(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Project Trip


မြေတိုင်းခရီးထွက်စဉ်က

 Credit to http://bloggermgmoe.multiply.com/journal?&=&page_start=80

 အချိန်က၂၀၀၃ ခုနှစ်လောက်ကပေါ့ဗျာ။ ကျွန်တော်တို့ ရခိုင်ရိုးမတောင်တန်းနဲ့ စေတုတ္တရာနယ်ဘက်ကို မြေ တိုင်းတာရေး ပရောဂျက်တစ်ခုနဲ့ သွားခဲ့ကြတယ်။ လူအင်အားက ၁၀ ယောက်ပေါ့။ ကျွန်တော်က အဖွဲ့ ခေါင်း ဆောင်ပေါ့။ အဲဒီမှာ ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ လွင်ပြင်တစ်ခုရှိတယ်။ လွင်ပြင်ဆိုပေမယ့် လယ်လုပ်လို့ လဲမရ၊ စိုက်ပျိုးလို့လည်းမရ ဖြစ်နေတဲ့ လွင်ပြင်ငယ်တစ်ခုပါ။ ဒေသအခေါ် ကျပ်တီးမြေပေါ့။ အနီးအနားမှာ ရွာတွေက လည်းမရှိပါဘူး။ကျွန်တော်တို့ကတော့ လွယ်လွယ်ပဲ ကွင်းလို့ ခေါ်လိုက်ပါတယ်။ အဲဒီကွင်း ဘေးမှာ တောင်ကုန်း လေးတွေလည်းရှိတယ်။ တစ်ခုသော တောင်ကုန်းပေါ်မှာ တောရဆောက်တည်နေတဲ့ ဦးဇင်း တစ်ပါး ရှိပါတယ်။ ကျွန်တော်တို့က အဲဒီ ဦးဇင်းဆီမှာ ခွင့်တောင်းပြီး သူ့ကျောင်းဘေးက ဇရပ်လေးမှာ အခြေချ ထားရတာပါ။ နေ့ ဘက် တစ်နေကုန်အလုပ်လုပ်၊ ညဆို အဲဒီဇရပ်လေးမှာ ပြန်အိပ်ပေါ့ဗျာ။ ဇရပ်လေးနဲ့ ဦးဇင်း သီတင်းသုံးနေတဲ့ ကျောင်းလေးက နည်းနည်းလှမ်းတယ်။ ခဲတစ်ပစ်စာဆိုပါတော့။ ကျွန်တော် တို့ အိပ်တဲ့ ဇရပ်ဘေးနားမှာ အာသောကမင်းတည်ထား ခဲ့တဲ့ ရှေးဟောင်းစေတီကြီး တစ်ဆူရှိပါတယ်။ စေတီရှိ တဲ့ ကုန်းအောက်မှာကျတော့ မန်းချောင်း ဆိုတာလဲ ရှိပါသေးတယ်။ စေတီကနေ မန်းချောင်းကို ဆင်းတဲ့ အုတ် လှေကားကြီးကလည်း နှစ်ဘယ်လောက်ကြာပြီလည်းမသိပါဘူး။ ချူံတွေ အုပ်ပြီး တောကောင်တွေခိုနေ တယ်လို့ ဦးဇင်းကပြောပြလို့သိရပါတယ်။ အုတ်လှေကားဘောင်လုပ်ထားတဲ့ နဂါးကြီး နှစ်ကောင်ကလည်း တော်တော် အသက်ဝင်တယ်။ ပထမရောက်စ တစ်ရက်နှစ်ရက်ကတော့ အေးအေးဆေးဆေးပါပဲ။ ကျွန်တော်တို့လည်း အလုပ်ကပြန်ရောက် မောမောနဲ့ ထမင်းစားပြီး ၊ အိပ်ယာပေါ်လှဲလိုက်တာနဲ့ ဟောက်တော့တာပဲ။ ဖြစ်တဲ့ညက အလုပ်နားရက် လား.. ....ဘာလား မမှတ်မိတော့ဘူး။ အဲဒီရက်က ကွင်းထဲမသွားဖြစ်ပါဘူး။ ကျွန်တော်လည်း ရန်ကုန်ပြန်ရောက်ရင် တင်ရမယ့် အစီရင်ခံစာတွေကို အကြမ်းရေးနေပါတယ်။ အဲဒီမှာ တပည့်တစ်ယောက်က ရေနွေးနဲ့ မြည်းဖို့ ကြော် ထားတာဆိုပြီး လာပေးပါတယ်။ ဘာလဲလို့ မေးကြည့်တော့ လင်းနို့ကြော်တဲ့။ အရင်တုန်းက တစ်ခါမှ လည်းမစား ဖူးပါဘူး။ တပည့်ကို ဒါတွေဘယ်က ရလဲမေးတော့တပည့်က စေတီပရ၀ုဏ်ထဲမှာ ရှိနေတဲ့ ထန်းပင်ကြီးကို လက် ညှိုးထိုးပြတယ်။ ကျွန်တော်က အစားအသောက်ထဲ အာရုံရောက်နေတော့ သတိမထားမိဘူးလေ။ နီရဲ ကြွပ်ရွပြီး မွှေးလိုက်တာဗျာ။ အဲဒါနဲ့ တစ်တုံးမြည်းလိုက်တယ်။ ဗဲရီးဂွတ်ဗျို့။ နို့နံ့လေးသင်းပြီး ဆိမ့်လိုက်တာဗျာ။ ဒီလိုနဲ့ ညစာစားပြီး အိပ်ဖို့ ပြင်ဆင်ကြတာပေါ့။ တပည့်တစ်ချို့လဲ အိပ်တဲ့လူကအိပ်၊ ရေဒီယိုနားထောင်တဲ့လူက နားထောင်။ အားလုံးအိပ်ယာထဲမှာ နားနေကြပါပြီ။ ကျွန်တော်က မအိပ်ခင် ဘုရားရှိခိုး၊ မေတ္တာပို့နေတုန်း ဘေး နားက အမျိုးသမီးနှစ်ယောက်နဲ့ ခေါင်းတုံးကြီးနဲ့ လူတစ်ယောက်ဖြတ်သွားတာ မြင်လိုက်တယ်။ အမှောင်ရိပ်နဲ့ ဆိုတော့ သဲသဲကွဲကွဲမြင်ရတာတော့မဟုတ်ဘူး။ ဘုရားရှိခိုးနေတာလဲ တန်းလန်းကြီးနဲ့ ရပ်သွားတာပေါ့။ ဖွင့်ထား တဲ့ ရေဒီယိုလည်း အလိုလိုရပ်ပြီး ကျွန်တော်တို့အားလုံး အဲဒီ လူ ၃ ယောက်ကိုကြောင်တောင်တောင်ကြည့်နေ ကြတယ်။ ကျွန်တော်ကတော့ ကြက်သီးတွေ တဖြန်းဖြန်းထပြီး ဘယ်လိုဖြစ်နေမှန်းမသိဘူး။ ဒီလို ညမှောင် မှောင် တောထဲမှာ လူစိမ်းလာပါ့မလဲဗျာ။ အဲဒီ ၃ ယောက်က ဇရပ်ကို ပတ်ပြီးလမ်းလျှောက်နေတာဗျို့။ ကျွန်တော်တို့အားလုံး အာစေးမိနေတဲ့လူတွေလို သူတို့ကို လိုက်ကြည့်နေတာ ဘယ်လောက်ကြာသွားမှန်းမသိ ဘူး။ ကတုံးနဲ့လူကြီးက ကျွန်တော်တို့ဘက်ကိုလှည့်ပြီး မျက်ထောင့်နီကြီးနဲ့ကြည့်ပါတယ်။ အမှောင်ထဲမှာ သူ့မျက် နှာကိုသေချာမမြင်ရပေမဲ့ မြင်ရတဲ့ သူ့မျက်လုံးတွေက ရဲရဲနီနေပါတယ်။ ပြီးတော့ ဟင်းးးး! ဆိုတဲ့ အသံကြီး ထွက်လာပြီး ပျောက်သွားပါတယ်။ တပည့်တစ်ယောက်က အားးးးး ဆိုပြီးလန့်အော်မှ အားလုံး ပြန်ပြီး သတိဝင် လာတယ်။ အဲဒီညက ဘယ်သူမှ တစ်ညလုံး အိပ်လို့မပျော်ပါဘူး။ အိပ်ပျော်သွားလိုက် ကတုံးကြီးရဲ့ ဟင်းးးး ဆို တာကိုကြားလိုက် လန့်နိုးလိုက် ဖြစ်နေကြပါတယ်။ သူ့ ဟင်းးး ဆိုတာကြီးကို ဘာသာပြန်ရမယ်ဆိုရင် ငါလုပ်လိုက်ရ...ဆိုတဲ့ ကြိမ်းမောင်းသံလိုလိုပါ။ (စာရေးနေရင်းတောင် ကြက်သီးထတယ်။) မနက် မိုးလင်းတော့ ဦးဇင်းက ကျွန်တော်တို့ရှိတဲ့ ဇရပ်ကို ကြွလာပါတယ်။ ဒကာကြီးတို့ မနေ့က ဘာအမှား တွေ လုပ်ကြလဲလို့ မေးပါတယ်။ ကျွန်တော်က ဘာမှ မလုပ်ပါဘူးဘုရား လို့ လျှောက်မလို့ရှိဆဲ တပည့်တစ်ယောက်က " ဦးဇင်း တပည့်တော်...ဟို ထန်းပင်မှာ လင်းနို့တွေရှိတာတွေ့လို့ လေးခွနဲ့ ပစ်မိပါတယ်။ လင်းနို့ အကောင် ၂၀ လောက်ပစ်မိပါတယ် " လို့ တုန်တုန်ယင်ယင်နဲ့ လျှောက်တယ်ဗျားး။ ဦးဇင်းက " ညက ဟိုဒကာကြီး (ထန်းပင်ကို လက်ညှိုးထိုးပြပါတယ်။) ဦးဇင်းဆီလာပြီးလျှောက်တယ်။ ဦးဇင်း တပည့်တော် သည်းမခံနိုင်တော့ဘူး။ အကုန် သတ်ပစ်မယ်တဲ့။ ဦးဇင်းက မေတ္တာပို့ပြီး တောင်းပန်လိုက်မှ ပြန်သွားကြတယ်။ ဒီနေရာမှာ အဲဒီဒကာကြီးရယ်၊ ဒကာမလေး ၂ ယောက်ရယ် ရှိတယ်။ သူတို့က ဒီမှာ အစောင့်တွေပေါ့။ ဦးဇင်းနဲ့ကတော့ မိတ်ဆွေတွေ ဖြစ်နေ ပါပြီ။ အဲဒီထန်းပင်မှာ သူတို့ နေကြတယ်။ ဒကာကြီးတို့ နောက်ကို ဆင်ခြင်ပြီးနေကြ " လို့ မိန့်ပြီး ပြန်သွားပါတယ်။ အဲဒီတော့မှ ကျွန်တော်တို့လည်း ဘုမသိဘမသိကြောက်နေရာကနေ အကြောင်းစုံသိရတော့ ဗြန်းဗြန်းကွဲအောင် ကြောက်ကြပါတော့တယ်။ ဘယ်လောက်တောင် ကြောက်သွားလဲဆိုရင် ညနေ ၅ နာရီလောက်ဆို စားပြီး၊ သောက်ပြီး၊ ခြင်ထောင်ထဲ ၀င်ပြီးဖြစ်ကုန်ကြပါတယ်။ အဲဒီမှာ ၁၀ ရက်လောက်ပဲနေခဲ့ရလို့ တော်သေးတာ ပေါ့ဗျာ။ နို့မို့လား...။ (အက်ဒမင်-ရွာတော်ရှင်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |