"စတုတ္ထမြောက်ပေမယ့် ... အကြောက်ကမပြယ်ပါ"
"စတုတ္ထမြောက်ပေမယ့် ... အကြောက်ကမပြယ်ပါ"
တသက်နဲ့ တကိုယ် ကြုံဖူး၊ ကြားဖူးသမျှ သရဲနဲ့ပတ်သက်တဲ့ ဖြစ်ရပ်မှန်တွေထဲက
လေးခုမြောက် ဇာတ်လမ်းရဲ့ အစက ဒီလိုဗျ.............
ကျွန်တော့်အကို ရန်ကုန်ရောက်လာတဲ့ တခေါက်ကပေါ့ဗျ၊ သူ့ဘဝ အကျိုးပေးပုံကလည်း အဆန်းသား။ ခြောက်တာ လှန့်တာ ခံရတတ်တဲ့နေရာတွေကိုရောက်ရင် သူအရင်ဆုံး ဈေးဦးပေါက်တတ်တာ။ အမြဲတမ်းလိုလို သရဲခြောက်ခံနေရတယ်လို့ ပြောရရင်တောင် မလွန်လောက်ဘူး။ သူရန်ကုန်ရောက်လာတုန်း ကျွန်တော်တို့ ဦးလေးလင်မယား ခရီးသွားစရာကိစ္စလေး ပေါ်လာတော့ သူ့ကို အိမ်စောင့်ပေးဖို့ ပြောလာတာနဲ့ သူနဲ့ သူ့သူငယ်ချင်းရယ် ဦးလေးတို့အိမ်မှာ သွားစောင့်အိပ်ပေးကြပါလေရော။ဦးလေးတို့လင်မယား နေတဲ့အိမ်ပုံစံက ခုခေတ်ဒီဇိုင်းဆိုပေမယ့် ကျွန်တော်တို့ ညီအစ်ကိုတွေရဲ့ မျက်စိအမြင်မှာတော့ တမျိုးကြီးရယ်။ အထူးခြားဆုံးက အိပ်ပေါ်ထပ် အိပ်ခန်းဘေးက အခန်းပါ။ တံခါး တပေါက်တည်းရှိတဲ့ အဲ့အခန်းမှာက ရှေးပဝေသဏီ ဘယ်ခေတ်ဘယ်ကာလတုန်းက ဘယ်လိုတော်စပ်လို့ တော်စပ်မှန်း မသိရတဲ့ ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေရဲ့ ဓါတ်ပုံတွေထားတယ်။ လောလောလတ်လတ် ဘဝတစ်ပါးကို ထရန်စဖာ ရသွားတဲ့ အဖိုးအဖွားတွေရဲ့ ပုံတွေလည်း အဲ့ဒီအခန်းထဲမှာ ရှိလေရဲ့။ အခန်းက အလင်းရောင် သိပ်မဝင်လို့ မှောင်ရတဲ့ ကြားထဲ အထဲမှာထွန်းထားတဲ့ အမွှေးတိုင် အနံ့တွေကလည်း ရှိနေပြန်သေးတော့ အခန်းထဲ ဝင်ရမှာကို မပြောပါနဲ့ဦး။ အခန်းရှေ့က ဖြတ်သွားရင်တောင်မှ စိတ်ထဲမှာ မအီမသာ ခံစားရတယ်။ အခန်းကို ကြည့်ရတာကိုက ညှင်းသိုးသိုးကြီး ဖြစ်နေတာရယ်။
အစ်ကိုနဲ့ သူ့သူငယ်ချင်း ညဘက် တီဗွီကြည့်နေတုန်း သူ့သူငယ်ချင်းက ထထွက်သွားတယ်။ ကျွန်တော့်အကိုလည်း ခဏနေတော့ အပေါ့သွားမလို့ ဆိုပြီး အိမ်သာသွားတော့ အိမ်သာတံခါးက အထဲက လော့ကျနေတာနဲ့ သူလည်း မစောင့်ချင်တာနဲ့ ဧည့်ခန်းထဲပြန်လာတာပေါ့။ အဲဒီမှာ သူ့သူငယ်ချင်းက ငုတ်တုတ်ထိုင်ပြီး တီဗွီကြည့်နေတာ တွေ့သတဲ့။ သူလည်း
ခုနက အိမ်သာထဲမှာ မင်းမဟုတ်ဘူးလား
လို့ မေးလိုက်တော့ သူ့သူငယ်ချင်းကလည်း မဟုတ်ဘူးပါဘူးတဲ့ ။သွားတောင်မသွားပါဘူးတဲ့ ခုနက အိမ်ရှေ့ကပြင်ထွက်ပြီး ဖုန်းပြောနေတာတဲ့။ဒါဖြင့် စောနတုန်းက အိမ်သာထဲမှာရှိနေတာ ဘယ်သူကြီးတုန်း။ အိမ်မှာ ကျန်နေတဲ့လူဆိုလို့ သူတို့ နှစ်ယောက် အပြင် တခြား ဘယ်သူမှ မရှိနေတော့ စောစောက အိမ်သာထဲရောက်နေတာ သူခိုးများလားဆိုပြီးတော့နှစ်ယောက်သား ပြန်သွားကြည့်ကြတော့ အိမ်သာတံခါးက ပွင့်နေပြီး အထဲမှာ ရေဆွဲချပြီး အခုပဲ တယောက်ယောက် ထွက်သွားတဲ့ပုံမျိုးနဲ့ ရေဆွဲတံလေးတောင် လှုပ်နေသေးတယ်။ ရေတွေလည်း ကျောက်ပြားပေါ်မှာ ဟိုတစ်စက် သည်တစ်စက်နဲ့။
အစ်ကိုတော်က သူ့ရောင်းရင်းကို ဒါမျိုးဆိုတာ မနောက်ကောင်းဘူးနော်။ လာ မစနဲ့ဘာညာပြောတော့ သူ့သူငယ်ချင်းကလည်း ခုနလေးတင် တကယ် သူ ဖုန်းပြောနေတာပါလို့ ဇွတ်ကို ငြင်းပါလေရော။ နှစ်ယောက်သား တယောက်မျက်နှာ တယောက်ကြည့်ပြီး မျက်နှာငယ်လေးတွေနဲ့ အိပ်ခန်းထဲ တချိုးတည်း ဝင်ပြီး အိပ်ကြတယ်။
ညသန်းခေါင်လောက်ရောက်တော့ သူ့ဘော်ဒါက အပေါ့သွားချင်လာရော။ ညတုန်းကလိုမျိုး ဖြစ်နေမှာစိုးတာနဲ့
ဘေးမှာ စက်တော်ခေါ် အိပ်ပျော်နေတဲ့ ကျွန်တော့်အစ်ကိုကို နှိုးလိုက်တယ်။ ကျွန်တော့်အကိုကလည်း သူ မလိုက်ချင်ဘူး ဆိုပြီးတော့ အိပ်ယာထဲမှာ ကျန်နေခဲ့တယ်။ အဲဒီမှာ တအောင့်လောက်ကြာတော့ အိပ်ခန်း အပြင်ကနေ ခြေသံတွေကြားတော့ သူ့ဘော်ဒါ ပြန်လာတယ်ပဲ ထင်တာပေါ့။ ခြေသံတွေက တဖြည်းဖြည်းနဲ့ တော်တော်ကြာနေတော့ အကိုလည်း ထထွက်ကြည့်တာပေါ့။ ဘာမှမတွေ့တာနဲ့ ပြန်အိပ်ဖို့ သွားတော့ ကုတင်ပေါ်မှာ သူ့ကို ကြောင်ကြည့်နေတဲ့ သူ့ဘော်ဒါကို တွေ့ရပါလေရော။
အစ်ကို့သူငယ်ချင်းက အောက်ထပ်က အိမ်သာကို မသွားရဲလို့ အောက်ဆင်းပြီးမှ မသွားတော့ဘူးဆိုပြီး အပေါ်ပြန်တက်လာတာတဲ့။ သူအိပ်ခန်းထဲ ဝင်တော့ ကျွန်တော့်အကိုက အိပ်ရင် ခေါင်းမြီးခြုံအိပ်လေ့ရှိတော့ သူက အကို့ကိုတောင် ပြောလိုက်သေးတယ်တဲ့ ။
ငါ မသွားတော့ဘူး အောင့်ထားလိုက်တော့မယ်။ မနက်ကျမှပဲ ကိစ္စရှင်းမယ်
လို့ပြောတော့ အဲ့ စောင်ထဲကနေ
အင်း
လို့အိပ်ချင်မူးတူး အသံနဲ့ ပြန်ဖြေတယ်တဲ့။
ကျွန်တော့်အကိုကလဲ ခြေသံကြားလို့ ထွက်ကြည့်တာတဲ့။အဲ့ဒီမှာ နှစ်ယောက်လုံး မျက်စိပျက် မျက်နှာပျက်နဲ့ ဘုရားခန်း ထဲ ပြေးဝင်အိပ်ကြတယ်တဲ့။ မနက်လဲ ရောက်ရော အကို့ဘော်ဒါက သူ မနေတော့ဘူး ပြန်မယ်ဆိုပြီး ဖြစ်တော့ အကိုက ခဏတော့နေပါဦး ဆိုပြီးတော့ အောက်ထပ်မှာ ချော့မော့ ပြောနေတုန်းရှိသေးတယ်။ သူတို့
အပေါ်က အသံကြားလို့ သွားတက်ကြည့်တော့ ဘိုးဘွားဓါတ်ပုံတွေ ထားတဲ့အခန်းက တံခါးက စေ့မနေပဲ ပိတ်နေတယ်တဲ့။
ကျွန်တော့်အကိုက သူ့ဘော်ဒါ ကြောက်မှာစိုးလို့ ဘာမှမပြောပဲ လေတိုက်လို့ ပိတ်သွားသလိုလို ပြောလိုက်တယ်။
အမှန်က အဲ့တံခါးက လုံးဝ ပိတ်လို့မရဘူး ။ ပျက်နေလို့ စေ့ရုံပဲ စေ့လို့ရတဲ့ တံခါး။
နောက်တည ရောက်တော့ သူတို့ နှစ်ယောက်လုံး အိပ်ခန်းထဲ ရောက်နေတဲ့ အချိန်။ အဖိုးအဖွားဓါတ်ပုံတွေထားတဲ့ အခန်းတံခါးက တယောက်ယောက် ဆွဲပိတ်သလိုတွေရော၊ ခြေသံတွေရော၊ ခေါင်မိုးပေါ်က တခုခု ပစ်ပေါက်တဲ့ အသံတွေရော နားနဲ့ဆတ်ဆတ် ကြားလိုက်ရပါလေရောဗျို့။ ဒီလိုနဲ့ မိုးလင်းတော့ ကျွန်တော့်အစ်ကိုတောင် အိပ်ယာကမနိုးသေးဘူး။ သူ့ဘော်ဒါက သူ့အထုပ်တွေထုတ်ပြီး ပြန်သွားတော့တယ်။ ကျွန်တော့်အစ်ကိုလည်း တယောက်တည်း ဆက်မအိပ်ရဲတော့တာနဲ့ မြို့ထဲပဲ ပြန်သွားလိုက်တယ်။
နောက်တော့မှ ကျွန်တော့်အစ်ကိုလည်း တခြားအမျိုးတွေကို
သူနဲ့ သူ့သူငယ်ချင်း ကြုံရတာတွေ သွားဖောက်သည်ချတော့မှ အကျိုးကြောင်း သေချာ သိရတော့တယ်။
ဦးလေးတို့ လင်မယားနေတဲ့အိမ်က မသန့်ဘူးတဲ့။ အင်္ဂလိပ်ခေတ်တုန်းက ပန်ချာပီ လူမျိုး လင်မယားနှစ်ယောက် ငှားနေတုန်းက မိန်းမက ဖောက်ပြားလို့ဆိုပြီး ယောက်ျားက သတ်ပြီး သူ့ကိုယ်သူလဲ သေကြောင်းကြံသွားဖူးတယ်တဲ့။
ပြီးတော့ ဒီဘက်ခေတ်ရောက်တော့လဲ ဦးလေးတို့မတိုင်ခင် ရှေ့ သုံးလေးဆက် ပိုင်ရှင်တုန်းကလည်း ကောင်မလေး တစ်ယောက် စာမေးပွဲ ကျလို့ အဲ့အိမ်မှာ ကြိုးဆွဲချ သေဖူးတယ်တဲ့။ ကျန်သေးတယ် အဲ့အိမ်မှာ အမျိုးထဲက အဘွားတစ်ယောက် လာတည်းဖူးတယ်တဲ့ ။ အဲ့အဖွား တုန်းက ကုတင်ခြေရင်း ခြင်ထောင်အပြင်မှာ ပန်းပန်ထားတဲ့ ဆာရီစဆိုလား ဂါဝန်ဆ်ုလား ဝတ်ထားပြီး မိန်းမတစ်ယောက် ငိုနေတယ်တဲ့။ ဒါတင်ပဲလားဆို တခြားတည်းဖူးတဲ့ ဆွေမျိုးထဲက ဘကြီး တစ်ယောက်ဆို ခြင်ထောင်အပြင်ကနေ ခြေထောက်ကို ဆွဲတာ ခံရဘူးသေးသတဲ့။
အိမ်ယာနာမည်တို့၊ လမ်းတို့တော့ ထည့်မပြောတော့ဘူး။ ခုထက်ထိလည်း အဲ့အိမ်မှာ လူတွေနေတုန်း ဆိုတော့ မကောင်းလို့ပါ။
ကျွန်တော့်အကိုလည်း သူ့သူငယ်ချင်းအိမ်သွားပြီး ပြောပြတော့ သူ့သူငယ်ချင်းက သူဘာလို့ အစောကြီး အိမ်ပေါ်က ဆင်းသွားသလဲ ဆိုတာ ဇာတ်ကြောင်းပြန်တယ်။ သူ မနက်စောစော တရေးနိုးတော့ ဟို ဓါတ်ပုံတွေထားတဲ့ အခန်းက ဟ နေပြီး အထဲမှာ တယောက်ယောက် ရှိနေသလိုမျိုး အမွှေးတိုင်တွေလည်း ထွန်းထားတာများ အငွေ့က မွှန်နေရောတဲ့။ အမှန်က အမွှေးတိုင်က ဦးလေးတို့ရှိတုန်းပဲ ထွန်းတာလေ။ သူတို့နှစ်ယောက် အိမ်လာစောင့်ပေးတုန်းက ထွန်းမှမထွန်းထားတာ။
လေးခုမြောက် ဇာတ်လမ်းကတော့ ဒါပါပဲ ခင်ဗျာ။ ငါးခုမြောက်ဖြစ်ရပ်မှန် ဇာတ်လမ်းကိုရော ဖတ်ချင်သေးလားဗျိုး။
********************************************
ရေးပေးလို့ ကျေးဇူးတင်ရင်း ပဉ္စမမြောက် အတွေ့အကြုံကို စောင့်မျှော်လျှက်ပါ မWitchy Ziin။
အိမ်မစောင့်ပေးချင်တော့သူ
(အက်ဒမင်-ရွာတော်ရှင်)