(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

အိမ်သာထဲမှ ဒစ်စကိုည

အိမ်သာထဲမှ ဒစ်စကိုည

 အခု ပြောပြမှာကတော့ ကိုယ်တွေ့လေးပေါ့ရှင်..။ ထူးထူးခြားခြားကြီးတော့မဟုတ်ပါဘူး..။ နေပြည်တော်ကို အလုပ်ကိစ္စနဲ့ သွားတုန်းက ကြုံခဲ့ရတာလေးပါ..။ ဟော ... နေပြည်တော်ဆိုတာနဲ့ ခေါင်းတွေက ထောင်တက်သွားပြီဟုတ်...။ နေရာကိုတော့ အရိပ်အမြွက်လောက်ပဲ ပြောပြမယ်လေ..။ နေပြည်တော် မြို့မဈေးကြီးရဲ့ အစွန်ဆုံး တိုက်ခန်းတွေထဲက တစ်ခုဆိုပါတော့..။ အဲဒီကို သွားကြတော့ ညီမတို့ရှေ့က ဦးလေးတစ်ယောက်ရယ် ကောင်လေးတစ်ယောက်ရယ် အရင်ဆင်းသွားနှင့်တယ်..။ ညီမနဲ့ အစ်မကြီးတစ်ယောက်က နောက်မှလိုက်သွားတာ..။ ဆိုင်ခန်းက နှစ်ထပ်လေ..။ နောက်ပြီး ရေချိုးခန်းနဲ့ အိမ်သာနဲ့ပါ တွဲလျက်ပါတယ်..။ အောက်ထပ်မှာ ယောက်ျားလေးတွေက အိပ်ပြီး အပေါ်မှာက ညီမတို့ နှစ်ယောက်အိပ်ကြတယ်.။ ရေချိုးခန်းနဲ့ အိမ်သာကတော့ အောက်ထပ်မှာပါ...။ အလုပ်ကိစ္စနဲ့ သွားရတာဆိုတော့လေ မနက်ဆိုရင် အစောကြီး ငါးနာရီခွဲလောက်ထရပြီ..။ ပြီးရင် ရေမိုးချိုးပြီး တစ်နေကုန် အလုပ်ပိတာပဲ..။ ညနေစောင်းတဲ့အထိပေါ့..။ အဲဒီတော့ ညဆိုရင် ရှစ်နာရီခွဲလောက်ဆိုရင် လူက ဇက်ကျိုးချင်နေပြီ..။ မရဘူး..။ ကိုးနာရီလောက်များ တိတ်တိတ်လေး ညီမတို့ကိုလာချောင်း .. ကုလားသေ ကုလားမော အိပ်နေမှာ သေချာတယ်..။ အဲလို အဲလို လုပ်ရတာပေါ့..။ တစ်ရက်တော့ ခါတိုင်းရက်တွေထက် ပိုပင်ပမ်းလို့ ရှစ်နာရီလောက်ကတည်းက ညီမ အိပ်ပျော်သွားတယ်.။ ပြီးတော့ ဆတ်ကနဲ နိုးလာတယ်.။ နာရီကိုကြည့်တော့ မနက်သုံးနာရီတဲ့..။ နိုးလာရတဲ့အကြောင်းက ဗိုက်တအားနာနေလို့..။ ညီမ စိတ်ညစ်သွားတယ်.။ ငါးနာရီခွဲနဲ့ အချိန်ချင်းက သိပ်မကွာချင်ပေမယ့် အဲဒီလောက်အစောကြီး အိမ်သာ ထမသွားချင်ဘူး.။ ထမသွားချင်တဲ့အကြောင်းက အိမ်သာကြောင့်လဲပါတယ်လေ..။ အိမ်သာက နေ့ခင်းဘက်ကို ဝင်လိုက်တာတောင် မသိုးမသန့်နဲ့..။ နောက်ပြီး အိမ်သာနဲ့ ရေချိုးခန်းမှာက မီးသီးတစ်လုံးပဲ ရှိတယ်.။ အိမ်သာတံခါးက အောက်ပိုင်း နဲနဲ ဟနေတော့ အပြင်ဘက်က အလင်းရောင်ကိုတွေ့နေရတယ်..။ လူတွေဘာတွေဖြတ်သွားရင်လဲ အရိပ်တွေ မြင်နေရတာပေါ့..။ ပိုဆိုးတာက တပ်ထားတဲ့မီးသီးကလဲ ထွန်းလိုက်ရင် မှိန်မှိန်လေးရယ်...။ သရဲကားရိုက်ဖို့ အင်မတန် သင့်တော်တဲ့ အိမ်သာမျိုး..။ အခု အချိန်မတော် ဗိုက်ထနာတော့ ညီမလဲ တိုင်ပတ်တာပေါ့..။ အဲဒါနဲ့ အောင့်ထားမယ် စိတ်ကူးပြီး မရမက ဇွတ်မှိတ်နေကြည့်သေးတယ်.။ ချွေးသီးချွေးပေါက်တွေ ကျလာတဲ့အထိကို ပေပြီး အောင့်ကြည့်သေးတာ..။ လုံးလုံး မဟန်တော့တဲ့ အနေအထားကို ရောက်စပြုလာတော့ ညီမရဲ့ အခန်းဖော် အမကြီးကို စစ်ကူတောင်းဖို့ လှမ်းချောင်းတယ်.။ ခမျာလဲ ပင်ပမ်းလွန်းတော့ အိပ်နေတာမှ ဟောက်သံကို ထွက်လို့..။ ပင်ပမ်းတာချင်းတူတူဆိုတော့ စာနာတယ်လေ..။ မနိုးရက်ဘူး..။ ညီမက ဗိုက်ဒုက္ခပေးလို့သာ နိုးလာတာမလား.။ အဲဒါနဲ့ မထူးပါဘူးဆိုပြီး ရဲဆေးတင်ပြီး အောက်ထပ်ကို ဆင်းဖို့ပြင်တယ်.။ လိုရမယ်ရဆိုပြီး ဟမ်းဖုန်းလေးကိုတော့ ထည့်သွားလိုက်တယ်.။ အပေါ်ထပ်ကနေ လှေကားကို ဖော့နင်းပြီး ဆင်းလာလိုက်တယ်.။ ဒီညမှပဲ လှေကားကလဲ ရှည်လွန်းနေသလိုလိုပဲ..။ အောက်ထပ်မှာက အိပ်ခန်း သီးသန့်မရှိဘူးလေ.။ အဲဒီတော့ ခြင်ထောင်နှစ်လုံးထဲမှာ အိပ်မောကျနေတဲ့ ဦးလေးကြီးနဲ့ ကောင်လေးကို မြင်နေရတယ်.။ သူတို့ကို ကျော်ပြီး အိမ်သာထဲကို အသာလေး ဝင်လိုက်တယ်.။ ပြီးတော့ ကိစ္စဝိစ္စရှင်းဖို့ ထိုင်လိုက်တုန်းရှိသေ အိမ်သာမီးက ဖတ်ဆို မှောင်ကျသွားတယ်.။ တိုက်တိုက်ဆိုင်ဆိုင် ဒီအချိန်ကြီးမှ မီးပြတ်တယ်ပေါ့..။ ဖုန်းနဲ့ မမြင်မကန်းမီးရောင်ကို ဖန်တီးပြီး လူက ထိုင်ရမလို ထရမလိုတောင်ဖြစ်သွားတယ်.။ ဒါပေမယ့် အန္တရာယ်က ကြာကြာထပ်လွယ်နိုင်တော့ဘူးလေ..။ ကိုးလို့ကန့်လန့်အနေအထားမှာပဲ မီးက ဖြန်းဆို ပြန်လင်းလာတယ်.။ ဝေး... လို့ မအော်မိယုံတမယ် ပျော်သွားတာ..။ အဲဒါနဲ့ ကိစ္စကို အမြန်ရှင်းရတာပေါ့..။ ရှင်းနေတုန်း တန်းလန်းမှာပဲ ဖတ်ဆို မီးက ပြတ်သွားပြန်တယ်.။ နေပြည်တော်က ဘယ်လိုလဲဟလို့ တွေးရင်း မျက်လုံးတွေက ဟနေတဲ့ တံခါးကြားကိုရောက်သွားတယ်.။ မြတ်စွာဘုရား..။ အပြင်က အလင်းရောင်ကို မြင်နေရတယ်.။ ကြက်သီးတွေ ဖြန်းဆို ထသွားတာများ သံနဲ့ပွတ်ရင်တောင် သင်တုန်းဓားလို ထက်သွားနိုင်တဲ့အနေအထားမျိုး..။ ညီမ ကျောထဲ စိမ့်တက်လာလိုက်တာ..။ တစ်ယောက်ယောက်က မီးကို ကစားနေတာ သေချာသလောက် ရှိနေပြီလေ..။ တူတူ ရှိနေတဲ့ ကောင်လေးများလားလို့ တွေးမိသေးတယ်.။ မဖြစ်နိုင်ဘူး.။ အတွေးများနေတုန်းမှာပဲ မီးပြန်လာတယ်.။ အမြန်သန့်ရှင်းရေးတွေလုပ်ပြီး အပြင်ထွက်ဖို့ ကြံစည်တုန်းမှာပဲ ဖတ်ဆို ပြတ်သွားပြန်တယ်.။ တံခါးချက်ကို ဖုန်းနဲ့ မရမက လိုက်ရှာပြီး ဖွင့်မယ်အလုပ်မှာ အပြင်ကနေ ညီမ နာမည်ကို ခေါ်သံကြားလိုက်တယ်.။ အတူတူ ရှိနေတဲ့ ဦးလေးကြီးပါ..။ အဆင်ပြေလား ကလေးမတဲ့.။ ညီမလဲ ပြေပါတယ်လို့ ပြန်ဖြေလိုက်တယ်.။ မြန်မြန်လုပ်ပြီး မြန်မြန်ထွက်တော့တဲ့ အဲဒီဦးလေးကြီးက..။ ညီမလဲ ဟုတ်ဟုတ်ပေါ့.။ အပြင်ထွက်လာတော့ အဲဒီဦးလေးက ခြင်ထောင်ထဲ ပြန်ရောက်နေပြီ..။ ညီမကို လှမ်းပြောတယ်.။ အိမ်သာမီးလုံးက သိပ်မကောင်းတော့ဘူး နောက်နေ့လဲတပ်လိုက်မယ်တဲ့.။ ညီမလဲ ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီး အပေါ်ထပ်ကို တန်းနေအောင်ပြေးတာပေါ့..။ အပေါ်ရောက်တော့ ခေါင်းမြီးခြုံပြီး ကွေးနေလိုက်တယ်.။ အဲဒီနေ့ကစပြီး နောက်ဆိုရင် လူသူမပြတ်တုန်း ကိစ္စဝိစ္စ ရှင်းထားတဲ့အကျင့်ကို ရသွားရောပဲ..။ အဲလိုနဲ့ အလုပ်ကိစ္စပြီးလို့ ရန်ကုန်ပြန်ရောက်တော့မှ အဲဒီဦးလေးကြီးက ပြောပြတယ်.။ အဲဒီနေ့က ညီမအခြောက်ခံရတာတဲ့.။ သိတော့သိတာပေါ့..။ ဒါပေမယ့် ဒီလိုကြီး အတည်ပြုချက်ရလိုက်တော့ ရန်ကုန်ကနေတောင် လှမ်းပြီး ကြောက်မိသေးတယ်.။ သူပြောပြတာ အဲဒီ တိုက်တန်းဆောက်တုန်းက မတော်တဆဖြစ်ပြီး လူသေဖူးတယ်တဲ့.။ နောက်ပြီး တိုက်ခန်းက အလုပ်ကိစ္စအတွက် ဝယ်ထားတာမို့ အိမ်သစ်တက်တို့ ဘာတို့ မလုပ်ရသေးဘူးလေ.။ ဘုရားစင်တောင်မှ ညီမတို့ အပေါ်ထပ်မှာ အဖြစ်လောက်ပဲ လုပ်ထားတာ..။ အဲဒါတွေကြောင့်လဲ ပါတယ်တဲ့.။ နောက်ပြီး မီးလုံးက ညီမတို့ နေပြည်တော် မရောက်ခင်လေးတင်ကမှ အဲဒီ ဦးလေးကြီး လဲတပ်ထားတာတဲ့.။ သူတို့ အရင်ရောက်နှင့်နေတုန်းကလဲ အိမ်သာတက်ရင် အဲလို မီးက ပွင့်လိုက် ပိတ်လိုက် ဖြစ်နေလို့ မီးခေါင်းများလွတ်နေလားဆိုပြီး အသစ်တောင် လဲထားသေးတာတဲ့.။ ဒါပေမယ့် ထူးမခြားနားပါပဲ.။ အဲဒီထဲကို တစ်ယောက်ထဲ အိမ်သာသွားတက်ရင် ညဘက်ဆိုရင် မီးက အဲလို ပိတ်လိုက် ဖွင့်လိုက်နဲ့ အစခံရတယ်တဲ့.။ စနောက်တဲ့သဘောမျိုးပါတဲ့..။ ဒါပေမယ့် ညီမတော့ မကျေနပ်ပါဘူး.။ ဘယ့်နှယ် စနောက်တာလဲ တစ်ခြားချိန်စပေါ့လို့.။ ဒီလို အိမ်သာတက်နေချိန်ကြီး ကို့လို့ကန့်လန့်ဖြစ်အောင် စစရာလားလို့.။ အခုတောင် အနေမတတ်လို့ မကျွတ်မလွတ်ဖြစ်နေတာကို..။ ထပ်ပြီး အကုသိုလ်တွေ ယူချင်သေးတယ်.။ ဘုတွေးသာ တွေးလိုက်တာ ညီမ တစ်ကယ်တန်းတော့ အဲလောက် သတ္တိကောင်းဝူးရယ်.။ အဲဒါမို့ နေပြည်တော်ကို ထပ်မသွားရပါစေနဲ့လို့ ဆုတောင်းရတာလဲ အမော.။ ပြောသာ ပြောရတာ တစ်ကယ်တမ်းက အဲဒီ နေပြည်တော်က ကိစ္စက ပမွှားလေးရယ်.။ တစ်ကယ့်အကြီးကြီးက ညီမ ရန်ကုန်မှာ တရားစခန်းဝင်တုန်းက ကြုံခဲ့တာပေါ့.။ ညီမ အချိန်ရရင် ပြန်ပြောပြပါ့မယ်...။ အိပ်မက်ပေးတာမဟုတ်ပါဘူးရှင်..။ ကြိုတင်ပြီးတော့ ဇာတ်လမ်းတွေ (သရဲပြောပါတယ်) ရှိသေးတယ်ဆိုတဲ့အကြောင်း ကြေညာမောင်းခတ်ထားတာပါ.။ စိတ်ရှည်လက်ရှည် ဖတ်ပေးလို့ ကျေးဇူးပါရှင့်..။ ဒါကတော့ ပေတမန်ဘာ Mee Lay ရဲ့ ထိုင်ရခက် ထရခက် ကိုယ်တွေ့လေးပါ..။ (ခစ်ခစ်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |