(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Plate On The Tree - Part 2


 ညာင်ပင်ပေါ်က လင်ဗန်း (၂)


အပြစ်ခံတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလည်း တစ်ခါတည်းချလိုက်တယ်။

ဒီလိုနဲ့ အဲဒီမနက် တစ်မနက်ခင်းလုံးက ခမောက်နဲ့လူကို ရှာတာနဲ့တင် အချိန်ကုန်သွားတာပါပဲ။ အရက်ဆိုင်တွေလည်းကုန်ပြီ။ နောက်ပြီး သူငယ်ချင်းတွေနေတဲ့ဘက်လည်းလိုက်ရှာတယ်။ မေးတယ်။ အဲဒီလိုပုံစံနဲ့လူ ညကလာလားပေါ့နော်။ သူငယ်ချင်းတွေက တစ်ယောက်မှ မသိဘူးဆိုတာချည်းပဲ။ မရှိပါဘူး။ မမြင်ဖူးပါဘူး။ ဒါတွေပဲ ကြားခဲ့ရတာ။ အဲဒါနဲ့ နောက်ဆုံးတော့ အနော်လည်း လက်လျှော့လိုက်ရတယ်။ ပြီးတော့ အိမ်မပြန်ချင်သေးတာနဲ့။ ဈေးကြီးနားက အမတစ်ယောက် အိမ်မှာဝင်ပြီး အိပ်နေလိုက်တယ်။ အိမ်မပြန်တာ အကြောင်းရင်းချိတယ်ဗျ။ နန်းကြိုင်တို့ အမေက ပါးပါးကို သွားတိုင်မှာ သေချာတယ်။ အခုချိန်လောက်ဆို အဖိုးကြီးက ရေလည် ဒေါခွီးနေလောက်ပြီ။ သတင်းတွေအားလုံး သူ့နားထဲေ၇ာက်နှင့်နေလောက်ပြီလေ။ သူ့ ခြံကို အသားစိမ်း၊ ငါးစိမ်း မသွင်းပါနဲ့ဆိုတာကို ကျွန်တော်တို့က ပါတီပေးလိုက်တာကိုး ။ နောက်ပြီးတော့ နန်းကြိုင်ရဲ့ ပန်းကန်တွေ၊ ဘာတွေကလည်း လျော်ပေးရအုံးမှာ။ အဲဒါက သေချာတယ်။ အဖိုးကြီးပေးရမှာ ။ သူက အနော်ကို ခေါ်ထားတာဆိုတော့ ဖြစ်သမျှပြသနာ သူ့ခေါင်းကြီးပဲလေ။ အဲဒါကြောင့် အနော် သူ့ဆီမှာနေရင် သူတာဝန်ကြီးတယ်လို့ ပြောတာပေါ့ ။
အနော်လည်း ဟိုတွေး၊ ဒီတွေးနဲ့ တော်တော်လေးကြာမှ အိပ်ပျော်တာရယ်။ ဘယ်လောက်တောင် အိပ်ပျော်သွားလဲမသိဘူး။ နိုးလာတော့ ညနေစောင်းနေပြီ။ ခေါင်းကိုက်တာတော့ တော်တော်လေးသက်သာသွားပြီ။ အဲဒါနဲ မျက်နှာသစ်ဖို့ အပြင်ဘက်ထွက်လာတုန်း အငယ်ဆုံးတူမလေးက ကျွန်တော်ကို လာပြောတယ်။
“ဦးဇူးကို မမ အလင်းလာရှာသွားတယ်။ အဲဒါ သမီး ဦးအိပ်နေတယ်လို့ ပြောလိုက်တယ်” တဲ့။ အဲဒါနဲ့ ကျွန်တော်လည်း သူဘာပြောတုန်း ဆိုတော့။ “ည အိမ်မလာနဲ့ တဲ့။ အဖေ ဒေါခွီးနေတယ်” လို့ ပြောသွားတယ်တဲ့။ သေယော။ ထင်ထားတဲ့ အတိုင်းပဲ အဖိုးကြီးက တော်တော်ကို ပေါက်နေလောက်ပြီ ။ ကျွန်တော်လည်း အမအိမ်မှာ မျက်နှာတွေ၊ ဘာတွေသစ်ပြီး ကိုယ်အိမ်ကိုယ်ပြန်သွားလိုက်တယ်။ ပါးပါးခြံထဲက သွားစရာမလိုတော့ဘူးလေ။ အားလုံး လုပ်ပေးပြီးပြီဆိုတော့။ ဘယ်လောက်လုပ်ပေးလုပ်ပေးပါ။ ဖြစ်ထားတဲ့ ပြသနာက ကျွန်တော်ကို နာမည်ကောင်းထွက်စေမှာမဟုတ်ဘူး။ ကိုယ်အိမ်ပြန်ရောက်တော့လည်း အိမ်က ခြံစောင့်အဖိုးကြီးက ဆူပြန်ရော။ ပါတီကိစ္စ၊ ပန်းကန်ကွဲတဲ့ ကိစ္စ၊ နန်းကြိုင်တို့ အမေနဲ့ ရန်ဖြစ်တဲ့ ကိစ္စ စုံနေတာပါပဲဗျာ။ အဲဒီသတင်းကလည်း မြို့ထဲမှာလည်းအကုန်လုံး သိပြီးနေပြီ။ ကိုယ်အိမ်ပြန်လာတဲ့ လမ်းမှာ တွေ့တဲ့ သူငယ်ချင်းတိုင်းကလည်း အဲဒါကိုပဲ ပြောနေတာ။ သိတာပေါ့။ အနော်လည်း ပြောမနေတော့ ပါဘူး။ စိတ်ညစ်လာတာနဲ့။ အိမ်ထဲဝင်ပြီး ကိုယ့်အခန်းကိုယ်ရှင်းနေလိုက်တယ်။
ကျွန်တော် အခန်းရှင်းနေတုန်း ကျွန်တော် ညီမတစ်ယောက်တတ်လာတယ်။ နာမည်က အားလျန်ပါ။ အမျိုးတော့ မတော်ဘူးရယ်။ ခြံစောင့်အဘိုးရဲ့ သမီး။ ငယ်ငယ်ကတည်းက တူတူနေလာတော့ မောင်နှမလိုဖြစ်နေတာ။ သူက ကျွန်တော်အခန်းရှင်းတာကို သေသေချာချာလာကြည့်နေတယ်။ အနော် စိတ်တိုနေတော့ဗျာ။ မျက်နှာက မကြည်ဘူးရယ်။ မာထန်နေတယ်။ သူက ၀ိုင်းလုပ်ပေးဖို့လာတယ်ထင်ပါတယ်။ အနော် မျက်နှာမာနေတော့ အော်မှာလည်း ကြောက်တယ်ထင်တယ်။ အဲဒါနဲ့ ရပ်ပြီးတော့  ကြည့်နေတော့တာပါပဲ။ တော်တော်လေးကြာမှ သူက စပြီးစကားပြောတယ်။
“ကိုဇူး… မနက်က ခမောက်နဲလူကို လိုက်ရှာတယ်ဆို တွေ့လား” တဲ့။ အဲဒါနဲ့ အနော်က
“နင်က အဲဒါကို ဘယ်က သိလာပြန်ပြီလဲ” လို့ မေးလိုက်တယ်။
“အကိုအကြောင်း မြို့ထဲမှာ ပြောနေတာပဲ သိတာပေါ့။ ညက မမအလင်းခြံထဲမှာ သောင်းကျန်းကြတယ်ဆို။ ဒါနဲ့ မေးတာဖြေပါဦး။ တွေ့လား။ အဲဒီခမောက်နဲ့လူကို” တဲ့။ သူက ခမောက်နဲ့ လူအကြောင်းချည်း ဇွတ်မေးတော့တာ။
“မတွေ့ဘူး။ ပြီးတော့ အဲဒီလူကို အကို တစ်ခါမှ မမြင်ဖူးဘူးရယ်” လို့ ပြောလိုက်တယ်။
အဲဒီမှာသူက ကျွန်တော် မသိသေးတဲ့ အကြောင်းကို ပြောတော့တာပါပဲ။
“အာ…ကိုဇူးက ယုံမလားတော့ မသိဘူး။ အဲဒါလူမဟုတ်ဝူးယော။ အဲဒီခြံသရဲခြောက်တယ်လေ။ အကိုက ရန်ကုန်မှာသွားနေနေလို့ ဘာမှ မသိတာ။ ပြီးတော့ အကိုသူငယ်ချင်းတွေကလည်း မြို့ထဲမှာချည်း အချိန်ကုန်နေတာ သူတို့ သွားမေးလို့ ဘယ်သိမတုန်း၊ အဲဒီခြံအကြောင်း သိချင်ရင် အဲဒီခြံနားနေတဲ့ လူမေးရတယ်။ အကိုကလည်း ပိန်းပ” ဆိုပဲ။
ညီမက အနော်ကို ဆရာပြန်လာလုပ်နေတော့ ကျွန်တော်လည်း သူ့ကို ပြန်ငေါက်လိုက်တယ်။
“သေလိုက်ပါလား။ နင့်ဟာက သရဲဆို ငါညကတည်းက မီးဖုတ်ပြီး စားပလိုက်တယ်။ သောက်ကျိုးနဲ့ သရဲဆိုတာ ဘယ်တော့မှာ မျက်နှာမပြဘူးဟ။ နင်က ငါ့များ ဆရာလာလုပ်နေသေးတယ်။ သေချင်လို့။ အဲဒီလူက သူအကင်ဝှိုက်နေတာကို ငါသေသေချာချာမြင်တာ။ လူပါဟ။ နင်ကလည်း။ ဘယ်နှယ့် သရဲ ဖြစ်ရမတုန်း” ဆိုပြီးလေ။
အဲဒီမှာသူက အချက်အလက်နဲ့ ရှင်းပြတော့တာပါပဲ။

“တွေ့လားအကိုက ပြောရခက်ကြီး၊ မမအလင်းတို့ အဖေက အကိုကို ဘာလို့ သက်သက်လွတ်ချည်း ကျွေးလွှတ်တယ်ထင်လဲ။
ဘာမှမဟုတ်ဘူး။ အဲဒီခြံက သားစိမ်း၊ ငါးစိမ်းကို သွင်းလို့ကို မရတာ။ သွင်းတာနဲ့ အဲဒီလို ပြသနာတွေတတ်တယ်။ အရင်တုန်းက အဲဒီခြံမှာ ခြံစောင့် ထားတယ်။ နောက်ပိုင်း မထားတော့တာ အဲဒါကြောင့် သိလား။ အသားဟင်းတွေ၊ ဘာတွေများ ချက်မိလို့ကတော့ ညနေစောင်း နေရောင်ကွယ်တာနဲ့ ၀င်နှိုက်တာတဲ့။ အဲဒါကြောင့် ခြံစောင့်မထားတော့ပဲ
ဒီအတိုင်း ပစ်ထားတာ။ ပြီးတော့ အဲဒီ အကြောင်းကို မမအလင်းတို့တောင် သိတာမဟုတ်ဘူး။ သူ့ အဖေက ဘယ်သူမှ မပြောဘူး။ ညီမတောင် အဲဒီခြံစောင့်ကြီးက သူ အဲဒီခြံက အလုပ်ပြုတ်လာတော့ ဒီမှာ လာလုပ်လို့ သိတာ။ အကိုက ဘာမှ မသိပဲနဲ့ ။ ပြီးတော့ ဒီကစေတနာနဲ့လည်း ပြောပြရသေးတယ်။ဟွန့် တွေ့ရင် ဟောက်မယ်၊ ငန်းမယ်ဆိုတာချည်းပဲ။” 
သူကသူပြောချင်တာတွေကို ပြောလို့ပြီးတာနဲ့ အိမ်အောက်ကို ပြေးဆင်းသွားတာ။ အနော်လည်း သူပြောစကားတွေကြားတော့ နည်းနည်းလေးတော့ အံ့သြသွားတယ်။ ရှင်းရှင်း ပြောရရင် အဲဒီခြံအကြောင်း ကျွန်တော် ဘာမှ မသိပါဘူး။ ဒီလိုပဲ လုပ်ဆိုလို့ လုပ်ပေးလိုက်တာ။ သိတာဆိုလို့ ခြံရဲ့ ဟိုဘက်မှာ သင်္ချိုင်းကုန်းရှိတယ်ဆိုတာပဲ သိတာ။ ညီမလေး ပြောသွားတာက မှန်၊ မမှန်တော့ မသိဘူး။ အဲဒီအတိုင်းဆိုရင်တော့ ညက ဖြစ်ပျက်သွားတဲ့ ပုံစံက တော်တော်ကြောက်လန့်ဖို့ကောင်းတယ်။ ကျွန်တော်လည်း တွေးရင်းနဲ့ ကြက်သီးဖြန်းဖြန်းထလာတယ်။ ဟုတ်တယ်လေဗျာ။ တော်သေးတာပေါ့၊ အသားကင်တွေပဲ ကြိတ်သွားလို့။ လူတွေပါ ဆွဲတီးသွားရင် သေမှာ ။
ဒါပေ့မယ့် ကျွန်တော် မယုံသေးပါဘူး။ အဲဒီအကြောင်းကို ခြံပိုင်ရှင်ဖြစ်တဲ့ အနော် မွေးစားအဖေက
“အဲဒီဟာ သရဲဟုတ်ပါတယ်”လို့ သူ့ပါးစပ်က မပြောမခြင်း ကျွန်တော် မယုံပါ။ စိတ်ထဲမှာလည်း ဒွိဟလေးတွေဖြစ်နေတယ်။
ပါးပါးက သူခြံထဲ သရဲရှိတယ်ဆိုလည်း ကျွန်တော်ကို အစကတည်းက ပြောရမှာ။ အခုမှရှိလာတယ်ဆိုတော့။ ကျွန်တော်တို့ အိပ်ခဲ့တဲ့ တောက်လျှောက် ဘာပြသနာမှ မရှိပါဗျာ။ ပါတီပွဲပေးပြီးမှပဲ ပြသနာက တတ်တာ။ ပေးတယ်ဆိုတာကလည်း အလုပ်သမားတွေ ပျော်အောင်၊ ရွှင်အောင်လို့ပါ။ အခုဟာက အပျော်အရွှင်ပြီးတာနဲ့ ပြသနာက ကပ်ပါလာတာ။ လူတိုင်းဖြစ်လားဆိုတော့ မဖြစ်ဘူးရယ်။ အနော်တစ်ယောက်တည်း ဖြစ်တာ။ တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။ အဲဒီလိုတွေးနေတုန်းမှာ…ခြံဝကနေ အော်ခေါ်သံတစ်ခုကို ကြားရတယ်။

“ငဇူး ရောက်ပြီလားဝေ့” ဆိုပြီး အထဲကို လှမ်းမေးနေတာ။ အားလျန်တို့အဘိုးက ခြံတံခါး သွားဖွင့်ပေးလိုက်တယ်။
ဘယ်သူထင်လို့တုန်း။ အနော့် မွေးစားအဖေလေ အဲဒါ။ ကျွန်တော်လည်း သူ့ခြံထဲဝင်လာတယ်ဆိုတာ သိတော့ ဘယ်ပြေးပုန်းရမလဲ မသိဘူးရယ်။ အဲဒါနဲ့ နောက်ဆုံး အိမ်နောက်ဖေးပေါက်က ဆင်းပြီး….ခြံထဲ ဆင်းပုန်းနေရတာ။ သူကလည်း တစ်အိမ်လုံး အပြင်၊ တစ်ခြံလုံးကိုပါ ဒေါင်းတောက်အောင် ရှာတာ ။ တင်းတာတော့ တော်တော်ကို တင်းနေတာ။ နောက်ဆုံး သူရှာမတွေ့တော့ သူ့ အိမ်သူပြန်သွားတယ် ။ အမှန်က ကျွန်တော်က အိမ်သာထဲဝင်ပုန်းနေတာပါ။ နယ်က အိမ်တွေရဲ့ အိမ်သာက အိမ်ရဲနောက်ဖေးကို တော်တော်လေးလျှောက်မှ ရောက်တာကိုး။ အဲဒါကို အဖိုးကြီးက ခြံထဲကို ပတ်ရှာနေတယ်လေ။ ဘယ်တွေ့မတုန်း ခြံထဲသွားပုန်းနေတာမှ မဟုတ်တာ။ သူပြန်သွားတော့ မိုးတောင်တော်တော် ချုပ်နေပြီ။ ကျွန်တော်လည်း အိမ်ထဲ ပြန်ဝင် ထမင်းတွေ၊ ဘာတွေ တုတ်ပြီး။ ဆိုင်ကယ်ဆွဲပြီး အပြင်ထွက်ဖို့ ပြင်တယ်။ လက်ဖက်၇ည်ဆိုင်သွားမို့ပါ။
အဲဒီမှာ ပြသနာစတာဗျာ။ ခြံထဲက ခြံပြင်ကို ဆိုင်ကယ်တွန်းပြီး အထွက်။ ဘေးကနေ လူတစ်ယောက်က ကျွန်တော် ဂုတ်ကို လာကိုင်တယ်။ ပါးစပ်ကလည်း “မိပြီ၊ ခွေးမသား” ဆိုပြီး၊ လက်ထဲမှာပါလာတဲ့ နှစ်တလက်မနဲ့ တီးတာများ မြင်တောင်မကောင်းဘူး။ ကျွန်တော်ခေါင်းလည်း တော်တော်ဖုသွားတယ်။ အမှန်တော့ ဂုတ်ကိုလာကိုင်ကတည်းက ရုန်းပြီး ပြန်ထိုးမလို့၊ ကိုယ်ကိုလုပ်နေတဲ့ သူမျက်နှာကို မြင်လိုက်တော့ လန့် သွားတယ်။ မွေးစားအဖေလေဗျာ။ ဘယ်ကတည်းက ခြံစည်းရိုးဘေးမှာကပ်နေလဲ မသိဘူး။ ကျွန်တော်ကလည်း သူ့ကို မမြင်လိုက်ဘူး။ ပြန်သွားပြီပဲ ထင်တာကိုး။ အဖိုးကြီးက ဇွဲကောင်းတယ်နော်။ ထိုင်ကို စောင့်နေတာ။ အဲဒါနဲ့ အဖိုးကြီးက အနော်ကို အိမ်ထဲ ပြန်သွင်းပြီး သမ တယ်ဆိုပါတော့ဗျာ။

ဆူတာ၊ ဆဲတာကလည်း စုံစိနေတာပါပဲ။ ပြီးတော့ ခြံထဲမှာ မနေ့ညတုန်းက အရက်သောက်တဲ့ ကိစ္စတွေရော၊ မနက်က သူများသားသမီးကို သွားစော်ကားတဲ့ ပြသနာတွေရော ပေါင်းပြီး ကျုံးတာ။ ဘယ်လောက်တောင် ကျွန်တော်ကို အဖိုးကြီးက အော်နေလဲဆိုတော့၊ လမ်းသွား၊ လမ်းလာနဲ့ ဘေးအိမ်တွေကပါ ထွက်ကြည့်ကြတယ်။ အနော်ကလည်း သူရိုက်တော့လည်း ခံပေါ့ဗျာ။ ဘာပြန်လုပ်လို့ရမတုန်း။ အဖေဟာကို L ။ ခဏနေတော့ အလင်းနဲ့ မားမား ရောက်ချလာပြီးတော့ သူကို ဆွဲတယ်။ ကျွန်တော်ကိုလည်း ၀င်ကာတယ်။ အဖိုးကြီးက ဆွဲတဲ့လူရော၊ ၀င်ကာတဲ့ သူ့သမီးပါတီးတာ ဟေးဟေး ။ လူတွေက သိတယ်မလား။ မျောက်ပွဲကျနေတာပဲ။ ဟိုဘက်၊ ခုန်လိုက်။ ဒီဘက်ခုန်လိုက်နဲ့ ။ ကျွန်တော်ကလည်း သူရိုက်ရင် သူ့ သမီးချည်း ဆွဲဆွဲပြီးကာတာ ။ အနော်ကို ထိတော့ဘူး။ အလင်းချည်းလိမ့်ခံရတာ ။ တော်တော်ကြာတော့မှ ဘိုးတော်က အရိုက်ရပ်ပြီး ကျွန်တော်ကို ဆုံးမတဲ့ စကားပြောတော်မူတယ်။
“အသက်ကလည်း မငယ်တော့ဘူး။ အဲဒါကို မင်းက ဒီလိုတွေချည်းလုပ်နေတော့မှာလား၊ ဒီလိုပဲ နေသွားတော့မှာလား” ဘာညာပေါ့ဗျာ။ သိတယ်မလား။ လူကြီးစကားတွေပဲပေါ့။ ကျွန်တော်ကလည်း သူဆူနေတုန်းတော့ ဘာမှ မပြောဘူးရယ်။
သူဆူလို့ ပြီးမှ ဒါကို ထမေးလိုက်တာ။
“ပါးပါးခြံထဲမှာ သရဲရှိတယ်ဆို၊ အဲဒါကို ဘာလို့မပြောတာလဲ။ အမှန်အတိုင်းပြောပါ” လို့ လေ။ အဲဒီလိုမေးတော့ အဖိုးကြီးက အံ့သြသွားတယ်ထင်တယ်၊ မျက်စိတွေဘာတွေ ပြူးပြီး…
“ဟမ်… မင့်ကို ဘယ်သူပြောသတုန်း၊ အဲဒီစကား” လို့ ပြန်မေးတယ်။ ကျွန်တော်က
“ဘယ်သူပြောပြောပါ။ ဘာလို့အစကတည်းက မပြောတာလဲ။ ပြောလို့ ကျွန်တော် သိထားရင် ဒီလိုကိစ္စဖြစ်လာမလား။ ပါးပါးမပြောလို့ ဒီလိုကိစ္စတွေ ဖြစ်လာတာ။ မသိတော့လုပ်တာပေါ့။ သိရင် ဆင်ခြင်လို့ ရတဲ့ဟာကို” ဆိုပြီး ပြန်ကွန့်လိုက်တယ်။
အဲဒီမှာ အဖိုးကြီးက ဒေါသထပ်ထွက်လာတယ်ထင်ပါတယ်။ ကျွန်တော်က သူကိုပြန်လှန်တိုက်စစ်စင်သလိုဖြစ်သွားတာကိုး  စကားပြောပုံကလေ။ သူမပြောလို့ ဖြစ်ရသလိုလို၊ ဘာလိုလိုနဲ့။ အမှန်တော့ ကိုယ်လုပ်လို့ ဖြစ်တာပါ ဟီး ဟိ။
“ခွေးမသား၊ ငါ့ပြန်ခံပြောနေတယ်။ သေချင်လို့။ အေး မင်းယုံလား အဲဒီခြံထဲမှာ သရဲရှိတယ်ဆိုတာ” ဆိုပြီး ကျွန်တော်မျက်စိကို တည့်တည့် ကြည့်ပြီး မေးလာတယ်။ ကျွန်တော်ကလည်း သူမျက်စိကို သေသေချာချာပြန်ကြည့်ပြီး
“သူများပြောတာတွေကို မယုံလို့ ပါးပါးကို၊ ကိုယ်တိုင်မေးတာပေါ့ ။ အမှန်ကို ပါးပါးကိုယ်တိုင်ပြောတာကို လိုချင်လို့။ ဟုတ်လား၊ အဲဒီခြံထဲမှာ သရဲ ရှိတယ်ဆိုတာ” လို့ ပြန်မေးလိုက်တယ်။ အဲဒီမှာ အဖိုးကြီးက ကျွန်တော်ကို အခုပဲ ထသတ်တော့မလိုလို၊ ဘာလိုလိုနဲ့ အသေရှိုးတာ။ ကျွန်တော်ကလည်း သူ့ မျက်စိကို ပြန်ကြည့်နေတာကို လုံးဝမလွှဲဘူး။
ဘေးနားမှာ ၀ိုင်းဆွဲနေကြတဲ့လူတွေ၊ အလင်း၊ မားမား၊ ညီမလေး၊ အဘိုးနဲ့ ကျန်တဲ့ ခြံထဲက အလုပ်သမားတွေကလည်း ငြိမ်သက်နေတာပဲ။ သူတို့အားလုံးကလည်း အဲဒီအဖြေကို သိချင်နေကြတယ်။ အခန်းထဲမှာလည်း အပ်ကျသံကြား၇အောင်ကို တိတ်ဆိတ်သွားတာ။ တော်တော်လေးကြာတော့မှာ ပါးပါးက သက်ပြင်းရှည်ကြီးတစ်ချက်ကို ဆွဲထုတ်ပြီး တစ်ခွန်းတည်း ဒီလိုဖြေတယ်။
“အေး ရှိတယ်” တဲ့။

“ဟိုက်” “ဟမ်” “အိ” “တကယ်” ။ အဲဒီအသံတွေ အကုန်လုံးက ဘေးက ၀ိုင်းနားထောင်နေတဲ့ သူတွေဆီက ထွက်လာတာပါ။ ကျွန်တော်လည်း ကြောင်သွားတယ်။ အလင်းတို့အဖေကိုယ်တိုင်က ရှိတယ်လို့ ပြောတာကိုး။ ပြီးတော့ သရဲတွေဘာတွေရှိရင်လည်း ပါးပါးက ကျွန်တော်ထက် ကြမ်းတယ်။ သရဲက သူခြံထဲမှာ အကြာကြီးနေနိုင်မယ်မထင်ဘူး။ သူကြမ်းလို့ကို ပြေးမှာ။ သူက အဲဒီလို လူစားဗျာ။ အဲဒါကို ဘာဖြစ်လို့။ အဲဒီခြံထဲက သရဲကို မောင်းမထုတ်လဲဆိုတာ အနော်မသိဘူး။ စိတ်ထဲမှာတော့ တော်တော်လေးကို တွေးပလိုက်တာ။ တွေးတိုင်းလည်းဝေးဝေးသွားတယ်။ သရဲရှိတဲ့ ခြံဗျာ။ အရင်ဆုံး ခြံကို သန့်အောင်လုပ်ပေါ့။ ဟုတ်တယ်မလား။ ပြီးမှ ခြံတွေ၊ ဘာတွေ ရှင်း။ ကိုယ်စိုက်ချင်တာ စိုက်ပေါ့ဗျာ။ အခုဟာက  မဟုတ်သေးပါဘူး။ ပါးပါးက မဟုတ်သေးပါဘူးဗျာ။
“ရှင် အဲဒါ အစကတည်းက သားကို မပြောပဲနဲ့ ဘာလို့ မြုံနေတာတုန်း” ။ ဒီစကားကို မေးလိုက်သူကတော့ မားမားပါပဲ။ မားမားကို ကြည့်လိုက်တော့လည်း သူမျက်နှာကြီးက နီရဲပြီး ပေါက်ကွဲနေတဲ့ အထာပြနေတယ်။ ကျွန်တော်ကို အစကတည်းက မပြောပဲနဲ့ ခြံသွားရှင်းခိုင်းလို့။ ပြီးတော့ ဒီကိစ္စကို ဘယ်သူကိုမှ အသိမပေးလို့လေ။ အနော်လည်း အဲဒါကို စဉ်းစားနေတာ။ သရဲရှိတာကို ဘာလို့ အသိမပေးရတာတုန်း ဆိုပြီး။ ပါးပါးကတော့ တစ်ခွန်းမှ မဟဘူးနော်။ သူဘာသာသူ အိမ်ပေါက်က၀နေ လှမ်းမြင်နေရတဲ့ လမ်းမကြီးကို ငေးပြီး ငြိမ်နေတယ်။ တစ်ခွန်းမှကို မပြောတာ။ အလင်းကလည်း သူ့အဖေဒီလိုလုပ်တယ်ဆိုတော့ အံ့ သြတကြီးနဲ့။ ဟုတ်တယ်လေဗျာ။ ပါးပါးနဲ့ ကျွန်တော်နဲ့က အရင်ကတည်းက ခံယူချက်ခြင်းတုတာရယ်။ နတ်မယုံတာတူတယ်။ သရဲမယုံတာတူတယ်။ ပြီးတော့ ကျွန်တော်ကို တော်တော်ချစ်တာ။ ဘာမဆို အနော်နဲ့ အရင်တိုင်ပင်တာ၊ ပြီးမှ လုပ်တာ ဒီလိုမျိုး။ အဲဒီလိုလူကြီးက အခုလို ကိစ္စကို မြုံထားတယ်ဆိုတော့ဗျာ။
အံ့သြမယ်ဆိုရင်လည်း အံ့သြစရာပါ။ အလုပ်သမားတွေကလည်း ပါးပါး ဘာပြောမလဲဆိုတာပဲ။ နားစွင့်နေကြတာ။ အားလုံးကတည်း သူ့ စကားပဲ နားစွင့်နေကြတာ။ ဒါပေ့မယ် ပါးပါးက တစ်ခွန်းမှကို မပြောတာ။ သူ့ကို လူတွေက စိတ်ဝင်တစားနဲ့ ၀ိုင်းကြည့်လေလေ။ သူက ငြိမ်သက်လေလေပဲ။

အဲဒီမှာ မားမားက စိတ်မရှည်တော့ဘူးထင်ပါတယ်ဗျာ။ ကျွန်တော်ကို ပါးပါး ခုန ရိုက်ထားတဲ့ နှစ်တလက်မ တုတ်ကို ယူပြီါ် အသေထုတာ။ ပါးစပ်ကလည်း။
“ရှင် ဘာ! အူကြောင်ကြောင်လုပ်နေတာတုန်း။ ဘာဖြစ်လို့ ဒီကိစ္စကို မပြောသလဲလို့ မေးနေတယ်မလား။ ပြောလေ။ ပြောလေ၊ ဘာလုပ်နေတာတုန်း” ဆိုပြီး ထုသံကလည်း “ဒုန်း” ခနဲ၊ “ဒုန်း” ခနဲ မြည်နေတာ။ ဟီး ။
အသွင်တူ၊ အိမ်သူ ဖြစ်တာပဲ။ ဟုတ်တယ်မလား။ ယောင်္ကျားကစိတ်ဆတ်ပြီး လူဂွာစာမို့၊ သူ့မိန်းမက အေးမယ်မထင်နဲ့။ အေးတာတော့ အေးပါတယ်။ မားမားက တော်ရုံတန်ရုံနဲ့တော့ ဒေါသမထွက်တတ်ဘူး။ ထွက်ပြီဟေ့ဆို သူက ထိမ်းလို့ကိုမရတာ ။ ပါးပါးလည်း သူ့မိန်းမ ဒေါသထွက်ရင် မနိုင်ဘူးရယ်။ သူ့နိုင်တာဆိုလို့ အနော်ပဲ ရှိတာ။ မားမားရယ်၊ ဘာညာဆိုပြီး ခေါင်းလေးတိုးခွေ့ပြီး ချော့လိုက်ရင် ပြီးတယ်။ အနော်ဆိုရင်ပေါ့နော်။ ကျန်တဲ့သူဆို ခေါင်းကွဲသွားမယ် ဟီး ။

သုံးလေးချက်လောက် ဆက်တိုက်ထုလိုက်မှ၊ ပါးပါး ဆီက ဒီအသံထွက်လာတယ်။
အဲဒါ ငါ့အကို၊ မကျွတ်သေးတာ” တဲ့လေ။ ဘယ်နှယ့်၊ ရိုက်နေတဲ့ တုတ်လည်း လေထဲမှာ တန်းလန်းကြီး ရပ်သွားတယ်။ ၀ိုင်းနားထောင်တဲ့ သူတွေလည်း နောက်ပြန်တွေ၊ ဘာတွေ လဲချင်သွားတယ် ။ အနော်တောင် မကြားလိုက်လို့ အလင်းကို ကပ်မေးရတယ်။
“ဟဲ့…ပါးပါး ဘာပြောလိုက်တာတုန်း” ဆိုတော့။ အလင်းကလည်း မျက်လုံးလေးဝိုင်းပြီး အူကြောင်ကြောင်နဲ့ ကျွန်တော်ကို
ပြန်မေးတယ်။ “ပါးပါး ဘာပြောလိုက်တာတုန်း” တဲ့။ ကျွန်တော်ကလည်း သိချင်နေပါတယ်ဆိုမှ သူက ပြန်မေးနေတော့။ ပါးပါးကိုပဲ ဒဲ့ မေးလိုက်ရတယ်။ “ဘာပြောလိုက်တာတုန်းဟင်” လို့လေ။ အဘိုးကြီးက နှစ်ခါထပ်ပြောရလို့ ပေါက်သွားတဲ့လေသံနဲ့…
“အေး၊ အဲဒါ ငါ့အကို ရှင်းပြီလား။ အဲဒီခြံ သူခြံ။ သူသေတော့ ခြံကို ငါ့ကို ပေးခဲ့တယ်။ ခြံကို စွဲလန်းပြီး မကျွတ်တာ။ ငါလည်း ဘုန်းကြီးတွေ၊ ဘာတွေ ပင့်ပြီး မျိုးစုံ လုပ်ပြီးပြီး။ အဲဒါလည်း မကျွတ်သေးဘူး၊ သိပီလား။ ငါလည်း မနိုင်တော့တာနဲ့ ဒီအတိုင်းထားထားတာ။ နင့်ကို မပြောဘူးဆိုတာက နင်က မျောက်လောင်း၊ သောက်ရမ်းကမြင်းတယ်။ ဟေး၊ ခြံထဲမှာ သရဲရှိတယ်ဆိုပြီး ညောင်ပင်တွေ၊ ဘာတွေ မီးမြိုက်လိုက်မှာဆိုးလို့ မပြောတာ။ မီးမြိုက်ပြီး ရှို့လိုက်တာ ပြသနာမရှိဘူး။ ဟိုက နေစရာမရှိရင် ခြံထဲ ပတ်သောင်းကျန်းနေမှ ငါ့ခြံရောင်းမထွက်တော့ ၊ ဘယ်မသာက လာဝယ်မတုန်း။ ဟင်း..ဟင်း” ဆိုပြီး ပြောလို့ ပြီးတာနဲ့ အံကြီး ကြိတ်ပြီး သူ့ အိမ်သူ ပြန်သွားပါလေယောလား။

အိမ်ထဲမှာ ကျန်ခဲ့တဲ့ သူတွေက အခုမှာ အိပ်ယာက နိုးလာသလိုလို၊ အတိတ်မေ့ရာက ထလာသလိုလိုနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးပဲ ပြုံးရမလိုလို၊ ၀ါးလုံးကွဲပဲ ရီချလိုက်ရမလိုလို၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုပဲ နောက်ပြန်လဲပြီး သေလိုက်ချင်သလိုလိုတွေဘာတွေ ဖြစ်ကုန်တယ်။ ဟုတ်တယ်လေဗျာ။ သူ့လို လူမှန်၊ သူမှန်။ ဗုဒွဘာသာဝင်စစ်စစ်တစ်ယောက်က ဒီလိုမျိုးကိစ္စကြီးကို ဒီအတိုင်းကြီး လက်ပိုက်ကြည့်နေမယ်လို့ ဘယ်သူထင်မတုန်း။ အနော်တောင် တော်တော် လေသွားတယ်။ ဘယ်နှယ့် ကိုယ့်အကိုပဲ ဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ သေပြီးနေတဲ့ ကိစ္စကြီးကို ကျွတ်အောင်တော့ လုပ်ပေးသင့်တာပေါ့။ ဘယ်နှယ့်…၀ိဥာဉ်က သူ့ခြံစွဲလန်းပြီး နေနေတာ၊ ဘယ်လောက်နှစ်တွေတောင်ကြာနေပြီလဲ မသိဘူး။ ပန်ကန်တောင် ထိတွေ့၊ ကိုင်တွယ်လို့ ၇နေပြီ။ အဲဒါ ပြသနာနော်။
တကယ်ပြသနာ။ ကြာကြာထားရင် မလွယ်ဘူး။ ကျန်တဲ့သူတွေ ဒုက္ခများကုန်မယ်။ ပြီးတော့ သူက ဥယျာဉ်ခြံစိုက်မှာ။ စိုက်ရင် ခြံစောင့်တွေဘာတွေ ထားရတော့မှာ။ လူပဲဗျာ။ အသားစားချင်စားမှာပေါ့။ သက်သက်လွတ်လည်း စားချင်စားမှာပေါ့။ အသားမစားနဲ့ သွားတား ဘယ်ရလိမ့်မတုန်း။ စားလို့ ဘာမှ မဖြစ်ရင် ပြသနာမဟုတ်ဘူး။ ဟိုသရဲက မနေနိုင်လို့ ၀င်နှိုက်ရင် အောင်မြတ်လေး…မတွေးရဲဝူး။ ဘယ်နှယ့်ဗျာ ပြသနာကို ခါးပိုက်ထဲထည့်ထားတယ်။ ကျွန်တော်လည်း တွေးရင်း၊ တွေးရင်းနဲ့ သေချင်စိတ်တွေဘာတွေ ပေါက်သွားတယ်။ မားမားကလည်း သူ့ယောင်္ကျား ဒီလိုမျိုးချည်းဆိုတော့ ကြက်သေသေပြီး ပက်လက် ကုလားထိုင်မှာ ထိုင်လို့။ အလင်းကလည်း သူ့အဖေက ဒီလိုမျိုးဆိုတော့ အနော်ဘေးမှာ ပို့လို့ပက်လက်ကို လှန်လို့ ။ အားလုံးကတော့ နောက်ဆုံးမှာ သက်ပြင်းရှည်ကြီးတွေ ထုတ်ပြီး ပြန်သွားကြတယ်။ အလင်းကတော့ အိမ်မပြန်တော့ဘူးတဲ့ ဒီည။ အနော်နဲ့ အိပ်တော့မယ်တဲ့။ မားမားကလည်း မပြန်ချင်တော့ဘူးဆိုပြီး။ အဲဒါ သားအမိတွေ အိမ်မှာ အိပ်ကြလေရဲ့။

(ဆက်ရန်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |