မောလျတဲ့ ကလောတစ်ည
မောလျတဲ့ ကလောတစ်ည
စာရေးသူ ငါးတန်းစာမေးပွဲဖြေပြီးစအချိန်တုန်းကပေါ့။ အိမ်မှာက သင်္ကြန်ဆိုရင် အမြဲ ခရီးထွက်ကြတယ်လေ။ အခုအခေါက် ခရီးအတွက် အစီအစဉ်ဆွဲထားတာက တောင်ကြီး-အင်းလေး-ကလော-ပုဂံ ဆိုပြီး ခရီးစဉ်ဇယားဆွဲထားတာ။ ။ သွားတာက စာရေးသူတို့သားအမိရယ်။ မိတ်ဆွေ သားအမိနှစ်ယောက်ရယ်။ အဒေါ်အပျိုကြီး 2ယောက်ရယ်၊ ပြီးတော့ အိမ်ထောင်သည် အဒေါ်လင်မယားရယ်၊ ဦးလေးရယ်၊ ဒရိုင်ဘာရယ်၊ ခိုင်းဖို့ပါလာတဲ့ ကုလားအစ်ကိုကြီးရယ် စုစုပေါင်း ဆယ့်တစ်ယောက်။ တောင်ကြီးသွားတယ်၊ အင်းလေးသွားတယ်၊ ဘာမှမဖြစ်သေးဘူး။ အဲ.. ကလောလဲရောက်တော့မှ ဆန်းဆန်းပြားပြားတွေ စကြုံကြရတော့တာပဲ။
ကလောကိုရောက်တဲ့အချိန်မှာ အချိန်က နည်းနည်းနောက်ကျနေပြီ။ အဲဒါနဲ့ ညစာအရင် စားကြမယ်လို့ တိုင်ပင်ကြပြီး တည်းဖို့ကိစ္စကို မစဉ်းစားသေးပဲ ဗိုက်ဖြည့်ဖို့အတွက်ကို ဦးစားပေးလိုက်ကြတယ်။ ညစာသွားစားတဲ့ဆိုင်ရှင်အမျိုးသမီးက တော်တော်သဘောကောင်းပြီး ဖော်ရွေပါတယ်။ သူ့ကိုပဲ အကူအညီတောင်းပြီး ဟိုတယ် booking လုပ်ပေးဖို့ အကူအညီတောင်းတော့ သူကလိုလိုချင်ချင်နဲ့ ကူညီပေးရှာပါတယ်။ သူက ဒီဒေသရဲ့မြို့ခံဆိုတော့ ပိုသိတယ်လေ။ ဒါပေမယ့် စာရေးသူတို့ စားသောက်ပြီးလို့ဆိုင်ကနေပြန်ခါနီးမှ ပြောသေးတယ်။ မိုတယ်ပဲ ရတယ်၊ ဟိုတယ်ဘယ်လိုမှမရတော့လို့ပါဆိုပြီးတော့ ပြောလာတာ။ စာရေးသူတို့ လူစုရဲ့အတွေးထဲမှာတော့ အခုက အခန်းမရတာမှ မဟုတ်ပဲလေ။ စားသောက်ဆိုင်က အမျိုးသမီးသာ စာရေးသူတို့လူစုကို မကူညီရင် ကိုယ်တွေ တစ်ညလုံးကားပေါ်မှာအိပ်ရဖို့က ရာခိုင်နှုန်းပြည့် သေချာနေပြီမဟုတ်လား။ အဲ့ဒါကြောင့်လည်း သူ့ကို စာရေးသူတို့အားလုံးက ကျေးဇူးပြန်တင်နေကြတာ။ ဆိုင်ရှင်အမျိုးသမီးရဲ့မျက်နှာမှာတော့ အားနာတာလား၊ စိုးရိမ်တာလား ဝေခွဲမရတဲ့ ခံစားမှုမျိုးနဲ့ စာရေးသူတို့လူစုကို နှုတ်ဆက်ရှာပါတယ်။ ဒီလိုနဲ့ booking လှမ်းယူထားတဲ့ မိုတယ်ကို သွားဖို့ရာ ကားပေါ်တက်ပြီး ခရီးဆက်ခဲ့ကြရောဆိုပါတော့။ အိမ်ကထွက်လာတုန်းကတည်းက ကားမောင်းဖို့ ဒရိုင်ဘာပါလာပေမယ့် ညအချိန်တောင်ပေါ်လမ်းခရီးကို စိတ်မချလို့ ဦးလေးက ကားကို သူကိုယ်တိုင်ဝင်မောင်းတယ်။ သူက ထမင်းဆိုင်မှာတုန်းကပြောသေးတယ်။ ငါ တစ်ချိန်လုံး ကားမောင်းလာရတာ ညောင်းနေပြီတဲ့။ ညကျရင် ငါတို့လင်မယားအခန်းမှာ နင်လာအိပ်။ နင်ငါ့ကိုနင်းပေးရမယ်တဲ့။ ဒါနဲ့ မိုတယ်ကို သွားလဲသွားရော၊ ကိုယ်ကပဲ ခံရမယ့်လူမို့လို့လားမသိဘူး။ ဦးလေးကားမောင်းသွားတာ မိုတယ်ကို လုံးဝရှာမတွေ့ဘူး။ ပျောက်နေတာနော်။ ဒါပေမယ့် စာရေးသူကား နောက်ခန်းကနေကြည့်တာ မိုတယ်ကိုမြင်နေရတယ်။ ဒါပေမယ့် ကလေးဆိုတော့ ဦးလေးတနေရာရာကို သူ့ကိစ္စနဲ့သွားစရာရှိလို့ မိုတယ်ကို အရင်မဝင်သေးပဲ ဆက်သွားနေတယ်လို့ပဲ စိတ်ထဲမှာ ထင်နေတာ။ အဲ့ဒါကြောင့်လည်း ဘာမှ ဝင်လည်း မမေး၊ ဝင်လည်း မပြောဖြစ်ဘူး။ တော်တော်နဲ့ ရှာလို့မတွေ့နိုင်တော့မှ သူ့ပါးစပ်ကနေပြီးတော့ ငါခရီးပမ်းလာလို့များ မျက်စိအမြင်မှားနေတာလား။ ခုထိ တည်းမယ့်နေရာကို ရှာလို့လည်း မတွေ့ဘူးဆိုပြီး ပြောမှ ကျန်တဲ့သူတွေက သူ့ကို လမ်းပြန်ညွှန်ပေးလိုက်ရတယ်။
ဒီလိုနဲ့ မိုတယ်လည်းရောက်ရော အခန်းက စုစုပေါင်းမှ ၅ ခန်းပဲရှိတယ်။ အဲဒါအကုန်ပဲ။ ၃ ခန်းတစ်တွဲရယ်၊ ၂ခန်း တစ်တွဲရယ်။ အဲဒီ ၃ခန်းတွဲနဲ့ reception နဲ့က မျက်နှာချင်းဆိုင်။ ကြားထဲမှာတော့ ပန်းပင်ပုပုလေးတွေစိုက်ထားတဲ့ ပန်းဥယျာဉ်သေးသေးလေး တခုရှိတယ်။ ဒါန်းလည်း၂ခုရှိတယ်။ ပြောရမယ်ဆိုရင်တော့ အခန်းကနေ လှမ်းကြည့်လိုက်ရင် reception ကိုတန်းမြင်နေရတယ်။ ပါလာတဲ့လူအုပ်နဲ့ အခန်းကမလောက်တော့ ပထမဦးဆုံး ၃ခန်းတွဲရဲ့ ဘယ်ဘက်ထောင့်ဆုံးအခန်းမှာ စာရေးသူတို့ သားအမိနဲ့ မိတ်ဆွေသားအမိ နေရာယူလိုက်ကြပါတယ်။ ကလေးတွေနဲ့ဆိုတော့ အခန်းကနေလို့ဆန့်တယ်ပေါ့။ နောက်အလယ်ခန်းကို အဒေါ်အပျို ၂ ယောက် ယူတယ်။ ညာဘက်ကအခန်းကတော့ အဒေါ်လင်မယား ယူတယ်။ ဟိုဘက်က ၂ခန်းတွဲမှာ ၁ခန်းကလူရှိတယ်။ နောက် ၁ခန်းကတော့ ဦးလေးနဲ့ ဒရိုင်ဘာ ယူတယ်။ ဟို ကုလားအစ်ကိုကြီးက မှတ်ပုံတင်မပါလို့ ကားပေါ်မှာပဲအိပ်လိုက်ရရှာတယ်။ အဲဒါသူက ကံကောင်းသွားတာပေါ့။ မိုတယ်ကို ရောက်တဲ့အချိန်မှာညရှစ်နာရီခွဲလောက်ရှိနေပြီ။ ပစ္စည်းတွေချတာနဲ့၊ ရေမိုးချိုးကြနဲ့ ဆိုတော့ ဘာမှမကြာလိုက်ပဲ ည၉နာရီလောက်ဖြစ်သွားတာပေါ့။ အဲဒီမှာ ဦးလေးက တလမ်းလုံးကားမောင်းလာရလို့ အညောင်းအညာပြေအောင် လမ်းလျှောက်ရင်း မိုတယ်က မုတ်ရှုတဲ့သူတွေနဲ့ စကားသွားပြောတာ ဟိုက မူးမူးနဲ့ သရဲခြောက်တယ်၊ဘာညာပြောလိုက်တယ်ထင်ပါတယ်။ ပါ့။(*မုတ်ရှူတယ်ဆိုတာ ဗန်းစကားနဲ့ ဆေးခြောက်ရှုတာကို ပြောတာ) ကိုယ်တွေကသတ္တိခဲမဟုတ်လား။ ဦးလေးကအဲဒါသိတော့ လာခေါ်တယ်။ သူတို့လင်မယားနဲ့လာအိပ်ပေါ့။ သိတယ်မဟုတ်လား။ နင်းပေးရမယ်လို့ပြောထားတာလေ။ ဒါမျိုးမရဘူး။ ကိုယ့်အခန်းကိုယ်အိပ်ဆိုပြီး မလိုက်ဘူးပဲလုပ်တာ။ အဲဒါနဲ့ သူကထားခဲ့ပြီး သူ့အခန်းသူပြန်သွားရော။ အဲဒီမှာဇာတ်လမ်းက စတာပဲ။
ကလောဘက်က တံခါးကြီးတွေက အကြီးကြီးတွေရှိတာကော။ အရှေ့ဘက်ကတော့ မှန်တံခါး၊ ကျန်တာတွေက သစ်သားတံခါး။ ည 9နာရီလောက်ကြီးကို သရဲမက တံခါးတွေလိုက်ခေါက်တာ။ တ၀ုန်းဝုန်းနဲ့။ ဘာပြောကောင်းမလဲ သတ္တိခဲဆိုတော့ mother ကြီးကို ကြောက်တယ်လဲဆိုရော။ mother ကြီးကတော့ လေတိုက်တာဖြစ်မှာပါတဲ့။ ဘုရားရှိခိုးအိပ်တဲ့။ အိပ်တာပဲ။ အိပ်မရတော့ဘူး။ လူကလန့်နေပြီလေ။ ဟိုကြည့်ဒီကြည့်ပေါ။ အဲဒီမှာ မှန်တံခါးဘက်က မီးရောင်မှိန်မှိန်လေးနားမှာ လက်ဝါးတစ်ဝါးတွေ့တယ်။ ဦးလေးလာစတယ်ထင်ပြီး ဒါမျိုးတော့မရဘူးဆိုပြီး လိုက်ကာစသွားလှန်တာ။ လားလား အဲမှာ လက်အရိပ်ကြီးကရှိသေးတယ်နော်။ လက်ကမမြင်ရဘူး။ ဘာပြောကောင်းမလဲ ကုတင်ပေါ်ပြန်တက်ပြေးဖို့ နောက်လည်းလှည့်ရော အုတ်နံရံပေါ်မှာ အရိပ်ကြီး။ ခေါင်းပြတ်အရိပ်ကြီး။ အဲဒီမှာ ကုတင်ပေါ်တက်။စောင်ခေါင်းမူးခြုံပြီးအိပ်လိုက်တာ ဘာမှကိုမသိတော့ဘူး။ မိုးလင်းတော့ motherကြီးက toilet ထဲ အ၀တ်အစားသွားလဲတာ တံခါးလာဖွင့်သွားလို့လေ။ သူက ပေါက်ကွဲတာ။ ဒါပေမယ့် တံခါးကအထဲကချက်ထိုးထားတာလေ။ ကိုယ်တွေသွားဖွင့်လို့မှမရတာ။ သူဘာသာသူ ပြန်သဘောပေါက်သွားပုံရတယ်။ ဘာမှမပြောတော့ဘူး။ ဒါနဲ့ အခန်းအပ်မယ်ပေါ့။ အပြန်လမ်းရောက်တော့ ကလေးပီပီစပြီးမေးတယ်။ ညကတော့  အဲလိုအဲလိုဖြစ်တယ်။ ဘာမှမဖြစ်ကြဘူးလားပေါ့။ အဲတော့မှ အကုန်လုံးက ပြောကြတာ။ ကိုယ်ဟာကိုယ်က စိတ်ထင်တယ်ထင်နေကြတာကိုး။ အတူတူလာတဲ့မိတ်ဆွေ အန်တီက သူညက ကြည့်တော့ အခန်းရှေ့မှာ သူ့ကိုမိန်းမတစ်ယောက်က ကြည့်နေတယ်တဲ့။ ပိတောက်ရွက်တွေကြွေနေတာလဲတွေ့တယ်တဲ့။ အလယ်အခန်းက အဒေါ်နှစ်ယောက်မှာ တစ်ယောက်ကအရမ်းအိပ်ပုတ်ကြီးတာ။ သူ့ကိုတော့သရဲတောင်မနိုင်ဘူးနဲ့တူပါတယ်။ နောက်တစ်ယောက်ကတော့ သူအိပ်နေတုန်းအိပ်မက်လိုလို တကယ် လိုလိုနဲ့တဲ့။ သူအိပ်နေတာသချိင်္ုင်းကုန်းကြီးဖြစ်နေတယ်တဲ့။ သူလဲကြောက်ကြောက်လန့်လန့်နဲ့ ဘုရားစာရွတ်ပြီးပြန်အိပ်ရတယ်တဲ့။ ဟိုဘက်ထောင့်ဆုံးကတော့ အဒေါ်က ည တစ်ရေးနိုးတော့ ခေါင်းရင်းပြတင်းပေါက်ကကြည့်တာ ပိတောက်ရွက်တွေကြွေနေတာတွေ့တယ်တဲ့။ သူလဲ မနက်ကျ ပိတောက်ပန်းခူးမယ်ဆိုပြီးကြည့်တော့ အဲဒီနေရာမှာ ဘာပင်မှမရှိဘူး၊ ရေစင်ကြီးနဲ့ အုတ်ကန်ကြီးပဲရှိတယ်တဲ့။ အဲတော့မှ သိတာ။ သရဲခြောက်တာဟ ဆိုပြီး။ အဲကျမှကြောက်ကြတာ။ သရဲတော့ကြေကွဲတာပဲ။ ခြောက်လို့ခြောက်မှန်းတောင်မသိတဲ့ဟာတွေဆိုပြီး။ ပြောသာပြောရတာသနားပါတယ်။ သူ့ခမျာ ဘုန်းကြီးခေါ် ပရိတ်ရွတ်၊ အမျှဝေတာတောင် မကျွတ်ဘူးတဲ့။ သေချာတော့မသိပါဘူး။ အဲမိုတယ်ကနာမည်ကြီးဆိုပဲ။ တော်တော်များသိကြတယ်တဲ့။ သရဲခြောက်တယ်ဆိုပြီး။ နောက်တော့ပုဂံဆက်သွားတော့။ လူက အရှိန်ကမသေသေးဘူး။ ဘာပြောကောင်းမလဲ။ မဲမဲ မြင်တာနဲ့ မျက်လုံးမှိတ်ပြီး သရဲသရဲဆိုပြီးတော့ကိုအော်နေတော့တာ။ ဟီးဟီး။ တစ်ခါမှ မရေးဖူးတော့။ အမှားပါရင်လဲ ကိုယ်ဟာကိုယ်သာ ပြင်ပြီး ဖတ်လိုက်ကြပါနော်။ :P
အဲ့ဒီမိုတယ်ရဲ့ နာမည်ကို ထည့်မရေးချင်ပေမယ့် ရောက်ဖြစ်ရင် သတိထားလို့ရအောင် နေရာတော့ ညွှန်းပေးလိုက်ပါဦးမယ်။ကလောမြို့၊ (၆)ရပ်ကွက်၊ မင်းလမ်းမှာ ရှိပါတယ်။
ကိုယ်တွေ့ဇာတ်ကြောင်းအား ပြန်လည်မျှဝေပေးသူ Littlepixylittlepixy Littlepixy အား Admin များ အားလုံးကိုယ်စား အထုးကျေးဇူးတင်ရှိပါကြောင်း
စောင်ခေါင်းမြီးခြုံ၍သာ အိပ်ချင်တော့သော
(အက်ဒမင်-ရွာတော်ရှင်)