာတခုက ဒီကားက ဘော်ဒီထု၊ ဆေးမှုတ်ပြီးတာနဲ့ ကျွန်တော်တို့ဆီကို ပြန်ရောက်လာတော့မှာ။ အဲ့ဒီအခါကျရင် ဒီတခေါက်လို တညတည်း၊ တရက်တည်းမဟုတ်ပဲနဲ့ အနည်းဆုံးတပတ်လောက်ကတော့ ဝပ်ရှော့ထဲမှာရှိနေမှာဗျ။ အဲ့ဒီအခါကျရင် ဘာတွေဆက်ဖြစ်မယ် ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို တယောက်တမျိုးဝေဖန်အကြံဥာဏ်ပေးကြတာပေါ့ဗျာ။ ငဖြိုးအစီအစဉ်ကတော့ အဲ့ဒီကားရောက်လာတဲ့အခါကျရင် ကျွန်တော်တို့အားလုံး အဲ့ဒီကား မပြီးသရွေ့ အိမ်ပြန်မလာပဲနဲ့ တခြားနေရာမှာညအိပ်ပြီး အလုပ်လာဆင်းမယ်တဲ့။ မောင်ကံမကျပြန်တော့ အလုပ်ပြီးပြီဆိုတာနဲ့ အရက်ကိုမူးနေအောင်သောက်ပြီး အိပ်လိုက်ရင်ပြီးနေတာပဲ ဘာမှစိုးရိမ်စရာမလိုပါဘူးတဲ့။ သူ့အကြံနဲ့ သူ့အကြိုက် ကိုက်နေရော။ ဖိုးခွားကတော့ ဘာမှကို မပြောဘူး။ လာချင်လည်းလာပစေပေါ့၊ ငါတို့နေတဲ့နေရာ သူတို့ပိုင်တာမှမဟုတ်တာ။ သူ့စည်းကို ငါသွားမကျော်ရင် ငါ့ကိုဘာမှလုပ်လို့မရဘူး။ ငါ့ကိုလာလုပ်ရင်တော့ ဖြစ်ချင်ရာဖြစ် ငါက ပြန်လုပ်မှာ ဆိုတာကြီးပဲ..။ ဘကြီးကတော့ လူကြီးပီပီ ချင့်ချိန်နေပုံရတယ်။ တော်တော်လေးကြာတော့မှ ကျွန်တော်တို့ဘက်ကိုလှည့်ပြီး ဒီရက်ပိုင်းထဲ မြန်မာပြည်က ငါတို့အသိဆရာတော်တပါး သီရိလင်္ကာကနေ မလေးကိုလာဖို့ရှိတယ်။ ဆရာတော်က လောကီရော၊ လောကုတ္တရာဘက်မှာရော နှံ့နှံ့စပ်စပ်ရှိတယ်။ ဆရာတော်ကြွလာတဲ့အခါကျရင် ငါသွားလျှောက်ပြီး အိမ်မှာဆွမ်းစားပင့်လိုက်မယ်။ ပြီးမှ တရားနာ၊ ရေစက်ချ၊ အမျှဝေလုပ်ကြတာပေါ့ လို့ပဲ ပြောတယ်။ သူ့စကားကိုကျွန်တော်က ဘကြီးဘုန်းကြီးပင့်တရားနာတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဆရာတော်က မလေးလို တရားဟောတတ်လို့လား.. ??? ဆရာတော် ဗမာလိုတရားဟောရင်ရော သရဲတွေက နားလည်ကြမှာမို့လို့လား ??? ဆိုပြီး ကတ်သီးကတ်သတ် သွားမေးလိုက်မိတာ ကျွန်တော့်ကို တံမြက်စည်းနဲ့ လှမ်းပစ်ပါလေရော။ အေး ... မင်းဘာသာမင်း ဒီကိစ္စကိုရှင်းနိုင်တယ်ဆိုရင်လည်း မင်းကိုယ်တိုင်ပဲ ရှင်းလိုက်တော့။ ငါ့ကိုဘာမှ လာတိုင်ပင်မနေနဲ့ ဆိုပြီး ဘုတောလိုက်သေးတယ်။ ကျွန်တော်လည်း ကမန်းကတန်းပြန်တောင်းပန်လိုက်ရတာပေါ့။ တကယ်လို့ အဲ့ဒီကားပြန်ရောက်လာတဲ့အခါကျရင် ကျွန်တော့်အနေနဲ့ ဘာမှဖြေရှင်နိုင်စွမ်းမရှိမှန်းကို ကိုယ့်အကြောင်းကိုယ်သိနေတော့လည်း သူများလုပ်တာထိုင်ကြည့်၊ သူများပြေးရင် ကိုယ်လည်းပြေးနိုင်အောင် ခုတည်းက ကြိုတွေးထားရတယ်။ ##

နောက်ဆုံးဇာတ်သိမ်းအထိ တဆက်တည်းရေးဖို့က မဆန့်တော့ဘူးဗျာ။ ညကြီးမိုးချုပ်ရေးနေရင်းနဲ့ ကိုယ့်ဘာကိုယ်ပြန်လန့်လာလို့ ဆက်မရေးဖြစ်ပဲ တန့်နေတာပါ။ (အက်ဒမင်-ရွာတော်ရှင်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |