(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Plate On The Tree - Part 3


ညောင်ပင်ပေါ်က လင်ဗန်း - ၃

 မားမားတို့က ညဘက်အိပ်တယ်ဆိုပေ့မယ်လည်း သက်ပြင်းချသံတွေက ခဏခဏနဲ့ ကြားနေရတာ။ အလင်းကလည်း အိပ်ယာကထလိုက်၊ မီးထဖွင့်လိုက်၊ အိပ်သာထ သွားလိုက်နဲ့ သန်းခေါင်ယံကျော်တဲ့ အထိ တစ်ယောက်မှ မအိပ်ရတေးဘူး။ အိပ်ယာထဲလဲနေကြတာပဲ ရှိတာ။ လူတိုင်းက အတွေးကိုယ်စီနဲ့လေ။ အိပ်မပျော်တဲ့အဆုံးမှာ မားမားက ထပြီး ၀ရန်တာမှာ သွားရပ်နေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သူ့နားမှာ သွားရပ်ပေးနေလိုက်တယ်။ သူက ကျွန်တော်ကို စပြီးတိုင်ပင်တယ်။ “နင့်အဖေကို ဘယ်လိုလုပ်ရ ကောင်းမတုန်း” တဲ့။ အနော်လည်း မဖြေတတ်ပါဘူး။ အဲဒီစကားကို တော်တော်လေးဖြေဖို့ကို စဉ်းစားနေရတယ်။ အဖေက အနော့် ဘ၀မှာ လမ်းပြပေးသူလေ။ အခုသူက လမ်းမှားကြီးလိုက်နေတော့ ကိုယ်က တိုင်ပတ်နေတယ်။ လမ်းပြန်ပြဖို့ဆိုတာကလည်း သူကလက်ခံရင်တော်သေးတယ်။ လက်မခံရင် တေမှာ။ ဒီလိုနဲ့ အလင်းပါ ကျွန်တော်တို့နား ရောက်လာတယ်။ တိုင်ပင်ကြပေါ့ဗျာ။ အဖေကိစ္စ ဘယ်လိုလုပ်ကြရင် ကောင်းမလဲဆိုပြီး။ နောက်ဆုံးတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ အဖေကို နားချပြီး အဲဒီခြံထဲမှာ ပရိတ်ရွှတ်ဖို့ ကြံကြရတယ်။ အဲဒီကိစ္စကို မရရအောင်လုပ်မယ်လို့ မားမားက ပြောပါတယ်။ ဒီလိုနဲ့ သားအမိတွေ မိုးလင်းတာပါပဲ။ မနက်ကျတော့ မားမားနဲ့ အလင်းလည်း သူတို့အိမ် သူတို့ ပြန်သွားကြတယ်။ ကျွန်တော်ကတော့ ပြန်အိပ်လိုက်တယ်။ တစ်ညလုံးလည်း တရေးမှ အိပ်ရတာမဟုတ်တော့။ ဒီလိုနဲ့ မားမားတို့က ပါးပါးကို ပရိတ်ရွှတ်ဖို့ ပြောကြတယ်ဆိုပါတော့ဗျာ။ အစကတော့ ပါးပါးက လုံးဝလက်ခံတာမဟုတ်ဘူး။ နောက်ပိတ်ဆုံး မားမားက အတင်းအကြပ်ပြောတော့မှ လက်ခံလိုက်တာ။ အဲဒီမှာ သူကဘာပြောလဲဆိုတော့ “ပရိတ်ရွတ်တဲ့နေ့ ငါခြံထဲ ငဇူးမလာစေနဲ့” တဲ့။ အဲဒါကို မားမားကို တာဝန်ယူရဲလားတဲ့။ ဟိုက ယူတာပေါ့ဗျာ။ ပရိတ်ရွှတ်ရင်ပြီးရောဆိုပြီး။ အနော်ကိုလည်း လာပြောတယ်။ ခြံထဲမသွားနဲ့တဲ့။ အဲဒီစကားကြားကြားခြင်းတော့ ကျွန်တော်တော်တော်ဝမ်းနည်းသွားတယ်။ စိတ်လည်း တော်တော်နာသွားတယ်။ ဘယ်နှယ့် ခြံလုပ်တုန်းကကျတော့ ကိုယ်ကို အတင်းခေါ်ပြီးတော့ အခုကျတော့ ခြံထဲတောင် မသွားနဲ့ဆိုပဲ။ ဘာမှတော့ မားမားကို မပြောလိုက်ဘူး။ ပြုံးပဲ ပြုံးပြလိုက်တယ်။ ရင်ထဲမှာတော့ တော်တော်လေးကို နာတာ။ အဲဒီကတည်းက အဲဒီခြံကို လှည့်ကို မကြည့်တော့ဘူး။ ပါးပါးကိုတွေ့ရင်လည်း ရှောင်နေလိုက်တယ်။ မားမားကိုလည်း ဒီအတိုင်းပဲ။ မြို့ထဲမှာ တွေ့တွေ့၊ လမ်းမှာတွေ့တွေ့၊ တွေ့တာနဲ့ မမြင်အောင် ရှောင်တယ်။ ရှောင်လို့မရရင်လည်း အရင်လိုပဲ ဟန်မပြတ်တော့ နှုတ်ဆက်လိုက်တယ်။ အလင်းကတော့ သိတယ်။ အဲဒီလို ကျွန်တော် ရှောင်နေတယ်ဆိုတာကိုလေ။ သူကတော့ ကျွန်တော်ခြံထဲ ခဏခဏ လာတော့ ကျွန်တော်နဲ့က ခဏခဏတွေ့တယ်။ သူက ပါးပါးနဲ့မားမားကို စိတ်မကွက်ဖို့ ပြောတယ်။ သူပြောတိုင်းလည်း “ငါ ဘာမှ မဖြစ်ပါဘူး။ သွားယှဉ်စရာလား။ ဟိုက အဖေနဲ့ အမေ။ ငါက သား၊သမီးဟာကို” ဆိုပြီး ပြုံးပြုံးနဲ့ပဲ ပြန်ပြောလိုက်တယ်။ ရင်ထဲမှာတော့ တော်တော်လေးနာတာ။ ကျွန်တော် အဲဒီလိုပြောမှ အလင်းကလည်း ပြုံးတော်မူတယ်။ မဟုတ်ရင် သေမလိုပဲ မျက်နှာက၊ ဖြူဖပ်ဖြူရော်နဲ့ အနားလာလာထိုင်နေတော့။ ဒီလိုနဲ့ သူတို့ခြံထဲမှာ ပရိတ်ရွှတ်တဲ့နေ့ကဆို ဘုန်းကြီးတွေပါ လန့်ရအောင် ကြမ်းတယ်။ ကြားတယ်။ နောက်တော့လည်း အောင်အောင်မြင်မြင်နဲ့ပြီးသွားတယ်ပေါ့နော်။ နောက်ပိုင်း အဲဒီခြံက သန့်လား၊ မသန့်လားတော့ မသိဘူး။ ခြံစောင့်တွေကလည်း ခဏခဏပြောင်းတယ်။ အမဲသား၊ ငါး သွင်းလို့ကို မရဘူး။ သွင်းတာနဲ့ ပြသနာက စတာ။ အဲဒီလို ၀င်ဝင်နှိုက်လို့လေ။ ပရိတ်ရွှတ်လို့ သရဲပဲ ပြေးလား။ ဘာပဲ ပြေးသွားလဲတော့ မသိဘူး။ အခြေအနေက သိတယ်ဟုတ်။ အရင်ကထက်တော့ နည်းနည်းဆိုးလာတယ်။ သူများခြံတွေ ည (၆)နာရီ၊ (၇) နာရီလောက်ထိ အလုပ်လုပ်နေတဲ့ အချိန်မှာ ပါးပါးခြံက (၄)နာရီခွဲလောက်ဆို လူကို မရှိတော့တာ။ ဘယ်သူမှ မနေရဲဘူး။ မိုးချုပ်အောင် ။ ခြံကတော့ လုံတယ်။ တော်တော်ကို လုံတာ။ ဘယ်သူခိုးမှလည်း မ၀င်ရဲဘူးရယ်။ အဲဒီတော့ ဒီအတိုင်းပဲ ပစ်ထားရတယ်။ ညဆိုလည်း ခြံစောင့်ကို မရှိဘူး။ နေ့သွားကြည့်လိုက်။ ပြီးတော့ ပြန်လာ ဒါပဲ။ ကျွန်တော်ကတော့ အဲဒီသရဲကို တော်တော်ကို သောက်သည်းယားတာလေ။ ပြောမနေနဲ့။ ကြားထဲမှာ ပါးပါးက ကန့်လန့် ၊ ကန့်လန့် ခံနေလို့။ မဟုတ်ရင် သွားတွေ့လိုက်ချင်တယ်။ တစ်ပွဲလောက်။ အဟုတ်ရယ်။ ဒါပေ့မယ့်လည်း မသိချင်ယောင်ပဲဆောင်နေရတယ်။ သူ့ခြံသတင်းတွေက မြို့ထဲမှာ ပြန့်လို့။ သူငယ်ချင်းတွေကလည်း လာလာပြောကြတယ်။ “နင့် အဖေက ဘာလဲဟ။ ခြံထဲ သရဲမွှေးထားတာလား” တဲ့။ ။ ကိုယ်က ဒီစကားကြားတော့ ရီပဲ ရီနေလိုက်ရတယ်။ ပြောပြရင်လည်း ကိုယ်ပေါင်ကိုယ်ပြန်လှန်ထောင်းသလို ဖြစ်နေတာမို့။ ရေငုံနှုတ်ပိတ်ပဲ နေခဲ့ရတာ။ သိပ်တော့ မကြည်ဘူးရယ်။ တစ်နေ့တော့ ဒီသရဲနဲ့ ကျွန်တော်နဲ့ ထိပ်တိုက်တွေ့ရတဲ့ နေ့လေး၊ တစ်နေ့ ရောက်လာတယ်ဆိုပါတော့ဗျာ။ တော်တော်လေးကြာမှပါ။ သုံးလလောက်ကျော်မှ အဲဒီနေ့ရောက်လာတာ။ ဒီကြားထဲမှာ ကျွန်တော် သီပေါတွေ၊ ဘာတွေ တတ်ရင်တောင် အဲဒီခြံကို ဖြတ်ရရင် စေ့စေ့မကြည့်ဘူးရယ်။ စိတ်နာနေတာလေ။ ဖြစ်ချင်တော့ အဲဒီနေ့မှာ ကျွန်တော်က မန်းလေးက ပြန်တတ်လာတာ။ မားမားက အိမ်မှာ။ ပါးပါးက လားရှိုးတတ်သွားတယ်။ အဲဒီတုန်းက ခြံစောင့်တစ်ယောက်ကလည်း ရထားတယ်။ အဲဒီခြံစောင့်က မိသားစုလိုက်သွားနေတယ်ပေါ့နော်။ ကျွန်တော်က မန်းလေးလာတော့ အနီးစခန်းက အလင်းတို့ အမျိုးတွေဆီဝင်သေးတယ်။ အလင်းက ငါးသလောက်ပေါင်းကြိုက်တယ်ဗျာ။ အဲဒါကို ၀င်ယူတာ။ ပြီးတော့ မြို့ထဲဆက်ထွက်လာခဲ့တာပေါ့။ မားမားအိမ်ရောက်တော့ ခုနှစ်နာရီလောက်ရှိပြီ။ အိမ်ရှေ့မှာ လူတွေက တစ်ရုန်းရုန်းနဲ့ ဆိုတော့ ကျွန်တော်လည်း စိတ်ပူသွားတယ်။ တစ်ယောက်ယောက်များ ဘာဖြစ်လဲဆိုပြီးလေ။ ပါးပါးက လားရှိုးသွားတာဆိုတော့ လမ်းမှ တစ်ခုခုများဖြစ်လားပေါ့။ အဲဒါ အိမ်ထဲဝင်သွားတော့မှ….မားမားက မျက်ရည်စက်လက်နဲ့ “ငဇူး လုပ်ပါဦး။ ခြံထဲမှာ ပြသနာတတ်နေလို့” တဲ့လေ။ ဘာဖြစ်တာလဲဆိုတော့ …. အခု ခန့်ထားတဲ့ ခြံစောင့်က သရဲတွေဘာတွေ မကြောက်တတ်ဘူး။ မကြောက်လို့လည်း ဒီခြံကို စောင့်တာ။ ဈေးတော့ ပိုပေးရတယ်ဗျ။ အဲဒါနဲ့ သူက ကဇော်သမား။ မိသားစုလိုက်ခေါ်နေတဲ့ အပြင် သူ့ သူငယ်ချင်းသုံးယောက်လောက်နဲ့ ညဘက်ကြတော့ အရက်ချကြတယ်ဆိုပါတော့ဗျာ။ ခြံကိုလည်း သောက်ဂရုမစိုက်ဘူးပေါ့နော်။ ဒီလိုအထာနဲ့။ သွားလုပ်တာ။ အသောက်သမားတွေ မြည်းကြတာက ကြက်ကြော်တဲ့။ အဲဒီမှာ သူတို့ အစတုန်းက သောက်နေတာ လေးယောက်။ မိုးတော်တော်လေးလည်း ချုပ်လာတော့။ နောက်တစ်ယောက်ကလည်း တိုးလာတယ်တဲ့။ မူးရူးနေတော့ သတိမထားမိပေ့မယ်။ ခြံစောင့်မိန်းမက အမြည်းကုန်သွားလို့ ထပ်လာချတော့မှ….အဲဒီအသစ်တိုးလာတဲ့သူကို မြင်ပြီး မူးမေ့လဲပါယောလား ။ အဲဒီတော့မှာ အမူးသမားတွေလည်း မျက်စိပြူး၊ မျက်ဆန်ပြုးနဲ့ သူတို့နဲ့ လာထိုင်သောက်နေတဲ့သူကို သတိထားကြည့်မိတယ်။ အနော်မြင်တဲ့ ပုံစံအတိုင်းပါပဲ။ အဲဒီမှာ ပုဆိုးမနိုင်၊ ပုဝါမနိုင်တွေဖြစ်ပြီး ထပြေးကြပါလေရော။ တော်သေးတာပေါ့။ ခလေးတွေကိုပါ တစ်ခါတည်းခေါ်ခဲ့လို့။ မဟုတ်ရင် မလွယ်ဘူးရယ်။ ကျွန်တော်ကလည်း ဒီဇာတ်လမ်းကြားတော့ မားမားကို “အဲဒါများ မားမားရယ်။ သားက ဘာလုပ်ရမှာတုန်း၊ အခုသူတို့ ပြေးလာကြပြီပဲ အဆင်ပြေနေတဲ့ဟာကို” ဆိုပြီး ဆိုင်ကယ် ယူထွက်ဖို့ ပြင်တယ်။ ရှင်းရှင်းပြောရင် အဲဒီခြံနဲ့ ကျွန်တော် မပတ်သတ်ချင်တာ။ အဖေ့ကို စိတ်နာလို့။ အဲဒီမှာ အမေက ဘာပြောလဲဆိုတော့ “အေး သူတို့ပြေးလာပေ့မယ်။ သူတို့ မိန်းမနဲ့ ခလေး ကျန်ခဲ့တယ်။ ငဇူးရယ်။ ငါနှယ် သေသာသေလိုက်ချင်တော့တာပဲ” တဲ့လေ။ “ဟမ်” ဆိုပြီး အနော်တောင် ခဏ ကြက်သေသေသွားတယ်။ ဘယ်လိုလူတွေလဲ မသိပါဘူးဗျာ။ မိန်းမကို တော်တော်ချစ်တယ်။ ထားခဲ့တယ်ဆိုပဲ။ အဲဒါနဲ့ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိတဲ့ ဖြစ်နေတဲ့ အချိန်မှာ ခြံစောင့်က ကျွန်တော်ကို ခြေသလုံး ပြေးဖက်ပြီး။ သူ့မိန်းမနဲ့ ခလေးကို ခြံထဲက ပြန်ယူပေးဖို့ချည်း ပြောတော့တာ။ သူနေတဲ့ လခလည်း မယူတော့ပါဘူးပေါ့နော်။ သူ့မိန်းမနဲ့ ခလေး ပြန်ရရင် ကျေနပ်ပါတယ်ဆိုတာချည်းပဲ။ ဘယ်နှယ့် သောက်မူး။ သောက်တုန်းကကျ သွားသောက်ပြီးတော့ မိန်းမမူးလဲတာကျတော့ မထမ်းလာခဲ့ဘူး။ သူ့မှာက ခလေးက သုံးယောက် နှစ်ယောက်က ကြီးနေပြီ ဆိုတော့ ပြေးနိုင်တယ်။ မပြေးနိုင်တဲ့ ခလေးငယ်က သူအမေနဲ့ ကျန်ခဲ့တာ။ ခလေးကတည်း အခုမှ လလည်သားဗျာ။ အမေပခုံးထက်မှာ သိုင်းထားရတဲ့ အရွယ်။ အဲဒီတော့ အမေမူးလဲတော့ ခလေးပါ တစ်ခါတည်း အသားလွတ် ကျန်ခဲ့ယော။ အခု သူ့မိန်းမကျတော့ အနော် သွားပြန်ယူတဲ့။ အချိန်က အဲဒီမှာ ရှစ်ခွဲလောက်ရှိနေပြီဟာကို။ အနော်လည်း အဲဒီ ခြံစောင့်ကို နှစ်ချက်လောက် ပစ်ကန်လိုက်တယ်။ ဒေါသွထွက်လို့။ ဘယ်နှယ့် သရဲကြောက်တာတော့ ကြောက်ပေါ့ဗျာ။ ကိုယ်သွေးသားနဲ့ ကိုယ်မိန်းမကို ပစ်ခဲ့ရအောင်တော့ မကြောက်နဲ့ပေါ့။ ကျွန်တော် မျက်စိထဲမှာတော့ မူးမေ့နေတဲ့ မိန်းမတစ်ယောက်နဲ့ ငိုယိုနေတဲ့ ခလေးတစ်ယောက်ရဲ့ မျက်နှာကိုပဲ ပြေးမြင်နေတော့တာ။ အဲဒီမှာ လူက သွေးဆူပြီး မနေနိုင်တော့ဘူး။ မားမားကလည်း တော်တော်ကို သေချင်နေတဲ့ မျက်နှာနဲ့။ အမှုက သူ့ပတ်မှာလေ။ ပါးပါးကောင်းမှုပေါ့။ ခြံထဲမှာ သရဲရှိတာကို မွေးထားတာကိုး ခံပေါ့။ စိတ်ညစ်ပါတယ်ဗျာ။ အဲဒါနဲ့ အမေကို “ကျွန်တော်သွားလိုက်မယ်။ စိတ်မပူနဲ့” လို့ လှမ်းပြောလိုက်တယ်။ ကျွန်တော် သူငယ်ချင်းတွေကလည်း ရှိနေတော့ သူတို့ကို လိုက်မလားဆိုတဲ့ မျက်လုံးနဲ့ လှမ်းကြည့်လိုက်တယ်။ အဲဒီအချိန်မှာ ရှမ်းကြီးဆိုတဲ့ သူငယ်ချင်းက ဘာထပြောလဲဆိုတော့ … “ငဇူး…မင်းသွားနှင့် ငါလူစုပြီးလိုက်လာခဲ့မယ်” တဲ့။ ဟီး။ သူပြောမှ ကိုယ်လည်း နည်းနည်းလန့်သွားတယ်။ သွားမဲ့သာသွားရတာ။ ခြံက ကြမ်းက ကြမ်းပါဘိနဲ့။ မနိုင်ရင် သေကျန်ခဲ့မှာ ။ အင်းပေါ့။ အနော်သေတော့၊ အဖေ့အကို၊ ကျွန်တော် ဦးလေးသရဲ ကျွတ်ပေါ့။ အနော်က ခြံပြန်စောင့်ပေါ့နော့။ သူမကျွတ်လည်း နှစ်ယောက်ပေါင်းလောင်းကျော်ကြတာပေါ့ဗျာ။ အဲဒါနဲ့ “လာချမ်း၊ ငါဟဲ့ ငဇူး” ဆိုပြီး ပျော်ရွှင်စရာတွေချည်းတွေးပြီးတော့ ယူတာ ဆိုင်ကယ်ကို တစ်မုန်း အဲဒီခြံထဲကိုလေ။ ။ ကျွန်တော်အဲဒီခြံရှေ့ကို ရောက်တော့ ခြံထဲမှာ မှောင်မည်းနေတာပဲ။ အဲဒါနဲ့ ဆိုင်ကယ်အောက်က လက်နိပ်ဓါတ်မီးကို အရင်ယူရတယ်။ လရောင်ကတော့ သာတယ်ဆိုသလောက်ပဲ ရှိတယ်။ ပြီးတော့ ဆိုင်ကယ်မီးလေးနဲ့ ခြံထဲကို ၀င်သွားလိုက်တယ်။ အခုထိတော့ ဘာမှမတွေ့သေးဘူးဗျ။ ခလေးနဲ့မိန်းမကြီးတွေ့ရင် အနော် ဆိုင်ကယ်ပေါ်တင်ပြီး ခြံပြင်ထွက်သွားယုံပဲလေ။ လွယ်ပါတယ်။ ဘာမှမဖြစ်ရင်တော့လေ။ ဟီး။ ဖြစ်ရင်တော့ မပြောတတ်ဘူး။ ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့ဗျာ။ အဲဒီလိုနဲ့လာနေတုန်းဗျာ။ ညောင်ပင်ကိုေ၇ာက်လာတယ်။ ကျွန်တော်လည်း ညောင်ပင်ကို သေသေချာချာကြည့်နေတာရယ်။ ဘာမှမတွေ့ဘူးရယ်။ ပြီးတော့ ညောင်ပင်အောက်မှာ ကိုယ်ဆောက်ထားခဲ့တဲ့ ကွပ်ပျစ်လေးတောင် တွေ့ရသေးတယ်။ ညောင်ပင်အောက်ကို ဆိုင်ကယ်ဝင်လာတဲ့ အထိ ဘာပြသနာမှမတတ်သေးဘူး။ အယ်။ ညောင်ပင်ကို ကျော်တော့မယ်လည်းဆိုရော ပြသနာက စတော့တာပါပဲ။ ဆိုင်ကယ်က တုံခနဲရပ်သွားတယ်၊ စက်လည်းနှိုးနေတယ်နော်တယ်။ နောက်ဘီးလည်း လည်နေတယ်။ ဒါပေ့မယ့် ဆိုင်ကယ်က မရွေ့ဘူး။ “၀ူး” “၀ူး” ပဲမြည်ပြီး ရပ်နေတာ။ အနော်လည်း တော်တော်လေသွားတယ်။ သရဲကတော့ စပြီဝေ့ ဆိုပြီး။ ဆိုင်ကယ်မပါတော့ ဘယ်လိုသွားမတုန်း။ အယိုးမတရဲ ။ ပိုင်တယ် လုပ်ချက်က။ အဲဒါနဲ့ ကျွန်တော် ဆိုင်ကယ်ပေါ်က ဆင်းပြီးတော့ နောက်ဖင်ကို နှစ်ချက်လောက် ပစ်ကန်လိုက်တယ်။ အဲဒီအချိန်မှာ ညောင်ပင်ပေါ်က “ဝေါ” ကနဲ ဆိုပြီး အသံတစ်ခုထွက်လာတယ်။ ကျွန်တော် ညောင်ပင်ပေါ်ကို မော့ကြည့်လိုက်တယ်ဗျ။ ဘာမှ မတွေ့ဘူးရယ်။ အဲဒါနဲ့ ဆိုင်ကယ်ကို အနောက်နေ တွန်းကြည့်တယ်။ ရွေ့တယ်။ ကိုယ်ဆိုင်ကယ်ပေါ်ပြန် တတ်ပြီး ပြန်ထွက်တော့ မရွှေ့တော့ ပြန်ဘူး။ “ဟ၊ ဘာလဲဟ” ဆိုပြီး လူက ခြေထောက်နဲ့တောင် တွန်းကြည့်သေးတယ်။ မရွေ့ဘူး။ သတိထားပြီးတော့ နောက်ဘီးကို ဓါတ်မီးနဲ့ လှမ်းထိုးလိုက်တော့မှ “အား၊လားလား” လူက တော်တော်ဖြုံသွားတယ်။ ဘယ်နှယ့် နောက်ဘီးကြီး တစ်စုံတစ်ယောက်က ဆိုင်ကယ်နောက်ကို မ ထားသလို လေထဲမှာ မြောက်နေပါယောလား။ အဲဒီတော့ ဘယ်ထွက်လိမ့်မတုန်း ဆိုင်ကယ်က။ အဲဒါနဲ့ ကျွန်တော်လည်း လီဗာကို တစ်မုန်းတင်လိုက်တယ်။ ပြီးတော့ ဆိုင်ကယ်ကို ခွလျက်ပဲ၊ ထခုန်လိုက်တယ်။ ပြီးတော့ ပြန်အကျကို အားနည်းနည်း ထည့်လိုက်တယ်။ ၀ိတ်နဲ့ ဖိတာပေါ့ဗျာ။ အလှဲ့ ထွက်သွားတယ်ဗျ။ ဆိုင်ကယ်ကလေ။ ဒါပေ့မယ် ဘယ်လောက်မှ မထွက်ပြန်ဝူးဗျ။ ချက်ခြင်း ပြန်ရပ်သွားတာ။ နောက်ကနေ ပိတ်ဆွဲလိုက်သလို တုန့်ခနဲ ရပ်သွားတာ။ အနော်လည်း တော်တော်ညစ်သွားတယ်။ သရဲက ကိုယ်ထက်အားကြီးတယ်ထင်တယ်။ အဲဒီလိုစဉ်းစားနေတုန်း။ ဆိုင်ကယ်ဖင်ထိုင်ခုံက တစ်ဖြည်းဖြည်း အပေါ်တတ်တတ်လာတယ်။ ဖင်ထိုင်ခုံကို ဆွဲဖွင့်နေသလို ခံစားရတယ်။ မှောင်ကလည်း မှောင်နေတော့လေ။ အနော်လည်းစဉ်းစားတယ်။ ဘာလဲဟ၊ ဘာလို့ အဲဒီဟာကို လာဖွင့်နေတာလဲလို့ပေါ့နော်။ အဲဒီအောက်မှက ဆိုင်ကယ်ပြင်တဲ့ ဂွတွေ၊ ပြီးတော့ အိပ်ရင် ခင်းမဲ့ အခင်းတွေပဲ ရှိတာ။ အဲဒီဟာတွေ သရဲစားတယ်လို့လည်း အနော်မကြားဖူးဘူးလေ။ အဲဒီတော့ Thinking က နည်းနည်းလွှဲနေတယ် ဟီး ။ စဉ်းစားလို့မရဘူးဖစ်နေတယ်။ အဲဒါကို ဆွဲလန်နေတာတော့ အသေလန်နေတာနော်။ တစ်ချက်၊ တစ်ချက် အနော်တောင် မြောက်မြောက်သွားတယ်။ အနော်ကလည်း အားနဲ့ကို ပြန်ဖိတာ။ ကိုယ်တောင် အနောက်ရောက်တော့မယ် တစ်ဖြည်းဖြည်းနဲ့။ အဲဒီမှာ ကျွန်တော် ဘာသွားစဉ်းစားမိလဲဆိုတော့ “အနီးစခန်းက ငါးသလောက်ပေါင်း” ဆိုတာကို သွားစဉ်းစားမိတယ်။ “သေဟဲ့။ ငါနှယ်” ဆိုပြီးလေ။ ဟုတ်တယ်ဗျ။ လူက အမေတို့အိမ်ရောက်ရာက်ခြင်း သွေးပူပြီး ပြန်လှည့်ခဲ့ရတာဆိုတော့။ ဒီငါးသလောက်ပေါင်းကို မပေးခဲ့ရဘူး။ ငါးသလောက်ပေါင်းကလည်း ဘူးလေးနဲ့ထည့်ပေးလိုက်တာ။ ကျွန်တော်ဆိုင်ကယ်က ခြင်းတွေဘာတွေပါတာမဟုတ်ဘူး။ အဲဒီတော့ လွယ်တဲ့နေရာ ကောက်ထည့်ထားတာ။ သရဲက အဲဒီဟာကို တီးချင်တယ်ထင်တယ်။ “ငါးသလောက်ပေါင်း သိပ်ကြိုက်တယ်။ဟုတ်။ အေး ကျွေးမယ်။ ခဏတော့ စောင့်” အဲဒီလို ပြောလိုက်တော့။ နောက်ဖုံးကို လှန်နေတာ ရပ်သွားတယ်။ အဲဒါနဲ့ ဆိုင်ကယ်ကို ဒေါက်ထောက်ပြီးတော့ ။ အနော် ဖင်ထိုင်ခုံကို ဆွဲလှန်ပြီးတော့ ငါးသလောက်ပေါင်းဗူးကို ဆွဲထုတ်လိုက်တယ်။ ပြီးတော့… အဖုံးဖွင့်ပြီး ဘာလုပ်လိုက်တယ်ထင်လဲ ။ ကန်တော့ပါရဲ့ဗျာ။ တေးပန်းထည့်လိုက်တယ်။ ဟီး ။ ပြီးတော့ အဖုံးကို ပြန်ပိတ်ပြီး။ ညောင်ပင်အောက်က ကွပ်ပျစ်ပေါ်တင်လိုက်တယ်။ စားလေ။ စားချင် ချားပေါ့။ သရဲပဲဟာ ဟုတ်တယ်မလား။ လူတွေထွေးတဲ့ တံတွေးတောင် စားတဲ့ဟာကို စားချင်စားပေါ့ဗျာ။ ပြီးတာနဲ့ ကျွန်တော်လည်း ဆိုင်ကယ်ကို စက်ပြန်နှိုးပြီး။ ခြံစောင့်တဲ ရှိတဲ့နေရာကို ထွက်ခဲ့တော့တာပါပဲ။ အဲဒီမှာ ဘာဖြစ်ခဲ့လဲတော့ မသိဘူးဗျာ။ ခဏကြာတော့ ညောင်ပင်ဘက်က “အုန်း” ခနဲ၊ “ဒိုင်း” ခနဲ ဆိုပြီး အသံမျိုးစုံထွက်လာတော့တာပါပဲ။ သရဲလည်း ငါးသလောက်ပေါင်းစားပြီး အဆီရစ်ပြီး ဇက်ကြောတတ်နေတယ်ထင်ပါတယ်ဗျာ။ အနော်က ငံပြာရည်ပါ လောင်းခဲ့တော့ ပိုစားကောင်းသွားတယ်ထင်တယ်။ အသံကတော့ ပေါင်းစုံကြားနေရတယ် ။ ယစ်တာလေ။ ယစ်တာ ငါးသလောက်ပေါင်း အဆီ ဟီး။ ခြံစောင့်တဲနားရောက်တော့ ထင်တဲ့အတိုင်းပါပဲ။ ခလေးငိုသံ စကြားရတော့တာ။ အဲဒါနဲ့ သွားကြည့်တော့။ ကျွန်တော်တွေးထားတဲ့ မြင်ကွင်းအတိုင်းပါပဲ။ ခလေးက ငိုနေတယ်။ သူ့ အမေကလှဲလျက်သားလေ။ ခလေးက သူ့အမေကို ဘေးမှာ ထိုင်ပြီး။ လက်လေးနဲ့ ပုတ်ပုတ်ပြီး သူ့ အမေကို နှိုးနေတာဗျာ။ တော်သေးတာပေါ့။ ခလေးဘာမှ မဖြစ်တာ။ ဒါပေ့မယ်လည်း ကျွန်တော်က ဒုက္ခရောက်ရောက်ရောဗျ။ ခလေးရော။ သူ့အမေရော နှစ်ယောက်စလုံးကို ကျွန်တော်ဆိုင်ကယ်နဲ့ တင်ရမလဲဆိုတာ မသိဘူး။ ဟုတ်တယ်လေဗျာ။ မေ့နေတာကိုး အသက်ကတော့ ရှူပါသေးတယ်။ သတိလစ်နေတာပဲရှိတာ။ သူကို နောက်မှာ တင်ရင်လည်း ဆိုင်ကယ်ဘီးနဲ့ လွတ်မှာမဟုတ်ဘူး။ ခလေးကို အနောက်ကထားရင်လည်း လိမ့်ကျမဲ့ အမျိုးရယ်။ အဲဒါနဲ့ နောက်ဆုံး ဘယ်လိုလုပ်ရလဲဆိုတော့ သူ့အမေရင်ဘတ်က ခလေးသိုင်းဖို့လုပ်ထားတဲ့ ကြိုးကို ဖြုတ်ရတယ်။ ပြီးတော့ ကိုယ်ဆီမှာတပ် ခလေးကို သိုင်း။ ခလေးကလည်းဗျာ။ ငိုလိုက်တာ ကိုယ်ကို သရဲထက်ပိုကြောက်နေတယ်။ ဟုတ်တယ်။ လေတယ်။ အရမ်းငိုတဲ့ ခလေး ကျွန်တော်မချစ်ဘူးဗျ။ နားညဉ်းတယ်။ သူကို နောက်က သိုင်းတော့ သူ့ပါးစပ်က အနော်နားနဲ့နီးနေတာလေ။ ရေလည် နားညဉ်းတာ။ ပြီးတော့ သူ့အမေကို ပွေ့ပြီး ဆိုင်ကယ်ရှေ့မှာတင် အနော်က ကိုးလို့ ကန့်လန့်ရယ်။ အဲဒါဆိုင်ကယ်ကို မနည်းဖြစ်အောင် စီးပြီး ပြန်ထွက်ခဲ့ရတယ်။ လမ်းမှာ ကျွန်တော်စဉ်းစားတယ်။ ဒီပုံစံနဲ့ ညောင်ပင်သွားလို့တော့ ဖြစ်မှာမဟုတ်ဘူးဆိုပြီးလေ။ သွားရင် ပြသနာတတ်မှာ။ လမ်းကလည်း အဲဒီလမ်းပဲရှိတယ်။ အ၀င်လည်း ဒီလမ်း၊ အထွက်လည်း ဒီလမ်းပဲ။ ကျန်နေတဲ့နေရာတွေက ကမူကထစ်တွေနဲ့။ မှောင်ကြီးမဲကြီးထဲဗျာ။ ရမ်းသမ်းမောင်းရင် မှောက်မှာ ။ အဲဒါနဲ့ ဘာလုပ်ရလဲဆိုတော့ ခြံလယ်မှာရှိနေတဲ့ ကျွန်တော်တို့ ထိုးထားဖူးတဲ့ တဲကိုဝင်ရတယ်။ အဲဒီတဲထဲမှာ ကံကောင်းချင်တော့ ဗုဒွရုပ်ပွားတော် တစ်ဆူရှိနေတယ်ဗျ။ အဲဒါလေးက အနော်ကို နောက်ပိုင်းတော်တော် ကယ်သွားတယ်။ အဲဒီက ရသမျှရေယူပြီးတော့ ဟိုမေ့နေတဲ့ မိန်းမကိုလောင်းတော့တာ။ ဘုရားစင်ပေါ်က ရေလည်းမကျန်ဘူး။ အကုန်လောင်းတာ။ နောက်ဆုံး ညနေက အလုပ်သမားတွေထားခဲ့တဲ့ ရေပုံးထင်တယ်။ဘယ်သူခပ်ထားမှန်း မသိဘူး။ အဲဒီဟာနဲ မျက်နှာကို အားရပါးရ ခွက်စောင်းခုတ်မှ အဲဒီမိန်းမ လန့်ပြီး သတိရတော်မူတယ်။ ပါးစပ်ကလည်း “သရဲ၊ အောင်မြတ်လေး သရဲ” ဆိုပြီး အော်လို့ပေါ့ဗျာ။ သူက ရိုးရိုးအော်တာမဟုတ်ဘူး။ ကျွန်တော်ကို ကြည့်ကြည့်ပြီး အော်တာ။ အဲဒါကြာတော့ လူက သောက်မြင်ကပ်လာတာနဲ့…. “သရဲမဟုတ်ဘူးဗျ။ လူပါဗျ။ လူ။ ခင်ဗျားတို့ မေ့လဲနေခဲ့တယ်ဆိုလို့ လာခေါ်တာ။ ဒီမှာ ခင်ဗျားခလေး၊ ရော့ ကိုယ်ဘာသာကိုယ်ချီ” ဆိုပြီး သူ့ခလေးပါ။ သူလက်ထဲထည့်လိုက်တော့မှ သူဘာဖြစ်ခဲ့လဲဆိုတာကို သတိရသွားတယ်ထင်တယ်။ အဲဒါတောင် အနော်ကို သေသေချာချာ ကြည့်နေသေးတယ်။ နောက်တော့မှ ယုံတာ။ ပြီးတော့ ငိုတော့တာပဲ။ ပါးစပ်ကလည်း… “ဘယ်လိုလုပ်ကြမလဲဟင်။ အခုမှောင်ကြီး၊ မည်းကြီးထဲ ဒီမှာ မနေချင်တော့ဘူး။ အီးဟီးဟီး လုပ်ပါဦး ကောင်လေးရယ်။ ဒီမှာ မနေချင်တော့ဘူး” ဘာညာနဲ့ဗျာ။ တော်တော်နားညဉ်းတဲ့ မိန်းမ။ သူ့ ခလေးအတိုင်းပဲ။ အော်ကြီးဟစ်ကျယ်နဲ့။ အနော်ကလည်း နဂိုကတည်းက ခပ်ချဉ်ချဉ်ရှိတာနဲ့… “ဇွတ်အော်ငိုမနေနဲ့၊ ညောင်ပင်ဘက်ကအသံတွေကြားလား။ ခင်ဗျား အသံကြားပြီး ဒီေ၇ာက်လာမှ ပိုဆိုးကုန်မယ်” လို့ပြောပစ်လိုက်တယ်။ သူကလည်း အဲဒီအသံကြားတော့ ကြက်သေသေပြီး တိတ်သွားတယ်ဗျ။ သူခလေးကလည်း သူ့ အမေအငိုတိတ်တော့ သူပါရောပြီးတိတ်သွားတယ်။ ငိုတာလေ။ နဂိုက သူ့အော်သံနဲ့ ဆူညံနေတဲ့ နေရာက တိတ်သွားတော့…တော်တော်ကို ငြိမ်သက်သွားတာ။ အဲဒီတော့ ညောင်ပင်ဘက်က အသံတွေက အတိုင်းသား ပြန်ကြားနေရတယ်။ ဆူညံနေတာပဲ အဲဒီဘက်မှာလည်း ဘာဖြစ်နေလဲတော့မသိဘူး။ အနော်ကတော့“သေးစိမ်ထားတဲ့ ငါသလောက်ပေါင်း” ပြေးမြင်တော့တာ ဟီး ။ ရီလည်းရီချင်သွားတယ်။ သရဲတော့ အဆီတတ်နေပြီ။ ဆိုပြီးလေ။ အဲဒီမှာ ခုနုတိတ်နေတဲ့ ခလေးနဲ့သူ့အမေတို့က ပြန်ငိုပါယောလားဗျာ။ ကြောက်တယ်။ ကြောက်တယ်။ ဒီမှာမနေနိုင်တော့ဘူး။ ဘာညာနဲ့ ထပြေးမလို့လုပ်တာ။ လူက သူကို ပြန်ဆွဲနေရတယ်။ တကယ်လည်း အဲဒီလို ဇွတ်ပြေးလို့မဖြစ်ဘူးလေ။ မှောင်နေတယ်။ လူစုကွဲကုန်ရင် ပြသနာက တတ်ကုန်မှာ။ ကျွန်တော်ကလည်း ဘယ်လိုထွက်ရမလဲဆိုတာ မသိသေးဘူးရယ်။ ဒီမိန်းမဗျာ။ မေ့နေတာ အကောင်း နှိုးလာမှ ပြသနာလုပ်တော့တာ။ တော်တော် စိတ်ညစ်တယ်။ ပြီးတော့ သူပြေးနေတဲ့ ဘက်က သချိင်္ုင်းကုန်းပဲ ရှိတာ။ ဒီနားမှာမှ ဒီခြံက တစ်ခုထဲကွက်ြပီးတော့ ဖြစ်နေတာ။ ကျန်တဲ့ခြံတွေကလည်း မနီးဘူးလေ။ အနော်လည်း သေသာသေလိုက်ချင်တော့တာ။ သူတို့ အတွတ် စိတ်ပူတာလည်းပါတယ်။ ကိုယ်တစ်ယောက်တည်းဆို ဒီလောက်မကြောက်ဘူးရယ်။ ကြောက်တာက ကြောက်တာပေါ့ဗျာ။ သူတို့ကျန်ခဲ့တယ်ဆိုတဲ့ စိတ်နဲ့ ဒီထဲထိ ရောက်လာတာ။ မဟုတ်ရင် လာပါဝူး။ အားအားယားယား။ ညဘက်ကြီး ကိုယ်သေတွင်း၊ ကိုယ်လာတူးသလို ဖစ်နေတာချည်းကို ။ အဲဒါနဲ့ ပြေးဖို့ ရုန်းနေတဲ့ မိန်းမကြီးကို ဆွဲနေတာနဲ့ မပြီးဘူးဆိုတာ သိတော့။ နဘန်ပိတ်ကျင်းပလိုက်ရတယ်။ တော်တော်လည်း အကုသိုလ်များပါတယ်။ ကျွန်တော်လေ။ လူကြီးတွေ နဘန်ကျင်းလိုကျင်း။ ကန်မိလိုကန်မိနဲ့။ သေရင် ငရဲကျမဲ့ အမျိုးပါ ။ လေဒယ်။ အဲဒီတော့မှ သတိပြန်ဝင်တယ်ဗျ။ အဲဒီမိန်းမကြီးက။ အဲဒီအချိန်မှာ ညောင်ပင်ဘက်က အသံတွေက တိတ်သွားပြီ။ ပြီးတော့ ညောင်ပင်ဘက်က အရိပ်တစ်ခုက ဒီဘက်လာနေတာကို ဒဲ့ကြီး မြင်နေရတယ်ဗျာ။ အနော်ရော၊ အဲဒီမိန်းမရော။ ဟိုမိန်းမတော့ ဘယ်လိုနေလဲမသိဘူး။ အနော်တော့ ဆီးချည်းလိမ့်သွားချင်သွားတယ်။ ကြောက်တေးပေါ့ဗျာ L။ မိန်းမကြီးကလည်း အရေးဟဲ့ ၊ အကြောင်းဟဲ့ ဆိုတော့ အနော်ကို အားကိုးတယ်ထင်ပါတယ်။ ဘယ်နှယ့်လုပ်ကြမတုန်းဆိုတဲ့မျက်လုံးနဲ့ လာကြည့်တယ်။ ကျွန်တော်လည်း ဖြစ်မဲ့ဖြစ်၊ မထူးတော့ပါဘူးဆိုပြီး။ သူတို့ကို တဲထဲသွင်းလိုက်တယ်။ ကျွန်တော်လည်း ၀င်နေလိုက်ရတယ်။ ဒါပေမယ့် တဲဝမှာတော့ စည်းတားခဲ့တယ်။ ဂါထာတစ်ပုဒ်ရွှတ်ပြီး…. မြန်မာဂါထာတော့ မဟုတ်ပါဘူး။ သက္ကတဘာသာစကားနဲ့ ဂါထာပါ။ အဖွားသင်ပေးထားခဲ့တာ… ငယ်ငယ်ကတည်းက ဒီနေ့အထိ အဲဒီဂါထာက အနော် အိပ်တိုင်းရွတ်အိပ်တဲ့ ဂါထာလေ။ နတ်ချစ်ဂါထာလို့လည်းခေါ်တယ်။ အဲဒါလေးကို ရွတ်ပြီး၊ စည်းလေးတားပြီးတော့။ ဒီလိုဆုတောင်းလိုက်တယ်။ “ရှိသမျှ သမာဒေ၀နတ်မြတ်အပေါင်း စောင့်ေ၇ှာက်တော် မူပါ။ ဒီတဲဝိုင်းထဲသို့ နာနာဘာဝ၊ မကောင်းဆိုးရွားများ မ၀င်လာနိုင်ပါစေနှင့်” ပေါ့ဗျာ။ ဒါပါပဲ၊ အနော်ငဇူး၊ အထက်လမ်းဆရာလည်း၊ မဟုတ်ပါ။ ဒီလိုပဲ။ လျှောက်လုပ်တာ။ အယ်! သရဲကတော့ တကယ်မ၀င်နိုင်ဘူးဗျ။ ဒါမှမဟုတ် တဲစောင့်နတ်ကပဲ၊ တားလို့လား။ အနော်ဂါထာကပဲ စွမ်းလို့လားချည်းမသိပါဘူး။ အဲဒီတော့ တဲ့ပတ်ပတ်လည်မှာ ခြေသံတွေချည်း ကြားရတာ။ ပြီးတော့ လူကောင်လည်းမတွေ့ရ၀ူး။ တဲတံခါးဝကလည်း တံခါးကမရှိတော့ ဒီအတိုင်းချည်းပွင့်နေတာလေ။ အဲဒီရှေ့မှာတော့ ပေါ်မလာဘူးနော်။ ပတ်ပတ်လည်မှာတော့ အသံတွေချည်းကြားနေရတာ။ အဲဒီရှေ့မှာပါ ပေါ်လာရင်တော့၊ သေချာပါတယ် အကုန်လုံး လိပ်ပြာလွှင့်သေကုန်လိမ့်မယ်။ အနော်လည်း အဲဒီအချိန်မှာ တော်တော်လေး ကြောက်နေပြီ။ ဒါပေ့မယ့် ဟိုမိန်းမကြီးနဲ့ ခလေးက ရှိသေးတော့ ကိုယ်က မကြောက်သလိုပဲနေရတယ်။ မှောင်နေလို့သာ တော်သေးတာပေါ့ဗျာ။ မဟုတ်ရင် အနော်နဖူးက ဇောချွေးတွေ မြင်ပြီး လန့်သွားမယ် ။ နည်းတာမဟုတ်ဘူး။ မေမြို့ညဆိုတာ ချမ်းတယ်နော်။ အနွေးထည်တွေဘာတွေဝတ်ရတဲ့ အမျိုးရယ်။ အနော်က တီရှပ်လက်ပြတ်လေး ၀တ်ထားတာတောင် ချွေးက ရွှဲနစ်နေတယ် ဟီး ။ ဒီလိုနဲ့ သရဲက တဲနားမှာ ပတ်နေတာ အားမရသေးဘူးထင်ပါတယ်။ တဲကို ခဲနဲ့ချည်းထုတော့တာ။ “ဒုံး” ခနဲ။ ဒုံး ခနဲ နေတာပဲဗျာ။ အထဲကလူတွေကလည်း ဒုံး ခနဲမြည်တိုင်း တစ်ခါလန့်တယ်။ ဟုတ်တယ်လေ။ အထဲများ ခုန်ဝင်လာတာလားလို့။ ဒီလိုနဲ့ ညက ဘယ်နှစ်နာရီလောက်ရှီလာပြီလဲ မသိပါဘူး။ ကျွန်တော်တဲဝရောက်တော့တောင် ကိုးနာရီကျော်ကျော်လောက်ရှိနေပြီ ဆိုတော့လေ။ ကျွန်တော် စဉ်းစားတယ်ပေါ့နော်။ ဒီညတော့ ဒီအတိုင်းချည်း နေလို့ ဘယ်လိုမှ မဖြစ်တော့ဘူးပေါ့နော်။ ဟုတ်တယ်။ ဒီမိန်းမက ပြောလို့ရတာမဟုတ်ဘူး။ အခုတောင် သူက တော်တော်လန့်နေပြီ။ မြို့ထဲက လူတွေက အနော်သွားခေါ်တယ်ပဲ သိတာရယ်။ ပြီးတော့ မိန်းမကြီးမေ့နေတယ်ပဲ သိတာ။ သူက အခုနိုးလာပြီ။ ပြီးတော့ မျက်နှာကလည်း ဖြူဖတ်ဖြူရော်ဖြစ်နေတယ်။ ကြောက်လွန်းလို့လေ။ ခဲကလည်း တဲပေါ်တစ်ခါကျတိုင်း သူ့မှာ “အောင်မြတ်လေးလေး၊ အောင်မြတ်လေးလေး”အော်နေရတာ။ အခန့်မသင့်လို့ ကြောက်လန့်ပြီး အသက်ထွက်သွားရင် အနော် ငဇူး အမှုပတ်မှာ Lအဲဒါကြောင့်ကြာကြာဆက်နေလို့ မသင့်တော့ဘူးဆိုတာကို အနော် သဘောပေါက်လာတယ်။ အပြင်ကိုတော့ တစ်နည်းနည်းနဲ့ ဖေါက်ထွက်မှ ဖြစ်တော့မယ်ပေါ့နော်။ အဲဒါနဲ့ ဘာများရှိနိုင်မလဲလို့ တဲထဲကို လှည့်ပတ်ပြီး ဓါတ်မီးနဲ့ ထိုးရင်း ကံကောင်းစွာနဲ့ ဗုဒ္ဓမြတ်စွာဘုရား ရုပ်ထုကိုသွားတွေ့တာပါ။ စကျင်ကျောက်သားနဲ့ ထုဆစ်ထားတာ။ သိပ်သပ္ပါယ်တာပဲ။ အဲဒီမှာ ကိုယ်ရတဲ့ ဂါထာအပေါင်းနဲ့ ရွတ်ပြီးတော့ကို ပူဇော်ပလိုက်တယ်။ ပြီးတော့ ဟိုမိန်းမကြီးနဲ့ ခလေးကို “အမတို့ ဘာမှမကြောက်နဲ့နော်။ အနော်နောက်ကိုသာ အကျီစဆွဲပြီးလိုက်ခဲ့။ ဘယ်မှလည်း မကြည့်နဲ့။ အောက်သာကြည့်ပြီးလိုက်ခဲ့ နော်။ လိုက်ရဲ ရဲ့လား။ ကျွန်တော်တို့ ခြံပြင်ထွက်ကြမယ်”ဆိုတော့ သူကလည်း “အင်း” တဲ့။ အဲဒီမှာ ဗုဒ္ဓရုပ်ထုကြီးကို ကျွန်တော်က ရပ်ဘတ်မှာ ကပ်ပြီး ရတဲ့ ဂါထာတွေ အကုန်ရွှတ်တော့တာပါပဲ။ ဟိုမိန်းမကြီးက အနော် အကျီစဆွဲလို့ပေါ့ဗျာ။ သူ့ကို အောက်ကိုပဲ ကြည့်၊ ဒီဖြင့်နေရာ မကြည့်နဲု့လို့ ပြောတာ အကြောင်းရှိတယ်။ သူဟိုကြည့်၊ ဒီကြည့်လုပ်ပြီး။ မတော်တာသွားတွေ့လို့ ကြောက်လန့်တကြား လျှောက်ပြေးရင် အားလုံးဒုက္ခရောက်ကုန်မယ်။ လူဆိုတာကလည်း အသက်ကို ဥာဏ်စောင့်တယ်။ သူပြေးရင် အနော်က ပြေးမှာမဟုတ်ဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ တဲပြင်ကို ထွက်သွားမှာ။ ကိုယ်ပါ ဘုရားမေ့၊ တရားမေ့ အကုန်ပစ်ပြီးပြေးရင် သေမှာလေ။ အဲဒီလိုနဲ့ ကျွန်တော်တို့ ကြောက်လန့်တကြီးနဲ့ ဘုရား အားကိုးပြီး ထွက်ခဲ့ကြတယ်ဆိုပါတော့ ။ အားလုံးအဆင်ပြေတယ်။ တဲဝကထွက်ကတည်းက ဘာပြသနာမှ မရှိဘူး။ အယ်….ညောင်ပင်နားရောက်တော့မှ ပြသနာက စတာ။ ညောင်ပင်က လှုပ်နေတယ်။ ကိုယ်ရှေ့တည့်တည့် ကြီးမှာ။ အဲဒါကို အနော် မြင်တယ်။ အနောက် မိန်းမကလည်း မြင်တယ်။ သူက လန့်နေပြီ။ အနော်ကလည်း… “အမ ဘာမှ မကြောက်နဲ့ ဆွဲထားနော် သေသေချာချာ။ သွားပြီးတော့ မကြည့်နေနဲ့”လို့ပြောတော့။ သူက ဘာပြန်မေးတယ်ထင်တုန်း။ “အဲဒီ အောက်က ဖြတ်သွားမလို့လား” တဲ့လေ။ အနော်က “အင်း” ဆိုတော့။ အဲဒီမှာ သူက ပြသနာရှာတော့မလိုလုပ်တာ။ အနော်ကလည်း လန့်သွားတယ်။ သူမလိုက်ရဲဘူးတဲ့။ အဲဒီအောက်ကို ဘာညာနဲ့။ တော်သေးတာက သူကအနော် အကျီစကို မလွှတ်ဘူးလေ။ လူက ဂါထာရွှတ်နေတာလည်း အာရုံပျက်တယ်ဗျာ။ သူလုပ်နေတာနဲ့။ အဲဒါနဲ့ ဒီလိုပိတ်ပြောပလိုက်တယ်။ “ခင်ဗျား သေချင်ရင် အကျီလွှတ်ပြီးနေခဲ့။ မသေချင်ရင် ကိုင်ပြီးလိုက်ခဲ့၊ သောက်စကားသိပ်မများနဲ့ အချိန်မရှိဘူး။ ဘုရားကိုခင်ဗျား ယုံလား?” ဆိုတော့ “အင်း” တဲ့။ အဲဒါဆို “ပါးစပ်ပိတ်လိုက်ခဲ့” ဆိုပြီး ဟောက်ပလိုက်ရတယ်။ ဘယ်နှယ့်ဗျာ။ သူကို ကယ်ထုတ်ရတာ တော်တော်မလွယ်တဲ့ ကိစ္စပဲ။ ရေလည် စိတ်ညစ်တယ်။ အာပေါက်တယ်။ အဟုတ်။ နောက်ဘိတ်ဆုံး “ဘုရားကို ယုံလားနဲ့” ဆွယ်ပြီး မနည်းခေါ်ထုတ်ခဲ့ရတယ်။ ဒီလိုနဲ့ နောက်ဆုံး ကျွန်တော်သူ့တို့ သားအမိကို အောင်အောင်မြင်မြင်နဲ့ ခြံပြင်ကို ထုတ်သွားနိုင်တယ်ဆိုပါတော့ဗျာ။ ညောင်ပင်အောက်ကလည်း ဖြတ်ခဲ့တယ်။ လှုပ်နေတာပါပဲ။ ညောင်ပင်က အကိုင်းအခတ်တွေဆို ဘလိုင်းကြီးတွေ ကိုယ့်အနားကို ရောက်ရာက်လာတာ။ ဘုရားရုပ်ပွားတော်နားထိ လာပြီးရင် ရှဲရှဲသွားတယ်။ ပြီးတော့ ညောင်ပင်ကျော်တော့ တစ်လမ်းလုံးအနောက်ကနေ “တရှပ်ရှပ်” နဲ့ လိုက်လာတာ။ သိနေတာပဲ။ လှည့်မကြည့်ရင် ဘာမှဖြစ်တာမှမဟုတ်တာ။ ဒီလိုနဲ့ နောက်ဆုံး အောင်မြင်စွာနဲ့ ခြံပြင် ရောက်သွားတယ်ဆိုပါတော့။ ခြံပြင်ရောက်သွားတော့ ဘာတွေ့တယ်ထင်တုန်း။ ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ အမူးသမား ခြံစောင့်အဖွဲ့ကို တွေ့သဗျှ။ သူတို့ကလည်း ဗုဒ္ဓပုံကြီး ကိုင်ပြီး ပုရောဆိတ်လေးတွေလို တန်းစီလာတဲ့ အနော်တို့ကို အူကြောင်ကြောင်နဲ့ ကြည့်နေတယ်။ အနော်တို့ကလည်း သူတို့တွေ့တော့ တော်တော်လေး ပျော်သွားတာရယ်။ အဖော်ရပြီဆိုပြီးလေ။ အဲဒီမှာ အမူးသမားမိန်းမက သူယောင်္ကျားတွေ့တော့ ပြေးဖက်တော့တာပါပဲ။ “အောင်မြတ်လေး။ ယောက်ျားရယ်” ဘာညာပေါ့ဗျာ။ ဟိုကလည်း သူမိန်းမကို ပြန်ဖက်ပေါ့။ ခလေးကိုလည်း အားရပါးရ နမ်းရှုံလို့ပေါ့ဗျာ။ ခုနကျတော့ မူးရူးပြီး ထားခဲ့ပြီးတော့ ခုမှ။ ဘာပဲပြောပြော အခုလိုဆိုတောလည်း အနော်ဝမ်းသာရတာပေါ့ဗျာ။ ကြည်နူးရတာပေါ့။ သူတို့တွေ ပြန်လည် ဆုံဆည်းသွားကြပြီမလား။ အဲဒါကိုကြည့်နေရင်းနဲ့ အနော်သူငယ်ချင်းချင်းတွေကို ကမေးလိုက်တယ်။ “နင်တို့ အခုမှ ရောက်တာလား” ဆိုတော့…. “ဟင့်အင်း၊ေ၇ာက်နေတာကြာပြီ” တဲ့။ “အဲဒါ ဘာလုပ်နေတာတုန်း၊ ခြံထဲ လိုက်လာတာမဟုတ်ဘူး” လို့အနော်က ပြောတော့ အားလုံးက အနော်ကို ရီကျဲကျဲနဲ့ ကြည်ပြီး… “ဟီး၊ ကြောက်တယ်” တဲ့ ပြိုင်တူဖြေပါလေယောဗျာ။ အနော်လည်း တော်တော်လေး ဖုသွားတယ် ။ ဘယ်နှယ့်ဗျာ။ အနော်တို့က ဟိုမှာ အသေလန့်နေတာ။ ဒီကောင်လာရင် သိပ်ကောင်းမှာပဲလို့ အနော်တွေးတာပေါ့။ တဲထဲမှာတုန်းကလေ။ အခုလည်း သူတို့တွေ့လိုက်လို့ ပျော်သွားတာ။ ဒီကောင်တွေက ရောက်နေတာကြာပြီ ကြောက်လို့ မလိုက်လာဘူးဆိုတော့ နည်းနည်းတော့ လွန်တယ်ထင်တာပဲ။ အဲဒါနဲ့ ကျွန်တော်လည်း ရွှဲ့ ချင်လာတာနဲ့။ “နင်တို့ ဘာကြောက်တာလဲ။ ဟမ် ဘာကြောက်တာလဲ။ အခု ငါ့ဆိုင်ကယ် ခြံထဲမှာ ကျန်ခဲ့တယ်။ အဲဒါ သွားယူမယ်။လိုက်ခဲ့၊ ဒါပဲ” ဆိုပြီး ခေါ်တော့တာ။ ဒီကောင်တွေ လုံးဝမလိုက်ရဲဘူးဗျ။ ငဇူးရယ်။ မနက်မှ လာယူပါဟာ။ ငါတို့မှာ ဆိုင်ကယ်ပါပါတယ်။ ဘာညာနဲ့ လုပ်နေတာ။ အနော်ကလည်း သူတို့ကို ဇွတ်ဂျစ်တိုက်တော့တာ။ မယူဘူး။ အခုယူမှာ။ သူခိုး မ သွားရင် နင်တို့ လျှော်ပေးမှာလား။ ဘာညာပေါ့ဗျာ။ အဲဒီလိုနဲ့ ဒီကောင်တွေကို အနော်ခေါ်လိုက်။ သူတို့က ငြင်းလိုက်လုပ်နေတာပဲ။ မိနှစ်နှစ်ဆယ်လောက်ကြာတယ်။ နောက်ဆုံး ဒီကောင်တွေ အနော်ဆိုင်ကယ် ပြန်ရမှ ပြန်မယ်ဆိုတာလည်း သိယော ဖင်တုန်ကုန်တယ်။ ဟုတ်တယ်လေ။ အနော်က ဇွတ်ဟာကို။ အကြောင်းကလည်း သိနေတော့။ မလိုက်လို့ကလည်း မဖြစ်။ လိုက်ရမှာလည်း ကြောက်ကြဆိုတော့ ရီတော့ရီရတယ်ဗျ။ (ဆက်ရန်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |