(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Thein Taung A Tat Lann


"ဟို...သိမ်တောင်အတက်လမ်းဆီက လွှတ်ကြမ်းတဲ့ ထိုဇရပ်"

 တဆင့်စကား တဆင့်နားနဲ့ ချဲ့ကားပြီးပြောတာလည်း မဟုတ်ရိုးအမှန်ပါ။ ဖြစ်ရပ်မှန်ဆိုတာထက် ပိုပြီးတိကျတဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးဖြေပြီးကာစ ... ကုသိုလ်ကံကောင်းရင် အမှတ်ကောင်းကောင်း၊ဂုဏ်ထူးတွေ တလှေကြီးနဲ့ စာမေးပွဲအောင်စာရင်းကို ပြုံးပြုံးကြီးကြည့်နိုင်ရပါစေသားလို့ ရည်စူးပြီး ကောင်းမှုကုသိုလ်ပြုတဲ့အနေနဲ့ ကိုရင်ဝတ်ပြီး လူပြန်ထွက်လာတာ လပိုင်းတောင် မကြာသေးပါဘူး။ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးပြကြီးမှာ နေတဲ့သူတွေမဟုတ်တော့ မြို့ကြီးသူ မြို့ကြီးသားများလို စာမေးပွဲအောင်စာရင်းစောင့်ရင်း ဟိုသင်တန်းတက်၊ ဒီသင်တန်းတက်လည်း လုပ်စရာမရှိတော့ တရက်တရက် ပျင်းဖို့တောင် ကောင်းနေတော့တာပါပဲ။ ဒီလိုနဲ့ တရက်တော့ အစ်ကိုဖြစ်သူနဲ့ စကားစပ်မိရာကနေ အိမ်မှာ ဝယ်ထားတဲ့ 125 မော်တော်ဆိုင်ကယ်အသစ်စက်စက်ကြီးနဲ့ လမ်းသလားဖို့ အစီအစဉ်ဆွဲလိုက်ကြတယ်လေ။ အခုပြောပြမယ့် အတွေ့အကြုံက အဲ့သလို လမ်းသလားပြီး ဆိုင်ကယ်နဲ့ တိုင်းခန်းလှည့်လည်မိရာကနေ စတာပါပဲ။ သီပေါကနေ လားရှိုးမြို့ဘက်ကိုထွက်တဲ့ တံတားလေးကို လွန်လာပြီး နည်းနည်းလောက် ဆက်မောင်းလာရင် သိမ်တောင်တက်တဲ့ လမ်းကို တွေ့ရလိမ့်မယ်။ေ၇ွဓါးကျောင်းနဲ့ သိမ်တောင်နဲ့က သိပ်မဝေးတော့ဘူး။ ဆိုင်ကယ်ခရေဇီကျွန်တော်တို့ ညီအစ်ကိုက ပေါ်ဦးပေါ်ဖျားမှာ အသစ်စက်စက် ရထားတဲ့ 125 ဆိုင်ကယ်ကို ဝီခေါ်အောင် မောင်းပြီးတော့ သိမ်တောင်သွားတဲ့ လမ်းအတိုင်း တက်လာခဲ့ကြတယ်။ ဆိုင်ကယ်ကလည်း အသစ်ဆိုတော့ မောင်းလို့လည်းကောင်း၊ စီးလို့လည်းကောင်းလို့ မိုင်ကုန်မောင်းလာလိုက်ကြတာညနေ (၃)နာရီလောက် အချိန်ကျတော့ တောင်တက်လမ်းခုလတ်က ဇရပ်လေးတဆောင်နားကို ရောက်လာကြတော့တာပဲ။ တောင်တက်လမ်းမှာ လူနှစ်ယောက်စီးပြီး ဂီယာကြီးနဲ့မောင်းလာရလို့ ဆိုင်ကယ်လည်း အင်ဂျင်နည်းနည်းပူလာပြီဆိုတော့ နင်းကန်မောင်းလာတဲ့ ဆိုင်ကယ်ကို အင်ဂျင်အေးအောင် ခဏရပ်ရင်း ပတ်ဝန်းကျင်ရှုခင်းလေးတွေကို ခံစားကြရအောင်လို့ အဲဒီဇရပ်ဝမှာ ဆိုင်ကယ်ကိုရပ်၊စက်သပ်၊ ဒေါက်ထောက်ပြီး ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်သား ဇရပ်ပေါ်တက်ခဲ့ကြရောဆိုပါတော့လေ။ ဇရပ်ပေါ်မှာလည်း လူရိပ်လူယောင် မတွေ့ရပဲ တိတ်ဆိတ်အေးချမ်းနေလိုက်ပုံများတော့ စာသံပေသံနဲ့ ပြောရရင် အိုအေစစ်လို့တောင် တင်စားရလောက်တယ်။ ဇရပ်ပေါ်ရောက်တဲ့အချိန်မှာ လူက စိမ့်ကနဲတော့ တချက်ဖြစ်သွားတယ်။ နွေရာသီဆိုပေမယ့် ကမ္ဘောဇတိုင်းရဲ့ အအေးဓါတ်ကြောင့် အပြင်ကနေ အရိပ်ထဲအဝင်မှာ အေးစိမ့်သွားတာပဲဖြစ်မှာပါလို့ စိတ်ထဲမှာ တွေးမိလိုက်ပါသေးတယ်။ ကျွန်တော်တို့ ညီအစ်ကို အဲ့ဒီအချိန်တုန်းက မသိသေးတာကတော့ အဲ့ဒီဇရပ်က အခြောက်အလှန့် အင်မတန် ကြမ်းတယ်လို့ သတင်းကြီးနေတာကိုပဲ။ အဲ့ဒီ ဇရပ်လေးမှာပဲ ခဏတဖြုတ် လူရော၊ ဆိုင်ကယ်ပါ အနားယူ ကြတာပေါ့။ ပတ်ဝန်းကျင်သဘာဝ ရှု့ခင်းလေးတွေကလည်း လှတာကိုး။ မောတို့ဌာနေ ရှမ်းပြည်ရဲ့အလှအပဆိုတာ ရောက်ဖူးကြသူတွေမှ သိနိုင်ကြတာ မဟုတ်လား။ တောင်ကုန်း တောင်တန်းတွေရဲ့ အလှအပတွေကို ငေးမောရင်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ ပေါ့ဗျာ။ ပြင်ပရှုခင်းတွေကို တမေ့တမောကြီး ခံစားလို့ဝတဲ့အခါကျတော့ အာရုံက ကျွန်တော်တို့ ညီအစ်ကိုရောက်နေတဲ့ ဇရပ်ထဲကို ပြန်စုစည်းမိတယ်။ အဲ့ဒီဇရပ်ထဲမှာ သူအို၊သူနာ၊သူသေ ရုပ်ထုတွေရှိနေတယ်ဗျ။ လက်ရာအတော်မြောက်ပြိး တော်တော့်ကို လှတာ။ အဲ့ဒါနဲ့ ၅ မိနစ်လောက်နေတော့ ဇာတ်လမ်းက စရော ။ အပြင်မှာ လေက မပြင်းဘူး။ တိုက်တယ်ဆိုရုံလောက်လေးပဲ ဖြည်းဖြည်းညှင်းညှင်းတိုက်နေတာရယ်။ အဲ့ဒါကို ဇရပ်ထဲက တရုတ်ကပ်မှန်တွေက တချပ်ချပ်နဲ့ အသံမြည်ပြီးတော့ကို လှုပ်နေတာ။ ကျွှန်တော်တို့လည်း ဘာလဲဟ ဆိုပြီး ကြောင်ကြည့်နေကြတာ။ ကျွန်တော့်အစ်ကိုကလည်း လေတိုက်တာနေမှာပါ လို့ပြောတယ်။ ဘာမှမကြာပါဘူးဗျာ။ တအောင့်လောက်နေတော့ ပြတင်းပေါက်တွေရဲ့ အပေါ်က တရုပ်ကပ်မှန်တွေက ဘယ်သူမှလည်း ဆွဲမချဘဲ ပွင့်ထွက်လာတယ်။ ကျွှန်တော်တို့အရပ်နဲ့လည်း မမှီဘူး ။ အဲ့လောက် အမြင့်မှာ ထပွင့်တာကိုး ။ အကိုရယ် ကျွှန်တော်ရယ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သိလိုက်တယ်။ ငါတို့တော့ ပညာပြခံရပြီ ဆိုပြီး နှစ်ယောက်သား မတိုင်ပင်ပဲနဲ့ ဆိုင်ကယ်ဆီအရောက် ပြေး၊ တက်ခွပြီး တောင်ပေါ်တောက်လျှောက် မောင်းပြေးလာလိုက်ကြတာ ဖိုးလေး ကျောင်းထဲကို ဘယ်လိုဘယ်ပုံ ရောက်လာမှန်းတောင် မသိဘူး။ ကျောင်းရောက်တော့ ဖိုးလေးက မရှိ။ ဦးလေး မောင်လေး ပဲရှိတာနဲ့ သူ့ကိုပဲ ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြကြတာပေါ့။ ပြူးတူးပြဲတဲနဲ့ ဆိုင်ကယ် အသားကုန် မောင်းဝင်လာတဲ့ ကျွန်တော်တို့ကို လမ်းမှာ ဆိုင်ကယ်နဲ့ လူဝင်တိုက်မိလို့ ထွက်ပြေးလာကြတယ်ထင်ပြီး စစ်လားဆေးလား လုပ်တာလည်း ခံလိုက်ရသေးတယ်။ သြော်... ဦးလေးနာမည်က မောင်လေးလို့ခေါ်တာနော်။ တော်ကြာဖတ်နေရင်းနဲ့ မျက်စိလည်သွားမှာစိုးလို့။ ဖိုးလေးဆိုတာက ဦးလေးမောင်လေးရဲ့ အဖေ ။ သူက ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုကနေထွက်ပြီး ဘုန်းကြီးဝတ်နေတာ ခုချိန်ထိပါပဲ။ ဒါနဲ့ ဦးလေးမောင်လေးကိုပဲ အကျိုးအကြောင်း ပြန်ပြောပြရတော့တာပေါ့။ ဦးလေးက အဲ့မှာစပြီး ကျွန်တော်တို့ နှစ်ကောင်ကို ဆူလိုက်တာများ တော်တော်နဲ့ မရပ်တော့ဘူး။ ဘာလို့ကိုယ်မသိတဲ့နေရာကို မမေးမမြန်းပဲ သွားကြရတာလဲ။ မင်းတို့ ဘာလုပ်ခဲ့ကြသေးလဲ မေးလိုက်တာ စုံနေပါရောလား။ ကျွှန်တော်တို့လည်း ဘာမှမလုပ်ခဲ့ပါဘူး.... အဲ့လိုဖြစ်တော့ ထွက်ပြေးလာတာပါ လို့ပြောတော့မှ ဦးလေးက တော်သေးတယ် မင်းတို့ပေါက်တက်ကရတွေလျှောက်မလုပ်ခဲ့တာ တဲ့။ လူကြီးဖြစ်တဲ့သူက အဲ့လို စကားစ,လာပြီးဆိုမှတော့ ဒီကလူငယ်တွေကလည်း သိချင်လာပြီလေ။ ဘာဖြစ်လို့လဲ ပြောပြပါဆိုပြီး မရမက ဇွတ်မေးတော့မှ သူကလည်း ပြန်ပြောပြတာ။ ပြောမပြခင်မှာ ကျွန်တော်တို့ ညီအစ်ကိုကို ဥာဏ်စမ်းပဟေဠိ အဖြေညှိခိုင်းနေသေးတယ်ဗျ။ အဲ့ဒီဇရပ်လေးဆောက်တာ ဘယ်လောက် ကြာတယ်ထင်လဲတဲ့၊ ကျွှန်တော်တို့လည်း အလွန်ဆုံး နှစ်ပတ်ပေါ့ ဗျာ လို့ပါးစပ်ထဲရှိရာဖြေလိုက်ကြတယ်။ ဟုတ်တယ်လေ။ ဒီကဖြင့် သိချင်နေပါတယ်ဆိုကာမှ လွန်ရင်းကိုမပြောပဲ ပဟေဠိတွေလာလုပ်နေသေးတယ်။ အဲ့ဒီတော့မှ ဦးလေးက..... " အေး ..... နှစ်လ လောက်ကြာတယ်။ ဘာလို့လဲဆိုတော့ အရင်က အဲ့ဒီဇရပ်နေရာမှာ သစ်ပင်အကြီးကြီးရှိခဲ့တာကွ။ အဲ့ဒါကို ဖြတ်ပြီးတော့ ဇရပ် ပြန်ဆောက်ထားတာ။ အဲ့ဒီဇရပ်ကို ဆောက်တဲ့အချိန်တုန်းက လက်သမားတွေ၊ပန်းရံတွေတောင် အလုပ်မဆင်းရဲဘူး။ ညအိပ်ညနေ စောင့်အိပ်ဖို့ဆိုရင် ပိုလို့တောင်ဆိုးသေးကွာ.......။ မင်းတို့ဖိုးလေးက ဇရပ်ဆောက်နေတဲ့အချိန်မှာ ပစ္စည်းတွေပျောက်မှာစိုးလို့ ညစောင့်ခေါ်တာ ဘယ်သူမှ မစောင့်ရဲဘူး။ အသေကြမ်းတာ။ အစပိုင်းမှာဆိုရင်တော့ ခုန မင်းတို့နှစ်ယောက် ကြုံခဲ့ရသလိုမျိုး တံခါးလေးတွေလောက်ပဲ လူပ်ပြတာ။ နောက်ပြီးနည်းနည်းအချိန်ကြာလာရင် ခြေထောက်ကိုပါ ဆွဲရတာနဲ့၊ လူကိုနေရာရွှေ့ထားတာနဲ့ မနက်လင်းတာနဲ့ ဗြောင်းဆံနေအောင် လုပ်ထားတာပေါ့.....။" ဦးလေးလည်း ကျွန်တော်တို့ ညီအကိုနှစ်ယောက်ကို ပြောပြလိုက်ရတာ အတော် အာညောင်းသွားတယ်ထင်ပါတယ်။ ချောင်းတချက် "အဟမ်း..." လို့ ဟန့်လိုက်တာ ဘေးနားမှာ အငေးသားနားထောင်နေတဲ့ ကျွန်တော်တို့ လန့်တောင် လန့်သွားတယ်။ ဦးလေးက သူ့စကားကို ဆက်ပြောတယ်...။ "တညကျတော့ မင်းတို့ဖိုးလေး ဇရပ်မှာ ညစောင့်အိပ်ဖို့ သွားပါလေရော...။ မင်းတို့ ဖိုးလေးအကြောင်း မင်းတို့လည်းသိတာပဲလေ..။ သရဲတွေ တစ္ဆေတွေကို သူက နည်းနည်းမှ အကြောက်အလန့် ရှိတဲ့လူမဟုတ်ဘူး...။ သေနတ်ကိုင်ပြီး တောထဲတောင်ထဲမှာ နေလာတဲ့ ဘဝကနေ ဘုန်းကြီးဘဝကို ပြောင်းလာတာဆိုတော့ သူ့သတ္တိကလည်း မခေဘူး..။ သူမှာ အစောင့်တောင်ရှိတယ်ဆိုပဲ....ဘာအစောင့်လဲတော့ ငါလည်း မသိဘူး...။ ထားပါတော့ မင်းတို့ဖိုးလေး ကြုံခဲ့ရတာကို ဆက်ပြောပြမယ်....။ အဲ့ဒီနေ့ ညနေစောင်းလောက်ကတည်း က ဇရပ်ကိုသွားပြီး ပစ္စည်းတွေဘာတွေ ထား၊ သန့်ရှင်းရေးတွေလုပ်နဲ့ ည (၇) နာရီလောက်ကျတော့ ဘုရားဝတ်တက်တာပေါ့....။ (၈ )နာရီထိုးလောက်ရောက်တော့ ကျိန်းတာပေါ့ကွာ...။ အဲ့ဒီအချိန်ထိ ဘာမှ ဖြစ်သေးဘူး...။( ၁၀) နာင်္ရီဝန်းကျင်လောက်မှာ ဇာတ်လမ်းက စတော့တာပဲဟေ့....။ တံခါးရွက်တွေလည်း လေမတိုက်ဘဲ လူပ်လာတာ...။ မင်းတို့ ကြုံလာခဲ့ရသလိုမျိုး တရုတ်ကပ်မှန်တွေလဲ တကျီကျီမြည်လာတော့တာ..။ ဖိုးလေးကလည်း လေတိုက်တာပဲလေဆိုပြီး ဆက်အိပ်နေသေးတာ...။ အဲ့ဒီမြည်သံတွေ တအောင့်လောက်ငြိမ်သွားပြီး နောက်နာရီဝက်လောက်နေတော့ ခြေသံတွေ ကြားပြန်ရောတဲ့...။ ဒါလည်း ဖိုးလေးက မကြောက်သေး၊ မလန့်သေးဘူး။ စိတ်ထင်တာပဲလေဆိုပြီး ဆက်ပြီး ကျိန်းနေသေးတယ်...။ ညသန်းခေါင် (၁၂) နာရီလည်းကျော်ရော.. ပိုဆိုးလာတော့တာပဲ.....။" "ဇရပ်မှာ မင်းတို့ သူအို၊သူနာ၊သူသေ အရုပ်ကြီးလေးရုပ် တွေ့ခဲ့မှာပေါ့။ အေး... အဲ့ဒီ အရုပ်ကြီးလေးရုပ်က အံ့ဒီအချိန်တုန်းက လက်စမသပ်ရသေးဘူး...။ ဆောက်လက်စ တန်းလန်းပဲ။ ဒါပေမယ့် အတော်လေး ပီပြင်လာပြီ။ မပြီးတော့ မပြီးသေးဘူးပေါ့..။ အဲ့ဒီ အရုပ်တွေထဲက သူသေရုပ်ထုက ဖိုးလေးမျက်စိရှေ့မှာတင် ထထိုင်ရောတဲ့ဟေ့.....။ ဖိုးလေးကလည်း မဖြစ်တော့ဘူး။ မေတ္တာပို့မှပါပဲလေ ဆိုပြီး မေတ္တာပို့၊ တရားထိုင် လုပ်တော့တာပဲ။ ဒီလိုနဲ့ မိုးသာလင်းသွားတယ်။ ဖိုးလေးခမျာ မအိပ်လိုက်ရဘူး။ တစ်ညလုံး တရားထိုင်နေလိုက်ရတယ်။ သူနောက်ဖက်ကနေ ငြီးသံတွေရော၊ လမ်းလျှောက်သံတွေရော တညလုံး ဆက်တိုက်ကြားနေရတယ်ဆိုပဲ။ အော်..... မနက်မိုးလင်း မျက်လုံး ဖွင့်ကြည့်လိုက်တာ သူက ဇရပ်ရဲ့ အနောက်ဘက်ခြမ်းထဲ ကို ရောက်နေရောတဲ့ကွာ..။ တညလုံး တင်ပလ္လင်ခွေ တရားမှတ်နေတဲ့ ဖိုးလေး အိပ်ချင်မူးတူးနဲ့ ယောင်ယမ်းပြီး ဇရပ်အနောက်ကို ရောက်နေစရာလား။ ဘာသရဲမှ မကြောက်တတ်ပါဘူးဆိုတဲ့ မင်းတို့ ဖိုးလေးလည်း ကျောင်းပြန်ရောက်တော့ ဖျားလိုက်တာမှ နှစ်ရက်တောင်ပဲ..။" ဦးလေးမောင်လေး စကားအဆုံးမှာတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်သား အဲ့ဒီလမ်းက ဖြတ်ပြီးပြန်မရဲတော့ဘူး။ သီပေါဘက်ကို ပြန်မယ့် ဆိုင်ကယ်အဖွဲ့တဖွဲ့နဲ့ တိုးလို့ သူတို့အုပ်နဲ့ ရောပြီး ပြန်လာလိုက်ရတယ်။ မကြောက်တတ်ပါဘူးဆိုတဲ့ လူကိုတောင် ဖျားသွားအောင်လုပ်နိုင်တာဆိုတော့ ဇရပ်ထဲက ပရလောကသားရဲ့ အစွမ်းကလည်း နည်းနည်းနောနောတော့ ဟုတ်လိမ့်မယ် မထင်ဘူး။ နှစ်ကာလတွေလည်း ဆယ်စုနှစ်တခုနီးပါး ကြာခဲ့ပြီဆိုတော့ အဲ့ဒီ သိမ်တောင်အတက်လမ်းက ဇရပ်လေး အခုအချိန်ထိရှိနေသေးလား၊ ရှိနေသေးတယ်ဆိုရင်လည်း ရောက်လာတဲ့ ခရီးသွားတွေကို အရင်တုန်းကလိုမျိုး သင်ခန်းစာတွေ ပေးနေသေးလားဆိုတဲ့ နောက်ဆက်တွဲ သတင်းတွေလည်း မကြားရတော့ပါဘူး။ ဘာပဲပြောပြော ဆိုင်ကယ်မင်းသားလုပ်ချင်တဲ့ ကျွန်တော်တို့ ညီအစ်ကိုအတွက်တော့ အဲ့ဒီနေ့က ကြုံခဲ့ရတဲ့ အဖြစ်အပျက်က ကံကောင်းတယ်လို့ ဆိုရလေမလား (သို့တည်းမဟုတ်) နောက်ထပ်တွေ့ကြုံလာရဦးမည့် အဖြစ်အပျက်တွေရဲ့ ရှေ့ပြေးနိမိတ်လက္ခဏာအစတွေပဲ ဖြစ်နေလိမ့်မလားဆိုတာကိုတော့ဖြင့်...... ။ ကိုယ်တွေ့ဖြစ်ရပ်ကို မချွင်းမချန်ပြောပြပေးတဲ့ ကို Middle West (Myo Myat)အား ထုံးစံမပျက် ကျေးဇူးတင်လျက်...... ဇရပ်မြင်တိုင်း မဝင်ချင်တော့သူ (အက်ဒမင်-ရွာတော်ရှင်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |