(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

" အရက်ဘီယာ ... မကြိုက်ရှာသူ "

" အရက်ဘီယာ ... မကြိုက်ရှာသူ "

 နတ်နဲ့ နဂါး မလှည့်စားနဲ့ " ၊ "ရှေးထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မကြွယ်နဲ့ " ဆိုတဲ့ မြန်မာစကားပုံတွေဟာ ဒီနေ့ဒီအချိန်ထိတိုင် အတိုင်းအတာတခုအထိ မှန်ကန်နေတယ်လိမ့်မယ်လို့ ဘ၀မှာ ယောင်လို့မှ မတွေးခဲ့မိ။ လူငယ်ဘာသာဘာဝမို့ လွတ်လွတ်လပ်လပ် ပျော်ရွှင်စွာ နေမည်။ ကောင်းသည် ဆိုးသည်ကို ခဏဘေးချိတ်ကာ စိတ်ထဲရှိရာ လုပ်ချင်သလို လုပ်ရတာကိုက အရသာတခုလို့ ခံယူထားခဲ့မိသည်။ သည်လို မစူးစမ်းမဆင်ခြင်ပဲ ထင်ရာစိုင်းသည့် အကျင့်ဆိုးကြောင့် ဒုက္ခ အကြိမ်ကြိမ် ရောက်ခဲ့ရဖူးသည့် အကြိမ်များတွင် ဒီတခါ ကြုံလိုက်ရသည့် အဖြစ်ကတော့ တော်တော့်ကို အီစလံဝေသွားကြရသည်။ ဖြစ်ပုံက ..... ဒီလို။ ဒီအချိန်ထိ အမှတ်တရ ထင်ထင်ရှားရှား စိတ်ထဲတွင် စွဲထင်နေရခြင်းမှာ အကြောင်းရင်းခံ တရပ်တော့ရှိသည်။ ထို့နေ့ညက အစ်မဖြစ်သူ၏ မင်္ဂလာဦးညပင်။ ထိုညက ယောက်ျားသား ထီးထီးမားမားဟူ၍ ယောက်ဖတော်စပ်သူသာ ရှိပြီး ကျန် (၆) ယောက်မှာကား သုံးတောင်ဝတ် များသာ။ မြန်မာအမျိုးသမီးဖြစ်ပါလျက်နှင့် ယမကာ သောက်သုံးကြသည်ကို ရှုံ့ချပြစ်တင်လျှင်လည်း ခံရရုံသာ ရှိသည်။ ဆိုင်မှာသွားမသောက်ကြပဲ ကိုယ့်အိမ်ကိုယ့်ယာမှာသာ ကြိတ်ဝိုင်းထောင်ဖြစ်လိုက်ကြသည်က တော်သေးသည်။ ထိုသို့မှ မဟုတ်လျှင်လည်း ဘယ်ဂျာနယ်၊မျက်နှာဖုံးတွင် ဘယ်မီဒီယာသမားက ဖွမည်ကို စိုးတထိတ်ထိတ်ဖြင့် စောင့်ကြည့်ရလောက်အောင်ပင် ၀ုန်းဒိုင်းကြဲခဲ့မိကြကုန်၏။ "ဧကော သုညံ၊ ဒွိယော သူရံ၊ တြိယော သုနခေါ " ဟူသည့် ပါဠိပျက်စကားကဲ့သို့ပင်။ " ဧကော= တခွက်သောက်တော့ သုညံ= တိတ်ဆိတ်သည်။ ဒွိယော = နှစ်ခွက်သောက်တော့ ရဲရင့်လာပြီး အသံဆူလာသည်။ တြိယော= သုံးခွက်သောက်တော့ သုနခေါ= ခွေးလုံးလုံးဖြစ်သည် " ။ ဒီ လူအုပ်၏ သောက်အားက တယောက်လျှင် သုံးခွက်မကတော့ ခွေးထက်ဆိုးဖို့ရာသာ ရှိတော့သည်မို့ ၀ိုင်းသိမ်းကာ အိပ်ဖို့ပြင်ကြသည်။ ညားကာစ အသစ်စက်စက် မင်္ဂလာဦး ဇနီးမောင်နှံက အိမ်အောက်ထပ် မီးဖိုခန်းထဲတွင် သွားအိပ်သည်။ အကြောင်းပြချက်ကား ဧည့်သည်ကို ဦးစားပေးခြင်းဟူ၏။ အစ်မ၏ သူငယ်ချင်းမနှစ်ဦးက တခန်း၊ ကျန်သုံးယောက်က ယခုလက်ရှိတွင် စာရေးသူအိပ်စက်သော အခန်းတွင် နေရာယူလိုက်ကြသည်။ သူတို့ နှစ်ခန်း၏ အနေအထားမှာ တခန်းနှင့် တခန်း မျက်နှာချင်းဆိုင် ဖြစ်လေသည်။ သုရာရည် တန်ခိုးဖြင့် ကိုယ့်ခြေထောက်ကိုယ် အနိုင်နိုင်သယ်နေကြရသူများမို့ အိမ်အပေါ်ထပ်သို့ တဦးတလေမှ တက်မအိပ်ဖြစ်ကြ။ အိမ်မှ လူကြီးတွေကလည်း မျက်နှာပူလေသလော၊ အလိုက်သိနားလည်လွန်းသည်လားတော့ မပြောတတ်။ အိမ်မှာ မအိပ်ပဲ ဆိုင်မှာ သွားအိပ်ကြသည်။ သန်းခေါင်ယံ လွန်မြောက်၍ ညည့် နှစ်ချက်တီးကျော် သုံးနာရီ ၀န်းကျင်အချိန်တွင် ရုတ်တရက် ပေါ်ထွက်လာသည့် ဆူဆူညံညံ အသံများကြောင့် စာရေးသူ၏ အစ်မ၊ အသစ်စက်စက် သတို့သမီးလေး အိပ်ယာမှ လန့်နိုးလာသည်။ တဒုန်းဒုန်းဖြင့် ထွက်ပေါ်နေသော အသံတို့၏ လာရာအရပ်သည်ကား အိမ်ပေါ်ထပ်ဆီမှတည်း..။ သူ့မ၏ နံဘေး ခွေခွေလေး အိပ်ပျော်နေသော ချစ်လင်အား စောင်းငဲ့ကြည့်လိုက်တော့ ကာလနာကြီးကား စောင်ကြီးခေါင်းပြီးခြုံလျက်။ Bachelor Night အရှိန် အတော်ပြင်းသွားသည် ဖြစ်ပေလိမ့်မည်။ မနိုးရေးချ မနိုး။ သူ့နံဘေးမှ ဇနီးအသစ်စက်စက်လေးကတော့ အိမ်ပေါ်ထပ်မှ အသံဗလံများကြောင့် ရှုရှူတောင် ထွက်ကျမတတ် တုန်လှုပ်နေမိသည်။ အခြား အခန်းတွင် အိပ်ပျော်နေကြသူ မိန်းမသားများလည်း အသီးသီး နိုးလာကြချေပြီ။ အိမ်ပေါ်ထပ်ဆီမှ အသံများက မရပ်မနား တရစပ်ပေါ်ထွက်နေဆဲပင်။ နှစ်ယောက်တခန်း အိပ်သော အမျိုးသမီးနှစ်ဦးကမိန်းမသားအများစုတို့၏ သဘာဝအတိုင်း ကြောက်စိတ်ကို လူအုပ်ဖြင့် ထိန်းနိုင်တန်ကောင်းရဲ့ဟူသော စိတ်ဖြင့် မျက်နှာခြင်းဆိုင်အခန်းဆီသို့ ကြောက်ကြောက်နဲ့ ဆောင်တော်ကူးကြရရှာသည်။ ဟိုတစ်ဖက်ခန်းက သုံးယောက်သော လေဒီမမတို့ကလည်း အချိန်မတော် ဆောင်တော်ကူးလာသူ နှစ်ဦးကိုမြင်လေသည်တွင် အသံကုန် အော်ဟစ်ကြသည်မှာ ကမ္ဘာပျက်သည့်အလား။ အဆက်မပြတ်ပေါ်ထွက်နေသည့် အသံများက တိတ်သွားသည်မရှိ။ ထိတ်လန့်ခြောက်ခြားမှုကြောင့် ဆောက်တည်ရာမရကြလေကုန်သော အမျိုးသမီးခြောက်ဦးအား လှေကားပေါ်မှ ဆင်းချည် တက်ချည် အလီလီ အသံများကို ကြားကြရပြန်လေသော အခါတွင်မတော့ မျက်နှာပေါ်တွင် သွေးရောင်ပင် မရှိတော့။ အိမ်ရှင်မပေါက်စ စာရေးသူ၏ မမက သူခိုးများ ဖြစ်လေမည်လား ဆိုပြီး ကျန် မိန်းမသား ငါးဦးအား အပေါ်ထပ်သွားကြည့်ရအောင် သေဖော် ညှိကြည့်သည်။ သို့ပေမင့် အသက်သာ အသေခံသွားမည်။ ကျန်ငါးကောင်က တေမိမင်း ရေငုံထားသည်ထက်ပင် အသံတိတ်နေသည်။ လှေကားပေါ်တွင် တက်လိုက်ဆင်းလိုက်လုပ်နေသော ခြေသံများ မကြာမီတွင် ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူတို့အားလုံး စိတ်အမောဖြေမည် ကြံရုံသာ ရှိသေးသည်.။ သူတို့အခန်းရှေ့မှ ဖြတ်လျှောက်သည့် ခြေသံများက ထပ်မံပေါ်ထွက်လာပြန်သည်။ ဆောက်တည်ရာ မဲ့နေသော အမျိုးသမီးတစု အတွက် အားကိုးအားထား ပြုနိုင်စရာက မည်သည့် လမ်းစမျှမမြင်မိချေ။ ရုတ်တရက် စာရေးသူ၏ အစ်မက တစုံတစ်ခုကို ဖြတ်ကနဲ သွားသတိရလိုက်မိသည်။ "နောက်တစ်ခါ.... ဒီအိမ်စောင့်တဲ့ အစောင့်တွေမကြိုက်တဲ့ အရက်ဘီယာတွေမသောက်တော့ပါဘူး။ တောင်းပန်ပါတယ်။ မခြောက်ပါနဲ့တော့" ဟု နှုတ်မှ အသံထွက်လျက် တောင်းပန်တိုးလျှိုးကာ တတ်သမျှ မှတ်သမျှ ဘုရား၊ တရားစာများ လည်းရွတ်ဖတ်ကြသော အခါတွင်မှ အသံများအားလုံး တိတ်ဆိတ် ပျောက်ကွယ်သွားတော့သည်။ မနက်မိုးလင်းသောအခါ အိမ် အပေါ်ထပ်တက်ကြည့်သောအခါတွင်လည်း သံသယဖြစ်စရာ ဘာမှမတွေ့ရပါ။ဤ အဖြစ်အပျက်များသည်ကား (၂၀၀၈) ခုနှစ် ကာလက စာရေးသူ၏ အစ်မတော်စပ်သူ၏ မင်္ဂလာဦးညတွင် ကြုံဆုံခဲ့ရသော အိမ်ပရဝုဏ်အတွင်းဝယ် အရက်ဘီယာ သောက်စားခြင်းကြောင့် မမြင်အပ်၊ မမြင်ရကုန်သော လောကသားများ၏ သတိပေး ခြောက်လှန့်ခြင်းကို ခံခဲ့ကြရသော ကိုယ်တွေ့ အဖြစ်အပျက်များပင် ဖြစ်ပါတော့သတည်း။ ရေးသားသူ Emopunk Lay ရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် အကြောင်းအရာကို ဆီလျော်သင့်မြတ်အောင် အနည်းငယ် ပြုပြင်ရေးသားလိုက်ခြင်းအား နားလည်ခွင့်လွှတ်ပေးကြပါကုန်။ ဇာတ်ကြောင်းကုန်ကြမ်းအတွက် ကျေးဇူး အထုး တင်ပါ၏။ ဂွတ်တနိုက်။ ဆိုင်မှာပဲ ကစ်တော့မယ့် (အက်ဒမင်-ရွာတော်ရှင်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |