(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Plate On The Tree - Part 4


ညောင်ပင်ပေါ်က လင်ဗန်း (ဇာတ်သိမ်း)

 ဟီး။ အနော်ကလည်း ရွဲ့ ချင်လို့လုပ်တာပါ။ ခုနက ကျွန်တော်တို့ အထဲမှာ ကြောက်နေတာကို သူတို့က အပြင်မှာ အေးအေးဆေးဆေးနေနေလို့ ။ အဲဒီမှာ ရှမ်းကြီးက ကျွန်တော်ကို မနိုင်တော့မှန်းသိတော့။ “ဝေး၊ ဘာကြောက်စီရာရှီလဲ။ ငါတို့က လူအများကြီးဟာ။ ဘာမှမဖြစ်ဘူး။ ငဇူး ဆိုင်ကယ် သွားယူမယ်” တဲ့ ဟီး ။ အဲဒါနဲ့ အကုန်လုံး ပြန်ဝင်ကြတယ်ပေါ့ဗျာ။ အမူးသမားအဖွဲ့နဲ့ သူ့မိန်းမတော့ မပါဘူး။ သူတို့ သေဆို သေပလိုက်မယ်။ ဒီခြံထဲတော့ တစ်သက်လုံး မ၀င်တော့ဘူးဆိုပဲ ။ အဲဒါနဲ့ သူတို့ကို ထားခဲ့ပြီး ယောင်္ကျားလေးတွေချည်း စုဝင်ကြတာ။ အဖွဲ့ကလည်း တောင့်ပါတယ်။ အယောက်နှစ်ဆယ်လောက်ရှိတယ်။ ပျော်စရာကြီးဗျ။ အနော်က ဘုရားရုပ်ထုရင်မှာ ပိုက်ပြီး ဟီးဟီးဟားဟား နဲ့ ထိပ်ဆုံးက ။ အနောက်လူတွေကလည်း ကြောက်သာကြောက်သာ။ အနော်ဟာသတွေပြောတော့ လိုက်ရီကြတယ်။ ဒီလိုနဲ့ ညောင်ပင်ရှေ့ ရောက်တော့ ကျွန်တော်က…. “ဒီညောင်ပင်ရှေ့ မှာကွာ ခုန သိလား” ဆိုတော့…. ဒီကောင်တွေက လန့်သွားပြီး “ဟေ၊ ဘာဖြစ်တာတုန်း” တဲ့။ အနော်က “ငါတို့ လမ်းလျှောက်လာတာပေါ့ကွ။ ဒီညောင်ပင်ရှေ့မှာ ခုနလေ” ဆိုပြီး ပြန်နောက်၊ ဒီကောင်တွေက အနော်ကို ပြန်ဆဲ ။ ဒီလိုနဲ့ ဆိုင်ကယ်ရှိတဲ့ ခြံစောင့်တဲနားထိ ဘာမှ မဖြစ်ဘူး။ ဘာမှလည်း မတွေ့ဘူး။ အနော်တောင် နည်းနည်းကြောင်သွားတယ်။ ဒီသရဲ ဘယ်ပျောက်နေလဲ မသိဘူးဆိုပြီးလေ။ အဲဒီအချိန်မှာ ညက (၁၂) ကျော်နေပြီ။ အဲဒါ ဆိုင်ကယ်ကို တစ်ယောက်တစ်လှည့်စီ တွန်းပြီး ပြန်လာကြတယ်ပေါ့ဗျာ။ အနော်ကိုတော့ သူတို့က ထိပ်ဆုံးမှာထားတယ်။ ဘုရားပါလို့လေ ဟီး ။ အပြန်ကျတော့လည်း ညောင်ပင်အောက်ရောက်တဲ့ အထိ ဘာမှ မဖြစ်ဘူးဗျ။ ရာသီဥတုက အ၇မ်းသာယာတာပဲ။ အေးဆေးနော်။ လုံးဝကို အခြောက်မခံရတာ။ အနော် နည်းနည်းပေါက်သွားတယ်။ “ဒီသရဲကွာ၊ လူနည်းပြီး၊ အားနွဲ့တဲ့ မိန်းမသားနဲ့ ခလေးပါတုန်းက ကြတော့ အသေခြောက်ပြီးတော့။ အခု အခြောက်ခံခိုင်းစေချင်လို့ လူတွေခေါ်လာမှ မခြောက်တော့ဘူး”ဆိုပြီးလေ။ ဟုတ်တယ်ဗျ။ အနော်က ဒီကောင်တွေကို နည်းနည်းတော့ ခြောက်စေချင်တာ။ အနော်ကျတော့ ခြောက်ပြီး ဒီကောင်တွေ ကျတော့ မခြောက်ဘူးဆိုတော့ သရဲက နည်းနည်း ဘက်လိုက်လွန်းတယ်ဗျာ။ အဲဒါ သရဲကို အမြင်ကပ်လာတာနဲ့…ညောင်ပင်အောက်မှာတင် “ဝေး…ခုနနေအုံး။ ငါက ဒီဘုရားဆင်းတုတော်ကြီး ဘာလုပ်ရမှာတုန်း” ဆိုတော့ ရှမ်းကြီးက အနောက်နေ “ဟ…နင့်မားမား အိမ်သယ်သွားပေါ့ဟ၊ နင်တို့ဟာပဲ ဟာကို” တဲ့။ အနော်က “အာ…လေးတယ်ဟ။ သယ်ချင်ဝူး၊ ခဏလေး၊ ငါအကြံရှိတယ်” ဆိုပြီး ဘာလုပ်တယ်ထင်တုန်း။ ညောင်ပင်ပေါ်တတ်တာ အောက်လူတွေကို ဓါတ်မီးနဲ့ ထိုးခိုင်းပြီးလေ။ လရောင်လေးကလည်း ရှိနေတော့ တတ်ရတာ အဆင်ပြေတယ်။ အဲဒီမှာ ဒီကောင်တွေက အနော်ကို အော်ပါလေရော။ အောက်ကနေပြီးတော့လေ။ “ဟ။ ဟေ့ကောင်၊ ငဇူး၊ ဒါ ဘာလုပ်တာတုန်းဟ။ နင်က” ဆိုတော့ ကျွန်တော်က ဒီလိုဖြေလိုက်တယ်။ “ဘုရားဆင်းတုကို ဒီမှာ တတ်ထားခဲ့မလို့ဟ၊ တဲထဲထိ ငါမသွားရဲတော့ဘူး။ နင်တို့ သွားထားမလား” ဆိုတော့ ဒီကောင်တွေလည်း တွေဝေသွားတယ်။ တဲထဲကို ပြန်လျှောက်ရမှာက ဝေးကြီးလေ။ ဟီး ဘယ်သွားရဲ မတုန်း။ အဲဒါနဲ့ အားလုံးက “အေး၊ ဒီမှာပဲ ထားလိုက်၊ ထားလိုက် ဟီး” ဆိုပြီး သဘောတွေ ကျနေတာပေါ့ဗျာ။ ဟုတ်တယ်လေ။ ဘယ်သူမှလည်း သွားမထားရဘူး။ ညောင်ပင်ပေါ်လည်း အနော်ပဲ တတ်ပြီးထားနေတာဆိုတော့။ သူတို့ သက်သာတယ်လေ။ အဲဒီမှာ ကျွန်တော်လည်း ညောင်ပင် ခွ ကြားပေါ်ရောက်တော့ ဘုရားဆင်းတုတော်ကို တင်ပြီး… “ဒီတစ်ညတော့ ဒီမှာ ကိန်းဝပ်စံပယ်တော်မူပါ ဘုရား” ဆိုပြီး လက်အုပ်ချီပြီး၊ ပြန်ဆင်းခဲ့တယ်။ ဟုတ်တယ်လေ။ ဒီလိုပဲ ပြောတတ်တော့ ဒီလိုပဲ ပြောတာပေါ့နော့ ။ အဲဒီမှာ ပြသာနာ စတော့တာပဲ ဗျို့။ အနော်က အောက်ရောက်တော့ “ဘုရား ငါဆီမှာ မရှိတော့ဘူး။ ပေး ငါ့ဆိုင်ကယ်” ဆိုပြီး အနော် ဆိုင်ကယ်ကို ပြန်ယူလိုက်တယ်။ အားလုံးကလည်း အေးဆေးဖြစ်သွားပြီဆိုတော့ သူငယ်ချင်းတွေက စိတ်ချ၊ လက်ချပဲလေ အနော်ကို ဆိုင်ကယ်ပေးတယ်။ သူတို့ကလည်း ကြောက်စရာမရှိတော့ဘူးလေ။ ညောင်ပင်အောက်ရောက်နေတာတောင် ဘာမှ မဖြစ်တာ။ ညောင်ပင်ကျော်ရင် ပိုပြီးတောင် အငြိမ်းဆိုပြီး စိတ်ချလက်ချနဲ့ အဟေးဟေး ။ အနော်က မြင်တယ်။ ဖြစ်မဲ့ ပြသနာကို။ အဲဒါနဲ့ ဆိုင်ကယ်ကို ခွပြီး စက်နှိုးလိုက်တယ်။ မသိရင်တော့ သူတို့ လမ်းလျှောက်လို့ ရအောင် မီးထိုးပေးသလိုလို၊ ဘာလိုလိုပေါ့ဗျာ။ အဲဒီအချိန်မှာ ညောင်ပင်ပေါ်က အသံတစ်ခုကြားရတယ်။ တော်တော်ကို ကြောက်ဖို့ ကောင်းပါတယ်ဗျာ။ ရင်လှုပ်သံကြီးနဲ့ “အား………..” ဆိုပြီးလေ။ အဲဒီ အသံနဲ့ အတု။ မည်းမည်းလုံးလုံးကြီး တစ်ခုပါ ပြုတ်ကျလာပါယောလား။ ဘယ်ပြောကောင်းမလဲ။ အနော်က စက်ဖွင့်ပြီး “၀ှီ” ခေါ်နေအောင် ဒိုးတာ။ ဟိုကောင်တွေကလည်း အဲဒီအလုံးကြီးကို သေသေချာချာကြည့်ပြီး… “အောင်ြ့မတ်လေး…သရဲ” ဆိုပြီးပြေးတာ။ အနော်က လမ်းမှာ မရပ်တော့ဘူး။ တစ်ခါတည်း မြို့ထဲ အရောက်ပြန်တာ။ မားမားတို့ အိမ်ကိုလေ။ ဟိုခြံစောင့်လင်မယားကလည်း သူတို့ ငှားလာတဲ့ လိုင်းကားနဲ့ ပြန်ပြီ။ ဒီကောင်တွေအားလုံးကလည်း ခြံပြင်မှာ ဆိုင်ကယ်တွေ ရပ်ထားတာဆိုတော့၊ အနော် စိတ်ချ၊ လက်ချကို ပြန်ခဲ့တာ။ မပူပါဘူး။ ဟီး ။ အဲဒါ မားမားဆီရောက်တော့ အမေက ကျွန်တော်ကို မျှော်နေတာဗျ။ အနော် နောက်တစ်ခေါက် သူငယ်ချင်းတွေနဲ့ ပြန်ဝင်သွားတယ်ဆိုလို့လေ။ ဟို ခြံစောင့်လင်မယားက အမေ့အိမ်ရောက်နေပြီယော။ သူတို့ အဖြစ်အပျက်တွေ အကုန်လုံး ပြောပြထားပြီးပြီ။ အလင်းဆို “ဟ၊ ငဇူး အဲဒီကောင် အဲဒီလိုပဲ၊ လုပ်လိုက်ရင် ရှေ့မကြည့်၊ နောက်မကြည့်နဲ့ ပြီးနေတာဟာ ပြန်လာတာမဟုတ်ဘူး” ဆိုပြီး အပြစ်တင်နေတာ။ အနော် ပြန်လာတာတွေ့မှ အိမ်က လူတွေ အားလုံး ရင်ထဲက အပူလုံးကြီး ကျသွားတာ။ အဲဒါနဲ့ မားမားက အနော်ကို ဆီးကြိုလို့ပေါ့ဗျာ။ ဟိုလင်မယားကလည်း အနော်ကို ကျေးဇူးတင်ပါတယ်၊ ဘာညာနဲ့ ပြောနေတာ။ အနော်က သူတို့ကို အာရုံမရဘူး။ အနော်တွေးနေတာက ဟိုကောင်တွေ၊ “ပြေးလွှတ်မှ လွတ်ပါ့မလား မသိဘူး” ဆိုပြီးလေ။ အနော် စပ်ဖြဲဖြဲနဲ့ ပြန်လာတော့ အမေက ရိပ်မိတယ်ထင်တယ်။ အလင်းကလည်း ဒီကောင် ခြံစောင့်လင်မယားပြောတော့ တစ်မျိုး။ အခုကျတော့ ဘာမဟုတ်တာ လုပ်လာလဲ မသိဘူး၊ စပ်ဖြီးဖြီးနဲ့ ဆိုပြီးအနော်မျက်နှာကို လာကြည့်နေတာ။ အဲဒီမှာ အမေက မေးတယ်… “သား။ ဇူး။ ဟိုရှမ်းကြီးတို့ အဖွဲ့ရော။ မင်းနဲ့ အတူတူ မပြန်လာဘူးလား” တဲ့။ အနော်က “အင်းပါတယ်။ မားမား။ နောက်က လိုက်လာလိမ့်မယ်။ သားဗိုက်ဆာတယ်” ဆိုပြီး မီးဖိုချောင်ထဲ ၀င်သွားလိုက်တယ်။ အလင်းက ထမင်းခူးပေးဖို့ လိုက်လာတယ်။ အမေက ရှမ်းကြီးတို့ကို ထပ်မျှော်နေတယ်။ အနော်သူငယ်ချင်းတွေ စိတ်ပူတာလည်း ပါမယ်ထင်တယ်။ ဒီလိုပဲ အနော်တို့ဘက်က ကိုယ့်သား၊ သူ့သားခွဲခြားတာမဟုတ်ဘူး။ ကိုယ်သား ပြန်လာလို့၊ သူများရဲ့ သား၊ သမီး ဘာဖစ်ဖစ် ဆိုပြီး ပစ်ထားတာမဟုတ်ဘူး။ အဲဒီဓလေ့တော့ အနော်ကြိုက်တယ်။ ရှမ်းကြီးတို့ အမေဆိုလည်း ဒီလိုပဲ။ အလင်းကတော့ အနော်ကို ထမင်းခူးပေးရင်းမေးနေတာ။ အနော်က စပ်ဖြီးဖြီးဖြစ်နေတာကိုး။ ရယ်ချင်နေတာကလည်း ခက်တယ်ဗျာ။ ထိမ်းလို့မရဘူး။ ကြိတ်ကြိတ်ပြီး အူတတ်နေတာက ပိုတောင် ခက်သေး ။ ပွင့်ပွင့်လင်းလင်းရီရရင် တော်တော်သက်သာမှာ ။ “နင် ဘာစပ်ဖြီးဖြီး ဖြစ်နေတာလဲ ငဇူး။ ဘာဖစ်ခဲ့လို့လဲ” ဆိုတာချည်းပဲ။ အနော်က “နင် မသိပါဘူးဟာ။ ဟိုကောင်တွေ လာတော့ သိမှာပေါ့။ ငါဗိုက်ချာနေပြီ ညန်ညန်လုပ်” လို့ပဲ ပြောလိုက်တယ်။ အဲဒါ အနော် ထမင်းစားနေတုန်း။ ရှမ်းကြီး မောကြီး၊ ပန်းကြီးနဲ့ အိမ်ပေါ်ကို တတ်လာတယ်။ အနော်မားမားကို သူက အမေလို့ခေါ်တယ်။ ရောက်တာနဲ့ ဆီးပြီးမေးတာ…..အနော်ကို တော်တော်ချစ်တယ် ဒီကောင်က… “အမေ၊ ငဇူး ရော၊ ဘယ်မှာလဲ သူ” ဆိုတော့ အမေက အနောက်မှာ ထမင်းစားနေတယ် ပြောတာပေါ့။ အဲဒီမှာ ဒီကောင် မီးဖိုခန်းထဲဝင်လာပြီး အခန့်သား ထမင်းတုတ်နေတဲ့ အနော်လည်းတွေ့ရော လိုက်ထုတော့တာ။ ပါးစပ်ကလည်း … “မသာကောင်၊ သောက်ကျင့်ယုတ်၊ နင်က ငါတို့ကို ချောက်ချတယ်ပေါ့လေ။ ခွီးထဲမှာ မနည်းပြေးလာရတယ်” ဘာညာပေါ့ဗျာ။ အနော်ကို အမှန်ဆို ဒီကောင် အသေဆဲချင်နေတာ။ ဒါပေ့မယ် အမေရှေ့မှာဖြစ်နေလို့ သိပ်မိုက်မိုက်ရိုင်းရိုင်းဆဲလို့မရဘူးလေ။ အမေက တီးလွှတ်လိုက်မှာပေါ့။ အဲဒါနဲ့ပဲ “မသာကောင်၊ မသာကောင်” ဆိုတာ သုံးပြီး အနော်ကို လိုက်ထုနေရတယ်။ အနော်ကလည်း ထမင်းစားခန်းထဲ ပတ်ပြေးနေတော့…. အမေနဲ့ အလင်းက “ဟဲ့ နင်တို့ဘာဖြစ်ကြတာတုန်း၊ အယ်၊ နေပါဦး…မေးနေတာ ဖြေလေ” ဘာညာနဲ့ ၀ိုင်းဆွဲကြတယ်။ ဒီလိုနဲ့ပဲ ဒီကောင်က အနော်ဘာလုပ်ခဲ့တယ် ဆိုတာကို အမေ့ကို ပြောပြလိုက်တယ်ဗျ။ အမေကလည်း အနော်ကို ဆဲတော့တာပေါ့ဗျာ။ ပြီးတာကို ငြိမ်ငြိမ်လေး ပြန်မလာဘူး။ ပြသနာက ထပ်ရှာခဲ့သေးတယ်။ နင့်ကို အဲဒါကြောင့် စိတ်မချရတာ။ ဘာညာပေါ့။ အလင်းကလည်း သနပ်ခါးတုံးနဲ့ လိုက်ထုတာ မပြီးတော့ဘူး။ အဖေပြန်လာရင် အဲဒါကို ဘယ်လိုရှင်းမတုန်း။ နင် အဲဒီ ဘုရားရုပ်ထုကို သွားပြန်ပင့်ချေ၊ မနက်ကျရင် မသာကောင်။ ဘာညာပေါ့ဗျာ။ အဲဒီလို အိမ်ထဲမှာ ပွဲခံနေတုန်း။ ဟိုကောင်တွေလည်း တစ်ယောက်ပြီး၊ တစ်ယောက် ရှေ့ ဆင့်နောက်ဆင့်ရောက်လာကြတယ်။ ရောက်တာနဲ့ အနော်ကို ၀ိုင်းပြီး သြဘာပေးတော့ တာပါပဲ။ တစ်ယောက်လာလည်း… “မသာကောင်၊ ငဇူး။ ငါတို့ကို ချောက်ချတယ်ဟုတ်လား” ဆိုပြီး ထုသွားလိုက်၊ နောက်တစ်ယောက်လာလည်း ထုသွားလိုက်နဲ့။ အယောက်နှစ်ဆယ် ပြည့်တော့မှ အနော်လည်း အထုလွတ်တော်မူတယ်။ အဲဒီတော့မှ အနော်လည်း သက်ပြင်းချမိတာ။ ဟုတ်တယ်။ ဒီကောင်တွေထဲက တစ်ယောက်ယောက်သာ အဲဒီခြံထဲ ကျန်ခဲ့ရင် လွယ်ဝူးရယ်။ ထပ်၇ှာရမှာ။ အနော်က စသာ၊ စချင်တာ၊ ဒီကောင်တွေ ပြသနာ ဖြစ်ကျန်ရစ်ခဲ့မှာတော့ စိုးရိမ်တယ်။ ကိုယ့်သူငယ်ချင်းတွေက ဒါပဲရှိတာဆိုတော့လေ။ ဟီး ။ အဲဒီကောင်တွေ အားလုံးက ခြံထဲမှာ ဖြစ်ခဲ့တဲ့ အကြောင်းကို ပြန်ပြောကြတယ်။ သူတို့လည်း လွတ်လာတော့ ပျော်ကြပါတယ်။ ပြေးနေတုန်းကသာ အနော်ကို စိတ်တိုကြတာ။ ဟီး။ ဒီလိုဗျ။ အနော် ဘုရားကို သွားတင်တော့ ပြုတ်ကျလာတာက သရဲ၊ အဲဒါ မှန်ပါတယ်။ သူနေတဲ့ နေရာကို သူကြောက်တဲ့ ဘုရားရုပ်ကြီး သွားတင်တာပဲဗျာ။ မပြေးချိယောလား။ဟေးဟေး။ ငဇူးပါဆို။ ။ အဲဒီမှာ ဒီကောင်တွေလည်း ခြံပြင်ကို ပြေးနေတုန်း။ သူတို့ဘေးကနေ အရိပ်မည်းမည်းကြီးပေါ့နော်။ ခမောက်ဆောင်းထားတယ်။ သူကလည်း ဘေးခြင်းယှဉ်ပြေးနေတာတဲ့။ ဘယ်လောက်တောင် အဲဒီအရိပ်က ပြေးလဲဆို ခြံဝထိ ရောက်သွားတယ်ဆိုပဲ ဒီကောင်တွေထက်စောပြီး။ ဒီကောင်တွေကလည်း အရိပ်က ခြံဝရောက်နေတော့ နောက်ပြန်လှည့် ပြေးရမလိုလို၊ အရှေ့ဘက်ဆက်တိုးရမလိုလို ဖြစ်နေတာပေါ့။ အဲဒီအရိပ်မည်းမည်းကြီးက ခြံဝကို သွားဆောင့်တယ်။ “ဒုန်း” ခနဲ ဆိုပြီးလေ။ ပြီးတော့ အနောက်ကို ပြန်ပြေးလာတယ်။ ဒီကောင်တွေကလည်း အရိပ်လာတော့ နောက်ကြောင်းလှည့်ပြေးတာပေါ့။ အဲဒီအရိပ်က အမှန်က သူတို့ကို လိုက်ဖမ်းနေတာမဟုတ်ဘူးရယ်။ ခြံထဲ ပတ်ပြေးနေတာ။ အော်ဟစ်ပြီးတော့လေ။ ဘာလို့လဲဆိုတော့ အရိပ်ကလိုက်လာတိုင်း သူတို့ကို ကျော်ကျော်သွားတာတဲ့ ။ အဲဒီမှာ သူတို့လည်း အခြေအနေကို သဘောပေါက်တော့ လွတ်ရာ၊ လွတ်ကြောင်း ခြံပေါက်ကို ကျော်အောင် ပြေးခဲ့ရတယ်ဆိုဗြဲ ။ တော်တော်တော့ မောသွားမှာပဲ ခွီး ။ ဇာတ်လမ်းကို အစအဆုံးထိ ကြားပြီးရော။ ကျွန်တော်တို့လည်း အူတတ်အောင် ရီတော့တာပါပဲ။ ဒီကောင်တွေလည်း ခုမှ ရီရီမောမောနဲ့ အလင်းချပေးထားတဲ့ မုန့်တွေလည်း ကုန်။ အအေးတွေလည်း အကုန်တီးသွားတယ်။ ရှမ်းကြီးက ထပ်တောင် စားချင်နေတာ။ အလင်းက “ကုန်ပီ” ဆိုပြီး ပိတ်ပြောပလိုက်တော့မှ ငြိမ်သွားတယ်။ အမေကလည်း အနော်ကို စိတ်တော့ ဆိုးပါတယ်။ ဒါပေ့မယ့် အနော်က သူ့သားပဲဟာ။ သူဘာပြောမတုန်း။ အဲဒီလိုနဲ့ ညဉ့်တော်တော်လေးနက်တော့ အားလုံးလည်းပြန်သွားကြတယ်။ ကျွန်တော်တို့လည်း အိပ်ပေါ့။ အနော်ကတော့ တွေးတွေးပြီး ရီနေတာနဲ့ တော်တော်နဲ့ကို အိပ်မပျော်ပါဘူး။ ဟီး ။ ဒီလိုနဲ့ နောက်တစ်နေ့ မနက်လည်းကျရော၊ အနော် ညောင်ပင်ပေါ်က ဘုရားရုပ်ထုကို သွားပင့်ဖို့ ဆိုင်ကယ်ယူတုန်းပဲ ရှိသေးတယ်။ ပါးပါး ပြန်ရောက်လာတယ်။ ပြီးတော့ အနော်ကို မြင်တော့ သူက ရူးရူး၊ ဒိုင်းဒိုင်းနဲ့ “မင့် ညက ဘာတွေ လုပ်ခဲ့တုန်း ခြံထဲမှာ”တဲ့။ အနော်ကလည်း “ဘာလုပ်ရမှာတုန်း ပြသနာတတ်တယ်ဆိုလို့ သွားကူပေးတာ။ဒါပဲ” ဆိုပြီး နှုတ်ကို မဆက်တော့ပဲ ပြန်လာခဲ့တယ်။ ဟုတ်တယ်လေ။ ရောက်ရောက်ခြင်း ဆောက်နဲ့ထင်းဆိုသလို လာလုပ်နေတာကိုး။ ကိုယ်ကို လာထွင်းတာ။ ဟောက်သံနဲ့ L ။ အဲဒါနဲ့ ဒီလိုပဲ ပြောလိုက်ရတယ်။ အစကတော့ ဘုရားသွားပင့်မို့ ဒါပေ့မယ် အဖေနဲ့မနက်အစောကြီး စိတ်တိုထားတော့ အိမ်ပဲ တန်းပြန်လိုက်ရတယ်။ အိမ်ကလည်း ရောက်ရောက်ခြင်း၊ အားလျန်က အုန်းချောသွားပြီး မျိုးစေ့ယူမလို့ လိုက်ပို့ပါဆိုတာနဲ့ လိုက်ပို့ရတာ။ ဘုရားပင့်တဲ့ဆီကို မရောက်တော့ဘူး။ အုန်းချောေ၇ာက်ပြန်တော့လည်း သူ့အမျိုးတွေက ရောက်တုန်း၊ ရောက်ခိုက် တစ်ညနေပါဦး၊ ဘာညာနဲ့။ အားလျန်ကလည်း သူ့အမျိုးတွေနဲ့တွေ့တော့ ပျော်နေတယ်။ အိပ်မယ်နော်။ ဒီည ဒီမှာ အိပ်မယ်နော်။ ဆိုပြီးလုပ်နေတာ။ အဲဒါနဲ့ အဲဒီညက အဲဒီမှာ အိပ်လိုက်ရတယ်ဆိုပါတော့ဗျာ။ ဘုရားကတော့ ပင့်တဲ့ ဆီကို မရောက်တော့ပါဘူး ဟီး ။ နောက်တစ်နေ့ မနက် အုန်းချောက ပြန်လာတော့ အနော် အိမ်မှာ ပါးပါးက လာစောင့်နေတယ်။ ကျွန်တော်ကတော့ ပြသနာပဲ။ အဖေက ဘာလာလုပ်ပြန်ပြီလဲ မသိဘူး ဆိုပြီး အိမ်ထဲဝင်သွားတာပေါ့။ အားလျန်လည်း ကြောင်သွားတယ်။ “အကို၊ ဦးလေး ဘာလာလုပ်တာလဲ” တဲ့။ “အေး၊ အကိုလည်း သိဝူး” လို့။ ကျွန်တော် အိမ်ထဲရောက်တဲ့ အထိတော်တော်ကြာကြာ အဖေက စကားတစ်ခွန်းမှ မပြောဖူးရယ်။ ကျွန်တော်ကိုပဲ မှုန်သေသေနဲ့ ကြည့်နေတာ။ မီးဖိုချောင်သွားရင်၊ မီးဖိုချောင်လိုက်ကြည့်တယ်။ အိမ်ရှေ့ပြန်ထွက်လာရင် အိမ်ရှေ့လိုက်ကြည့်တယ်။ ကြာတော့ဗျာ။ ကျွန်တော် မနေတတ်တော့ဘူး။ အဲဒါနဲ့ အဖေ့ကို “ပါးပါး၊ ဘာစားပြီးပြီလဲ မနက်စာ။ ကော်ဖီသောက်မလား” လို့ လောကွတ်ပြုလိုက်တယ်။ အဖိုးကြီးက အဲဒီတော့ ဘာပြောတယ်ထင်တုန်း။ လေသံကတော့ ခပ်အေးအေးပဲ။ “မင့်ဘုရားသွားပင့် ပြီးပြီလား” တဲ့လေ။ အဲဒီတော့မှာ ကျွန်တော်လည်း သတိရတော့တယ်။ “ဟိုက်”ဆိုပြီးလေ။ မေ့နေတာ၊ အဲဒါကို မေ့နေတာ။ အဲဒါနဲ့ ချက်ခြင်းပဲ။ “အာ၊ သားမေ့နေတာ။ ဟုတ်တယ်။ သွားပင့်ရအုံးမယ်။ မနေ့က အုန်းချောမှာ အလုပ်ရှုပ်နေတာမို့ ၊ ပြန်မတတ်လာမိတာ၊ အခု သွားပင့်လိုက်မယ်၊ ဆောရီး” ဆိုပြီး ပြောတော့။ အဖေက “ခဏနေတူတူသွားမယ်။ ရေမိုးချိုးထား။ ဘုန်းကြီးပင့်ဖို့။ အဲဒီတော့မှ တစ်ခါတည်း လုပ်ချေ”ဆိုပြီး ပြန်သွားတယ်။ အနော်လည်း ဇဝေဇ၀ါနဲ့ကျန်ခဲတာ။ အဖေက ရုပ်တည်ကြီးနဲ့ လေသံအေးအေးနဲ့ ပြောသွားတာလေ။ အနော်က သူပြသနာရှာမယ်ထင်လို့၊ ဟောက်မယ်၊ ငန်းမယ်ပေါ့နော်။ အခုတော့ ဘုန်းကြီးပါ ပင့်ပြီး ခြံထဲသွားမယ်ဆိုတော့ နည်းနည်းတော့ထူးဆန်းတယ်။ အဲဒီစကားများ ပြောဖို့အရေးဗျာ။ အဖေနဲ့သားဟာကို ရုပ်တည်ကြီးနဲ့ လိုက်ကြည့်နေသေးတယ်။ ဟွန့်။ အဲဒါကြောင့်ပြောတာ အဖေ့ကို လူဂွစာပါလို့ဆို L ။ နားလည်လို့ကို မရဘူး။ ဒီလိုနဲ့ ရေမိုးချိုးပြီး အကျီအဖြူလေးနဲ့၊ ပုဆိုးလေးနဲ့ ၀တ်ပြီး စောင့်နေလိုက်တာပေါ့ဗျာ။ ခဏနေတော့ အဖေ သူ့ကားနဲ့ရောက်လာတယ်။ ဘုန်းကြီးငါးပါးလည်းပင့်လာတယ်။ အနော်ကို ၀င်ခေါ်တာလေ။ နောက်မှာက ရှမ်းကြီးတို့က ဘယ်က ငှားလာတဲ့ ဟိုင်းလတ်နဲ့လည်း မသိဘူး။ မိန်းခလေးတွေလည်း ပါတယ်။ အကုန်လုံးက ဘုန်းကြီးကျောင်းတတ်မဲ့ အထာတွေနဲ့ ။ ကျွန်တော်က နောက်က ဟိုင်းလတ်မှာပဲ လိုက်ခဲ့လိုက်တယ်။ ကားပေါ်ရောက်တော့ အလင်းကို တွေ့ယော။ အဲဒါနဲ့ ကြိတ်မေးရတယ်။ “ဟဲ့၊ ပါးပါးက ဘာဖြစ်တာတုန်း။ ရုတ်တရက်ကြီးနော်။ ဟိုတစ်ခါလည်း ဘုန်းကြီးပင့်သေးတယ်ဆို။ အခုလည်း ပင့်ပြန်ပြီလားဟ” ဆိုတော့…အလင်းက “အေး။ သရဲက ညက အဖေကို အိမ်မက်ပေးတယ်တဲ့ဟ။ သူကျွတ်ချင်ပြီ ပြောတယ်လို့ အဖေကပြောတယ်။ အဲဒါကြောင့်လုပ်ရတာ။ အရင်လုပ်တာတွေတုန်းက သာဓုမခေါ်ခဲ့ဘူးတဲ့။ အခုတော့ ဒါလေးကို နောက်ဆုံးအနေနဲ့ လုပ်ပေးပါဆိုလို့ အဖေက လုပ်နေတာဟ။ အဲဒါနင့်ကြောင့် သေနာရဲ့ ။ နင်ဘုရားရုပ်ထုကြီး သွားတင်ထားတော့။ သူတော်တော်ပူလောင်တယ်ပြောတယ်။ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်ဆိုတော့ နောင်တရသွားပုံပေါ်တယ်ဟ။ ဟီး” ဆိုပြီး သူက ပျော်နေတယ်။ ဟုတ်တယ်လေ။ အားလုံးလည်း ပျော်တယ်။ ဒီခြံက ဂွတ်တယ်။ နောက်ဆို အေးအေးဆေးဆေး ပါတီလုပ်လို့ရပြီ ဟေးဟေး။ အားလုံးက အနော်ကို လက်ဖျားခါနေတယ်။ “နင့်အဖေပြောသလိုပဲ၊ နင်ကတော်တော်ကို ကမြင်းတဲ့ကောင်တဲ့၊ သရဲတောင် မနေရဘူး”ဆိုပြီးလေ။ အနော်က စပ်ဖြီးဖြီးနဲ့ ရှမ်းကြီးတော့ ဘက်လှည့်ပြီး “နင်တို့လည်း တော်တော်လေး ပြေးလိုက်ရတယ်နော်” ဆိုပြီး စလိုက်တယ်။ ကောင်မလေးတွေ ရှေ့မှာစတော့ ဒီကောင်တွေကလည်း ကြိတ်ပြီး အနော်ကို ဆဲပေါ့ဗျာ။ ဟီး။ အဲဒီနေ့က ခြံထဲ ရောက်တာနဲ့ အဖေက ရုပ်တည်ကြီးနဲ့ အနော်ကို အရင်ခေါ်တာ။ ပြီးတော့ ညောင်ပင်ပေါ်က ဘုရားကို ပင့်ခိုင်းတယ်။ အနော်လည်း ဘုရားရုပ်ထု တင်ယူ။ ပြီးတော့ တဲထဲမှာပြန်ထား။ ဘုန်းကြီးတွေ ထိုင်ဖို့ ခုံတွေယူ။ အောက်မှာက တရားနာမဲ့သူတွေထိုင်ဖို့ တာလဗတ်တွေခင်းနဲ့တော်တော်လေးတော့ အလုပ်ရှုပ်သွားတယ်။ ပြီးတော့ အားလုံးတရားနာဖို့ လုပ်တုန်း ဘုန်းဘုန်းက အနော်နာမည်ကို ခေါ်ပြီး… “မောင်ဇူး၊ ညောင်ပင်က ညောင်ကိုင်းတစ်ကိုင်းလောက် သွားခူးလာခဲ့” တဲ့။ အဲဒီမှာ အဖေက ပြာပြာသလဲ… “အယ်အယ်။ ငဇူးမသွားနဲ့ ရှမ်းကြီး မင်းသွားခူးချေ” ဆိုပြီး ရှမ်းကြီးကို အတင်းလွတ်လိုက်တယ်။ ဟိုကောင်ကလည်း ကြောက်ကြောက်နဲ့ သွားခူးလာခဲ့တယ်။ အမေက “ရှင်ကလည်း သား သွားတော့ ဘာဖြစ်မှာမို့တုန်း” ဆိုပြီး အဖေကို တံတောင်နဲ့ တွတ်တယ်။ အဖေက ဘာပြောတယ်ထင်တုန်း။ “အာ၊ အဲဒီကောင်သွားရင်လိုက်လာမှာမဟုတ်ဘူး။ ထွက်ပြေးသွားမှာ” တဲ့လေ။ ဟားဟ ။ ဘုန်းကြီးတွေ အပါ အ၀င်၊ လူတွေလည်း ရီကြပေါ့ဗျာ။ ဒီလိုနဲ့ တရားနာပြီးတော့ အဖေဦးလေးနာမည်နဲ့ အမျှ၊ အတန်းတွေ ဘာတွေ ဝေပေးလိုက်တယ်။ ညောင်ပင်ဘက်ကလည်း အမျှဝေပြီး သာဓုခေါ်နေတဲ့ အချိန်မှာ သာဓု။ သုံးကြိမ်ခေါ်သံကြားလိုက်ရတယ်။ အဖေကတော့ မျက်ရည်လေး စက်လျက်၊ စက်လျက်နဲ့။ အနော်ကတော့ စိတ်ပဲ ချမ်းသာသွားတယ်။ ဒီခြံတော့ အေးချမ်းသွားပြီ ထင်ပါတယ်ဆိုပြီးလေ။ ဒီလိုနဲ့ နောက်အပတ်မှာ ခြံထဲမှာ အလှူအတန်းတွေဘာတွေလုပ်ပေးဖြစ်တယ်။ ဘုရားမှာလည်း ဦးလေးနာမည်နဲ့ ရွှေသက္ကန်းတွေဘာတွေကပ်ပေါ့ဗျာ။ ခြံကြီးကလည်း အသား၊ ငါးတွေဘာတွေ သွင်းလို့ရသွားတယ်။ တစ်ခါတစ်လေတော့ ဟင်းကောင်းရင် ပျောက်တတ်တယ်။ ဟင်းမကောင်းရင် မပျောက်ဘူးရယ်။ အနော်က ဟင်းမကောင်းရင် မကြိုက်ဘူးလေ။ ပြီး၏… ငဇူး Credit to: http://www.zuzuaung.info/?p=2772 ကိုဇူးဇူးအောင် ရဲ့ http://www.zuzuaung.info/?p=2772 တစ်ဆင့် ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |