(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

အိမ်ကျော်လို့ လာပျော်တဲ့ကလေး

အိမ်ကျော်လို့ လာပျော်တဲ့ကလေး

 တစ္ဆေ သရဲဆိုတာကလဲ ယုံကြတဲ့သူတွေရှိသလို မယုံကြတဲ့ လူတွေလဲ များလှပါတယ်။ ဘာပဲပြောပြောပါ ခုထိ လူတွေ စိတ်ဝင်စားမှုအရှိဆုံး အကြောင်းအရာကတော့ သရဲ သို့ မဟုတ် ပေတလောက အကြောင်းအရာတွေပါပဲ။ ကမ္ဘာပေါ်မှာလဲ အရောင်းရဆုံးစာရင်းဝင်စာအုပ်တွေဟာ ပရလောကနဲ့ ဆက်စပ်တဲ့ စာအုပ်တွေများပါတယ်။ ဒါကြောင့်မို့ လူလောကကြီးမှာ ပရလောက တကယ်ရှိလား မရှိဘူးလားဆိုတာ အဖြေရှာနေကြဆဲပဲ ဖြစ်ပါတယ်။ အခု ကျွန်တော် ပြောပြမယ့် အကြောင်းအရာကလဲ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ ပရလောက တကယ်များ၇ှိနေသလားဆိုတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။ အချိန်ကတော့ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကပေါ့။ ကျွန်တော် တက္ကသိုလ် နေ့ ကျောင်းတက်နေစဉ်မှာပါ ။ နေ့ ကျောင်းဆိုတော့ မနက်ဆို ၇ ခွဲလောက် ကျောင်းကားစီးရပါတယ်။ ကျွန်တော် အိမ်က ကျောင်းကား ထွက်တဲ့ လမ်းထိပ်ကို ရောက်ဖို့ ၁၅ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ ကျောင်းကားရပ်တဲ့ နေရာက လမ်းထိပ်ရဲ့ ဘယ်ဘက်အခြမ်းမှာပါ ။ မနက်ဆို ကျောင်းကားသွားစီးဖို့ ကျွန်တော့် သူငယ်ချင်း ရန်ပိုင်ကို သွားခေါ်ရပါတယ်။ သူအိမ်က လမ်းထိပ်ရဲ့ ညာဖက်အခြမ်းမှာပေါ့။ သူ့ အိမ်ကို ကျွန်တော် သွားခဲပါတယ်။ ဘာလို့ လဲဆိုတော့ သူနဲ့ ကျွန်တော်က ဒုတိယနှစ် စတက်တော့မှ ကျောင်းကားပေါ်မှာ သိကြတာကိုး။ ဒုတိယနှစ် ဒုနှစ်ဝက်လောက်မှာ သူက သူ့ အိမ်ကို ကျောင်းပြန်ရင် လိုက်သွား စကားလေးဘာလေးပြော အိမ်ပြန်ပေါ့။ ကျွန်တော် သူ့ အိမ်သွားဖြစ်ရင် ကျောင်းအပြန် ဝင်တာပဲ များပါတယ်။ ဒီလိုနဲ့ တစ်ရက်ကျတော့ သူ့ အိမ်ကို မနက်လာပြီး ကျောင်းသွားဖို့ လာခေါ်ဖို့ ပြောပါတယ်။ ရန်ပိုင်က ကျွန်တော့် ထက် အသက် ၁နှစ်ကြီးပါတယ်။ ဒုတိယနှစ်ချင်းတော့ တူပါတယ်။ သူက ဒသနိက ဘာသာ။ကျွန်တော်က English မေဂျာပါ။ သူနဲ့ ဘော်ဒါဖြစ်တာ သိပ်မကြာသေးပေမယ့် တော်တော်ခင်ဖို့ ကောင်းတဲ့ ဘော်ဒါပါ။ ထားပါ သူ့ အကြောင်း..။အရေးကြီးတဲ့ ဟာက သူ့ အိမ်အကြောင်း သူ့ မှာ သူအမေ၊ဦးလေးရယ် ၆နှစ်အရွယ် သူ့ ညီလေးရယ် ၊အိမ်အကူကောင်မလေးရယ် နေကြပါတယ်။ သူ့ အိမ်က လမ်းမကြီးဘေးမှာ။ သီချင်းမဟုတ်ဘူးနော်။ တကယ် လမ်းမကြီးရဲ့ဘေး။ ဒါပေမယ့် အိမ်က အောက်မှာ။ အပေါ်ထပ်က လျှပ်စစ်ပစ္စည်းဆိုင်လေး ဖွင့်ထားတယ်။ မျက်လုံးထဲ မြင်လား မသိဘူး။ အိမ်ထဲ ဝင်သွားရင် ဆိုင်ကိုမြင်ရမယ်။ဆိုင်နောက်မှာ တခါးလေးရှိမယ်။ ဘုရားခန်း ရှိတယ်။ ဘေးက လှေကားကဆင်းသွားရင် ထမင်းစားခန်းနဲ့ အိပ်ခန်းရှိတယ်ပေါ့။ သူက ဆိုင်အောက်တည့်တည့်က အိပ်ခန်းမှာ နေတာ။ ဒီလိုနဲ့ တရက်ကျတော့ ကျွန်တော် မနက်ကျောင်းကားစီးဖို့ သူ့ ကို သွားခေါ်တယ်။ ၆ ခွဲလောက်ပေါ့။ သူ့ အိမ်ရောက်တော့ သူ့ မေမေက ဈေးသွားဖို့ ပြင်နေတယ်။ ကျွန်တော့်ကို အောက်ဆင်းပြီး ရန်ပိုင့် ကို သွားနိုးဖို့ ပြောတယ်။ ရန်ပိုင့် ဦးလေးက တော့ ဘုရားရှိခိုးနေတယ်။ သူ့ ညီလေးက ဘု၇ားခန်းမှာ အိပ်တုန်း။ အိမ်အကူ ကောင်မလေးကလဲ ဆိုင်ထဲမှာ။ အဲ့ဒါနဲ့ ကျွန်တော်လဲ အိမ်အောက်ကို ဆင်းလာခဲ့တယ်။ အိမ်အောက်ကို ခုမှ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပါ။ အိမ်အောက်က အလင်းရောင်သိပ်မရဘူး တော်တော်လေး မှောင်နေတယ်။ သူတို့ အိမ်တွေက ဘေးဘက်မှာလဲ အိမ်တွေ ကျပ်နေအောင် ဆောက်ထားကြတော့ ဘေးဘက်က အလင်းရောင်ဝင်ဖို့ မလွယ်ဘူး ။ ၇န်ပိုင်အခန်းလို့ ထင်ရတဲ့ အခန်းကို တခါး ၂ ချက်ခေါက်လိုက်တယ် ။ အခန်းထဲက ရန်ပိုင်အသံ ကြားရတယ်။ ကျွန်တော်လဲ ကျွန်တော် ရောက်နေကြောင်းပြောလိုက်တယ်။ သူက ဝင်လာခဲ့ ဖို့ ပြောတယ်။ ဝင်လိုက်တော့ သူ့ အခန်းက တော်တော်လေးမှောင်နေတာကို တွေ့ လိုက်ရတယ်။ တစ်ယောက်အိပ်ခုတင် တစ်လုံးရယ်။ ဘီဒိုတစ်လုံးရယ် အခန်းနဲ့ ကတော့ အနေတော်ပါပဲ။ ကျဉ်းတော့ နည်းနည်းကျဉ်းတယ်။ သူက ကျွန်တော့်ကို သူရေချိုးမယ့်အကြောင်း၊ ခုတင်ပေါ်မှာ ခဏစောင့်ဖို့ ပြောပါတယ်။ သူရေချိုးဖို့ ထွက်သွားတော့ ကျွန်တော်လဲ သူ့ ခုတင်ပေါ်မှာ လှဲရင်း ခဏလေးမှေးလိုက်ပါတယ်။ မနက်ကအစောကြီး ထခဲ့ရတော့ နည်းနည်းလဲ အိပ်ငိုက်နေတော့ မှေးကနဲ ဖြစ်သွားပါတယ်။ ၅ မိနစ်လောက်ကြာတော့ သူ ပြန်ရောက်လာပါတယ်။ သူ အကျီအဝတ်လဲမှာဆို တော့ ကျွန်တော် အိပ်ခန်းအပြင်က ထွက်စောင့်လိုက်ပါတယ်။ ထမင်းစားခန်းထဲမှာ အိပ်ငိုက်ရင်းပေါ့။ သူက ရေသုတ်ပြီးဘောင်းဘီလဲ ။ပြီးတော့ အပြင်ပြန်ထွက်လာပါတယ်။ ပြီးတော့ ပြန်ဝင်သွားပြန်တယ်။ အဲ…နောက်တစ်ခေါက်ပြန်ထွက်လာပြီး ပြန်ဝင်မယ်အလုပ်မှာ တခါးက ဂျိမ်းးးးးးးးးးးးး……..ဆိုတဲ့အသံနဲ့ ပိတ်သွားပါတယ်။ အဲဒီ့မှာ ကျွန်တော်လဲ လန့် နိုးလာပြီး ….ဘာဖြစ်တာလဲ ရန်ပိုင်…. ရန်ပိုင်က တခါးကို ဖွင့်ဖို့ ကြိုးစားပါတယ်။ ကျွန်တော့်ကိုတော့ ဘာမှ ပြန်မပြောပါဘူး။ ကျွန်တော်ကထပ်မေးတော့….သူကလက်ကာပြပြီး တခါးကိုပဲ ဖွင့်ဖို့ ကြိုးစားနေပါတယ်။ ပါးစပ်ကတော့ ……ဟာ…ဒီကောင် နောက်ပြန်ပြီ…..လို့ ပြောပါတယ်။ ကျွန်တော်က ဘယ်ကကောင်လဲဟ….ရန်ပိုင်…. …..တခါးကဘာလို့ ဘာလို့ ပိတ်သွားတာလဲဟ….လို့ မေးလိုက်ပါတယ်။ သူက ဘာမှ ပြန်မပြောပါဘူး။ နောက် ၂မိနစ်လောက်နေတော့ သူနောက်ကို နည်းနည်းချင်း ဆုတ်လာပါတယ်။ သူက ကျွန်တော့်ကို ပြောပါတယ်။ အေကေ ..မင်း သရဲမြင်ဖူးလား…အဲ့ဒါ ဟိုဘက်အိမ်က သရဲပေါ့တဲ့ … ကျွန်တော်လဲ ရုတ်တရက် ကြောင်သွားပါတယ်။ သူ့ အခန်းတခါးက အိမ်အောက်မှာ ၇ှိနေတာရယ်။ မနက်ဘက်ကြီးမှာ လေလဲ မတိုက်ဘဲနဲ့ တခါးက ဂျိမ်းး ကနဲ ပိတ်သွားတာရယ်ကို ဆက်စပ်ပြီး ခေါင်းညိမ့်လိုက်ပါတယ်။ သူက ဆက်ပြောပါတယ်။ ငါတို့ အိမ်ဘေးက ကုလားမိသားစုတွေ နေတာလေ…အဲ့အိမ်က ကောင်လေး ၁၅ နှစ်လောက်ပဲ ရှိဦးမယ်။ လွန်ခဲ့တဲ့ နှစ်လကေ၇နှစ်ပြီး ရှောသွားတာ…မကျွတ်ဘဲ လာလာနေတာလေ…. မင်း ကြောက်လားတဲ့ ……။ သူကအဲ့လို မေးမှလူက အိပ်ချင်နေတဲ့ မျက်လုံးတွေ ကျယ်လာပြီးတော့ မျက်လုံးရှေ့မှာ ၇ှိနေတဲ့ ပြတင်းပေါက်ကနေ ဟိုဘက်အိမ်ကို ကြည့်မိပါတယ်။ အိမ်ချင်းကပ်နေလိုက်တာ ၁ ပေလောက်ပဲကွာမယ် ထင်တယ်။ နောက်တော့ သူ့ ညီလေး အိမ်အပေါ်ထပ်က ဆင်းလာပါတယ်။ …ကိုကြီး ဘာဖြစ်တာလဲ….. သူတို့ အချင်းချင်း မျက်နှာ အမူအရာနဲ့ ပြောလိုက်တယ် ထင်ပါတယ်။ ကောင်လေးက မပြောမဆိုနဲ့ သူ့ အကို အခန်းတခါးကို ဖွင့်ပါတော့တယ်။ ကျွန်တော် သေချာကြည့်တော့ ကောင်လေးက တခါးကို လက်ကိုင်ဘုကို ဖိပြီး သူ့ အားလေးနဲ့ တွန်းပါတယ်။ မရပါဘုး။ ရန်ပိုင်က သူ့ ညီလေးကို နောက်ဆုတ်ခိုင်းပြီး ထပ်တွန်းကြည့်ပါတယ်။ တခါးက အတွင်းဘက်ကနေ တစ်ယောက်ယောက်က တွန်းထားသလို ဖြစ်နေပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဝင်တွန်းကြည့်ပါတယ်။ လုံးဝမရပါဘူး။ ၇န်ပိုင်လဲ ချွေးအနည်းငယ် စို့ နေပါပြီ။ သူ့ ညီလေးကတော့ ပြုံးစိစိနဲ့ ပျော်နေသလိုပဲ။ ကျွန်တော့်ကိုတောင်မှ ….ကိုကြီး ကြောက်နေလားတဲ့….. နောက်ကျတော့ အိမ်အကူကောင်မလေး ကိုလှမ်းခေါ်ပါတယ်။ ကောင်မလေး ဆင်းလာတော့ ရန်ပိုင်က သူ့ ဦးလေးကို ခေါ်ခိုင်းပါတယ်။ လေးလေး ဆင်းလာပါတယ်။ လေးလေးက အသက် ၄၀ ကျော်ဝန်းကျင်။ ကျောနဲ့ ရင်ဘက်မှာ အင်းကွက်တွေ ထိုးထားပါတယ်။ လေးလေးက ရန်ပိုင်ကို …..ဟိုကောင်လာပြန်ပြီလား….တခါးကဖွင့် မရတာကြာပြီလား…. ဟုတ်…လေးလေး…. ….အေး…မင်းတို့ နောက်ဆုတ်နေ…. ဆိုပြီး ကျွန်တော်တို့ ကို ခပ်ဝေးဝေးမှာ နေခိုင်းပါတယ်။အဲ့ဒီ့ နောက်တော့ သူ ကပုတီးကို လက်မှာ ပတ်ပြီး ဂါထာတွေရွတ်ပါတယ်။ တခါးဝမှာပါ ၃ မိနစ်လောက် ရွတ်ပြီးတဲ့ နောက် သူ က ပုတီးကိုင်ထားတဲ့ လက်နဲ့ တခါးလက်ကိုင်ဘုကို ကိုင်ဖွင့်လိုက်ပါတယ်။ ကျွန်တော်တို့ သုံးယောက်နဲ့ အိမ်အကူကောင်မလေးမှာ အသက်တောင်မ၇ှုရဲဘဲ ကြည့်နေကြပါတယ်။ …….ကျွီ…………………………………………………… လေးလေးက သူကိုယ်တိုင် တခါးကို ဖွင့်လျှက် နဲ့ အခန်းထဲကို ဝင်သွားပါတယ်။ အခန်းထဲမှာ လိုက်ကြည့်ပါတယ်။ ပါးစပ်ကလဲ ရွတ်ဖတ်သရစယ် လျှက်ပါ။ နောက်တော့ ပြန်ထွက်လာပါတယ်။ …..ငါနှင်လိုက်ပြီ …..ထွက်သွားပါပြီ…… …..အေး အေး….ဝင်လို့ ရပြီ….. ရန်ပိုင်က …….ဟုတ်ကဲ့….လေးလေး… လို့ ပြောပြီး အခန်းထဲ ဝင်သွားပါတယ်။ ဝင်သွားပြီးနောက် ကျွန်တော့်ကို လှမ်းခေါ်ပါတယ်။ သူ့ ညီလေးကတော့ အခန်းထဲ ခဏဝင်ကြည့်ပြီး ရန်ပိုင် မောင်းထုတ်လို့ အိမ်အပေါ် ပြန်ထွက်သွားပါတယ်။ ရန်ပိုင်က အကျီဝတ်ရင်းနဲ့ .. အေကေ….မင်းကြောက်သွားလား…. ငါတို့ ကတော့ ရိုးနေပါပြီ….. မင်းဟာကြီးက မကြောက်ဘဲ နေမလားကွ… လေလဲမတိုက်ဘဲနဲ့  တခါးကပိတ်သွားတာ လန့် တာပေါ့ကွ…. ၇န်ပိုင်က ….အေး…မင်းကို ပြစရာရှိတယ်။ ဒီမှာကြည့် ဆိုပြီး ….. တခါးရှိတဲ့ဘက်ကို ခေါ်ပြပါတယ်။ တခါးနဲ့ ပတ္တာနဲ့ ကြားက လွတ်နေ တဲ့နေရာလေးက လင်းနေရမှာလေ။ စောနက အဲ့နားမှာ မှောင်နေတာပဲ။ အဲ့ကောင် ရှိနေလို့ ပေါ့…… သူအကျီဝတ်ပြီးသွားတော့ ကျောင်းကားရှိတဲ့ နေရာကို လမ်းလျှောက်သွားကြပါတယ်။ လမ်းမှာ ကျွန်တော် စိတ်ထဲ ဘဝင်မကျတဲ့ မေးခွန်းတွေ မေးမိပါတယ်။ …..မင်းကောင်က အဲ့လိုပဲ လာလာခြောက်နေကျလား… ……အင်း…အဲဗားကြီးတော့ မဟုတ်ဘူး လွန်ခဲ့တဲ့ လလောက်က စခြောက်တာ…. …….ငါ စာဖတ်နေတုန်း နောက်ကနေ စာအုပ်ကို ပိတ်လိုက်တာမျိုး ၊လက်နဲ့ ခေါင်းကို ပုတ်လိုက်သလိုမျိုး၊ တခါတလေဆို နေ့ လည်ဖက် အိပ်နေတုန်း ခုတင်ကို လာ လှုပ်တာမျိုး ပေါ့။ ငါလဲ အစကကြောက်တာပေါ့ စိတ်ထဲ ထင်တာပါဆိုပြီး နေနေတာ….နောက်မှ သိတာလေ။ သိတော့ လေးလေးကို ခေါ်ရတာပေါ့…..လေးလေးလာရင်တော့ အဲ့ကောင် လစ်တော့တာပဲ…. လေးလေးက သူ့ အိမ်က တစ်ခုခုကို စွဲလန်းနေလို မကျွတ်တာလို့ ပြောတာပဲကွာ… ငါတို့ အိမ်က လူတွေကတော့ ရိုးနေပါပြီ…..ပြီးတော့ သူက ဆိုးဆိုးရွားရွားကြီး မခြောက်ဘူးကွ…. အဲ့ဒါကြောင့်လဲ ငါတို့ က သိပ်မကြောက်တော့တာ..ဟား….ဟား…. မင်းကတော့ တော်တော်ကြောက်သွားမှာပေါ့….ဆောရီးကွာ…. …….ရပါတယ်…..မကြောက်ပါဘူး ….ပထမဆုံး သရဲခြောက်ခံ၇တာဆိုတော့ ရှော့ဖြစ်သွားတာပေါ့…… ……မင်းပြောပြတော့လဲ ….မကြောက်တော့ပါဘူး….ဟား…ဟား…. အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော် ရန်ပိုင်အိမ်ကို သွားရင် သူ့ အခန်းထဲ မသွားတော့ပါဘူး။ အိမ်အပေါ်ထပ်က ဆိုင်ထဲမှာပဲ စကားပြောပါတယ်။ နောက်တော့လဲ အဲ့ဒီ့ အကြောင်းသိပ်မပြော ဖြစ်တော့ပါဘူး။ နောက်တော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတယ်။ သူလဲ နောက် ၂နှစ်လောက်မှာ အိမ်ပြောင်းသွားပါတယ်။ ဇာတ်လမ်းလေးကတော့ ဒါပါပဲ။ ကျွန်တော် ငယ်ငယ်လေးထဲက သရဲအကြောင်းဆို စိတ်ဝင်စားပါတယ်။ သရဲဇာတ်လမ်း ဆို အရမ်းကြိုက်ပါတယ်။ ကြည့်လဲ ကြည့်ပါတယ်။ ဝတ္ထုလဲ တော်တော်များများ ဖတ် ဖြစ်ပါတယ်။ ပရလောကသားကို အပြင်မှာ မြင်ဖူးချင်တဲ့စိတ်လဲ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ ဘုံလောက ကွာနေတဲ့ အတွက် မြင်ချင်တိုင်း မြင်လို့ မရနိုင်ပါဘူး။ ကံနိမ့်နေတဲ့ အချိန်နဲ့ ၊ အစီအရင်တွေ လုပ်မှ သာရင် မြင်နိုင်တယ်လို့ ဖတ်ဖူးပါတယ်။ ဒီတစ်ခါကတော့ ကိုယ်တိုင်ကြုံရတဲ့ အဖြစ်အပျက်ကြောင့် ပရလောကကို ပို ယုံကြည်လာမိပါတယ်။ မိမိ မျက်လုံးနဲ့ မတွေ့ လိုက်ရပေမယ့်လည်း ရှိကြောင်းကို ကိုယ်တွေ့ ကြုံ ၇ခြင်းပါ။ စာဖတ်ပရိသတ်ကြီးလဲ ကိုယ်တိုင်ကြုံ ဖူးတဲ့ လူတွေ၇ှိမှာပါ။ ကျွန်တော်ကတော့ ခုနောက်ပိုင်း စာဖတ်များလာတော့ ကိုယ်တိုင်ကြုံခဲရတဲ့အဖြစ်အပျက် နဲ့ ပက်သက်ပြီး မေးခွန်းတွေ မေးမိပါတယ်။ အဲ့ဒီ့ မေးခွန်းတွေကိုတော့ ပရိသတ်ကြီးဆီက သိချင်ပါတယ်။ ကျွန်တော် စဉ်းစားမိတဲ့ မေးခွန်းတွေနဲ့ ထပ်တူ ကျခဲ့မယ်ဆိုရင် အလွန်ဝမ်းသာ မိမှာပါ။ အခု ကျွန်တော် ပြောပြတဲ့ ဖြစ်ရပ်လေးနဲ့ ပက်သက်ပြီး တော့ ဆက်စပ်တဲ့ မေးခွန်းလေး ၂ ခုလောက်ရှိပါတယ်။ စာဖတ် ပရိသတ်နဲ့ အတူ မေးခွန်းများကို ၇င်ခုန်စွာ စောင့်စား၇င်း………………….. အေကေ

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |