ဆေးရုံဆိုမှတော့ဗျာ...
လူတွေတော်တော်များများက သရဲဆိုရင် ပုံဆိုးပန်းဆိုး ကြီးနဲ့ (မျက်လုံးပြူးကြီး ၊ ဆံပင်ရှည်ကြီး ၊ လျှာတန်းလန်းကြီး၊ အစွယ်ဖွေးကြီး) လူတွေကို လိုက်ခြောက်လန့် တတ်တယ်လို့ ပြောတာများပါတယ်။ ဟုတ်ချင်လည်းဟုတ်မှာပေါ့နော်။ ကျနော်အခုပြောပြမှာက မခြောက်သော သရဲများအကြောင်းပါ။ ကြောက်စရာတော့မကောင်းပေမဲ့ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။
NSU ward ( ဦးဏှောက်နဲ့ အာရုံကြော)
NSU မှာ night duty ကျနေတုန်းပေါ့။ ကျနော်တို့ အဖွဲ့ က ၅ယောက် အဖွဲ့ ပါ။ ဒါပေမဲ့ ၂ယောက်က မလာတော့ ၃ယောက်တည်းနဲ့ လုံးချာလိုက်နေချိန်ပေါ့။ လူနာတွေကလည်း များသလားမမေးနဲ့ ရုံတစ်ခုလုံးတောင်ပြည့်နေပီးတော့ ထိုင်ခုံရှည်တွေနဲ့ တောင်ထားထားရတယ်။လူနာအများစုက ဆိုင်ကယ်မှောက်လို့ ရောက်လာတဲ့သူတွေများပါတယ်။ရာသီဥတုကလည်း အားကစားသမားအကြိုက်ဆိုတော့ ညနက်လာလေ မူးမူးရူးရူးနဲ့ ဦးထုတ်မဆောင်းပဲ ဆိုင်ကယ်နဲ့ အိမ်အပြန် လမ်းမှာ တိုတ်၊ တိုတ်စရာမရှိရင် ပလပ်ဖောင်းတို့ ဓါတ်တိုင်တို့ တိုတ်၊ နောက်ဆုံး ဘာမှတိုတ်လာစရာမရှိရင် တစ်ယောက်တည်း ဆိုင်ကယ်မှောက်ကျနဲ့ တော်တော်ကို စည်ကားတဲ့ ညတစ်ညပေါ့ဗျာ။ ကျနော် လူနာဟောင်းတွေကို ကြည့်ပီးတော့ ခဏနားနေတုန်း လူနာအသစ်ရောက်တယ်ဆိုလို့ ထပီးသွားကြည့်လိုက်မိတယ်။ ဆိုင်ကယ်မှောက်လာတာပဲ သူလည်း။ မှတ်တန်းကို ကြည့်ကြည့်လိုက်တယ် နာမည်က သန်းတိုးအောင်တဲ့ (စိတ်ထဲမှာတောင် ဘောလုံးသမားနာမည်ပဲဟ လို့ တွေးမိလိုက်သေးတယ်) ကျနော်သူကိုလှုပ်နိုးကြည့်လိုက်တယ်။ "ကိုသန်းတိုးအောင်…ကိုသန်းတိုးအောင် ခင်ဗျားသတိရပီလား" သူမျက်စိဖွင့်ကြည့်ပီးတော့ ခေါင်းညိတ်ပြတယ်။ "ခင်ဗျားဘယ်ရောက်နေတယ်သိလား" "ဟုတ်သိပါတယ်.. ဆေးရုံပေါ်မှာပါ" မဆိုးဘူးပဲ ဒီလူသတိတော့ရှိသေးတယ်။ ခေါင်းကိုစစ်ကြည့်မိတော့ အနာတော့တွေ့ တယ် ၊ ချုပ်ဖို့ တော့မလိုဘူး။ ခေါင်းတွင်းပိုင်း သွေးထွက်တဲ့ ပုံစံတော့ရှိတယ်။ခဏနေတော့ တာဝန်ခံဆရာဝန်ကြီးက လာကြည့်ပီးတော့ " ညီလေးရေ CT head (ဦခေါင်းဓါတ်မှန်) လေးတောင်းထားလိုက်ပါဦး။ သူကအပေါ်ယံသာ ကြီးကြီးကျယ်ကျယ်သိပ်မဖြစ်တာ ခေါင်းတွင်းပိုင်းကတော့ စိတ်မချရဘူး၊ ဒါမျိုးလူနာဆို သတိထားရတယ်နော် ၊ အချိန်မရွေးတခုခုဖြစ်သွားနိုင်တယ်၊ ခေါင်းကိုတော့ မချုပ်နဲ့ တော့ ဒီအတိုင်းပတ်တီးပဲစီးထားလိုက်ပေးလိုက်" ။ကျနော်လည်း သူ့ ကိုပတ်တီးစီးပေးလိုက်ပီးတော့ လိုအပ်တဲ့ ဆေးတွေဝယ်ဖို့ စာရေးပေးလိုက်ပါတယ်။ "ခင်ဗျား လူနာစောင့်မပါဘူးလား၊ ရောက်လာရင် ဒီဆေးလေးတွေဝယ်ခိုင်းပေးဦးနော်" လို့ ပြောပီးစာရွက်ကို သူ့ လက်ထဲထည့်ပေးလိုက်ပါတယ်။လောလောဆယ်တော့အိတ်စိုက်ပေါ့လေ။ကျန်တဲ့ ကျနော့်သူငယ်ချင်းတွေကိုလည်း သူ့ ကို နာရီဝက် တစ်ခါကြည့်ပေးဖို့ မှာထားလိုက်တယ်။ ဒီလိုနဲ့ ကျနော်လည်း ကိုယ့်အလုပ်နဲ့ ကို ရှုတ်နေရင်း ညတော်တော်နက်လာတော့ လူက တော်တော်လေးဒေါင်းလာပီ။ ဆေးလိပ်လေးဘာလေးသောက်လိုက်ရရင်အဆင်ပြေမယ်လို့ ကျန်တဲ့သူ၂ယောက်ကို ပြောပီးအပြင်ခဏထွက်လာခဲ့ပါတယ်။ဆေးရုံထဲမှာ ဆေးလိပ်မသောက်ချင်တာကြောင့် ဆေးရုံ အဝင်ထိ ကျနော်လမ်းလျှောက်လာပါတယ်။ ကျနော်နာရီကြည့်လိုက်မိတယ် အချိန်က ည ၂နာရီ။ ဆေးရုံကားအ၀င်ပေါက်က လူရှုတ်လို့ ကျနော် လူဝင်ပေါက်ဘက်ကိုလာခဲ့ပါတယ်။အဲဒီနားမှာရှိတဲ့ အုတ်ခုံလေးပေါ်မှာ ဆေးလိပ်လေးသောက်ရင်း တိတ်ဆိတ်နေသော ညကို အရသာခံနေလိုက်တယ်။ ခဏနေတော့ လူတစ်ယောက် အ၀င်ပေါက်စီကို လမ်းလျှောက်လာတာကို ငေးကြည့်နေမိတယ် ဘာရယ်တော့မဟုတ်ပါဘူး။ သူ့ ခေါင်းမှာ ပတ်တီးကြီးနဲ့ ။ပီးတော့ ဒီပတ်တီးစည်းပုံမျိုးကို ကျနော်ကောင်းကောင်းသိသည်။ ကျနော့်လက်ယာလေ။ တဖြည်းဖြည်းနီးလာတော့ သူ့ မျက်နှာကို မြင်ဖူးသလိုလိုရှိလို့ သေချာကြည့်မိတယ်။ သူကလည်း ကျနော်ထိုင်နေတာကို မြင်သွားလို့ ပြန်ကြည့်တယ်။ ပီးတော့ ကျနော်ကို့ နှုတ်ဆက်လိုက်တယ်။ " ဟာ.. ဆရာဒီမှာ တစ်ယောက်တည်း ထိုင်နေတာလားဗျ" " အင်း..ဟုတ်တယ် ခဏနားနေတာပါ ကိုသန်းတိုးအောင်၊ ဒါနဲ့ ခင်ဗျားကဘယ်ကပြန်လာတာတုန်း" " ဆရာဝယ်ခိုင်းတဲ့ဆေးတွေ သွားဝယ်ပီးပြန်လာတာ" " ဟာ……. ခင်ဗျားလူနာစောင့်တွေရော အခုထိမလာသေးဘူးလား" " မလာသေးပါဘူးဗျာ…. ကျနော်လည်းစိတ်မရှည်လို့ ကိုယ့်ဟာကိုထွက်ဝယ်လိုက်တယ်။ ကျနော် ဒီဆေးလေးသောက်ပီးသွားရင် ပြန်ကောင်းသွားမှာဆရာရဲ့ ၊ ကိုယ့်ဟာကိုပဲ အိမ်ပြန်တော့မယ်ဗျာ။ သူတို့ တွေ ဆေးရုံလာရရင် အလုပ်ကရှတ်ကရှတ်နဲ့ " " အာ.. အိမ်တော့ပြန်လို့ မရသေးဘူးနော် ကဲကဲ..အခုကိုယ့်ခုတင်ပေါ်ကိုသွားတော့" လို့ပြောလိုက်တော့ သူလည်းနှုတ်ဆက်ပီးတော့ ထွက်သွားပါတော့တယ်။ ကျနော်စိတ်ထဲမှာလည်း အပေါ်မှာ ကျန်နေခဲ့တဲ့သူတွေကို ဆဲချင်သွားတယ်။ အရေးကြီးပါတယ်လို့ မှာထားခဲ့တာကို အခုလူနာက ကိုယ့်ဟာကို ဆေးထွက်ဝယ်ရတယ်လို့ ။ ပြီးတော့မှ သူတို့ တွေလည်း အလုပ်ရှုတ်နေမှာပေါ့။လူကလည်း ၂ယောက်တည်း ၊ Nurse ကလည်း ၃ယောက်၎ယောက်လောက်သာရှိတော့ အားလုံးကိုဘယ်လိုက်ကြည့်နေနိုင်မှာလည်းလို့တွေးပီး နောက်ထက်ဆေးလိပ်လေးကို မီးညှိလိုက်ပါတယ်။ ၂နာ၇ီခွဲတော့ ကျနော် ဆေးရုံပေါ်သို့ ပြန်တတ်လာတယ်။ ထုံးစံအတိုင်း ရှတ်ရှက်ခက်တုန်း။ ယောက်ကျားလေး၁ယောက်က ခေါင်းကိုချုပ်နေတယ်။ ကောင်မလေး၁ယောက်ကတော့ ဘယ်ရောက်နေလည်းမသိဘူး။ ဒါနဲ့ ကျနော်လည်း နားနေဆောင်ကို ပြန်လာပီးတော့ night report ရေးဖို့ ပြင်ပါတယ်။ ခဏနေတော့ ဟိုကောင်မလေးပြန်ရောက်လာပီးတော့ ကျနော်ဘေးမှာ ဖလပ်ပြစွာ ဝင်ခွေပါတော့တယ်။ ချွေးတွေလည်းထွက်လို့ ။ " ဟဲ့..ဘာဖြစ်လာတာလည်း" "CPR (နလုံးပြန်ခုန်အောင် လုပ်ချင်း) ပါအကိုရာ။ လူကိုဖတ်ဖတ်မောလို့ " ကျနော်လည်း ပြုံးစိစိလုပ်နေလိုက်ပါတယ်။ "အကို report ရေးနေတာလား ex ရှိတယ်နော် (သေဆုံးသူ)" " ဟုတ်လား…ဘယ်သူတုန်း?" " သန်းတိုးအောင်တဲ့ အခုသူ့ ကို CPR လုပ်ပီးတော့ပြန်လာတာ" ကျနော်မျက်လုံးပြူးသွားသည် " ဟမ်…. ဟုတ်လား ခုနကတောင် အကောင်းကြီးကို ဘယ်ချိန် ex ဖြစ်တာတုန်း?" " ည ၂နာ၇ီ ၊ အကိုလှေကားနားမှာ ဆင်းသွားချင်းချင်းပဲ၊ ညီမတောင် အကို့ ကိုလှမ်းခေါ်ဦးမလို့ ။ပီးမှ အကိုလည်း ပန်းနေပီဆိုတော့ ခဏတော့နားပါစေဆိုပီး ညီမတစ်ယောက်တည်း CPR လုပ်လိုက်တာ" ကျနော် ကြက်သီးမွေးညှင်းများပါ ထသွားသည်။ သေချာအောင်ဆိုပီးတော့ ကျနော်ချက်ချင်း ထသွားပီးတော့ ကြည့်မိသည်။ ဟုတ်ပါသည်။ ကျနော့်လက်ယာ ပတ်တီးလေ့း……………….. သူ့ ဘေးစာပွဲခုံပေါ်မှာတော့ ကျနော့်လက်ရေးလေးနဲ့ ဆေးစာရွက်…………………………………………………………………………………………….
MU2 (ဖျားနာဆောင် အမှတ်၂)
NSU ပီးရင်တော့ အလုပ်အများဆုံးရုံလို့ တောင် ဖျားနာဆောင်ကို ပြောလို့ ရပါတယ်။ တော်သေးတာတစ်ခုက ဖျားနာဆောင်မှာ ဆရာဝန်များပါတယ်။ ဒီလိုနဲ့ ကျနော့် night duty တစ်ခုမှာပေါ့…………………
အဲနေ့ ကလူနာတွေ အရမ်းဖောက်ပါတယ်။ အထူးသဖြင့် ရင်ကျပ်တတ်တဲ့သူတွေဘာ။ ကျနော်ကလည်း duty ချိန်ဆို မအိပ်တတ်တော့ ဒုတ်ခပေါ့ဗျာ။ ကျန်တဲ့သူတွေက ၁နာရီကျော်တော့ အသီးသီး ၀င်ခွေနေကျပေမဲ့ ကျနော်ကတော့ အိပ်မပျော်သေးလို့ ထိုင်နေပါတယ်။ တော်ရုံ ကျန်တော်တစ်ယောက်တည်း လုပ်လို့ ရတာဆိုရင် သူတို့ ကို မနှိုးတော့ဘူး ကိုယ့်ဟာကိုပဲ ထလုပ်လိုက်ပါတယ်။ မနိုင်တော့မှသာနိုးပါတယ်။ ကံကောင်းချင်တော့ အဲ့နေ့ ကျတဲ့ Train Nurse က အသစ်ဆိုတော့ တတ်ကြွနေတယ်။သဘောလည်းကောင်းတယ်။ သူလည်းမအိပ်သေးဘူး၊ အကုန်ကူလုပ်ပေးနေလို့ တော်သေးတာပေါ့။ ဒီလိုနဲ့ မနက် ၄နာရီလောက်ထိုးတော့ လူနာတွေ နောက်တစ်ကြိမ် ရင်ကျပ်ကြပြန်ပါလေရော (ဝေလီဝေလင်း နည်းနည်းအေးလာရင် ကျပ်ကြတာ သနားပါတယ်)။ ကျနော်လည်း လိုက်ကြည့်ပေး အချို့ ချွဲထုတ်ဖို့ လိုရင် ချွဲစုတ်စက်နဲ့ ထုတ်၊ ဆရာမလေးကလည်း နောက်က စက်တွန်းပီးတော့ တကောက်ကောက်လိုက်ပေးရှာပါတယ်။ ဒီလိုနဲ့ အမျိုးသားဆောင်ရဲ့ ထောင့်စွန်းက လူနာဖောက်လို့ ချွဲထုတ်ဖို့ ကျနော်တို့ ၂ယောက် ပြင်ဆင်နေကျတာပေါ့။ ကျနော်တို့ ရုံရဲ့ တံခါးက အစွန်မှာ မဟုတ်ဘူးဗျ။ အစွန်နဲ့ ၃ပေ၊ ၄ပေ လောက်မှာ။ အစွန်ဘက်က စကြည့်မယ်ဆိုရင်တော့ လူနာခုတင်ရှိတယ် ပီးတော့ အ၀င်ပေါက်တံခါး ပီးတော့မှ ဟိုဘက်မှာလူနာခုတင်တွေ။အဲဒီတော့ အဝင်တံခါးပေါက်မှာ ပိတ်ပီးစက်ကိုထားလိုက်တယ် ပီးတော့လူနာကို ကျနော်စမ်းသပ်နေတယ်။
အဲချိန်မှာ ကောရီဒါ မှာ ခြေသံကြားလို့ ဘာရယ်မဟုတ်ဘူး လှမ်းကြည့်မိတယ်။ ကလေးမလေး တစ်ယောက်ကျနော်တို့ ဘက်လို့ လမ်းလျှောက်လာတယ်။ ကျနော်ကြည့်တော့ ဆရာမကလည်း လိုက်ကြည့်တယ်။" ဆရာ…. ဘယ်ကလေးလေးလည်းမသိဘူးနော် စောစောစီးစီး" ကျနော်လည်း ဘာမှပြန်မပြောပဲ ကလေးလေးကို လိုက်ကြည့်နေမိတယ်။ ကောင်မလေးက အသက် ၉ နစ် ၁၀ နစ်လောက်ပဲ ရှိဦးမယ်။ ခေါင်းမှာ ဆံပင်မရှိဘူး ဂတုန်းလေး။ သူ့ ဟာသူအေးအေးဆေးဆေးလမ်းလျှောက်လာတယ်။ ကျနော်တို့ နားရောက်တော့ သူ့ ကိုကြည့်နေမှန်းသိသွားလို့ လားမသိဖူး ကျနော်တို့ ၂ယောက်ကို သူပြန်ကြည့်တယ်။ ဒီလိုနဲ့ တဖြည့်ဖြည်းနီးလာတယ်။ ကျနော်လည်းသူ့ ကို ကြည့်တုန်း၊ သူကလည်းကျနော့်ကို ကြည့်တုန်းပေါ့၊ ပီးတော့ တံခါးဝနားကိုရောက်လာတယ်။ ကျနော်ထင်တာကတော့ တံခါးပေါက်ကနေ ကျနော်တို့ စီကို ၀င်လာမယ်ပေါ့လေ။ ဒါပေမဲ့ဝင်မလာဘူးခင်ဗျ။ သူ့ ဟာသူ တံခါးပေါက်က ရှေ့ ကနေ ဖြတ်လျှောက်သွားတယ် ခေါင်းကိုတော့ သမင်လည်ပြန်လို့ စောင့်ပီးတော့ ကျနော်တို့ ကိုအကြည့်မပြတ်ဘူး။ ကျနော်လည်း စိတ်ဝင်စားလို့ ကော်ရီဒါကို ထွက်ကြည့်လိုက်တယ်။ ဟင်…………. သူသွားတဲ့ဘက်က နံရံကြီး။။ နံရံကလွဲပီးဘာဆိုဘာမှ မရှိပါ။ ကလေးလေးလည်း မရှိတော့ပါ။။။ ဆရာမလေးက မျက်စိမျက်နှာပျက်စွာ ကျနော့်ကို လှမ်းကြည့်တယ်။ သူ့ မျက်နှာမှာ ခုနတုန်းက အလုပ်ရှတ်ထားလို့ ထွက်ထားတဲ့ ချွေးတွေလည်း တစ်စက်မှ မရှိတော့ဘူး။ အဲ… သွေးတောင်မရှိတော့ဘူးထင်ရလောက်အောင် ဖြူဖွေးသွားတယ်။ သူ့ လက်ကိုသာကိုင်ကြည့်လို့ရရင် အေးစက်နေမှာ အမှန်ပင် ( ပါးရိုက်ခံရမှာဆိုးလို့ မကိုင်တော့မကိုင်ကြည့်လိုက်ပါဘူး :P) ။ ကျနော်လည်း ဘာမှမဖြစ်ပါဘူးဆိုတဲ့ အားတင်းအပြုံးလေးနဲ့ သူ့ ကိုပြုံးပြလိုက်ပါတယ် " အဟီး" ။ ဘာမှ မဖြစ်ခဲ့သလိုပုံစံမျိုးနင့် လူနာ နားပြန်လာပီး လုပ်စရာရှိတာကို ဆက်လုပ်နေလိုက်ပါတော့တယ်။ ဆရာမလေးကတော့ ဘယ်အချိန် လစ်ထွက်သွားလည်းမသိလိုက်ပါဘူး လှည့်ကြည့်တော့မတွေ့ တော့ဘူး။ သူလည်း နံရံထဲဝင်သွားသလားလို့ ပေါက်ပေါက်ရှာရှာတွေးမိပီး ပြုံးလိုက်မိပါသေးတယ်။ သေချာတာကတော့ အဲဒီနေ့ ည ကျနော်တော်တော် ပင်ပန်းသွားပါတယ်။ ကူမဲ့တစ်ဦးတည်းသော ဆရာမလေးကလည်း မရှိတော့ ကျနော်တစ်ယောက်တည်း အလုပ်များပီး မနက် ရောက်သွားပါတော့တယ်။ အလုပ်မများတော့ပဲ အိပ်ရမယ်ဆိုရင်လည်း ကျနော် အိပ်ပျော်ပမလားတော့မသိတတ်တော့ဘူး။ နောက်နေ့ duty ပြန်ဝင်တော့ ဆရာမလေးကို မတွေ့ ရတော့ပါဘူး။ မာမီ ( sister ကြီး) ကိုမေးကြည့်တော့ သူနေမကောင်းလို့ ခွင့်ယူထားတယ်ဆရာတဲ့။ ပီးတော့ အရင်းမရှိအဖျားမရှိ ကျနော့်ကိုမေးသေးတယ်။ ဆရာ သရဲဆိုတာကို ယုံလားတဲ့။ ကျနော် ဘာမှ ပြန်မပြောလိုက်ပါဘူး ဒီလိုပဲ ပြုံးပြပီးတော့ လှည့်ထွက်လာခဲ့ပါတော့တယ်………………………………………………………………………………
Renal ward ( ဆီးနှင့်ကျောက်ကပ်)
ဆင်းဖူးသမျှထဲမှာတော့ အသက်သာဆုံး ward ပဲ။ လူနာက လက်တစ်စုပ်စာနဲ့ တာဝန်ခံဆရာဝန်ကြီးကလည်း အရမ်းသဘောကောင်းတယ်။ လုပ်စရာ အလုပ်ဆို သိပ်မရှိသလောက်ပဲ။ ဒီလိုပဲ စကားများလိုက် မုန့် စားလိုက် round လိုက်လိုက်နဲ့ အိုကေ နေတာပေါ့။ ကျောက်ကပ်လုံးဝ ပျက်စီးသွားတဲ့လူနာ တချို့ တော့ရှိတယ်။ ကျောက်ကပ်က လူ့ ကိုယ်ထဲက အညစ်အကျေးတွေကို ဆီးအဖြစ်နဲ့ စွန့် ထုတ်ရတာဆိုတော့ သူတို့ လိုလူတွေက အညစ်အကျေးတွေ ကိုယ်မှာ စုနေပီးကြာတော့ ဦးဏှောက်ကို ရောက်သွားတယ်။ အဲဒီအခါမှာတော့ သတိလစ်ပီး သွေးရူးသွေးတန်းနဲ့ တောင်အောင် မြောက်အော် ရုန်းကန်ကြလွန်းလို့ ခုတင်ပေါ်က ပြုတ်မကျရအောင် သူတို့ တွေကို ခုတင်မှာ ကြိုးချည်ထားရတာပေါ့။ ဒီလိုနဲ့ တစ်နေ့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လူနာတွေလျှောက်ကြည့်နေတုန်း လူနာတစ်ယောက်ခုတင်ရှေ့ ရောက်ကျနော်ရပ်လိုက်မိတယ်။သူကိုလည်း ကြိုးချည်ထားတာ တွေ့ တော့ ကျနော်ဘာဖြစ်တာလည်းဆိုတာတော့ သဘောပေါက်လိုက်တာပေါ့။ ဒါပေမဲ့အားအားယားယား ပျင်းနေတာနဲ့ သူ့ မှတ်တန်းကို လျှောက်လှန်ပီးဖတ်နေတုန်း သူက ဆူးဆူးဝါးဝါးကြီးအော်ပါလေရော။ "ဖယ်... ငါ့ရှေ့ က အခုဖယ်... ထွက်သွား.. ထွက်သွားလို့ ပြောနေတာ မကြားဖူးလား .. ဟေ့လူ အဝတ်အနက်နဲ့ လူပြောနေတယ်လေကွာ.. မင်းသွားမှာလားမသွားဘူးလား" ဇွတ်ကုန်းရုန်းပီးအော်ပါလေရော။ ကျန်နော်လည်း ကြောင်သွားတာပေါ့လေ။ ဒါပေမဲ့ဒါမျိုးတွေက ဖြစ်တတ်တယ်ဆိုတော့ သူသတိမရှိပဲ သွေးရူးသွေးတန်းအော်နေတာလို့ မှတ်လိုက်ပီး ကိုယ့်စာကိုဆက်ဖတ်နေတာပေါ့။ သူကတော့ အကြောက်အကန်ကို ဆက်လက်ပီးအော်ကောင်းနေတုန်းပဲ။ ဘေးက nurse လေးက ကျနော်ကို့ လှမ်းနောက်တယ်။ " တွေ့ လား ..ဆရာတို့ များ ဂျူတီကုတ်ကို မလျှော်မှန်းသိသာလိုက်တာ။ အဖြူရောင်ကနေ လက်နှီးစုပ်ရောင်ပေါက်နေလို့ လူနာကတောင် ပြောယူနေရပီ" ဆိုပိး သူ့ တို့ ကဟီးဟီးဟားဟား လုပ်နေကြပါလေရော။ ကျနော်လည်း ခါတိုင်း ward တွေဆိုရင် ဂျူတီကုတ် သိပ်ဝတ်လေ့ မရှိဘူး။ ပြေးရလွှားရ ဟိုဟာပေ ဒီဟာပေနဲ့ ချွေးတွေတလုံးလုံးနဲ့ ဆိုတော့ ယားကျိကျိ ဖြစ်လွန်းလို့ ။ ဒီ ward မှာတော့ ကြော့ကြော့လေးနေလို့ ရတယ်ဆိုပီး ၀တ်လာတာ မှားပီးလို့ တောင် ကိုယ့်ကိုကို ကျိန်ဆဲလိုက်မိသေးတယ်။ခံဦးပေါ့ဟ။ လူနာကထက်ပြောတယ် " ဟေ့လူ သွားလို့ ပြောနေတာ ဘာလို့ အခုထိရပ်ကြည့်နေတာတုန်း သွားဗျာ သွားသွားသွား " လို့ ကုန်းအော်ပြန်ရော။ သူကအော်လိုက်၊ nurse တွေက ကျနော့်ကိုကြည့်ပီးရီလိုက်နဲ့ ကျနော်လည်း စာကိုကောင်းကောင်းဖတ်လို့ မရတော့ဘူးဆိုပီး ထွက်သွားမယ်အလုပ်မှာ လူနာက ထက်ပြောတယ်။ " အာ.. ဆရာမတို့ ကလည်း ကျနော်က ဆရာ့ကို ပြောတာမဟုတ်ပါဘူး... ဆရာ့ဘေးမှာရပ်နေတဲ့ အ၀တ်အနက်နဲ့ လူကို ပြောနေတာပါ" ကျနော်ကျောထဲစိမ့်တတ်သွားတယ် ဘေးကိုလှည့်ကြည့်လိုက်တော့လည်း ဘယ်သူမှ မရှိဘူး။ ဆရာမလေးတွေလည်း မရီနိုင်ကြတော့ဘူး အကုန်လုံးကြောင်အမ်းအမ်းနဲ့ ဘာဆက်ပြောရမှန်းမသိဖြစ်ကုန်ကျတယ်။ လူနာကို သေချာကြည့်မိလိုက်တော့ ဒီလူသတိလစ်နေတာမဟုတ်ဘူးမျက်လုံးကလည်း ပွင့်နေသလို မျက်စိကလည်း တည်တည်ငြိမ်ငြိမ်နဲ့ ။( သတိလစ်ပိး ကရောင်ကတန်းနဲ့ သူများသည် မျက်စိကို စုံမိတ်ပီး ဆက်ဆက်လို့ မရသော နားလည်ဖို့ ခက်သောဟာများသာ ပြောလေ့ရှိသည်) ပီးတော့ ခုနက ကျနော်တို့ ပြောဆိုနေတာတွေကိုလည်း သူအကုန်သိတယ်။ဟင်......... ဒါဆိုရင်..........
အဲဒီလူနာ ဘာဖြစ်မလည်းဆိုတာတော့ ခန့် မှန်းမိလောက်ရောပေါ့
OG ရုံကိုတော့ စာရိုက်ရမှာ ရှည်နေသေးလို့ နောက်များမှပဲပြောပြတော့မယ်နော်….
အက်မင်များ စာလုံးပေါင်းစစ်ပေးကြပါဦးခင်ည ဖတ်ရအဆင်မပြေရင်လည်း edit လုပ်ပေးနိုင်ပါကြောင်း thx q
အက်မင်များကလဲ Hunter Hlaing Myo ကြီးကို အထူးပဲ ကျေးဇူးတင်ပါကြောင်း.. စာလုံးပေါင်းကိုတော့ အလွန်အပျင်းထူသဖြင့် မစစ်တော့ပါကြောင်း.. (ခစ်ခစ်)