ကြောက်လိုက်ပါဘိ အိုတစ္ဆေ
ရွာတွေနှင့် အတော်အလှမ်းဝေးသည့် မြေကွက်လပ်တွင် ကလေးတသိုက် ဆူညံစွာ ဆော့ကစားနေကြ၏ ။ ကလေးဟုဆိုပေမယ့် အသက်တွေကတော့ ၁၃ နှစ် ၁၄ နှစ်အရွယ်လောက်တွေ ဖြစ်သည် ။ ကျေး လက်တောရွာဆိုတော့လည်း ထိုအရွယ်သည်နှပ်ချေးတွဲလောင်းနှင့် ဆော့ကောင်းတုန်း အရွယ်ပင် ။ က လေး တစ်သိုက်တွင် စုစုပေါင်း ၅ ယောက်ပါဝင်၏ ။ အောင်ဘု ၊ ထွေးညို ၊ မဲလုံး ၊ မှဲ့ကြီး ၊ ချိုကြီး တို့ဖြစ်ကြ၏ ။ ချိုကြီးဆိုသည်မှာ ကျနော့နာမည်ကို အဖျားဆွတ်၍ ခေါ်ဝေါ်ခြင်းပင် ။ နောက်ကာလကြာလာတော့ ချိုကြီးမှ ဂျိုကြီးဖြစ်သွားလေ၏ ။ ထိုအဖွဲ့တွင် ကျနော်က အသက်အငယ်ဆုံးဖြစ်လေ၏ ။ ၁၀ နှစ်သာသာ လောက် ပဲရှိအုန်းမည်။ ကျား ၃ ယောက် မ ၂ ယောက်ဖြစ်၏ ။ ကစားနည်းကတော့ ဂုံညင်းဒိုးပစ်တိုင်း ကစား နေခြင်းပင်ဖြစ်၏ ။ အချိန်ကလည်း တဖြည်းဖြည်းမှောင်လာ၏ ။ ရွာ အခေါ်အဝေါ်တော့ နွားရိုင်းသွင်းချိန်ပေါ့ ။ နွားရိုင်းသွင်းချိန်တွင် အိမ်ရှိလူကြီးများက ကလေးများအား အပြင်သို့ထွက်ခိုင်းလေ့မရှိပေ ။ ရွာလယ်ခေါင်တလျောက် နွားအုပ် ကြီးဝင်လာချိန်တွင် တစ္ဆေ သရဲများ ကပ်ပါလေ့ရှိသည်ဟု အယူရှိသောကြောင့်ပင် ။ ကျနော်တို့ကတော့ လူဆိုး တစ်သိုက်မို့ အပြင်ကိုရောက်ရှိနေလေသည် ။ ဆောင်းတွင်းကာလမို့ အလင်းရောင်နဲနဲမှောင်လာသည်နှင့် မြူတွေက ဝေ့၀ဲလာလေ့ရှိသည် ။ တစ်စ တစ်စ နှင့် အရာရာသည် မပီဝိုးတ၀ါး ။ ကလေးတစ်သိုက်ကတော့ ဇွဲကောင်းစွာနှင့် ဆော့ကောင်းတုန်းပင် ။ ထိုအခိုက် တောင်စောင်းတနေရာမှ စူးစိုက်ကြည့်နေသော မျက်ဝန်း တစ်စုံကိုတော့ သူတို့ သတိမထားမိလိုက်ချေ ။ ရုတ်တရက် ကျနော်ပစ်လိုက်သော ဂုံညင်းက အရှိန်ပြင်းကာ မြေကွက်လပ်ကိုကျော်ပြီး တောင်စောင်း တလျောက် အောက်က လျှိုကြီးထဲသို့လိမ့်ကျသွားလေ၏ ။ ကိုယ့်ဂုံညင်းဒိုးဆိုတော့ ပူထူသွားမိ၏ ။ (ဟာကွာ သွားပါပြီ အောက်ကိုကျသွားပြီ အောင်ဘုရ မင်းကလည်းကွာ သေချာမဖမ်းဘူး ဆင်းရှာရအောင်ကွာ ) (ဟေ့ကောင် ချိုကြီး အချိန်ကိုလည်းကြည့်ဦး မှောင်နေပြီကွ အိမ်ကဆူလိမ့်မယ် ပြန်ကြရအောင်ကွာ ) (ဟာကွာ..အဲဒီဂုံညင်းက ကံကောင်းတယ်ကွ .. ငါမရရအောင်ပြန်ရှာမယ် ကြောက်တတ်တဲ့လူနေခဲ့ကွာ...) (ချိုကြီး မင်းသေချာစဉ်းစားအုန်းနော် ဒီလျှိုကအရမ်းနာမည်ကြီးတာ ညညဆို မီးစုန်းတွေလည်း ပေါမှပေါ ) (ပေါ ပေါကွာ... ငါတော့ဆင်းပြီ မင်းကြောက်တတ်ရင်နေခဲ့ ... ) (ဟ ဖြစ်မလားကွ သွားမယ့်သွား အတူသွားမှာပေါ့ ) ဟုဆိုကာ သူတို့ ငါးယောက်စလုံး လျှိုကြီးထဲသို့ တောင်စောင်းတလျောက် စ၍ ဆင်းလာခဲ့၏ ။ တော်ပါသေးရဲ့ အိမ်မှ အောက်လင်းဓါတ်မီးလေးယူလာခဲ့မိလို့ ။ သူတို့ကစားပြီးပြန်လာလျင် မှောင်လေ့ရှိသောကြောင့် ခွေးရန်မှကာကွယ်ရန် ဓါတ်မီးကို ဆောင်လာခြင်းဖြစ်၏ ။ (ဟေ့ကောင်ဖြည်းဖြည်း ဆင်းပါကွ ဓါတ်မီးကိုင်ပြီး ရှေ့ကနေ အရမ်းဆင်းနေတယ် ) ဟုအောင်ဘုက လှမ်းပြော၏ ။ တယောက်နောက်ကျောမှ အင်္ကျီကို တယောက်ကိုင်ကာ ငါးယောက်တန်းပြီး ဆင်းလာခြင်းဖြစ်သည် ။ တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျသွားလေ၏ ။ တချက်တချက် ဆွဲဆွဲငင်ငင် အူလိုက်သော ရွာသင်္ချိုင်းမှ ခွေးအူသံမှအပ အရာအားလုံးသည် ခြောက်ခြား ဖွယ်ကောင်း လောက်အောင်ပင် တိတ်ဆိတ်နေ၏ ။ (ဟေ့ခဏနေဦး ငါတို့နောက်မှာ အကောင်တကောင်ကောင်လိုက်လာနေသလိုပဲ အသံကြားနေရတယ် ) ဟု အောင်ဘုကဆိုလိုက်ရာ ထွေးညိုက (နင်ကလည်းဟာ မခြောက်ပါနဲ့ဟာ ကြောက်ရတဲ့ကြားထဲ ) ဟုဆို၏ ။ ပြောရင်းထွေးညိုအောင်ဘုနောက်သို့ ကြည့်လိုက်ရာ အနီရဲရဲမျက်ဝန်းတစ်စုံ လှစ်ကနဲပျောက် ကွယ်သွား၏ ။ အောင်မလေးဟုဆိုကာ ထွေးညိုပြေးထွက်မည်ပြုသဖြင့် မနဲဆွဲထားရ၏ ။ (နင်ကလည်းဟာ ဇီးကွက်တွေဘာတွေ ဖြစ်မှာပေါ့ ) ဟု ကျနော်ပြောသာပြောလိုက်ရသော်လည်း စိတ်ထဲကတော့ သိပ် မသင်္ကာချင်ပေ ။ သူတို့ကြောက်မှာစိုး၍ မပြောခြင်းသာ ။ ကျနော်တွေ့တာတောင် ၂ ခါ ၃ ခါရှိနေပြီ ။ လမ်းတွေကလည်း ဘယ်ရောက်လို့ရောက်မှန်းမသိ ။ အစကတော့ဇွဲနှင့် အခုတော့ နဲနဲလည်းချမ်းလာပြီဖြစ်၏ ။ စိတ်ဓါတ်ကကျ ချင်နေပြီ ။ ဒါပေမယ့်လည်း ကိုယ့်ကိစ္စမို့ မာန်တင်းထားရ၏ ။ ထိုအခိုက် ဘွားကနဲ မြေကွက်လပ်ကြီးတွင်တွေ့လိုက်ရသော အိမ်အိုကြီးကြောင့် သူတို့တဖွဲ့လုံး လန့်ဖြန့်သွားမိ၏ ။ အဝေးကကြည့်လျင် လရောင်အောက် မြူခိုးတွေကြား ငုတ်တုတ်ထိုင်နေသော တစ္ဆေ တစ်ကောင်နှင့် တူလှ၏ ။ ဘေးနားက ညောင်ညိုပင်ကြီးကလည်း အသည်းယားဖွယ်ပင် ။ သရဲသဘက် လက်ချောင်းများနှင့် ဆင်တူလှ၏ ။ (ဟေ့ကောင်တွေ အဲဒီအိမ်ကြီးကို သွားကြည့်ရအောင်ကွာ ဟိုမှာ မီးလင်းနေတယ်တွေ့လား ) (အာ ချိုကြီးရာ မင်းကွာ ပြဿနာ အတော်ရှာတာပဲ ငါတို့ကြောက်တယ်ကွ) ( ငါလည်းကြောက်တာပဲ အဖော်တွေနဲ့ပဲကွာ ဘာဖြစ်လည်း ) ကျနော်တို့ပြောဆိုနေကြတုန်း မိန်းကလေး ၂ ယောက်ကတော့ ဒူးတွေပင် တုန်နေပြီ ။ ထိုအခိုက် အိမ်အိုကြီးကို လှမ်းကြည့်လိုက်တော့ စောစောကလင်းနေသော မီးရောင်က ဖျက်ကနဲဆို မှိတ်သွားလေ၏ ။ မတိုင်ပင်ထားပဲ ငါးယောက်စလုံး ပြိုင်တူ ကြက်သီးထမိသွား၏ ။ ဒီလိုနဲ့ ကျနော်ဦးဆောင်၍ ရှေ့မှသွားလေ၏ ။ အိမ်ကြီးသို့ရောက်ခါနီး ၁၀ ကိုက်လောက်အလိုတွင် ဆိုးဆိုးဝါးဝါး ပုပ်စော်နံ့နံလာ၏ ။ ရုတ်တရက်တစ်စုံတစ်ခုကို တိုက်မိပြီး ကျနော် မှောက်ရက်သား လဲကျသွား၏ ။ ဓါတ်မီးကရှေ့လှမ်းလှမ်းမှ မြက်ပင်တွေကြားထဲမှာ ။ ဓါတ်မီးအလင်းရောင်အတိုင်း ပြိုင်တူကြည့်မိတော့ လားလား.... နွားသေကောင်ကြီးထဲမှ အူတွေက အခွေလိုက်ထွက်ကျနေ၏ ။ ဘေးမှာလည်း ယင်ကောင်တွေက တ၀ုန်းဝုန်း ။
ထိုမြင်ကွင်းကို ကြည့်ပြီး ငါးယောက်သား ပြိုင်တူ ကြက်သီးထမိသွား၏ ။ နွားသေကောင်ကြီးက သတ္တ၀ါ တစ်ကောင်ကောင် ကဗိုက်ကို ကိုက်၍ ဖောက်ထားသည့်နှယ် ။ ကျနော်တို့လည်း မြင်ကွင်းကို ဆက်မ ကြည့်ရဲတော့ပဲ ဓါတ်မီးကို အမြန်ကောက်၍ အိမ်ကြီးဆီသို့ ဆက်လက်ချီတက်ခဲ့ကြသည် ။ တခါတရံ ညဉ့်ငှက် တစ်ကောင် စူးစူးဝါးဝါး ထအော်သံ ကြောင့် ကြောက်စိတ်ကို ပို၍ အားပေးနေယောင်ပင် ။ အိမ်ကြီးဆီသို့ ရောက်ခါနီး လေ အနံ့များက ပို၍ ဆိုးလာလေပင်ဖြစ်၏ ။ (ဟေ့ကောင်ချိုကြီး ငါတို့ဒီထဲမ၀င်ပဲ ပြန်တက်ရအောင်ကွာ လုပ်ပါ ငါကြောက်နေပြီကွ ) ( အာ..မင်းကလည်း ရောက်ပဲရောက်နေပြီ ငါးယောက်တောင်ကွာ ဘာမှမဖြစ်ပါဘူး ငါတို့ လက်နက် တစ်ခု ခုတော့ ရှာသွားရအောင် လိုလိုပိုပိုပေါ့ ) ဟု ဆိုပြီး အနေတော် တုတ်ချောင်းများကိုလိုက်ရှာကြလေသည် ။ ကျနော်ကတော့ ၃ ပေလောက်ရှိမည့် ၀ါးရင်းတုတ်တစ်ချောင်းကို ဆောင်ထားလိုက်သည် ။ အချို့ကလည်း ကျောက်ခဲ ၊ အချို့ကလည်း သစ်ကိုင်း စသဖြင့် ကိုယ့်ကြိုက်ရာ ကိုင်ဆောင်ထားကြတော့သည် ။ အိမ်ကြီးထဲသို့ စ၍ ၀င်ပါပြီ ။ တၾကြီၾကြီ မြည်သွားသော အသံကြောင့် လူမနေသည်မှာ ကြာပြီဖြစ်မှန်း ခန့်မှန်း၍ ရသည် ။ လူသုံးယောက် မနဲတွန်းဖွင့်ပါမှ တံခါးမကြီးက မပွင့်ချင်ပွင့်ချင်နှင့် ပွင့်သွားလေ၏ ။ ဓါတ်မီးနှင့်လျောက်ထိုးကြည့်တော့ နေရာတိုင်းမှာ ပင့်ကူမျှင်တွေနှင့် ပရိဘောဂအဟောင်းတွေသာရှိလေသည် ။ ဘေးပတ်ပတ်လည်ကို ကြည့်မိတော့ ပိတ်ထားသော အခန်းပေါင်း ၆ ခု နှင့် ပေါ်ထပ်သို့တက်သွားသော ကြောင်လိမ်လှေကား တစ်ခုကိုတွေ့ရ၏ ။ ရှေ့ဝင်ပေါက်တည့်တည့်မှာတော့ သတ္တ၀ါ မျိုးစုံ၏ အရိုးခေါင်းများကို အစီအရီချိတ်ဆွဲထား၏ ။ ငါးယောက်လုံး ပြိုင်တူရပ်ကာ အခြေအနေကို အကဲခတ်မိ၏ ။ ထူးခြားမှုမရှိသောအခါမှ ရှေ့သို့ ဆက်ပြီးလှမ်းလာခဲ့သည် ။ ထိုအခိုက် အရိပ်လိုလိုအရာတစ်ခုကို လှေကားထပ်မှာ တွေ့လိုက်ရ၍ ကြည့်လိုက်ကြရာ လှစ်ကနဲပျောက်သွားပြန်သည် ။ အလိုလိုကျောချမ်းသွားမိ၏ ။ ရှေ့သို့ အနည်းငယ်ခြေလှမ်းမိသောအခါမှ စောစောက ဖုန်တွေကပ်နေ၍ သေချာမကြည့်မိလိုက်သောအရာမှာ ပန်းချီကား တစ်ချပ်ဖြစ်နေသည် ။ ထိုပန်းချီကားမှာ နေ၀င်ချိန်တွင် အမဲသတ်သမားတို့က နွားတစ်ကောင်အား ဇာတ်မှပိုင်း၍ ခုတ်သတ်နေပုံကို ဆီဆေးဖြင့်ရေးဆွဲထားခြင်းပင်ဖြစ်သည်။ လက်ရာမြောက်လွန်း၍ ထိုအထဲမှ အမဲသတ်သမား၏ မျက်ဝန်းများမှာ တကယ်ပင် အသက်ဝင်နေသလားဟုပင်ထင်နေမိ၏ ။ ထိုပန်းချီကားကြီး၏ ဘေးမှာ တော့ သော့တွဲကြီး တစ်ခုကိုတွေ့ရလေသည် ။ ကျနော်လည်း သော့တွဲကို သွား၍ ဖြုတ်ယူလိုက်သည် ။ ပန်းချီကားထဲမှလူကြီးက ကျနော့ကို ကြည့်နေသယောင်ပင် ။ ကျောချမ်းချမ်းနှင့် သော့တွဲယူပြီးသည်နှင့် ဘေးဖက်တွေကို လျောက်ပြီး လေ့လာကြည့်မိသည် ။ အခန်းတိုင်းက ရှေးကိုလိုနီခေတ်တုန်းက ပုံသဏ္ဍာန်ဖွဲ့စည်းထားသည် ။ သော့တွဲတွေမှာလည်း သူ့နံပါတ်အလိုက်ရေးထားသည် ။ သော့တံပေါင်း ၄၄ တံတိတိရှိသည် ။ ထို့ကြောင့် အခန်းပေါင်း၄၄ ခန်းလောက်ရှိမည်ဟု ခန့်မှန်းရသည် ။ ထိုခန့်မှန်းချက်သည် နောင်အခါမှ မှားယွင်းခဲ့မှန်းသိလာခဲ့သည် ။ ကဲ ... အခန်းနံပါတ် ၁ ကနေစ၀င်ကြရအောင် ။ ကျနော်ကပြောပြောဆိုဆို ပန်းချီကားကို အမှတ်တမဲ့ပြန်ကြည့်လိုက်ရာ ကျောချမ်းသွားလေသည် ။ ကျနော်စောစောကကြည့်ခဲ့သော နွားသတ်သမား၏ နောက်တွင် ဘာမှမရှိ ။ အခုတော့ လူတစ်ယောက်ပုံစံရောက်နေခြင်းပင် ။ ကျနော်လည်း ဟိုကောင်တွေကြောက်လန့်မည်စိုးသဖြင့် ဘာမှမပြောတော့ပဲအခန်း၁ ထဲသို့စ၍ ၀င်လာခဲ့တော့သည် ။ (ကျွီ......ကျီ... ) (ဖလပ်....ဖလပ်...ဖလပ်....) ဆီမ၇ှိသဖြင့် တံခါးက ခြောက်ခြားစရာ အသံဖြင့် တဖြည်းဖြည်းပွင့်လာလေသည် ။ လင်းနို့ငှက် တွေထပျံသွားသဖြင့် အကုန်လုံး မျက်နှာတွေ အုပ်လိုက်ကြရသည် ။ အခန်းထဲကိုကြည့်မိတော့ ကုတင်တလုံးနှင့် ဆေးလိပ်ပြာခွက်တစ်ခု ဗီဒိုအဟောင်းတစ်လုံးကို တွေ့ရလေသည် ။ ပုပ်စော်ကတော့နံနေတုန်းပင် ။ ထိုအခိုက် အခန်းထဲမှ ဗီဒိုထဲမှ တံခါးတချပ်က တ၀က်တိတိပွင့်သွားလေသည် ။ ကျနော်လည်း သိချင်စောနှင့် တံခါးကို သွား၍ ဆွဲဖွင့်လိုက်ရာ အထဲမှ သွေးသံရဲရဲနှင့် ယုန်ကလေးတစ်ကောင်ထွက်ကျလာသည် ။ ယုန်ကလေးက က တစ်ကိုယ်လုံး ဒါဏ်ရာတွေနှင့် သွေးအ လိမ်းလိမ်းနှင့် သနာစဖွယ် သေဆုံးနေပြီ ။ ကျနော်လည်း ယုန်ကလေးကို ကိုင်ကြည့်ရာ ပူပူနွေးနွေးပင်ရှိသေးသည် ။ (ဟင် ယုန်ကနွေးနေသေးတယ်ကွ..ဒါဆိုသေတာမကြာသေးဘူး ထင်တယ် ) ပြောပြောဆိုဆို ဟိုကောင်တွေကို ကြည့်လိုက်ရာ ကြောက်လန့်စိတ်ဖြင့်တစ်ကောင်မှ တုတ်တုတ်မလှုပ်ကြတော့ ။ ကျနော် လည်း ကုတင်ကို ပတ်ပြီးလေ့လာကြည့်ရာ လားလား ယခုမှ ဆေးပေါ့လိပ် တိုက မီးသေစ ပင်ရှိသေးသည် ။ မီးခိုးငွေ့လေးတွေ တလူလူ ပင်ရှိသေးသည် ။ ကျနော်တို့လည်း အခန်းထဲတွင် ကြာကြာမနေ၀ံ့ပဲ အပြင်သို့ ပြန်ထွက်ခဲ့၏ ။ ထိုအခိုက် ကျနော်တို့ဝင်ခဲ့သော တံခါးမကြီးမှာ လေတိုက်သော အရှိန်ကြောင့် ၀ုန်းဆို ပြန်၍ ပိတ်သွားလေသည် ။ ကျနော်တို့လည်း ပြေး၍ ဖွင့်ကြည့်ရာ ဘယ်လိုမှ ဖွင့်၍ မရတော့ပေ ။ အိမ်ကြီး၏ အပေါ်ထပ်ဆီမှ (ဒင်...ဒေါင်....ဒင်....ဒေါင်...) ဟူသောအသံကိုကြားလိုက်ရ၏ အသံကို ရေတွက်ကြည့်လိုက်တော့ ည ၁၂ နာရီတိတိရှိပြီ ။ အပြင်က လရောင်ကလည်း ရုတ်တရတ် ပိန်းပိတ်အောင်မှောင်သွားလေသည် ။ အော်..ဟုတ်သား ဒီနေ့လကွယ်ညပဲ ။ ယခုမှ ကျန်သော အခန်းတွေကို ဆက်မ၀င်သေးပဲ ( အမှန်တော့ကြောက်စိတ်မပြေသေး၍) ဓါတ်မီးနှင့် နှံ့စပ်အောင်ထိုးကြည့်သောအခါကြောင်လိမ်လှေကားအောက်တွင် ပန်းအိုးကြီး တစ်လုံးကိုတွေ့ရလေသည် ။ ထိုပန်းအိုးကြီး အရွယ်အစားအတော်ကြီးမားပြီး လှေကားကွယ်နေ၍ မမြင်ရခြင်းပင် ။ ကျနော်တို့ထဲမှ မဲလုံးက ပန်းမြင်လျင် အရာရာမေ့သွားပြီး ပန်းအိုးကြီးဆီသို့လျောက်သွားလေသည် ။ ( ဟယ် ပန်းလေးတွေလှလိုက်တာ ) ပြောပြောဆိုဆို ပန်းအိုးကို ပန်းတစ်ပွင့်ကို ပန်းအိုးထဲမှ ထုတ်လိုက်ရာ.... ( ဝေါ.........ဝေါ...........) ဟုအသံမြည်လာပြီး တံခါးမကြီး၏ ရှေ့တည့်တည့်မှ ကြမ်းပြင်တွင် အပေါက်ကြီးတစ်ခုပွင့်လာခဲ့လေသည် ။ ကဲမထူးပါဘူး ကျနော်ဦးဆောင်၍ ထိုအပေါက်ကြီးထဲသို့ မီးထိုးကြည့်ရာ မြေအောက်ခန်းသို့ ဆင်းသော လှေကား တစ်ခုဖြစ်နေလေသည် ။ ကျနော်လည်း ဘာတွေရှိနေအုန်းမလဲဆိုသည့်အတွေးဖြင့် မြေအောက်ခန်းသို့ စ၍ ဆင်းလာခဲ့သည် ။ အောက်ခြေသို့ရောက်သောအခါ အား...ပါး...ပါး...ကြမ်းပြင်တစ်ခုလုံး သွေးတွေက ပြည့်လျှံနေသည် ။ အနဲဆုံး ၂ လက်မထုလောက်တော့ရှိမည် ။ ဒါကြောင့် သွေးညှီနံ့တွေ ပုပ်စော်တွေနံနေတာကိုး... ။
သွေးညှီနံ့တွေကို အော်ဂလီဆန်နေတုန်း ရုတ်တရက်ကြားလိုက်ရသည့် ခြေသံလိုလို အသံကြောင့် ငါး ယောက်စလုံး နံရံသို့သွား၍ ကပ်လိုက်ကြသည် ။ ခြေသံသာကြားနေရပြီး ထူးထူးခြားခြား လှုပ်ရှားမှုမျိုး တော့မရှိချေ ။ ခြေသံက ကျနော်တို့ကပ်နေသည့် နံရံနောက်တွင် ရုတ်တရက်ပျောက်သွားလေသည် ။ အင်းဇာတ်လမ်းကတော့ စပြီ ။ ကျနော်က အစွန်ဆုံးမှာဆိုတော့ အသိမသာ အနောက်နံရံဆီသို့ ချောင်းပြီး ကြည့်လိုက်သည် ။.အားပါးပါး ဘယ့်နှင့် ပုံဆိုးပန်းဆိုး သတ္တ၀ါပါလိမ့် ။ အရပ်ကပုပု ဆံပင်ကရှည်ရှည် ကျောကုန်းမှာ ဘုကြီး တစ်ခုကရှိသေးသည် ။ လက်ထဲမှာ လည်း တံစဉ် လိုလို သံကောက်လိုလို တစ်ခုကို ကိုင်ထားသေးသည် ။ အင်း လာခဲ့မိတာ မှားပြီထင်သည် ။ ဘေးဖက်မှ လေးယောက်လုံးကို ပြန်ကြည့်မိတော့ မျက်နှာတွေက ဖြူဖတ်ဖြူရော် ။ သွေးပျက်နေကြပေပြီ ။ ၁၀ မိနစ်လောက်ကြာတော့ အရာအားလုံးသည် ချောက်ခြားဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်သွားပြန်သည် ။ ကျနော်လည်း အားလုံးကို အချက်ပြပြီး ပတ်ဝန်းကျင်ကို လိုက်၍ အကဲခတ်လိုက်သည် ။ နံရံတွေက မြင်မကောင်းလောက်အောင် ပင် ယိုယွင်းပျက်ဆီးနေကြသည် ။ သရဲလိုလို ဘာလိုလို အကောင်တွေကိုပုံဆိုးပန်းဆိုး ပန်းချီဆွဲထားသော အရာများကို နေရာအနှံ့တွေ့ရလေသည် ။ ကျနော်တို့လည်း ရှေ့တည့်တည့်မှ လမ်းအတိုင်း ဆက်၍လျောက်လာခဲ့သည် ။ အခန်းတွေက အများကြီးပင် ဖြစ်သည် ။ ထိတ်လန့်ကြောက်ရွံ့လာသည့်အတွက် အခန်းပေါင်း မည်မျှ ရှိသည်ကိုပင် မမှတ်နိုင်အားတော့ပေ ။ နဲနဲဆက်လျောက်ပြီးသည်နှင့် အရှေ့မှ အခန်းတစ်ခုက ရုတ်တရက် ကြွီ ဟု အသံမြည်ပြီး ပွင့်သွားလေသည် ။ ကျနော်လည်း သိလိုဇောနှင့် ချောင်း၍ကြည့်မိရာ.......နွားခေါင်းပေါင်းများစွာကို သံချွန်များနှင့် ချိတ်ဆွဲထား သည်ကို တွေ့ရလေသည် ။ ထိုခေါင်းများမှ သွေးများက တစ်စက်ပြီး တစ်စက် ကြမ်းပြင်ပေါ်သို့ကျနေခြင်းပင် ဖြစ်သည် ။ မြင်ကွင်းက အော်ဂလီဆန်စရာကောင်းလှသဖြင့် ဆက်လက်၍ မကြည့်တော့ပဲ ရှေ့သို့ဆက် လာခဲ့သည် ။ မကြာမီ အသံပေါင်းစုံကြားလာ၍ နားစွင့်ကြည့်ရာ နွား အော်သံလိုလို လူအော်သံလိုလို ကြောက်မက်ဖွယ်အော်သံများကို ပီပီပြင်ပြင်ကြားလာရတော့သည် ။ ဟိုကောင်တွေကတော့ ခြေလှမ်းမဆက် တော့ပဲ အပေါ်ထပ် ပြန်တက်ရန်သာ လက်တို့နေသည် ။ ကျနော်လည်း လေသံတိုးတိုးဖြင့် (ဟေ့ မင်းတို့လေးယောက် အပေါ်ပြန်တက်နှင့်ကွာ ငါခဏလောက် သွားကြည့်ပြီး ပြန်တက်လာခဲ့မယ် ) (အာ...ချိုကြီးရာ သေတော့မှာပဲ မင်းကတားလည်းရမှာမဟုတ်ဘူး မြန်မြန်ပြန်တက်ခဲ့နော် ) (ဟဲ့ ချိုကြီး မြန်မြန်ပြန်တက်လာနော် နင်မရှိရင် ငါတို့ကြောက်တယ်ဟဟို ၂ကောင်က နဂိုထဲက ငကြောက်တွေ ) (အေးပါဟာ ကဲ သွားတော့ သွားတော့ ) ဟုဆိုပြီး သူတို့ကို ပြန်လွှတ်လိုက်လေသည် ။ ကျနော်တစ်ယောက်တည်း ဓါတ်မီးကိုလည်း သူတို့နှင့် ထည့်ပေးလိုက်ရာ အရာအားလုံးသည် မှုန်ပြပြ သာ ။ အသံများကြားရာဆီသို့ အတတ်နိုင်ဆုံး ခြေသံကို နှိမ့်ပြီး ဆက်လက်လျောက်လာခဲ့သည် ။ အသံတွေက တဖြည်းဖြည်းကျယ်လောင်လာသည် ။ မီးရောင်လေးမှိန်မှိန်လေး ထွန်းထားသော အခန်းမှ ကြားနေရခြင်းဖြစ်သည် ။ မရဲတရဲနှင့်ချောင်းကြည့်လိုက်တော့.....အား.....ပါး..နွား ၁၀ ကောင်လောက်ကို လည်းပင်းများအား သစ်သားစွပ်များနှင့်စွပ်ကာ စိမ်ပြေနပြေ ဓါးများနှင့် တယောက်တ လှည့်ခုတ်နေခြင်းပင်ဖြစ်သည် ။ မြင်ကွင်းကိုကြည့်ပြီး ကြက်သေ သေသွားမိသည် ။ လူများတော့မဟုတ်တန်ရာ ။ ဂြိုလ်သတ္တ၀ါ လိုလို မိစ္ဆာကောင်တွေလိုလို နှင့် တစ်ချို့ကလည်း ထိုနွားဦးခေါင်းပြတ်များမှ ထွက်လာသော သွေးများကို လျာနှင့် လျှက်သူကလျှက်နေသေးသည် ။ ကျနော်လည်း ဒူးတွေတုန်ပြီး ပြန်လှည့်ထွက်မည်အပြုတွင် ရုတ်တရက် ခြေခေါက်ကာ ဗိုင်းကနဲ လဲကျသွားလေသည် ။ အခန်းထဲမှ ၀ူးဝူးဝါးဝါး အသံတွေကြားကာ အပြင်သို့ထွက်လာသံများကို ကြားရလေသည် ။ ကျနော်လည်း ကြောက်ကန်ကန်ပြီး နောက်လှည့်၍ ပြေးမိပြေးရာ ပြေးထွက်လေတော့သည် ။ နောက်မှ လိုက်လာသံများကိုလည်းကြားရာ အပေါ်သို့ တက်သည့်လမ်းကို ပင်မရှာနိုင်တော့ပဲ ပြေးမိပြေးရာ စွတ်ပြီး ပြေးထွက်လာမိသည် ။ ရှေ့သို့အားသွန်ခွန်စိုက် ပြေးနေသော်လည်း နောက်မှ တစ်စုံတစ်ဦးက လှမ်းဆွဲထားသလို ခံစားနေရသည် ။ ချော်လဲမည်စိုးသဖြင့် ထိမ်း၍ ပြေးနေရခြင်းကြောင့်လည်း ဖြစ်နိုင်သည် ။ ရုတ်တရက် ထောင့်ချိုးတစ်ခုတွင် တံခါးပေါက်တစ်ခုတွေ့၍ လှစ်ကနဲပြေးဝင်လိုက်သည်။ ပြီးနောက်တံခါးကို ပိတ်ကာ ပြန်စေ့ထားလိုက်သည် ။ လိုက်လာသော ခြေသံများလည်း နီးလာချေပြီ ။ (ဟေ့ ကောင်တွေ လူဝင်နေတယ်ကွ ခုနကတွေ့လိုက်တယ် ) (ဟုတ်တယ် ဒီရှေ့တည့်တည့်ပဲ ဖြစ်မယ် လိုက်ကွာ ...)
ဟူသောစကားသံများအား မပီဝိုးတ၀ါးကြားရသည် ။ ထိုစကားသံများသည် သက်ရှိလူသားများ၏ စကားသံ များလော ။ သို့တည်းမဟုတ် နာနာဘာဝများပင်လော ။ လူများဆိုလျှင်လည်း ဒီလောက်ကြောက်မက်ဖွယ် လျှိုကြီးထဲမှ အိမ်ထဲတွင် နေထိုင်သည်မှာ မဖြစ်နိုင်ပေ ။ ကိုယ့်ဘာသာ တစ်ယောက်တည်း တွေးရင်းကျောချမ်းသွားမိသည် ။ ဟိုကောင်တွေရော အန္တရာယ်က ကင်းပါ့မလား ။ သို့သော် သူတို့က အပေါ်ထပ်မှာ ဆိုတော့ ကြံဖန်ပြီး လွတ်မြောက်အောင် ထွက်ပြေးနိုင်သည် ။ ကိုယ့်မှာတော့ မြေအောက်ထပ် ထဲ မှာ မှောင်မှောင်မဲမဲတစ်ယောက်တည်း ။ တွေးရင်းအခန်းထဲသို့ ကြည့်မိလိုက်သောအခါမှာတော့........ သူ ရုတ်တရက်ကြက်သေ သေသွားမိသည် ။ မျက်လုံးက ဇကောလောက် ရှိပြီး နီရဲတောက်ပနေသည် ။ ပါးစပ်ထဲမှလည်း အစွယ်ကြီး ၂ချောင်းနှင့် ။ သွေးများက ထို အစွယ်များထံမှ တတောက်တောက်ကျနေသည် ။ အရပ်ကြီးကလည်းလူအရပ်ထက် ၂ ဆခန့်ရှိမည် ။ တစ်ကိုယ်လုံး အမွှေးအမျှင်တွေနှင့် ဖုံးအုပ်နေသည် ။ ကျနော်လည်း မမြင်ဖူးသည့် မြင်ကွင်းကိုကြည့်ရင်း အံ့သြထိတ်လန့်နေမိသည် ။ သရဲထက်ကြီးသော သဘက်ဆိုသည်မှာ ယခုမြင်နေရသော သတ္တ၀ါကြီးအား ဆိုလိုခြင်းလားမသိ ။ ကျနော်သတိပြန်ဝင်လာပြီး ထွက်ပြေးမည်ပြုပြီးမှ တစ်စုံတစ်ခုကို သွား၍ စဉ်းစားမိသည် ။ ထိုသတ္တ၀ါကြီးသည် ကျနော့်ကို စူးစိုက်ကြည့်နေယုံမှအပ ငြိမ်သက်နေခြင်းပင် ။ သူလည်း နဲနဲ ကြောက်စိတ်ပြေလာသည်နှင့် ရှေ့သို့ တဖြည်းဖြည်းတိုး၍ ကပ်သွားမိသည် ။ ထိုအခိုက် " ၀ုန်း " ဆို သတ္တ၀ါကြီး၏ ဦးခေါင်းကြီးသည် ပြတ်ထွက်ကာ အောက်သို့လိမ့်ဆင်းလာခဲ့သည် ။အောင်မငီး....ကျနော်လည်း ထိုအခါမှ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင်ပြေး ထွက်လာခဲ့သည် ။ အပြင်ရောက်တော့ တံခါးကို အမြန်ဆွဲပိတ် လိုက်သည် ။ အထဲမှဘာသံမှ မကြားရတော့ပေ ။ အပြင်ရောက်တော့ ညှော်နံ့လိုလို အနံ့တစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည် ။ အချိန်ကို ခန့်မှန်းကြည့်ရသည်မှာ ၁ ချက်ထိုးကျော်ကျော်လောက် တော့ရှိမည် ။ ဟိုကောင်တွေနှင့်ပြန်တွေ့ရန် အပေါ်ထပ်တက်သည့်လှေကားကို ပြန်ရှာရဦးမည် ။ အမှောင်ထဲမှာမို့ စမ်းစမ်းပြီး လျောက်လာခဲ့သည် ။ ကွမ်းတယာညက်ခန့်လျောက်ပြီးသည်နှင့် မီးရောင်မှိန်မှိန်ကို စတင်တွေ့လိုက်ရသည် ။ အညှော်နံ့ကလည်း ပို၍ ဆိုးလာခဲ့သည် ။ ရုတ်တရက် ခြေထောက်ကို တစ်စုံတစ်ခုကလာပတ်နေ၍ ကြက်သီးမွှေးညှင်းများပင် ထောင်လာသည် ။ တုတ်တုတ်မျှပင် မလှုပ်ရဲ ။ မရဲတရဲ အောက်ကို ငုံ့ကြည့်လိုကတော့..... အား..လား လား မြွေကြီး တစ်ကောင်ပင်ဖြစ်ဟန်တူသည် ။ မြွေကြီးက ခြေထောက်ကို ရစ်ပတ်ပြီးသည်နှင့် ငြိမ်သက်နေသည် ။ အသက်ပင် ရဲရဲ မရှုဝံ့ပေ ။ ၃ မိနစ်ခန့်ရစ်ပတ်ပြီးသောအခါ ဘေးဖက်သို့ တရွှေ့ရွှေ့တိုး ပြီး ဆင်းသွားလေသည် ။ မျှော့ လိုလို မြွေလိုလို ဘာအကောင်မှန်းတော့ သေချာမသိလိုက်ပေ ။ ချွဲကျိချွဲကျိနှင့် ကလေး တစ်ယောက်ပေါင်လုံးလောက်တော့ အသာလေး ရှိသည် ။ ထိုအကောင်ကြီး ထွက်သွားသည်နှင့် အခန်းနားသို့ တဖြည်းဖြည်းချဉ်းကပ်လာခဲ့သည် ။ ခြေသံမကြားအောင်သွားပြီး ချောင်းကြည့်လိုက်သောအခါတွင်.............. ဟိုက် မြင်ကွင်းက မယုံနိုင်စရာပင် ။ နွားလိုလို အကောင်ကြီးကို အလယ်တွင်ထားပြီး အူတွေကို ဒီတိုင်း ဓါးများနှင့် ကလော်ပြီး စားသောက်နေသော လူလိုလို သရဲလိုလို ကောင် ၄ ကောင်ကိုတွေ့လိုက်သည် ။ ဘေးမှာလည်း မီးဖိုကြီးနှင့် ။ ဒါကြောင့်ညှော်နဲ့ထွက်နေတာကို ။ ကိုယ်တောင်ကြည့်ပြီး ပျို့ချင်သလိုပင်ဖြစ်လာသည် ။ ဒီတစ်ခါတော့ သူတို့မသိအောင် တိတ်တိတ်လေး အခန်းကိုကျော်ပြီး ထွက်သွားလိုက်သည် ။ တော်ပါသေးရဲ့ ဘယ်သူမှ မရိပ်မိလို့ ။ ရှေ့သို့ခရီးဆက်လာခဲ့သည် ။ အမှောင်တောထဲ ပြန်ဝင်ရသလိုပင် ။ ခမ်းလှမ်းလှမ်းလျောက်လာပြီးနောက် ကြမ်းပြင်က ခြောက်သွေ့လာသည်ကို သတိထားမိသည် ။ အား တက်လာပြီး ဆက်လျောက်လာရာ မကြာမီပင် အိမ်ကြီး ၏ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်ပေးနိုင်သည် ဟု ပြော၍ ရသော အခန်းကျယ် တစ်ခုထဲသို့ရောက်လာခဲ့သည် ။ ထိုအခန်းထဲတွင် ကုတင်တစ်လုံး မီးမထွန်း ထားပဲနှင့် စာဖတ်၍ ရနိုင်လောက်အောင်ပင် အလင်းရောင်ရလျက်ရှိသည် ။ ကုတင်ဘေးတွင် ခပ်ညစ်ညစ် စာအုပ်တစ်အုပ်ရှိသည် ။ လူမ၀င်တာကြာပြီဖြစ်သည့်အတွက် ဖုန်အလိမ်းလိမ်းတက် ၍ ရှိသည် ။ ကျနော်လည်း နဂိုထဲက စပ်စုတတ်သည့် ညဉ်ရှိသည့်အလျောက် စာအုပ်လေးကို လှန်လှော၍ ဖတ်ကြည့်မိသည် ။ ထိုအခါမှ အိမ်ကြီး၏ လျှို့ဝှက်ချက်အားလုံးကို သိရှိခွင့်ရခဲ့တော့သည် ။ စာအုပ်ကိုဖတ်ပြီးသည်နှင့် ကျနော် တွေဝေမနေတော့ပဲ အခန်းထဲမှ ထွက်ကာ ဆက်၍ လျောက်လာခဲ့သည် ။ ဟော... ကံကြမ္မာက ကိုယ့်ဖက်ပါလာသည်လားမသိ ။ ကျနော်ဆင်းလာခဲ့သည့် လှေကားကို တွေ့လိုက်ရသည် ။ သို့သော် ကံဆိုးသွားသည်က ကျနော့်နောက်တွင် ဘယ်အချိန်ကတည်းက နောက်ယောင်ခံလိုက်လာမှန်းမသိသော အမဲကောင်ကြီးကို ဖျက်၍စားသောက်နေသော ၄ ယောက်က တဖြည်းဖြည်းလှမ်းလာသည်ကိုတွေ့လိုက်ရသည် ။ ဟိုက် နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ ဟုကိုယ့်ကိုယ်ကို ပြောကာ အသားကုန်ပြေး၍ လှေကားပေါ်သို့ပြေးတက်လာခဲ့သည် ။ သို့သော်ထူးဆန်းသည်က ကျနော်ပြေးသွားသော်လည်း ဟိုလေးကောင်က ပြေးမလိုက်လာပဲ ခပ်နှေးနှေးပင် လိုက်လာသည် ။ ကျနော်လည်း လှေကားပေါ်ရောက်သည်နှင့် ပန်းအိုးထဲသို့ ဘေးဖက်တွင်ကျနေသော ပန်းတစ်ပွင့်ကို ပြန်စိုက်လိုက်သည် ။ ထိုအခါမှ " ဝေါ...ဝေါ " ဟုအသံမြည်ကာ တံခါးကြီးက ပြန်ပိတ်သွားခဲ့သည် ။ အပေါ်ရောက်သောအခါ မှ သူငယ်ချင်းလေးယောက်စလုံးက ဘာမှမဖြစ်ပဲ သူ့ကို စောင့်နေသည် ကိုတွေ့လိုက်ရသည် ။ ဟူးတော်ပါသေးရဲ့ ။ (ချိုကြီးရာ ကြာလိုက်တာကွာ တော်ပါသေးရဲ့ ငါတို့အားလုံးကမင်းတစ်ခုခုဖြစ်ပြီးမှတ်လို့ ) (တစ်ခုခု ဖြစ်တော့မလို့ပဲကွ နဲနဲပဲလိုတယ် ငါဒီအိမ်ကြီးရဲ့ လျှို့ဝှက်ချက်ကို သိလိုက်ရပြီ) ဟု ဂုဏ်ယူဝင့်ကြွားဟန်နှင့်ပြောလိုက်ရာ (အောင်မာ သကောင့်သားက ပျော်နေပုံရတယ် ဒီအိမ်ကြီး ထဲက ပြန်ထွက်နိုင်အောင်လုပ်ရဦးမယ် သိပ်ပျော် မနေနဲ့ဦး) (ဟဟဟ လျှို့ဝှက်ချက်အားလုံး သိလိုက်ပါပြီဆို ဘာတွေကြောက်နေတာလဲကွ ကဲသွားကြမယ် လာ ) ဟုဆိုပြီး ကျနော်ဦးဆောင်၍ အိမ်ကြီး၏ နံပါတ် ၄ မြောက်တံခါးကို ဖွင့်ပြီးဝင်ခဲ့ကြတော့သည် ။ ၀င်ဝင်ခြင်းဆီးကြိုနေသည်က အခန်းတစ်ခုမဟုတ်ပဲ ရေညှိများတက်နေသော တောလမ်းလေးတစ်ခုပင် ။ ဟိုကောင်တွေကတော့ ဘယ့်နှယ့်အိမ်ထဲမှာ တောလမ်းရောက်နေပါလိမ့်ဟုဆိုပြီး အံ့သြနေဟန်ပင် ။ ကျနော်လည်း ဘာမှ မပြောတော့ပဲ ဆက်၍ လျောက်လာခဲ့သည် ။ ၁၀ ပေလောက်လျောက်ပြီးသည်နှင့် လက်သီးဆုပ်လောက် ရှိသော ပင့်ကူများက ဆီး၍ ကြိုနေပြန်သည် ။ (ဟေ့ကောင်တွေ ရော ဒီဆီလေးကို လိမ်းထားကြ ခြေထောက်တွေမှာ အဲဒါ အသားစား ပင့်ကူတွေကွ လူမနေလို့ ဒီမှာ ဒီကောင်တွေ ကြီးချင်သလောက်ကြီးနေတာ ) ဟုဆိုပြီး ကျနော် စာအုပ်ဖတ်သော အခန်းထဲမှ ယူလာခဲ့သော ပုလင်းလေးအားပေးလိုက်သည် ။ အံ့သြဖွယ်ရာပင် ထို အဆီ အနံ့ရသည်နှင့် ပင့်ကူအားလုံးဘေးသို့ ရှဲသွားလေသည် ။ ဆက်၍ ပင့်ကူများကို လွန်မြောက်အောင်လျောက်လာခဲ့သည် ။ ရှေ့မြေကွက်လပ်သို့ေ၇ာက်သောအခါ (ဟေ့ကောင်တွေ ငါ့နောက်ကပဲတည့်တည့်လိုက်နော် ဘေးကို မထွက်စေနဲ့ အဲဒီမြေကွက်လပ်က ထောင်ချောက်တွေပဲ ) ဟုဆိုပြီး ဘေးဖက် မြက်ပင်တွေပေါ်မှ ကပ်၍ လျောက်လာခဲ့သည် ။ ဟိုကောင်တွေကတော့ မြေကြီး အလွတ်ကြီးပေါ်မှ မလျောက်ပဲ မြက်ပင်များပေါ်မှလျောက်နေသည့် ကျနော့်ကို ကြည့်ပြီး အံ့သြနေကြသည် ။ ဆက်လက်၍ တစ်မိုင်ခန့်ခရီးပေါက်ပြီးသည်နှင့် အာရုံပင်ပျိုးစပြုနေသည် ။ ရုတ်တရက်လမ်းဟူ၍ မတွေ့တော့ပဲ ကျောက်ဖျာကြီးတစ်ချပ် ကို တွေ့လိုက်ကြရသည် ။ ကျောက်ဖျာကြီး ၏ ဘေးဖက်တွင် ခဲလုံး ၁၀ လုံးကို အပေါက် ၁၀ ပေါက်တွင် အန်ဝင်ခွင်ကျထည့်ထားသည်ကို တွေ့လိုက်ရသည် ။ အဲဒါမှ ဒွတ်ခ ကိုယ်က စာကို အမြန်ဖတ်လာခဲ့၍ ထိုလျှို့ဝှက်ချက်ကို ကျော်ပြီးဖတ်လာခဲ့သည် ။ ခဲလုံးများကို တစ်ခုပြီးတစ်ခု ထုတ်ကြည့်သည် ။ တုတ်တုတ်မျှ ပင် မလှုပ်ပေ ။ ရုတ်တရက် ဦးနှောက်က တစ်စုံတစ်ခုကိုစဉ်းစားလိုက်မိသည် ။ ကြုံခဲ့ရသည့် တစ်လျောက်လုံး အမဲစားသတ္တ၀ါ ၄ ကောင် ၄ ခါ သူငယ်ချင်းကလည်း ၄ ယောက် ဒါဆို ကျောက်တုံး ၄ တုံးဖယ်ကြည့်ရအောင် ။ ဖယ်လိုက်သောအခါမှ ကျောက်ဖျာကြီးက ဝေါကနဲပွင့်သွားခဲ့သည် ။ အောင်မလေး ၀မ်းသာလိုက်သည့်ဖြစ်ချင်း ဆက်၍ လျောက်လာခဲ့ရာ ဟိုက် ဒါ ရွာဦးကျောင်းဆရာတော်၇ဲ့ နောက်ဖေးဝင်းထဲရောက်လာပါလား ။ ခြုံများကို တိုးထွက်လာရခြင်းပင်ဖြစ်သည် ။ ကျနော်တို့ငါးယောက်လည်း တိတ်တိတ်လေး ဆရာတော် ဆွမ်းစား ကျောင်းဆောင်ထဲသို့ ၀င်လာခဲ့တော့သည် ။. ကျောင်းဆောင်ထဲရောက်တော့ ဗိုက်ဆာဆာနှင့် ဟင်းပေါင်းများကိုပင် ငါးယောက်သား ပြိုင်တူတီးလိုက်ကြသည် ။ မတတ်နိုင် တစ်ကိုယ်လုံး ညစ်ပတ်ပေရေနေကြသည် ။ ကျနော်က အဆိုးဆုံး ။ မနက်စောစော ချောင်းထဲရေဆင်းချိုးပြီး ပြန်ရမည် ။ ထွေးညိုက သည်းမခံနိုင်တော့သည့်ထင် (ဟဲ့ချိုကြီး နင်သိလာတဲ့ လျှို့ဝှက်ချက်ဆိုတာဘာလဲ ပြောပြလေ) (အေးပါဟ ငါကလည်းနင်တို့ မမေးသေးလို့ မပြောသေးတာ ဒီလို ဟ အဲဒီအိမ်ကြီးက ကိုလိုနီခောတ်ထဲကရှိတာ အရင်က သုံ့ပန်းတွေကို ညှင်းပန်းနှိပ်စက်ပြီး အသေသတ်ခဲ့တဲ့နေရာပေါ့ဟာ ။ ခေတ်ကြာလာတော့ လူတွေတဆင့်ပြီးတဆင့်နဲ့ နောက်တော့ သေခဲ့တဲ့ဝိညဉ်တွေက ခြောက်တယ်ဆိုပြီး ဘယ်သူမှ မနေကြတော့တာ ။ နောက်ပိုင်း ကုလားဖြူတစ်ဦးက ၀ယ်ပြီး နွားသတ်ရုံလုပ်လိုက်တယ်ဟ ။ နွားသတ်သမားတွေလည်း သရဲအရမ်းခြောက်တဲ့အတွက် ဘယ်သူမှ အလုပ်မလုပ်နိုင်တော့ပဲ ပြန်ပြေးကြရတယ်ဟ ။ အခုထိလည်း အဲဒီအိမ်ကြီးက ခြောက်တုန်း ။ လူတော့မနေတော့ဘူးပေါ့ဟာ ။ ဒါပေမယ့် ငါတို့ရွာမှာ နွားတွေ ခဏပြီးခဏ ပျောက်ပျောက်နေတာနင်သိတယ်မဟုတ်လား ။ ငါတော့ အဲဒီအိမ်ကြီးနဲ့ ပါတ်သတ်နေမယ်ထင်တယ်ဟ ။ ပြီးတော့ အိမ်ကြီးက ၀င်္ကပါ အိမ်ကြီးဟ ။ မသွားတတ်ရင် သေမယ့်နေရာကြီးပဲ နေရာတိုင်းထောင်ချောက်တွေနဲ့ ။ အခုနောက်ပိုင်း လူတွေတစ်ယောက်မှ မနေကြတော့ဘူး လို့တော့ရေးထားတယ်ဟ ။ ငါတော့ မနက်လူကြီးတွေကိုပြောပြီး လူများများနဲ့ အဲဒီအိမ်ကြီးကို သွားမွှေချင်တယ်ကွာ) (အင်းလုပ်ပြန်ပြီ ကြွကြွ နင့်ဘာသာလိုက်သွား ငါတို့တော့မလိုက်တော့ဘူး ) (အေးပါ ငါလည်းမလိုက်တော့ပါဘူး ဟီး) ဒီလိုနဲ့ မနက်မိုးလင်းတော့ ချောင်းထဲရေချိုးပြီး အိမ်သို့ပြန်လာခဲ့ကြသည် ။ အိမ်မှမေးတော့ ရွာဦး ကျောင်းဆရာတော်ထံတွင် အိပ်သည်ဟု ပြောလိုက်သည် ။ တော်ပါသေးရဲ့ လွယ်လွယ်နဲ့ ယုံပြီးလိုက်မစစ်ပေလို့ ။ အပြင်မှ သတင်းကြားလာသလိုလိုနဲ့ အိမ်ကြီးအကြောင်းကို ပြောပြလိုက်သည်။ ရွာမှလူကြီးများကလည်း ဖြစ်နိုင်သည်ဟုဆိုကာ အယောက် ငါးဆယ်လောက် အိမ်ကြီးဆီသို့ချီတက်သွားကြလေသည် ။ ကျနော်က လမ်းတော့ညွန်ပေးလိုက်ရတာပေါ့လေ ။ အပြင်မှကြားထားသလိုလိုနဲ့ပါ ။ သူတို့ကလည်း အိမ်ကြီး အ ကြောင်းကို သိသာသိသည် ။ အတိအကျတော့ ဘယ်သူမှမသိကြပေ ။ သူတို့သွားပြီး ပြန်လာခဲ့သောအခါ နွားခိုးသမားများ ကျက်စားနေသော အိမ်ကြီးဟု သိရသည်။ ဒါဆိုရင် လူသူမကပ်နိုင်အောင် နွားခိုး သမားများ ကခြောက်လှန့်ပေခြင်းပေလော ။ နွားခိုးသမားများ ကတော့ထွက်ပြေးသွားသည်ဟု ဆိုသည် ။ စုစုပေါင်း ၃ ယောက်ဟုဆိုသည် ။ နွားဖျက်ထားသော အရာများ သက်သေများကိုလည်းတွေ့ရသည် ဆိုသည်။ ယခုအခါ သက်ဆိုင်ရာများအကူအညီနှင့် အိမ်ကြီးကိုရှင်းလင်း သိမ်းဆည်းထားပြီးဟုသိရသည် ။ သို့သော် မည်သူမျှ မသိလိုက်သော အရာများမှာကား ......... ကျနော်မြေအောက်ခန်းထဲမှ အတွေ့အကြုံများနှင့် လူလိုလို သတ္တ၀ါလိုလိုအကောင် ၄ ယောက်အကြောင်း ပင်ဖြစ်ပေတော့သည် ။..... (မှတ်ချက် ။ ။ တစ်ချိန်က ရွာတစ်ရွာတွင် နွားခိုးဂိုဏ်းနှင့် သရဲခြောက်သောအိမ်ကြီးအကြောင်းကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသော လူငယ်တစ်ဦးအနေဖြင့်ရေးသားပါသည် ။ ထိုအိမ်ကြီးမှာ ယခုအခါမှာ တောမီးလောင်သဖြင့်ပျက်ဆီးသွားပြီဖြစ်သည် ။ ထိုနွားခိုးဂိုဏ်းဆိုသည်မှာလည်း နောက်ပိုင်း အစအန ပျောက်သွားလေသည် ။ အကယ်၍ နွားခိုးသူများမဟုတ်ခဲ့လျှင် ထိုနွားများသည် အဘယ့်ကြောင့် ထိုအိမ်ကြီးထဲတွင်သွား၍ သေနေကြသနည်း ။ ကွင်းဆက်ပေါင်းများစွာပြတ်လျက်ရှိသည် ။ ကျနော်တို့ အိမ်ကြီးထဲစ၀င်တုန်းက တွေ့ခဲ့ရသောနွားသေကောင်ကြီးမှာ ဘာကြောင့်နည်း ။ ရွာလူကြီးများသွားရှာသောအခါ မြေအောက်ခန်းကိုလည်း ရှာမတွေ့ဟုဆိုသည် ။ ထိုအခါ ကျနော်ကြုံတွေ့ခဲ့သော အရာများသည် ............) စာရေးသူ......သက်တန့်ချို (၄း၀၀ မနက် ၃..၁၂.၀၉) (ဇာတ်လမ်းရေးနေရင်း ပုပ်စော်နံ့များ ရေမွှေးနံ့များနှင့် နှောင့်ယှက်မှုများရှိလာ၍ မြန်မြန်အဆုံး သတ်လိုက်ပါသည် ။ အင်းနော့ သူတို့အကြောင်းရေးနေတော့လည်း.......................) စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်....................... သက်တန့် ချို ( ကူးယူဖေါ်ပြခွင့်ပြုသော မောင်ငယ်ဆရာ သက်တန့် ချိုအား ပေတပရိတ်သတ်များနှင့် အက်ဒမင်များကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း )