(sibForm) #title=(Follow by Email) #caption=(Get Notified About Next Update Direct to Your inbox)

https://be075e8d.sibforms.com/serve/MUIEAM0UKoN8OYM0JwbWNEffDqBgBgDKuJOt8MUT4xRoZt3QnGcSULt4SVKnDSJl30T7PZ-eKk4PXiHDyV3BU0fJr73eLdUGXhTLY5oavcO0I0DDaUlnd-XplEBhe9k1b5XDK9wJAH9gvy-GA7URRf3g5eyiogd8rwaB4u3ZnL-pD73DxW7tElpKRwOK3unn0IDnjxF4QWXAhNjJ

" အစောက် "

" အစောက် "

 ခရစ်သက္ကရာဇ် (၂၀၁၃) ခုနှစ်၊ ဇန်နဝါရီလ၊ (၂၅) ရက်နဲ့ (၂၆) ရက်နေ့ ရက်စွဲတွေနဲ့ မလေးရှားနိုင်ငံထုတ် Nanyang Siang Pau - 南洋商報 သတင်းစာနဲ့ China Press 中國報 သတင်းစာ နှစ်စောင်ကို ဖတ်ဖြစ်မယ်ဆိုရင် မှုခင်းသတင်းတွေ ပါတတ်တဲ့ စာမျက်နှာတနေရာမှာ မလေးရှားနိုင်ငံရဲ့ တတိယ အသေးဆုံးမြို့လေး တမြို့ဖြစ်တဲ့ မလက္ကာ( Malacca) မြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ သေမှုသေခင်း သတင်းတပုဒ်ကို တွေ့ရပါလိမ့်မယ်။ သတင်းကတော့ ဗီယက်နမ်နိုင်ငံကနေ မလေးရှားမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း လုပ်သားတဦးရဲ့ အလောင်းကို မလက္ကာချောင်းထဲကနေ တွေ့ရတယ်ဆိုတဲ့ သတင်းတိုလေး တပုဒ်ပါပဲ။ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သေဆုံးမှုသတင်းတွေက သတင်းစာ၊ ရုပ်မြင်သံကြားနဲ့၊ ရေဒီယိုမှာ မကြာခဏဆိုသလို တွေ့ရ၊ ကြားရ၊ ဖတ်ရလို့ သိပ်မထူးဆန်းတော့ဘူးလို့ ဆိုနိုင်ပေမယ့် စာရေးသူအတွက်တော့ တကယ့်ကို အမှတ်ရစရာအနေနဲ့ရော ၊ ခြောက်ခြားထိတ်လန့်စရာ အဖြစ်တခုအနေနဲ့ပါ ဘဝမှာ မှတ်မှတ်ရရ ဖြစ်နေခဲ့ရတာပါ။ သေဆုံးသူ ဗီယက်နမ်လူမျိုး (ကျွန်တော်တို့ ရွှေမြန်မာများရဲ့ ကင်ပွန်းတပ်မှုကတော့ သူတို့ကို ဗျိုင်း ဒါမှမဟုတ် ဗလက်ချိုက် လို့ ခေါ်ဝေါ်သုံးစွဲတတ်ကြပါတယ်။) နောက်ဆုံး အလုပ်လုပ်ကိုင်နေထိုင်ခဲ့တဲ့ ကျောက်တုံးစက်ရုံမှာ စာရေးသူကလည်း အဲ့ဒီအချိန်မှာ အလုပ်လုပ်ကိုင်နေတုန်းအချိန်ပါ။ အဖြစ်အပျက်တွေ ပြန်ပြောင်းပြောရရင်တော့ ************ စက်ရုံမှာ ရွှေလို့ ကိုယ့်ကိုယ်ကို တင်စားခေါ်ဝေါ်ကြတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသား (၄) ယောက်၊ ဗျိုင်း (ခေါ်) ဗီယက်နမ်က (၄) ယောက်၊ ဘကုန်း (ခေါ်)ဘင်္ဂလားက (၂) ယောက်ရှိတယ်ဗျ။ ဇန်နဝါရီလရဲ့ သောကြာနေ့ ညနေခင်းမှာ စက်ရုံက ဗျိုင်းတကောင်က မလေးစကားလို ပါဆာမာလမ်း(Pasar Malam) လို့ ခေါ်တဲ့ ညဈေးကို တယောက်တည်း ထွက်သွားလိုက်တာ ည(၁၀)နာရီ ညဈေးသိမ်းပြီးချိန်အထိ စက်ရုံကို ပြန်ရောက်မလာလို့ သူ့လူမျိုးတွေက ကျွန်တော်တို့ ရွှေတွေကိုလာမေးကြ ၊ သူတို့ လူမျိုးအချင်းချင်းတွေဆီလည်း ဖုန်းဆက်မေးကြနဲ့ အလုပ်တွေရှုပ်နေကြတာပေါ့ဗျာ။ စနေနေ့ မနက်ရောက်တော့ သူဌေးကို အကြောင်းကြား၊ သူဌေးကနေတဆင့်ထပ်ပြီး ရဲတွေဆီ အကြောင်းကြားကြနဲ့။ဒါပေမယ့် သူ့သတင်းအစန နည်းနည်းလေးတောင် မရပဲနဲ့ သူပျောက်သွားပြီး (၄) ရက်မြောက်နေ့ ညကျမှ သူ့ရဲ့အလောင်းကို မလက္ကာချောင်းထဲမှာ ပြန်ရှာတွေတယ်။ သူ့သူငယ်ချင်းတွေလည်း တက်မတက်ချက်မတက် ငိုကြ။ ကျုပ်တို့အားလုံးလည်း စိတ်မကောင်းဖြစ်ရတာပေါ့။ သေဆုံးသူက ကိုယ်နိုင်ငံသား မြန်မာတယောက် မဟုတ်ပေမယ့်လည်း လုပ်ဖော်ကိုင်ဖက်ချင်းမို့ တယောက်နဲ့ တယောက် သံယောဇဉ်ရှိနေကြတာကိုး။ သေပြီးသူလည်း ပြန်ရှင်လာမှာ မဟုတ်တော့တာက တကြောင်း၊ တိုင်းတပါး သူများနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားဘဝနဲ့ နေရသူတွေမို့ ရုံးတွေ ဂါတ်တွေ သွားနေရရင် အလုပ်ပျက် ငွေကုန်တာကလည်း တကြောင်းမို့ အမှုကို သာမန် လူသေမှုအနေနဲ့ပဲ ပြီးအောင် ဖြတ်လိုက်တော့တယ်။ သွားလေသူရဲ့ ခန္ဓာကိုယ်က ဘယ်လိုမှ ကြည့်ပျော်ရှုပျော် မဖြစ်တော့လို့ သူ့မွေးရပ်ကို ပြန်မပို့တော့ပဲ မလေးရှားမှာတင် သဂြိင်္ုဟ်လိုက်တယ်။ အလုပ်သမား အာမခံရှိတော့ သူဌေးလည်း အိပ်မစိုက်ရပဲ ဈာပနာစရိတ်အတွက်ကို အဲ့ဒီ အာမခံငွေနဲ့သုံးလိုက်ပြီး ဗီယက်နမ်မှာ ရှိတဲ့ သူ့ကျန်ရစ်သူမိသားစုကိုအတွက်ပါ အဲ့ဒီ အာမခံလျော်ကြေးငွေကို ပို့ပေးလိုက်တယ်လေ။ သူကွယ်လွန်ပြီး (၇) ရက်မြောက်တဲ့နေ့မှာ သူ့အတွက် ရည်စူးပြီး စက်ရုံပိုင်ရှင်သူဌေးက မဟာယာနဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးစံအတိုင်း ကုသိုလ်လုပ်ပေးတယ်။ သူဌေးက မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်တဲ့ တရုတ်လူမျိုးပါ။ ကျွန်တော်တို့လည်း မဟာယာန မဟုတ်ပေမယ့် ထေရဝါဒဗုဒ္ဓဘာသာဆိုတော့ သူတို့နဲ့အတူတူ အော်မီသော်ဖော် (Amitābha) ဆိုတဲ့ အသံထွက် တခုတည်းကို အသံအနိမ့်အမြင့်ပြောင်းပြီး မီနစ်နှစ်ဆယ်လောက် ရွတ်ပေးခဲ့ရသေးတယ်။ ဒီအထိတော့ အားလုံးအေးဆေး ဘာမှ မတွေ့၊ ဘာမှ မဖြစ်သေးဘူး။ နောက်နေ့ည မှာစတော့တာပဲ။ သေသွားတဲ့ ကောင်က အရင်ကတည်းက အစအနောက် တအားသန်တဲ့ကောင်။ သူမသေခင်တုန်းက ကျွန်တော်တို့တွေ ညဘက်ထမင်းစားချိန်ဆို ပြတင်းပေါက်ဘေးနားကနေ ပုန်းပြီး ဝူး ဝါး ဆိုပြီးလှန့်တတ်တဲ့သောက်ကျင့် အဲ့ကောင်မှာ ရှိတယ်။ ပြီးတော့ သူအရင်က အိပ်သွားခဲ့တဲ့နေရာဟောင်းမှာ ကျွန်တော်က အိပ်ရတာလေ။ တကယ်ပါ မညာပါဘူး။ ကြောက်လိုက်လန့်လိုက်သမှ ညဘက် အိမ်သာအထိ သွားပြီး ရှုရှူးပေါက်ဖို့ မရဲလို့ အိပ်ယာဘေးနားမှာ ရေသန့်ဘူးခွံ အလွတ်တွေတောင် ဆောင်ထားတာ။ သူတို့ တိုင်းပြည်ကလည်း ဘာသာခြားတိုင်းပြည်ဆိုတော့ အိမ်တွေ၊ အဆောက်အဦးတွေမှာလည်း ကျွန်တော်တို့ တိုင်းပြည်မှာလို အိမ်တွင်းနတ်တို့၊ ခြံစောင့်နတ်တို့လိုမျိုး ဘာအစောင့်အရှောက်မှလည်း ရှိတဲ့ပုံ မပေါ်ပါဘူး။ အဲ့ဒီ ဗျိုင်း မကျွတ်မလွတ်ဖြစ်ပြီး ခြောက်လှန့်တဲ့ အကြောင်းဆက်ပြောရရင်တော့ သူ့လူမျိုး ဗျိုင်းအချင်းချင်းတွေကိုတော့ အသံပေးရုံလောက်ပဲ ...။ ကျွန်တော့်သူငယ်ချင်းကတော့ အကောင်အထည်နဲ့ကိုတွေ့လိုက်ရတာ။ သေသွားတဲ့ ဗျိုင်းနဲ့ ကျွန်တော့်သူငယ်ချင်း ပက်ပင်းတွေ့မယ့်ညမှာ ကျွန်တော်က စက်ရုံမှာ အိပ်ရတာ ကြောက်လန့်စိတ်နဲ့ အိပ်မပျော်တာနဲ့ အပြင်မှာ သွားအိပ်တယ်လေ။ ကျွန်တော့်သူငယ်ချင်းက ည (၁၁)နာရီ ခွဲလောက်မှာ ဗိုက်ဆာလို့ အောက်ထပ်ဆင်းပြီး ထမင်းစားဖို့ ထမင်းအိုးအဖုံးလေးလှန်ရုံရှိသေး။ ထမင်းစားပွဲခုံဘေးက ပြတင်းပေါက်ဘေးနားမှာ တောင့်တောင့်ကြီးရပ်နေတာ။ သူဝတ်နေကျ အကျီင်္ အပြာအစင်းကျားလေးနဲ့တဲ့ဗျာ။ ကျွန်တော့် ရောင်းရင်းလည်း ဟာ!!! ကနဲတောင် မှမအော်နိုင်ပဲ အပေါ်ထပ်ကို သုတ်ခြေတင် တက်ပြေးတော့တာပဲ။ ဗျိုင်းတယောက် ကျွန်တော်တို့ကို ဘယ်လောက်တောင် သံယောဇဉ် ကြီးရှာသလဲဆိုရင် ည ရောက်ရင် ကျွန်တော့် အိပ်ရာဘေးနားက လှေခါးကို တက်လိုက်ဆင်းလိုက်လုပ်ပြီး အသံပေးရတာကလည်း ညတိုင်းလိုလိုပါပဲ။ လက်ဆော့ပြီး ခေါင်မိုး သွပ်ပြားတွေကို လက်ကလေးနဲ့ လာလာပြီးတော့ ခြစ်နေတာမျိုးလည်း လုပ်တတ်သေးတယ်။ ကျွန်တော်တို့ကလည်း သတ္တိကောင်းတဲ့နေရာမှာ သူမတူ ပြိုင်စံရှားဆိုတော့ ကျွန်တော့်သူငယ်ချင်း မြန်မာလူမျိုး သူ့ကို မြင်လိုက်ရတဲ့ ပြတင်းပေါက်ကို နေခင်းနေ့လည်ပိုင်းတွေမှာပဲ ဖွင့်တော့တယ်။ ည ဆိုရင်တော့ အဲ့ဒီ ပြတင်းပေါက်ရှိတဲ့ဘက်ကို ဇက်ညောင်းရင်တောင် ယောင်လို့ လှည့် မကြည့်ကြတော့တာ။ ကျွန်တော့်စိတ်ထဲထင်တာကတော့ အဲ့ကောင် စနောက်ချင်လို့ ပြတင်းပေါက်နားမှာ လာလာစောင့်နေတတ်တယ်ထင်တာပဲ။ အခုရေးသားဖော်ပြထားတာကို လုပ်ကြံရေးသား ဇာတ်လမ်းဆင်တယ်လို့ ယူဆရင်ဖြင့် (၂၅) ရက် ၊ ဒါမှမဟုတ် (၂၆) ရက်၊ ဇန်နဝါရီလ (၂၀၁၃) ရက်စွဲနဲ့ထုတ်တဲ့ မလေးရှားက တရုတ်သတင်းစာတွေထဲမှာ ရှာကြည့်လိုက်ပါ။ ရှာရ မခက်ပါဘူး။ မလေးရှားမှာ တရုတ်ဘာသာနဲ့ ထုတ်တဲ့ နေ့စဉ်ထုတ်သတင်းစာ (၁၀)ခု ရှိတဲ့အထဲမှာ ဆာရာဝပ်(Sarawak)၊ ဆာဘား(Sabah) ပြည်နယ်တွေအတွက် ဖြန့်ချိတဲ့ သတင်းစာ (၄)စောင်ကို ဖယ်ပြီး ကျန်တဲ့ သတင်းစာတွေမှာ လိုက်ရှာကြည့်လိုက်ရင် အလွယ်တကူ တွေ့နိုင်ပါတယ်။ သြော်.....ဒါနဲ့ ပြောဖို့ မေ့ကျန်ခဲ့တာ တခုရှိတယ်။ စာဖတ်သူတွေ သူနဲ့များ မတော်တဆ တွေ့ခဲ့ရင် နှုတ်ဆက်လို့ ရအောင် သူ့နာမည်ကို ပြောရဦးမှာပေါ့...။ သူ့နာမည်က "အစောက်" တဲ့။ မကြာမကြာ ကိုယ်တွေ့ဖြစ်ရပ်မှန် ဇာတ်လမ်းတွေ ပြောပြပေးတဲ့ ကို Ngwe Thwe တယောက် မလေးရှားက ToTo, Magnum ထီဆုကြီးတွေ ပေါက်ပါစေဗျာ။ ကျေးဇူး အများကြီးတင်ပါတယ်။ အိပ်ယာဘေးမှာ ရေသန့်ဗူးအလွတ် ဆောင်ထားရန်စိတ်ကူးသူ (အက်ဒမင်-ရွာတော်ရှင်)

AD (728x60)

 

Menubar

Copyright © 48 News | Designed by MM FOOTBALL |