(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Tha Mee Lay Larr .. Htin Mi Mhar

" သမီးလေလား... ထင်မိမှား "

 အမည်နာမအားဖြင့် ကွာခြားချက် ရှိကောင်းရှိပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာကြီး(၄)ခုစလုံးမှာ ယေဘူယျအားဖြင့် လက်ခံယုံကြည်ထားကြတဲ့ အရာတခုကတော့ လူ့ဘဝရဲ့ အခြားတဖက်မှာသာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဘုံဘဝတခုရှိနေတယ်ဆိုတဲ့အချက်ကိုပါပဲ။ ဒီထက်ရှင်းအောင်ပြောရရင်တော့ သရဲတစ္ဆေ၊ နာနာဘာဝလောကနဲ့ပတ်သက်တဲ့ အကြောင်းအရာတခုက ကမ္ဘာ့ဘာသာကြီးလေးခုစလုံးမှာ မတူကွဲပြားခြားနားတဲ့ အသွင်သဏ္ဍာန်အမည်နာမတွေနဲ့ လက်ခံယုံကြည်မှုရှိနေပါတယ်ဆိုရင် မမှားလောက်ဘူးလို့ထင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ သက်ဝင်ယုံကြည်ထားကြတဲ့ (၃၁)ဘုံထဲက အပါယ်(၄)ဘုံမှာ ပါဝင်တဲ့ ပြိတ္တာဘုံဆိုတာ ဒီကနေ့ခေတ် လူအများစု ခေါ်ဝေါ်သုံးစွဲနေကြတဲ့ မမြင်သင့်၊ မမြင်အပ်တဲ့ တစ္ဆေ၊သရဲ၊ ဖုတ်၊ မှင်စာ အစရှိတဲ့ မကောင်းဆိုးဝါးတွေကို ရည်ညွှန်းခြင်းဖြစ်သလို အခြားသော ဘာသာတွေမှာလည်း လူတွေကို ခြောက်လှန့်တတ်တဲ့ မမြင်အပ်တဲ့ အရာတွေကို ဂျင်းန်၊ ရှိုက်တန်၊ စာတန်၊ ဝိညာဉ် အစရှိတဲ့ အမည်တွေနဲ့ သုံးစွဲခေါ်ဝေါ်ကြကြောင်းကို ဖတ်ရှုလေ့လာဖူးပါတယ်။ တနေ့တခြားထွန်းကားတိုးတက်လာတဲ့ နည်းပညာရဲ့နောက်မှာ ပေါ်ပေါက်လာတဲ့ free thinker ဆိုသူများအတွက်တော့ ဒီအချက်ကို လက်ခံချင်မှ လက်ခံကြမှာပါ။ ကျွန်မအနေနဲ့ ကျွန်မနဲ့ ကျွန်မရဲ့ မိခင်တို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတခုကို လက်ဆင့်ကမ်းမျှဝေလိုခြင်းသက်သက်သာဖြစ်ပြီး ဒီစာစုလေးတပုဒ် ဖြစ်လာဖို့အတွက်တောင်မှပဲ မြန်မာစာကို ကီးဘုတ်မှာ အဆင်ပြေပြေ ရိုက်မတတ်တဲ့အတွက်ကြောင့် မြန်မာစာရိုက်နည်းကို အချိန်(၂)လနီးပါးလေ့ကျင့်ခဲ့ရပြီး အခုမှသာ ရေးသားလိုက်ရခြင်း ဖြစ်ကြောင်းပါ။ အဖြစ်အပျက်စတင်ခဲ့ရာ အချိန်ကာလကတော့ ခရစ်သက္ကရာဇ်(၂၀၁၁) ခုနှစ်ရဲ့ မိုးတွေတဖွဲဖွဲရွာနေတဲ့ July လမှာပေါ့ရှင်။ ကျွန်မရဲ့ အမေကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်ဆေးရုံကြီးရှေ့မှာရှိတဲ့ ကျွန်မတို့ကိုးကွယ်ရာဘာသာရဲ့ သီလရှင်ကျောင်းမှာ ညအိပ်ညနေသွားရောက်နေထိုင်ပြီး ဆေးကုသဖို့ အကြောင်းဖန်လာပါတော့တယ်။ ကျွန်မတို့သားအမိနေထိုင်ခဲ့ရတဲ့ အဆောင်လေးရဲ့ ဖွဲ့စည်းပုံအနေအထားကတော့ အဆောင်ကိုဝင်ဝင်ချင်း အပြင်ဘက် တံစက်မြိတ်နေရာမှာ လူနာနှစ်ဦးနေလို့ရပြီး အဲ့ဒီနေရာမှာ ကျွန်မထက် အသက်နည်းနည်းငယ်မယ်လို့ ခန့်မှန်းရတဲ့ ခွဲစိတ်ကုသမှုခံယူထားရသူ လူနာအမျိုးသမီးငယ်တဦးရှိပါတယ်။ အဲ့ဒီနေရာလေးကနေ ဆက်ပြီးတော့အထဲကို လျှောက်သွားမယ်ဆိုရင်တော့ တဖက်တချက်မှာ အခန်း(၃) ခန်းစီနဲ့ မျက်နှာချင်းဆိုင် အခန်း (၆) ခန်းကို တွေ့ရပါလိမ့်မယ်။ကျွန်မတို့သားအမိကတော့ ညာဘက်အခြမ်းက ဒုတိယမြောက်အခန်းမှာ နေရာရပါတယ်။ ရောဂါဘယထူပြောတတ်တဲ့ မိုးရာသီကာလဖြစ်နေလို့လားတော့ မပြောတတ်ပါဘူး။ အခန်းတိုင်းမှာ လူနာတွေရှိနေတာကို တွေ့ရပါတယ်။ ကျွန်မတို့သားအမိနှစ်ယောက်အတွက် တသက်မမေ့နိုင်စရာ အဖြစ်အပျက်ကို ကြုံဆုံရမယ့် အဲ့ဒီနေ့တုန်းက ရန်ကုန်မြို့ရဲ့ကောင်းကင်ပြင်တခုလုံးမှာ တိမ်မည်းတွေ အုံ့ဆိုင်းပြီး မိုးက စက်တောက်စက်တောက်ရွာနေတော့ လူက နေရထိုင်ရတာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီးရှင့်။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်း နှစ်ယောက်ပေါင်း အပြင်သွားပြီး သံဈေးမှာ ဈေးသွားဝယ်ပြီးတော့ ၁၉လမ်းဘက်ကနေဖြတ်ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ရှေ့ကနေဖြတ်ပြန်မလို့ဆုံးဖြတ်ပြီး လမ်းကူးလိုက်ကြပါတယ်။ အချိန်ကတော့ ညနေ (၆) နာရီခွဲလောက်တော့ ရှိနေပါပြီ။ မိုးကလည်း တဖြောက်ဖြောက်နဲ့ဆိုတော့ ပိုပြီးတော့ မှောင်ရိပ်သမ်းသလို ဖြစ်နေတော့တာပေါ့ရှင်။ ဆေးရုံကြီးရဲ့နောက်ဘက်အခြမ်း အုတ်နံရံနားကို ရောက်တဲ့အချိန်မှာ သူဘာတွေ စိတ်ပြောင်း သွားလဲမသိဘူး (ကျွန်မက သရဲဆိုရင် အကောင်လိုက်မပြောနဲ့ ရှိတယ်လို့သာပြော ကြားလိုက်တာနဲ့ကို တုန်နေအောင်ကြောက်တတ်တဲ့သူပါ ) သူက ကျွှန်မကိုဘာပြောလည်းဆိုတော့ ဆေးရုံကြီးနောက်ခြမ်း ဆရာဝန်တွေနေတဲ့နေရာကနေ ဖြတ်ပြန်ရအောင်... ပိုပြီးတော့မြန်တယ် တဲ့။ သူ့စကားကြားကြားချင်း ကျွန်မလည်း အကြောက်အကန်ငြင်းတော့တာပါပဲ။ ဟာ နင်ကလည်း ဟိုဘက်ကသွားရအောင်... လမ်းလေးလျှောက်ရင်း ဟိုကြည့်ဒီကြည့်ပေါ့.....လို့ (အမှန်တော့ ကျွန်မအနေနဲ့ အဲ့ဒီဘက်ကပြန်ရမှာကို ကြောက်လို့ ပြောလိုက်တာပါ)။ ကျွန်မဘယ်လောက်ပြောပြော ဘယ်လိုမှတားမရတော့ပဲ ပြောပြောဆိုဆိုနဲ့ ဆေးရုံကြီးနောက်ဘက်ခြမ်းမှာရှိတဲ့ အဲ့ဒီအပေါက်ကနေ ဝင်ချသွားပါလေရော။ ကျွန်မလည်း တယောက်တည်း ဟိုဘက်ကလည်း မပြန်ရဲတာကြောင့် သူ့နောက်ကနေ မလိုက်ချင်ပဲနဲ့ လိုက်သွားခဲ့ရပါတော့တယ်ရှင်။ လူတဦးရဲ့ မနောအာရုံလို့ပြောရမလား၊ ဆဌမအာရုံလို့ပဲပြောရမလား (ဒါမှမဟုတ်) မသိစိတ်ရဲ့ စေ့ဆော်မှုပဲလား အဲဒီအပေါက်ကနေ ၀င်လိုက်တဲ့ အခိုက်အတန့်မှာ ကျွန်မစိတ်ထဲမှာ ခံစားလိုက်ရတာက တလောကလုံးမှောင်မှိုင်း အုံ့ဆိုင်းပြီး ပျော်စရာတွေအားလုံးကို လုယက်ယူငင်ခြင်း ခံလိုက်ရသလိုပါပဲ။ ကျွန်မလည်း အဲဒါနဲ့ ကျွန်မယုံကြည် ကိုးကွယ်ရာ ဘုရားကို ရှိခိုးတော့တာ ကျွန်မနေတဲ့ အဆောင် ရောက်တဲ့အထိအောင်ပါပဲ။ အဆောင်ကိုပြန်ရောက်တော့မှ စိတ်သက်သာရာရပြီး အမှုမဲ့ အမှတ်မဲ့နေလိုက်မိပါတယ်။ အဲဒီညမှာပဲ ပြဿနာစဝင်လာတော့ပါပဲ။ ည ၁၁နာရီခွဲကျော်ကျော်လောက်မှာပဲ ကျွန်မတို့အဆောင်ရဲ့ အပြင်ဘက်တံစက်မြိတ်မှာအိပ်တဲ့ ညီမလေးက အလန့်တကြားနဲ့ အထဲကို ၀င်ပြေးလာပါတော့တယ်(ကျွန်မတို့အဆောင်ကလူနာဆောင်ဆိုတော့ ည၁၀နာရီလောက်ဆိုရင် အကုန်လုံး အိပ်ကုန်ကြပါပြီး)။ ပြီးတော့ အလန့်တကြားနဲ့ သူပြောပါတော့တယ်။ သူ့ကိုသရဲစီးလို့တဲ့ ပြီးတော့ အိမ်မက်လိုလို ဘာလိုလိုနဲ့ ပြောသေးတယ်တဲ့ “အမေလာပြီး”ဆိုတဲ့ အသံဟာတော်တော်လေးကို ခြောက်ခြားစရာကောင်းပါတယ်တဲ့။ အဲ့လိုနဲ့ ကျွန်မလည်းနိုးနေရာကနေ ပြန်အိပ်လို့မရတာနဲ့(အမှန်တကယ်တော့ကြောက်လွန်းလို့အိပ်မရခြင်းဖြစ်ပါတယ်၊ ကျွန်မကတော့ စိတ်ထဲမှာ နည်းနည်းတော့ သဘောပေါက်သလိုရှိနေပြီလေ၊ဒါတခုခုပဲ ဆိုတာကို)။ ကျွန်မအမေမသိအောင် သူ့ရဲ့ အိပ်ဆေးတွေ ခိုးသောက်ပြီးကျွန်မရဲ့ကြောက်စိတ်ကိုဇွတ်အတင်း ချိုးနှိမ်ပြီး ကိုယ့်ကိုယ်ကို အိပ်ခိုင်းမိပါတော့တယ်။ အဲဒီ ညီမလေးခမျာလည်း အရမ်းကြောက်တာနဲ့ သူ့နေရာသူပြန်မနေရဲတော့ပဲ အထဲမှာရှိတဲ့ လူနာအစ်မတယောက်နဲ့အတူ အိပ်လိုက်ပါ တော့တယ်။ ခွဲစိတ်မှုဒဏ်နဲ့ ကျန်းမာရေးအခြေအနေကြောင့် စိတ်ဂယောင်ခြောက်ချားဖြစ်တယ်လို့ ပြောရင်လည်း ရနိုင်ပေမယ့် နောက်ဆက်တွဲ ပြဿနာတွေက ဆက်တိုက်ဆိုသလို ထပ်ဝင်လာပြန်တော့ သမရိုးကျတိုက်ဆိုင်မှုတခုရယ်လို့ အနက်ဖွင့်ဖို့ရာ မလွယ်တော့တဲ့ အခြေကိုဆိုက်ပါလေရော။ တံစက်မြိတ်မှာအိပ်တဲ့ လူမမာညီမလေးဆီက ကိစ္စက နောက်တယောက်ဆီကို ထရန်စဖာ ပြောင်းသွားပြန်ပါတော့တယ်။ မနက် ၃နာရီလောက်မှာ ကျွန်မတို့ရဲ့ ရှေ့အခန်းက အစ်မတယောက် အထက်လန်အောက်လျှောထပ်ဖြစ်ပြန်ပါတယ်။ သူ့အခြေအနေဘယ်လောက်တောင်ဖြစ်သွားသလဲလို့ဆိုရင်တော့ ညဦးပိုင်း ၁၁ နာရီကျော်မှာမှ အိပ်ယာပြန်ဝင်ထားကြရတဲ့ ကျွန်မတို့ တဆောင်လုံးတကျော့ပြန် ထပ်နိုးကြပါတယ်။ ကျွန်မကတော့ နိုးပေမယ့် ထမကြည့်နိုင်တော့ပါဘူး။ အမေ့ဆီကနေ တိတ်တိတ်ကလေး ယူသောက်လိုက်မိတဲ့ အိပ်ဆေးတွေ အစွမ်းပြပြီး ခေါင်းမထောင်နိုင်တော့ဘူးလေ။ အိပ်ဆေးအရှိန်ကရှိသေးတယ်လေနော့။ အထက်လန်အောက်လျှောတဲ့ လူမမာခမျာကတော့ အရေးပေါ်ရောက်သွားတဲ့အထိပါပဲ။ သူအစားလည်းမမှားပဲနဲ့ အရေးပေါ်ကိုရောက်သွားတယ်ဆိုတော့ စဉ်းစား စရာပါပဲ။ ဒီလိုဗရုတ်သုတ်ခနဲ့ပဲ အဲဒီညကြီး ပြီးဆုံးသွားပါတော့တယ်။ နောက်တနေ့မနက်လည်းရောက်တော့ ကျွန်မနဲ့အတူသွား တဲ့သူငယ်ချင်းကို သွားမေးပါတယ်။ နင်ရော ညကဘယ်လိုလဲလို့ မေးတော့ သူကပြန်ပြောပါတယ် အိပ်လို့ကောင်းလိုက်တာမှအရမ်းပဲ တဲ့။ နင်သိလားဒီမှာ ဗရုတ်သုတ်ခတွေဖြစ်သွားတယ်လေဆိုတော့ သူကသိတယ်တဲ့၊ အဲဒါနဲ့ကျွန်မက ငါတို့ကြောင့်လားမသိဘူးနော်ဆိုတော့သူက နင်ကလည်း ဘာဆိုင်လို့လဲ တို့တွေကြောင့်ဆိုရင်တို့တွေကိုခြောက်မှာပေါ့တဲ့၊ ဘုရားတွေဒီလောက်ရှိခိုးနေပြီး ဒါတွေကိုယုံရလား လို့တောင် ကျွန်မကို အပြစ်ပြောချင်သေးတဲ့လေသံနဲ့ပြန်ပြောတာ။ သူပြောတော့လည်း ဟုတ်နေသလိုပဲ။ ကျွန်မတို့ကြောင့်ဆိုရင် ကျွန်မတို့ကိုပဲခြောက်မှာပေါ့နော်။ တော်ပါသေးတယ် ကျွန်မတို့တွေကြောင့်မဟုတ်ဘူးပေါ့လို့ ကိုယ့်စိတ်ကို ဖြေသိမ့်ပေမယ့် စိတ်ထဲမှာတော့ ဇဝေဇ၀ါနဲ့ပါပဲ။ ဒီလိုနဲ့ပဲ အဲဒီ အဆောင်မှာ ကျွန်မတို့သားအမိ တွေ ၂ လကြာခဲ့ပါတယ်။ ၂ လနေပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ (မေမေ)က ကျွန်မကိုပြောလာပါတော့တယ်။ သမီး မှတ်မိလား သမီးအဲ့ဒီနေ့က ညနေဘက် ကြီးအပြင်ထွက်သွားတယ်လေ...တဲ့။ အမဲရောင်ဝမ်းဆက်ကြီး ၀တ်ပြီးတော့တဲ့(သြော်...မေ့လို့ အဲ့ည နေက ကျွန်မအပေါ်အောက် အမဲရောင်ကြီးနဲ့ လမ်းသလားတဲ့နေ့လေ) ။ ကျွန်မက အမေ့ကို ဟုတ်တယ်လေ ဆိုတော့ အဲ့ညက ဟိုညီမလေးကိုလည်း သရဲစီးတယ်လေတဲ့၊ အင်းလေ ဟုတ်တယ်လေ အရှေ့ကအစ်မတောင် ဆေးရုံတက်ရသေးတယ်လေလို့ (မေမေ)မပြောခင် ကျွန်မ ကကြိုပြီးတော့ပြောထားလိုက်တယ်။ တော်ကြာ လိုရင်းမရောက်မှာစိုးလို့။ ဒီတော့မှအမေဆက်ပြောတာက အဲဒီညက ဟိုအစ်မ ဆေးရုံ မတက်ခင် မေမေတို့ အခန်းကနေ သမီးအရွယ်လောက်ရှိတဲ့ ကောင်မလေး ဆံပင်လေးက ဂုတ်ဝဲလေးနဲ့ တကိုယ်လုံး အနက်ရောင်ဝမ်းဆက်လေးနဲ့ထွက်သွားတာ(မေမေ)တွေ့လိုက်တယ်...တဲ့။ မေမေက သမီးထင်လို့ သမီးများ တရေးနိုး ထသွားလားဆိုပြီး သမီးကုတင်ကို ကြည့်လိုက်တော့ သမီးက အိပ်နေတယ်.....တဲ့(နှစ်နှစ်ခြိုက်ခြိုက်ပဲ အိပ်ဆေးတန်ခိုးများနဲ့ပေါ့) ပြီးတော့ ညနေကသမီး ကအမဲလေး ၀တ်ထားတော့ သေချာအောင် ကြည့်တော့ သမီးက ည၀တ် အင်္ကျီအနီရောင်အစဉ်းလေးနဲ့ ဆိုမှ ထွက်သွားတာသမီး မဟုတ်ဘူးဆိုတာသိလိုက်တယ်...တဲ့ (မေမေ)လည်းကျောဘဲမြင်လိုက်တာ.....တဲ့။ သမီးကြောက်နေမှာစိုးလို့ အဲ့တုန်းက မပြောပြတာတဲ့(အခန်းထဲကို ညကြီးမိုးချုပ်အချိန်မတော်ကြီး ဘေးအခန်းကလူတွေလည်း ခွင့်မတောင်းပဲနဲ့ မဝင်တတ်မှန်းကို ကျွန်မတို့သားအမိ အသိဆုံးပေါ့).......။အဲ့ဒီအချိန်တုန်းက ကျွန်မကို မပြောပြခဲ့တဲ့ အမေ့ကို ဘယ်လိုကျေးဇူးတင်လို့ တင်မှန်းပြောမပြတတ်လောက်အောင်ပါပဲရှင်။သူပြောနေတဲ့အချိန်အခိုက်အတန့်မှာတောင်မှ ကျွန်မ ကြက်သီးတွေထနေပြီ။ မေမေ့နေရာမှာသာ ကျွန်မဆိုရင်တော့လား ဆေးရုံရောက်တဲ့သူက ကျွန်မဖြစ်နေလောက်ပါပြီ။ အဲ့ဒီအချိန်ကာလတုန်းက ကျွန်မ ဘာသာရေးကို ဖိဖိစီးစီးလုပ်ဖြစ်ခဲ့ပါတယ်။ အဲ့လို ဘာသာတရားကို အလေးထားခဲ့လို့လည်းအကောင်အထည်နဲ့ပြတာကို မတွေ့ခဲ့ရ၊ မကြုံခဲ့ရတာလည်း ဖြစ်မယ်လို့ထင်တာပါပဲရှင်။ ခုနေခါများဆိုရင်တော့ ပြောမတတ်ဘူး။ အရင်တုန်းကလောက် ဘာသာရေးကို မလုပ်ဖြစ်တော့လို့လေ။ မပြောစကောင်း၊ မဆိုစကောင်း ခုနေတုန်းဆိုရင်တော့ ကျိန်းသေပေါက်တွေ့ရလိမ့်မလားပဲ။ ကျွန်မတို့သားအမိဆုံကြုံခဲ့ရတဲ့ ဖြစ်စဉ်ကို အစကနေ အဆုံးတိုင် ဖတ်ရှုပေးကြသူတွေ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် ။

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |