(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

Ta Khar Pyan Ma Sone Chin Tot B


"တခါပြန် မဆုံချင်တော့ပြီ" 

 လွန်ခဲ့တဲ့(၂၀၁၁)ခုနှစ်ရဲ့ မိုးရာသီမှာပေါ့ဗျာ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျောင်းတက်နေတဲ့ ကျွန်တော့်သူငယ်ချင်းတယောက်ဆီကို အလည်ခဏသွားရင်းက ခုပြောမယ့်အဖြစ်အပျက်ကို ကိုယ်တွေ့ကြုံလိုက်ရတာ။ ကျွန်တော့်သူငယ်ချင်းက Mahidol University ရဲ့ မြို့ထဲက Campusမှာ ကျောင်းတက်နေသူပါ။သူနေတာကတော့ Rachaprasaung အရပ်က တာဝါတခုမှာပါ။ ကျွန်တော်ဘန်ကောက်ကိုရောက်ချိန်မှာ သူနေတဲ့အခန်းမှာပဲ တည်းဖြစ်သွားပါတယ်။ သူနေတဲ့အခန်းလေးက အတော်နေချင်စရာကောင်းသား။ အခန်းအတွင်းပိုင်းထက် အပြင်ဘက်ကိုမြင်ရတဲ့ View က တော်တော်လှတာနဲ့ အခန်းအပြင်ဘက်ရှုခင်းကို ဓါတ်ပုံရိုက်လာခဲ့ပါသေးတယ်။ သူငယ်ချင်းအခန်းကနေ အပြင်ဘက်ကို မြင်နေရတဲ့ ရှုခင်းလေး။ ကျွန်တော်က အလည်လာတဲ့ဧည့်သည်၊ အခန်းရှင်ကျွန်တော့်သူငယ်ချင်းက ကျောင်းတက်နေရတဲ့လူဆိုတော့ ကျောင်းဖွင့်ရက် နေ့ခင်းနေ့လည်ပိုင်းတွေမှာ သူ့အခန်းလေးမှာ ကျွန်တော်တယောက်တည်း ကျန်နေခဲ့တာပေါ့။ တခါတလေကျရင် အိမ်ခန်းထဲအောင်းနေရတာ ငြီးစီစီဖြစ်လာတဲ့အခါမျိုးမှာတော့ ကျွန်တော်တယောက်တည်း အပြင်ကိုသွားပေမယ့် အဖော်မပါတော့ သိပ်အဆင်မပြေဘူး(ဟေ့လူတွေ...ထိုင်းမှာ အဖော်မပါလို့ သိပ်အဆင်မပြေဘူးပြောလို့ တလွဲတွေ လျှောက်မတွေးနေကြနဲ့လေ။ ကျွန်တော်ပြောတာက မိတ်ဆွေအပေါင်းအသင်းမပါတာကို ပြောတာ...) အပြင်ကို တယောက်တည်းမသွားဖြစ်တဲ့ အကြောင်းတရားတွေထဲမှာ ဘန်ကောက်က တက္ကစီမောင်းတဲ့ ကိုဘသောင်းတွေကြောင့်လည်း ပါတယ်။ မအူမလည်ပုံစံပေါက်နေတဲ့ ခရီးသည်တို့၊ နေရာမသိ လမ်းမသိတဲ့လူတွေဆိုရင် သူတို့က အချဉ်ဖမ်းတော့တာပဲ။ မီတာမတက်တက်အောင်လို့ ကားကို တကွေ့တပတ်ကြီးပတ်မောင်းတတ်ကြတယ်။ နောက်ပြီးတော့ ပိုက်ဆံရှင်းလို့ ဘတ်သုံးလေးဆယ်လောက်များပိုနေရင် ကိုယ်တော်ချောများက ပြန်မအမ်းချင်ပဲနဲ့ လူကို ဘုရှိုးရှိုးပြီး ဂျိုကြည့်ကြည့်တတ်ကြသေးဗျာ။ ကျွန်တော်ဘန်ကောက်ရောက်တုန်းအခိုက်မှာ ကြုံဆုံခဲ့ရတဲ့ ကားဆရာကိုဘသောင်းအားလုံးက အဲ့လိုတွေချည်းတွေပဲ။ ဒီလိုနဲ့ တရက်တော့ ကျွန်တော်Wahtprakaw ( မြဘုရား )ကို သွားဖူးရော။ အဲ့ဒီနေ့က မိုးကလည်း သည်းချက်ဗျာ။ အိမ်ပြန်ရောက်ပြီးတော့ နောက်နေ့မှာ လူတကိုယ်လုံး ကိုက်ခဲပြီး ဖျားချင်သလိုလိုဖြစ်နေတာကြောင့် ဘယ်မှမသွားတော့ပဲ အခန်းအောင်းနေလိုက်တော့တယ်။ ကျွန်တော့်သူငယ်ချင်းကလည်း ကျောင်းမှာ class ရှိလို့ မနက်ကတည်းက ထွက်သွားပြီ။ ကျွန်တော့်မှာ ဖုန်းမောင့်တကိုယ်တည်း ကျန်ရစ်လေသတည်း ဆိုသလို အခန်းထဲက ကုတင်ပေါ်မှာ အိပ်ရင်းလျောင်းရင်း အိမ်စောင့်ကျန်နေခဲ့ရတော့တာပေါ့။ နေ့ခင်းပိုင်းလောက်ရောက်လာချိန်မှာ ကျွန်တော်လည်း အိပ်လို့မပျော်တာနဲ့ ကုတင်ပေါ်မှာ လူးလှိမ့်ရင်း အင်တာနက် သုံးနေမိတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်နားထဲမှာ အခန်းတံခါးဝဆီက ခြေသံလိုလို ကြားလိုက်ရရော။ ပထမတော့ တရှပ်ရှပ်အသံနဲ့ ဟိုဖက်ထိပ်ကို လျှောက်သွားတယ်။ အဲ့ ခဏလောက်ကြာတော့ ဒီဖက်ထိပ်ကို ပြန်လျှောက်လာတဲ့ ခြေသံကို ကြားရပြန်ရော။ အဲ့ဒီလို ဟိုဖက်ထိပ်နဲ့သည်ဖက်ထိပ်ကို ခေါက်တုန့်ခေါက်ပြန်လျှောက်နေတာ ဆယ်ခေါက်လောက်တောင် ရှိရော့မယ်။ အိပ်မပျော်ပဲ ယောင်ချာချာတကိုယ်တည်းဖြစ်နေတဲ့ ကျွန်တော့်ကို အဲ့ဒီခြေသံက အလုပ်ပေးတော့တာပဲ။ ကျွန်တော်တို့နေတဲ့ အခန်းဘေးမှာက လူမနေတဲ့အခန်းလွတ်က သုံးခန်းလောက်ရှိတယ်။ အခန်းရဲ့မျက်စောင်းထိုးမှာက ဂျပန်လူမျိုးတယောက်နေတဲ့အခန်းရယ်၊ ဘာလူမျိုးမှန်း သေသေချာချာမသိရတဲ့ အနောက်နိုင်ငံသား မျက်နှာဖြူတယောက်နေတဲ့ အခန်းရယ် အဲ့ဒီနှစ်ခန်းကလွဲရင် ကျန်တာတွေက No occupied ဖြစ်နေတဲ့ အခန်းလွတ်တွေချည်းပဲ။ ဒီတော့ ကျွန်တော်တို့အခန်းပတ်ဝန်းကျင်မှာ ဖြတ်သွားဖြတ်လာရှိတတ်တာဆိုလို့ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ရယ်၊ မျက်နှာဖြူကြီးရယ်၊ နိပွန်ကြီးရယ် အားလုံးပေါင်းကြည့်မှ လေးယောက်ပဲရှိတာ။ အဲ.. မေ့တော့မလို့။ Room Service ပေးတဲ့ အမျိုးသမီးကြီး တယောက်တော့ ကျန်နေသေးသဗျ။ သူကတော့ နေ့ခင်းနေ့လည် နာရီပြန်တချက်တည်းလောက်ဆို ကျွန်တော်တို့ အခန်းတွေရှိရာဆီကိုရောက်လာတတ်တယ်။ အဲ့ဒီအမျိုးသမီးကြီးက အခန်းမှာ လျှော်စရာဖွပ်စရာ Laundry အပ်စရာရှိရင် လာယူပေးတာတို့၊ စားစရာတွေဘာတွေမှာထားတာရှိရင် ဟိုး အောက်ထပ်ကနေ ယူလာပြီး ပို့ပေးတာတို့လုပ်ပေးတာလေ။ ဒါပေမယ့် အဲ့ဒီအမျိုးသမီးကြီး လမ်းလျှောက်လာရင် ကျွန်တော်စောနတုန်းက ကြားရတဲ့ ခြေသံမျိုးမကြားရပဲ တဒေါက်ဒေါက်အသံပဲ မြည်တတ်တယ်။ ဘာလို့တုန်းဆိုရင် သူစီးနေကျဖိနပ်က Half Shoe လိုမျိုးမှာ ဒေါက်လေးပါတဲ့ ဖိနပ်မို့လို့ အဲ့ဒီအသံမျိုးထွက်တတ်တာ ကျွန်တော်ဒီကိုစရောက်တုန်းကတည်း သတိထားမိတယ်။ အကယ်၍ အဲ့ဒီအမျိုးသမီး ဒီနေ့မှ စိတ်ကူးပေါက်ပြီး ဖိနပ်ပြောင်းစီးတယ်ဆိုရင်တောင် ဒီလိုမျိုးတော့ စင်္ကြန်လမ်းမှာ လျှောက်ပြန်သံပေးနဲ့ ခေါက်တုံ့ခေါက်ပြန် လျှောက်မနေတန်ကောင်းပါဘူး။ ဒါနဲ့ကျွန်တော်လည်း အပြင်လူတယောက်ယောက်များ လူလာရှာရင်းနဲ့ ရှာတဲ့အခန်းမတွေ့လို့ ဟိုလျှောက်လိုက်၊ ဒီလျှောက်လိုက်လုပ်နေတာများ ဖြစ်လိမ့်မလားဆိုတဲ့အတွေးနဲ့ ဘယ်သူ့အခန်းရှာနေတာလဲ မေးကြည့်ဦးမယ် ဆိုပြီး အခန်းတံခါးကို ဖွင့်လိုက်မိတယ်။ ကျွန်တော်တံခါးမဖွင့်ခင် စက္ကန့်ပိုင်းလောက်အလိုအထိ အခန်းရှေ့နားမှာတင် သေသေချာချာကြားနေရတဲ့ ခြေသံက တံခါးဖွင့်လည်းဖွင့်လိုက်ရော အခန်းရှေ့မှာ လူမပြောနဲ့။ ခွေးတကောင် ကြောင်တမြီးတောင်မှ မတွေ့ရပဲ ဟိုးခပ်လှမ်းလှမ်းက Elevator ဓာတ်လှေကားနားမှာ မိန်းမပျိုလေးတယောက်ရှိနေတာကိုပဲ မြင်လိုက်ရတယ်။ ကျွန်တော်တို့နေတဲ့တာဝါရဲ့ တဖက်တချက်စီမှာ ဓါတ်လှေကားတစင်းစီရှိတော့ ကိုယ်အဆင်းအတက်လုပ်ချင်တဲ့ဖက်ကနေ ဆင်းလို့ တက်လို့ရတယ်လေ။ ဒီတော့ ကျွန်တော်မြင်နေရတဲ့မိန်းကလေးက သူရှာတဲ့အခန်းမတွေ့လို့ ဒါမှမဟုတ်ရင်လည်း ပြန်ဆင်းတဲ့ ဧည့်သည်တယောက်ယောက်ဖြစ်မှာပါလေဆိုတဲ့အတွေးနဲ့ တံခါးပြန်ပိတ်လိုက်တယ်။ အဲ... ကျွန်တော်လည်း တံခါးပြန်ပိတ်ပြီးရော..စောစောက ကြားရတဲ့ခြေသံက ကျွန်တော်တို့အခန်းဘက်ကို ခပ်သုတ်သုတ်ပြန်လာနေတဲ့အသံကို ကျွန်တော့်နားနဲ့ အသေအချာကြားလိုက်ရတယ်။ ဘာတုန်းဟ လို့ စိတ်ထဲတွေးလိုက်ပြီး ကျွန်တော်လည်း ကုတင်ပေါ်တက်ပြီး အင်တာနက်ပဲ ထိုင်သုံးနေလိုက်တော့တယ်။ ကျွန်တော်ကြားနေရတဲ့ခြေသံက ပျောက်မသွားပဲနဲ့ ဆက်ပြီးတော့ လျှောက်နေပြန်ရောဗျာ။ House Keeping က အဒေါ်ကြီးရဲ့ ခြေသံလည်း မဟုတ်ဘူး။ အခုကြားနေရတဲ့ခြေသံက ခပ်ဖွဖွနဲ့ ဆတ်တောက်ဆတ်တောက် လျှောက်နေတဲ့ အသံ။ အချိန်တော်တော်ကြာတဲ့အထိ အဲ့ဒီခြေသံက ပျောက်မသွားပဲ ကြားမြဲကြားနေရတော့ ကျွန်တော်လည်း နားညီးလာပြီ။ လူက တကိုယ်လုံးကိုက်ခဲပြီး ဖျားချင်ချင်ဖြစ်နေရတဲ့အထဲမယ် အဲ့ဒီခြေသံက လူကိုလာပြီးတော့ ကလိနေသလိုပဲ။ စိတ်ပေါက်ပေါက်နဲ့ ကျွန်တော်လည်း တံခါးကိုနောက်တခေါက်ထပ်သွားဖွင့်လည်း ဖွင့်လိုက်ရော.... ခုနတုန်းက ဟိုဖက်ဓါတ်လှေကားနားမှာတွေ့ရတဲ့ မိန်းကလေးက ဒီတခါတော့ ကျွန်တော်တို့အခန်းနဲ့နီးတဲ့ဘက်ခြမ်းက ဓါတ်လှေကားဘက်မှာ ရပ်နေတာ တွေ့လိုက်ရတယ်။ ကျွန်တော်လည်း အဲ့ဒီမိန်းကလေးကို သေချာကြည့်လိုက်ပါသေးတယ်။ သူကတော့ ဘာမှမထူးခြားသလိုပဲ ။ ကျွန်တော့်ဘက်ကိုလည်း ပြန်မကြည့်ဘူး။ သူ့ဘာသာသူ ရပ်နေတယ်။ ဒီမှာက တခါတလေဆို နိုင်ငံခြားသားတွေနဲ့ လာပြီးအိပ်တဲ့ ယပက်လက် မိန်းကလေးတွေလည်း ရှိတတ်လေတော့ အဲ့လိုမိန်းမစားတွေထဲကများလားလို့တောင် အတွေးဝင်မိလိုက်ပါသေးတယ်။ ဒါပေမယ့် ကောင်မလေးပုံစံက အဲ့ဒီလိုလုပ်စားတဲ့ ဒီဇိုင်းမျိုးလည်းထွက်မနေဘူး။ ဒါနဲ့ ကျွန်တော်လည်း သူတို့ထုံးတမ်းအစဉ်အလာအတိုင်းနှုတ်ဆက်သလို sawasdee(สวัสดี) ဆဝါဒီခပ်လို့ သွားနှုတ်ဆက်ပြီး ဘယ်သူ့ကိုလာရှာတာလဲလို့ တတ်သလောက်မှတ်သလောက်ကြိုးစားပြီး မေးကြည့်မယ်ဆိုပြီး သူရှိနေတဲ့ဆီ သွားလိုက်တယ်။ ကျွန်တော် အဲ့ဒီမိန်းကလေးရှိရာဆီကိုလျှောက်သွားတုန်းမှာပဲ ဓါတ်လှေကားတံခါးပွင့်လာပြီး ကောင်မလေးလည်း ဓါတ်လှေကားထဲကို ဝင်သွားတယ်။ ကျွန်တော်လည်း သြော်.. သွားပြီပေါ့ လို့ ထင်လိုက်တယ်။ ကျွန်တော်တို့အခန်းနဲ့ ဓါတ်လှေကားက ဘာမှမဝေးတော့ ဓါတ်လှေကားခလုပ်တွေကို ကျွန်တော် ကောင်းကောင်းကြီးမြင်နေရတယ်။ ဓါတ်လှေကားက ဟိုး.. မြေညီထပ် Ground Floor အထိဆင်းသွားတာ။ ဒီတော့လည်း ကျွန်တော့်စိတ်မှာ ကောင်မလေး အောက်ထပ်ကိုဆင်းသွားတာပဲလို့ တထစ်ချ တွေးလိုက်မိတာပေါ့။ ဟုတ်တယ်လေ။ ဓါတ်လှေကားခလုပ်မီးတွေက ကြားမှာရှိတဲ့ အထပ်တွေမှာ မရပ်နေပဲ မြေညီထပ်ကိုတောက်လျှောက်ဆင်းနေတာကိုး။ ဒီအချိန်ဆိုရင် ကျွန်တော့်သူငယ်ချင်းလည်း ကျောင်းဆင်းလောက်ပြီဆိုတော့ ခဏနေရင် ကျွန်တော်လည်းအောက်ထပ်ကိုဆင်းပြီး အောက်ထပ်မှာပဲ သူငယ်ချင်းကို စောင့်နေလိုက်ရင် ကောင်းမယ်စိတ်ကူးမိလို့ အခန်းတံခါးတောင်ပြန်မပိတ်တော့ပဲနဲ့ ဖိနပ်ကောက်စွပ်လိုက်တယ်။ ကျွန်တော်ဖိနပ်စီးနေတုန်းမှာပဲ စောနက ဓါတ်လှေကားအပေါ်ကိုပြန်တက်လာတာကို မြင်လိုက်ရတယ်။ အပေါ်ထပ်ကို ပြန်တက်လာတဲ့ ဓါတ်လှေကားကျွန်တော်တို့နေတဲ့အထပ်ကိုရောက်တော့ ရပ်သွားပြီး အထဲကနေ ကျွန်တော့်သူငယ်ချင်း ထွက်လာတယ်။ ဓါတ်လှေကားထဲကနေထွက်လာတဲ့ ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်က " ဟေ့ကောင်၊ မင်းခုနတုန်းက ဓါတ်လှေကားထဲက ထွက်သွားတဲ့ ကောင်မလေးကို တွေ့လိုက်လား???? မိုက်တယ်ကွာ " ဆိုပြီးအပြောမှာ ကျွန်တော့်သူငယ်ချင်း ကျွန်တော့်ကို အူကြောင်ကြောင်အကြည့်နဲ့ ကြည့်ရင်းက " ဟေ..... ဟေ့ကောင်၊ ငါ ဘာမှ မတွေ့ပါဘူး။ ငါလာတော့ ဓါတ်လှေကားက အပေါ်ထပ်ကနေ ပြန်ဆင်းလာတယ်။ မြန်မြန်ရောက်အောင်လို့ ငါတောင်မှ ခလုပ်နှိပ်ပြီး ခေါ်လိုက်ပါသေးတယ်။ လူတယောက်ယောက် အပေါ်ထပ်တက်သွားပြီး ဓါတ်လှေကား အောက်ပြန်ဆင်းလာတာပဲဖြစ်မယ်ထင်လို့ ငါလည်း ဒီအတိုင်း ဝင်လိုက်လာတာ...။ ဘယ်သူမှ အောက်ကို မဆင်းဘူးရော..။ ဆင်းတယ်ဆိုရင် ငါတွေ့မှာပေါ့ဟ " လို့ ပြောတော့မှ ကျွန်တော်လည်း ခေါင်းတွေ ထူပူကုန်တော့တာပဲ။ လူတကိုယ်လုံးလည်း အဲ့ဒီတော့မှ ကြက်သီးတွေ ဖြန်းခနဲ ထလာပြီး ဘယ်လိုကြီးဖြစ်သွားမှန်း ပြောကိုမပြောပြတတ်တော့ဘူး။ နောက်ပြီးတော့ အဲ့ဒီလိုကြုံပြီးကတည်းက ကောင်မလေးဆင်းသွားတာမြင်လိုက်ရတဲ့ ဒီဘက်ခြမ်း ဓါတ်လှေကားကနေ အတက်အဆင်းလုံးဝမလုပ်ရဲတော့ပဲနဲ့ သူရပ်နေတာကို မြင်ရတဲ့ ဟိုဖက်ခြမ်းဓါတ်လှေကားကိုပဲ သုံးတော့တယ်။ ဒီဘက်ခြမ်း ဓါတ်လှေကားကတော့ ကိုယ့်မျက်စိရှေ့မှာတင် သူဝင်သွားတာကို မြင်ထား၊ တွေ့ထားရတော့ လုံးဝကို မသုံးရဲဘူးဗျ။ မကြောက်မလန့်တတ်လို့ ပြောတာတော့မဟုတ်ပါဘူး။ အဲ့ဒီကောင်မလေးက တော်တော်ကြီးကို ချောတာဗျ။ Pee Mak ရုပ်ရှင်ကားထဲက မင်းသမီးလေးလိုပဲ။ ဘယ်လိုပဲပြောပြော Rachaprasaung အရပ်က အဲ့ဒီမိန်းကလေးကိုတော့ ကျွန်တော်ခုထက်ထိ မမေ့နိုင်သေးတာတော့ အသေအချာပါပဲ။ ချောချက်ဗျာ။ ဒါပေမယ့် ထပ်တော့ မဆုံချင်တော့ပါဘူး။ သူနဲ့ကိုယ်က ဘဝချင်းမှမတူတော့ပဲလေ။ House Keeping အန်တီကြီးကို မေးကြည့်လို့သိရတာကတော့ ကျွန်တော်မြင်လိုက်ရပါတယ်ဆိုတဲ့ အဲ့ဒီမိန်းကလေးက လွန်ခဲ့တဲ့သုံးနှစ်တုန်းက အဲ့ဒီတာဝါမှာနေခဲ့တဲ့ ကျောင်းသူလေးတယောက်ဖြစ်တယ်ဆိုတာရယ်...၊မတော်တဆမှုတခုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ် ဆိုတာရယ်၊ နောက်ပြီး....အဲ့ဒီမိန်းကလေးနေခဲ့တာက ကျွန်တော်တို့ နေတဲ့အခန်းနဲ့ တခန်းကျော်မှာရှိတဲ့ အခန်းဖြစ်တယ်ဆိုတာရယ် ပါပဲ။ သြော်.... အဲ့ဒီအန်တီကြီးပြောတာ တခုရှိသေးတယ်။ အဲ့ဒီအခန်းကို ဘယ်သူ့ကိုမှပေးမငှားပဲထားတာ ခုချိန်ထိပဲတဲ့...။ ဘယ်လိုလဲ....... စာဖတ်သူတွေရော..အဲ့ဒီမိန်းကလေးနဲ့ ဆုံချင်တွေ့ချင်ကြလား။ ကျွန်တော်ကတော့ တွံတေးသိန်းတန်ဆိုထားတဲ့ " လေးဆယ်ကျော် အချစ် " သီချင်းထဲက စာသားလေးပဲ ဆိုပြလိုက်မယ်။ " မဆုံချင်တော့ရင်လည်း နေပါစေ ဒီတသက် " ............ လို့။ ကိုယ်တွေ့ဇာတ်လမ်းလေးပြောပြတဲ့အပြင် လိုင်းမကောင်းတဲ့ကြားက ဓါတ်ပုံလေးပါ ကြိုးစားပို့ပေးလိုက်ပြန်တော့ ကျေးဇူးထပ်ခါတလဲလဲ တင်ပြီးရင်း တင်ကြောင်းပါ ကိုအောင်ဘာလေ ။ အက်ဒမင်-ရွာတော်ရှင် (ခြေသံတွေကို မုန်းသူ) စာကြွင်း၊ ၊ကိုအောင်ဘာလေ ယိုးဒယားမှာ သရဲနဲ့တွေ့တဲ့အကြောင်းသိရတော့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က ဟိုတယ်တခုအကြောင်း ဖြတ်ခနဲ သတိရလာတယ်။ အက်ဒမင် တီတီကိုတော့ အဲ့အကြောင်းပြောပြဖူးတယ်။ Key card ထည့်မှ မီးတွေ၊ အဲယားကွန်းတွေ၊ တီဗွီတွေ ဖွင့်လို့ရတဲ့အခန်းမှာ လူလည်းမရှိ၊ Key card လည်း မထိုးပဲ အလိုလိုနေရင်း လျှပ်စစ်မီးနဲ့ ၊ လျှပ်စစ်ပစ္စည်းတွေ ထပွင့်လာတတ်တဲ့ အဲ့ဒီဟိုတယ်က အခန်းတခန်းအကြောင်းနဲ့ ၊ ညကြီးအချိန်မတော် သုံးထပ်မှာ မီးပြင်နေတဲ့ ဝန်ထမ်းတယောက်ရဲ့ နောက်ကြောမှာ ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိတဲ့ အမျိုးသမီးတယောက်လာရပ်နေတာကို CCTV ကင်မရာမှာ ထင်ထင်ရှားရှားမြင်နေရပေမယ့် ကာယကံရှင်ဝန်ထမ်းက လုံးဝမသိလိုက်တဲ့အကြောင်း၊ နောက်ပြီးတော့ အဲ့ဒီဟိုတယ်ရဲ့ VIP အခန်းတခုမှာ ရက်ရှည်လများ လပေးတည်းတဲ့သူတွေ ကံဆိုးမိုးမှောင် ကျတတ်ပုံတွေ( KNU ဒုဥက္ကဌ ကားမှောက်တုန်းက ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသူတွေထဲမှာ အဲ့ဒီဟိုတယ်ရဲ့ VIP ခန်းမှာ လပေးနဲ့ တည်းနေတဲ့ အနောက်နိုင်ငံသူ တဦးလည်း ပါသွားတယ်တဲ့)၊ ဟိုတယ်ပိုင်ရှင်မိသားစုလည်း အဲ့ဒီဟိုတယ်မှာ ညအိပ်ညနေ ရက်ရှည်နေရင်းနဲ့ ကျန်းမာရေးတွေညံ့လာပြီး တမိသားစုလုံး ဆေးရုံတက်ရတဲ့အကြောင်းတွေ ၊ တနင်္လာနေ့တိုင်းမှာ သူတို့အခေါ် ကျောက်ထစ်လို့ ခေါ်တဲ့ နတ်စာကျွေးပြီးမှပဲ အရင်လောက် ဆိုးဆိုးဝါးဝါး မဖြစ်တော့တာတွေ အချိန်ရရင်တော့ ပြောပြမယ်။ သူများစီးပွားထိခိုက်အောင် မလုပ်ချင်လို့ ဟိုတယ်နာမည်တော့ မပြောပြဘူးနော်။ ဒီ page ရဲ့ member တွေထဲမှာ မဲဆောက်မှာ နေသူတွေ ရှိကြလားဗျ.......................... ??????????

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |