Red Lady in Ghost Hotel ( Part -1 )
" ဟိုတယ် မရဏဆောင်ထဲမှ အနီရောင်ချစ်သူ အပိုင်း ၁
လွန်ခဲ့တဲ့၃နှစ်လောက်ကပေါ့ဗျာ... အလုပ်ကလည်း မရှိ ဘိုင်ကလည်းကျနေတာနဲ့ ရတဲ့အလုပ်ဖြစ်တဲ့ ညစောင့်လုံခြုံရေးအလုပ်ကို ၀င်လုပ်လိုက်တယ်.. အမယ်.. အလုပ်ဝင်ဝင်ချင်း ဟိုတယ်တစ်ခုမှာ အလုပ်လုပ်ရတယ်ဗျ.. ငါတော်တော်ကံကောင်းပါလားပေါ့.. ဟုတ်တယ်လေ.. ဟိုတယ်သူဌေးနဲ့မန်နေဂျာကလည်းသဘောကောင်း..နေရာတိုင်းမှာ CCTV ကင်မရာတွေကလည်းရှိတော့ သူခိုးအတွက်လည်းသိပ်ပူစရာမလို.. နောက်ပြီး ဧည့်သည်တွေမစတဲ့ ဘောက်ဆူးလေးတွေလည်း ရသဗျ...
ခုထိ သရဲမလာသေးလီု့ စိတ်တော့မဆိုးနဲ့ဗျ.. ကျွန်တော်က စာဖတ်သူတွေ မျက်လုံးထဲ မြင်ယောင်လာအောင် ပုံဖော်ပေးချင်သေးတယ်.. ဟိုတယ်ဆိုပေမယ့် ကြီးကြီးမားမားခမ်းခမ်းနားနားကြီးတော့မဟုတ်ဘူးဗျ... တည်းခိုခန်းပုံစံမျိုးကို ခြံနဲ့ဝင်းနဲ့ ပန်းပင်တွေနဲ့ အလှဆင်ထားတဲ့သဘောပဲ.. ဟိုတယ်က ဂပုံစံဗျ.. အခန်းတွေကလည်း သိပ်များများစားစားမရှိဘူး.. ၂၀လောက်ပဲ.. တစ်ခြံလုံးမှာ အများဆုံးကတော့ ပန်းပင်တွေပဲ.. တော်တော်လှတယ်.. အရှေ့တွေရော အနောက်တွေရော ပန်းပင်တွေရှိတယ်.. နောက်ပြီး ဟိုတယ်က ကုန်းမြင့်မှာ ဆောက်ထားတာဆိုတော့ လေတဖြူးဖြူးနဲ့ပေါ့ဗျာ...
ကျွန်တော် အလုပ်စ၀င်တဲ့ပထမရက်မှာပဲ သတိထားမိတာက ဟိုတယ်ခြံဝင်းထောင့်ဆုံးနားလောက်က အဆောင်ငယ်လေးတစ်ခုကိုပဲ.. သာမာန်စတိုသဘောမျိုးဆောက်ထားတာလိုလည်း မဟုတ်ဘူးဗျ..သီးသန့်လာတည်းတဲ့ပုံစံပဲ.. တစ်ခြံလုံးက ပန်းပင်တွေလည်း စိမ်းစိမ်းစိုစိုနဲ့ပါဗျာ.. ဒါပေမယ့်အဲဒီအဆောင်နားက ပန်းပင်တွေကတော့ ခြောက်ကပ်နေတယ်ဗျ.. ဘာကြောင့်ဆိုတာ ကျွန်တော် ပထမမသိခဲ့ဘူး.. သူဌေးကလည်း တစ်ခြံလုံးက အပင်တွေကို ရေလောင်းခိုင်းတယ်.. ကိုယ့်အလုပ်မဟုတ်ပေမယ့် ဘောက်ဆူးလေးရတဲ့နေရာဖြစ်နေလို့ လက်လွတ်ခံလို့ မဖြစ်ဘူးလေ.. ရေကတော့ မနက်တစ်ခါ ညနေတစ်ခါလောင်း၇တယ်.. ဒါပေမယ့် အဆောင်လေးနားကိုတော့ ရေမလောင်းဖို့ မန်နေဂျာက ပြောထားတယ်..ဘာဖြစ်လို့လဲ မေးတော့..အဲဒီနေရာကရေလောင်းစရာမလိုဘူးတဲ့.. ကျွန်တော်လည်း ဘာမှဆက်မမေးတော့ဘူး... အလုပ်ဝင်ပြီး ၃ ရက်လောက်ကတော့ ဘာမှမထူးခြားဘူး.. ကျွန်တော်လည်း အဆောင်လေးနားကို မသွားဖြစ်ဘူး.. ဒါပေမယ့် ခြောက်သွေ့နေတဲ့ပန်းပင်လေးတွေကြည့်ပြီး စိတ်မကောင်းဘူး.. တစ်ရက်တော့ မသိအောင်ရေလောင်းမယ်လို့ စိတ်ကူးမိသေးတယ်..
အလုပ်ဝင်ပြီး ၄ရက်မြောက်နေ့... မနက်စောစော ခြံထဲကအပင်တွေရေလောင်းတော့ အဆောင်လေးနားရောက်ခဲ့တယ်.. ဘာဖြစ်လဲကွာ.. ပန်းပင်လေးတွေရေလောင်းတာလောက်ကတော့ ဘာမှမဖြစ်လောက်ပါဘူး ဆိုပြီး အဲဒီအဆောင်ရှေ့မှာပန်းပင်လေးတွေရေလောင်းနေတဲ့အချိန်... ရုတ်တရက် ခေါင်းတွေကြီး.. ကြက်သီးတွေထပြီး ရေလောင်းနေတဲ့လက်တောင် တဆက်ဆက်တုန်လာတယ်.. ကျွန်တော့်ကို တစ်ယောက်ယောက်က စူးစိုက်ပြီးကြည့်နေသလိုပဲ.. ကျွန်တော်ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ ဘာမှမတွေ့ရဘူး.. အဲဒီအချိန်မှာ အပုတ်နံ့တစ်ခုကို ရလိုက်တယ်.. တော်တော်ဆိုးတဲ့အပုတ်နံ့ဗျာ... စိတ်ထဲမှာ မသိုးမသန့်ကြီးဖြစ်လာတာနဲ့ ရေဆက်မလောင်းတော့ဘဲ လှည့်ပြန်လာခဲ့တယ်.. စိတ်ထဲမှာတော့ ဇဝေဇ၀ါပဲ.. ဘယ်သူမှမရှိလို့ စိတ်ချောက်ခြားတာပဲ ဖြစ်မှာပါ.. ကုန်းမြင့်ဆိုတော့ လေကြောင်းသင့်လို့ အကောင်ပုတ် တစ်ခုခုဆီက အနံ့ထွက်တာ ဖြစ်မှာပါ လို့ တွေးပြီး အဲဒီအကြောင်းကို မေ့လိုက်တယ်..
အဲဒီနေ့ ညနေပိုင်း အလုပ်ဝင်ခါနီး ဟော်တယ် အနီးတစ်ဝိုက်ကို ပတ်ပြီးဘယ်အကောင်ပုတ်များတွေ့မလဲ ရှာကြည့်သေးတယ်.. ဘာမှမတွေ့ဘူး.. ဒီလိုနဲ့...နောက်နေ့အဆောင်ပတ်ဝန်းကျင်ကို ရေမလောင်းဖြစ်ဘူး.. ထူးဆန်းတာက အဲဒီအဆောင်လေးကို ကျွန်တော်အလုပ်ဝင်ကတည်းက ဘယ်သူ့ကိုမှပေးမဌားသလို ဘယ်သူမှလာတည်းတာလည်း မတွေ့ဘူးဗျ.. အဆောင်လေးက အပျံစားလေးပါပဲ... ဘေးက ပန်းပင်လေးတွေသာ စိမ်းစိမ်းစိုစိုလေးသာရှိရင် တော်တော်နေဖို့ကောင်းတဲ့နေရာလေး..နောက်ပြီး ကျောက်ခင်းလမ်းလေးတွေ .. ရေကန်အသေးလေးတွေနဲ့... ဒါပေမယ့် အဲဒီအဆောင်လေးကို ကျွန်တော်စောင့်တဲ့ ဂိတ်တဲကနေ မမြင်ရဘူးဗျ.. ကျွန်တော်လည်း ခြံထဲပတ်ကြည့်ရတာ ပျင်းတာနဲ့ မနက်ရေလောင်းတဲ့အချိန် နဲ့ ညနေရေလောင်းတဲ့အချိန်ပဲ အဲဒီအဆောင်လေးနားကိုရောက်တယ်.. ဒါပေမယ့် အဆောင်လေးနားကိုရောက်တိုင်း စိတ်ထဲမှာ မသိုးမသန့်ဖြစ်မိတာ အမှန်ပဲဗျ... ထားပါတော့ဗျာ.. ပြသနာက နောက်နေ့စဖြစ်လာပြန်တာပဲ..
အလုပ်ဝင်တဲ့ ၆ရက်မြောက်နေ့ကပေါ့ဗျာ.. မနက် ၃ နာရီခွဲလောက် ခြံထဲမှာ ရေလောင်းဖြစ်တယ်..စောစောရေလောင်းတာက သိပ်နေမကောင်းချင်လို့ စောစောရေလောင်းပြီး စောစောပြန်ဖို့ ညကတည်းက မန်နေဂျာကို ပြောထားပြီးသားဖြစ်နေလို့ပါ.. အဆောင်နားရောက်တော့ သတိထားမိတာက အဆောင်ထဲမှာ မီးလင်းနေတယ်ဗျ.. အော် .. အဆောင်လေးကို ငှားတဲ့လူရောက်လာပြီ.. ဆိုပြီး အားတက်သွားတာပေါ့.. ဒါနဲ့ အဆောင်လေးနားက ပန်းပင်လေးတွေရေလောင်းအုန်းမှ ဆိုပြီး အဆောင်နားရောက်တော့.. မိန်းကလေးတစ်ယောက် တိုးတိုးလေး ကြိတ်ငိုနေတဲ့အသံကြားရတယ်.. ကျွန်တော်လည်း သွားစပ်စုရင်ကောင်းမလား ဒါမှ အကူအညီလေးဘာလေးလိုရင် ပေးလို့ရတာပေါ့.. ဒါပေမယ့် အခွင့်မရှိဘဲ အဆောင်နားသွားလို့ကောင်းပါမလား တွေးပြီး ပြန်မလို့ လုပ်တုန်း..ငိုသံတိတ်သွားပြီး အဆောင်ပြတင်းပေါက် လိုက်ကာနားမှာ အမျိုးသမီးတစ်ယောက်ရဲ့အရိပ်ကို တွေ့လိုက်တယ်.. အော်.. ငါကြည့်မိတာ သိသွားလို့များ ရှက်ပြီးအငိုတိတ်သွားတာလားလို့တောင် မဆီမဆိုင်တွေးလိုက်မိသေးတယ်.. တအောင့်လောက်ကြာတော့ မီးလည်းပြန်ပိတ်သွားပြီး အရာရာက ပုံမှန်အတိုင်း ပြန်တိတ်ဆိတ်သွားတယ်..
ညနေပိုင်း အလုပ်ဝင်တော့ အဲဒီအခန်းကို စိတ်ဝင်စားတာနဲ့ ဘယ်သူတွေတည်းလဲ ဘယ်တုန်းကရောက်တာလဲ ဆိုပြီး မန်နေဂျာကို မေးတော့ မျက်နှာပျက်ပြီး မသိချင်စမ်းပါနဲ့ကွာ.. ကိုယ့်အလုပ်သာ ကိုယ်လုပ်စမ်းပါဆိုပြီး စကားလွဲပစ်တယ်..အရင်က ဒီလောက်သဘောကောင်းတဲ့ မန်နေဂျာ ဘာဖြစ်လို့ မျက်နှာပျက်ပြီး ဒီလိုပြောရတာလဲ .. စိတ်ထဲ မကျေမနပ်ဖြစ်ပြီး ကိုယ့်ဘာသာစုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်.. ဒီလိုနဲ့..
မနက်ရောက်တော့ ရေလောင်းရင်းနဲ့ အဲဒီအဆောင်ကိုကြည့်တော့ ဘာသံမှမကြားရတဲ့အပြင် မီးတွေလည်းပိတ်ထားတယ်.. လာတည်းတဲ့လူတွေပြန်သွားကြပြီထင်ပြီး စိတ်ဓါတ်ပါကျသွားတယ်.. ဒါနဲ့သေချာအောင် အဆောင်ရှိရာကို စစ်ကြည့်ချင်စိတ်ပေါ်လာတာနဲ့ အဆောင်လေးနားကို လာခဲ့လိုက်တယ်.. အဆောင်နားလည်းရောက်ရော.. ဖြတ်ခနဲ မီးပွင့်လာတာနဲ့ အပင်ကွယ်တစ်ခုမှာ ၀င်ပုန်းလိုက်တယ်.. အဲဒီအချိန်မှာ ပထမရက်ကဖြစ်သလို ကြက်သီးတွေထ ခေါင်းတွေကြီးပြီးအနားမှာ တစ်ယောက်ယောက်လာကြည့်နေသလိုပဲ.. အဲတာနဲ့ ကျွန်တော်လည်း အဆောင်ကို မသွားတော့ဘဲ လှည့်ပြန်လာဖို့စဉ်းစားတုန်း.. အဆောင်လေး တံခါးပွင့်လာတယ်..ဘယ်သူထွက်လာမလဲ စောင့်ကြည့်နေတဲ့အချိန် ဘယ်သူမှထွက်မလာဘဲ အဆောင်လေးဆီကနေ ကျွန်တော်ရှိတဲ့သစ်ပင်ကို ကျောက်ခင်းလမ်းကဖြတ်ပြီးလျှောက်လာတဲ့ခြေသံတစ်ခုကြားလိုက်တယ်.. ကျွန်တော်လည်း ဆက်ပုန်းမနေတော့ဘဲ ဂိတ်တဲလေးရှိတဲ့နေရာကို ပြေးထွက်လာခဲ့တယ်.. ဒါပေမယ့် နောက်ကခြေသံကတော့ ကျွန်တော်ပြေးတဲ့အတိုင်း တဖျက်ဖျက်နဲ့လိုက်ပြေးလာတာကို ကြားရလို့ လှည့်တောင်မကြည့်တော့ဘဲ ကြောက်အားလန့်အားနဲ့ သံဗုဒ္ဓေဂါထာကိုသာ ရွတ်ရင်း ပြေးခဲ့မိတယ်.. ဂါထာဆုံးတော့ နောက်နားဆီက တောက်ခေါက်သံတစ်ချက်ကြားပြီး ခြေသံလည်းပျောက်သွားတယ်..
ကျွန်တော့်အဖျားလည်းဘယ်ထွက်ပြေးသွားမှန်းတောင်မသိဘူး.. တစ်ကိုယ်လုံးတုန်ပြီး ချွေးသီးချွေးပေါက်တွေကျနေတယ်.. နောက် စိတ်နဲနဲငြိမ်မှ ကျွန်တော့်စိတ်ထဲ ဇဝေဇ၀ါဖြစ်လာတယ်.. ငါတကယ်ပဲ သရဲခြောက်ခံရတာလား..ဒါမှမဟုတ် နေမကောင်းဖြစ်ပြီးထင်ချင်ရာထင်နေတာလား လို့တွေးမိတယ်.. တစ်ခါမှလည်း မကြုံဖူးသေးပဲကိုး...ကျွန်တော်နဲ့အတူလုံခြုံရေးအဖွဲ့မှာ အတူတူအလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ဒီအဖြစ်အပျက်ကိုပြောပြဖြစ်တယ်...
“ ဒီအဖြစ်အပျက်တွေက ငါ့အတွက်ထူးဆန်းနေတာ အမှန်ပဲကွ...”
ကိုဖြိုးက စပ်ဖြီးဖြီးနဲ့ “ နေစမ်းပါအုန်းကွ.. ဒါဆို မင်း အဲဒီသရဲကို မတွေ့ခဲ့ဘူးပေါ့နော်.. ”
“ အေးကွ.. ဒါပေမယ့် ဒါက သရဲခြောက်တာလား.. ငါ့စိတ်က ချောက်ခြားတာလားဆိုတာ ငါလည်း သေချာမပြောတတ်ဘူး..”
“ သရဲမဆိုရင် မင်းကိုကြိုက်လို့ လိုက်လာတာဖြစ်မှာပေါ့.. ဟားဟား”
“ ဒါဆိုရင်တော့ မပူနဲ့..မင်းဆီကို လွတ်လိုက်မယ်..”
“ ဒါမျိုးကတော့ သားသားကြောက်ကြောက်နော်.. ဟားဟား”
မိုးကြီးဆိုတဲ့နောက်သူငယ်ချင်းတယောက်က
“ ဒီမှာ ကိုမင်း.. ငါတို့မင်းကို စချင်လို့အဲဒီနေရာကို တမင်သွားခိုင်းလိုက်တာ... ငါတို့မင်းကိုလျှိုထားတာ တစ်ခုရှိတယ်..”
“ ဘာလဲကွ.. မင်းကလည်း ဘော်ဒါအချင်းချင်းလျှိုထားစရာလား..”
ကိုဖြိုး။ ။ “ ငါတို့ကလည်း မင်းကို စချင်လို့ပါကွာ.. အဲဒီဟော်တယ်မှာ အလုပ်လုပ်ရင် တခြားနေရာမှာလုံခြုံရေးလုပ်ရတာထက် လစာပိုရတယ်.. ဟိုတယ်မှာလည်း အေးဆေးပဲ..ဘောက်ဆူးလေးတွေတောင်ရသေးတယ်.. ဒီလောက်ကောင်းတဲ့နေရာကို တခြားလုံခြုံရေးတွေ ဘာလို့လက်ရှောင်လဲ မင်းသိလား..”
ကျွန်တော်ခေါင်းခါပြလိုက်သည်။ မိုးကြီးက “ အဲဒီဟိုတယ်က သရဲအရမ်းခြောက်လို့ကွ.. ”
“ ဟုတ်လား..ဘယ်သူတွေကို ဘယ်လို ခြောက်ခဲ့တာလဲ...ပြောပါအုံး”
မိုးကြီး။ ။ “ အေးပါ..ငါပြောပြပါ့မယ်.. ငါ့သူငယ်ချင်း စိုးနိုင်ဆိုတဲ့လုံခြုံရေးတစ်ယောက်ဆို အဲဒီဟိုတယ်မှာ အလုပ်ဆင်းပြီး ၃ ရက်မြောက်နေ့မှာပဲ ညနက်ပိုင်း ခွေးတွေတအားဟောင်နေလို့ ဟိုတယ်ပတ်ပတ်လည်လိုက်စစ်ရင်းနဲ့ အဆောင်လေးရှေ့မှာ အမျိုးသမီးတစ်ယောက်လက်ကိုင်အိတ်ကလေးနဲ့ ကျောပေးပြီးရပ်နေတာ တွေ့ရတယ် တဲ့.. သူကလည်း ညပိုင်းလာတည်းတတ်တဲ့ ဧည့်သည်တစ်ယောက်ထင်ပြီး ဘာအကူအညီပေးရမလဲ မေးဖို့အနားသွားလိုက်တာ အနားလည်းရောက်ရော မျက်စိရှေ့မှာတင် အဲဒီအမျိုးသမီး ပျောက်သွားပါရော တဲ့.. သူလည်းကြောက်အားလန့်အားနဲ့ ပြန်အပြေးမှာ အနောက်ကလိုက်လာတဲ့အသံလည်း ကြားရော.... အမလေးဗျ..ဆိုပြီး အသံကုန်ဟစ်ပြီးထွက်ပြေးတာ တခြားအခန်းတွေက ဧည့်သည်တွေတောင် နိုးကုန်တယ် တဲ့.. ဒါနဲ့ ဘာလဲ ဘာဖြစ်တာလဲပေါ့... ဧည့်သည်တွေကို မန်နေဂျာကတော့ တခြားလွဲပြောလိုက်တယ်.. ငါ့သူငယ်ချင်း စိုးနိုင်လည်း လန့်ဖျားဖျားလို့ ၄ ရက် ၅ရက်လောက် ဆေးကုလိုက်ရသေးတယ်... နောက်ပိုင်း လုံခြုံရေးလည်း မလုပ်တော့ဘူး.. အဲဒီဟိုတယ် ရှိတဲ့နေရာကို ယောင်လို့တောင် ခြေဦးမလှည့်တော့ဘူး.. အဲဒီလောက်ထိဖြစ်သွားတာ... ”
ကိုဖြိုး။ ။ “ မင်းကလည်း အရှည်ကြီးလင်းကို ဆို အဲဒီထက်တောင်ပိုဆိုးသေးတယ်.. ”
မိုးကြီး။ ။ “ လုပ်စမ်းပါအုန်းကွ.. ငါလည်း မသိသေးဘူး..”
ကိုဖြိုး။ ။ “ အေး.. မင်းလည်း အဲဒီတုန်းက ဒီအဖွဲ့ထဲမရောက်သေးဘူး.. ဒီလိုကွ.. သူ့နာမည်က လင်းကို.. အရပ်က အရှည်ကြီးမို့လို့.. အဖွဲ့ထဲမှာဆို အရှည်ကြီးလင်းကို ဆိုပြီးတော့ပဲ သိကြတယ်..ရှပ်ကီ( အရက် ) လည်းသောက်တတ်တယ်ကွ.. မမူးရင် လူကောင်း မူးရင် ပြသနာရှာတတ်တယ်.. ထားပါတော့ကွာ.. ဆက်အုန်းမယ်.. သူက တစ်မျိုးကွ..သရဲဆိုအယုံအကြည်
လုံးဝမရှိဘူး.. ဖြစ်နိုင်ရင်လက်တွေ့စမ်းသပ်ချင်တဲ့ကောင်.. ငါတို့ပြောထားရဲ့သားနဲ့အဲဒီ ဟိုတယ်မှာတမင်သွားလုပ်တာ.. အဲဒီဟော်တယ်မှာ သူအလုပ်ဝင်ပြီး ဒုတိယညမှာပဲ ဘယ်သူမှမရှိတဲ့အချိန် အရက်တိတ်တိတ်လေးခိုးသောက်ပြီး အဲဒီအဆောင် တံခါးကိုသွားခေါက်ပြီး
“ မင်းက သရဲ... ငါက လူ.. မင်းနဲ့ငါ ဘယ်သူပိုစွမ်းလဲ .. သိချင်လိုက်ခဲ့”
ဆိုပြီး ထိုင်းလိုရော မြန်မာလိုရော သွားခေါ်သတဲ့.... အမယ်.. ဒီကောင်က လူလည်.. ဂိတ်တဲမှာ အရင်လုံခြုံရေးတွေထားသွားတဲ့ ဘုရားပုံတော်တွေ.. ပုတီးတွေ ရှိတယ်လေ.. လာရဲမှာမဟုတ်ဘူး ထင်ပြီးခေါ်သွားတာ.. ဒါပေမယ့် အရှည်ကြီးက ဆန္ဒစောပြီး ဂိတ်တဲအပြင်ကနေ စိန်ခေါ်မိတယ်.. စိန်ခေါ်လို့ မျက်စိတစ်မှိတ်အတွင်းမှာပဲ သရဲမက သူ့လက်တကမ်းရောက်လာပြီး အရှည်ကြီးလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တယ်..နောက်ပြီး..
“ နင်တို့ ငါ့ကို ဘယ်တော့မှ စိန်မခေါ်နဲ့ ”တဲ့...
အေးစက်စက်လက်ကြီးနဲ့ အကိုင်ခံရတာ စဉ်းစားသာကြည့်တော့ဗျာ.. နာတာလည်း အရမ်းပဲ တဲ့... မူးတဲ့အမူးတွေတောင် ဘယ်နေရာထွက်ပြေးသွားလဲ မသိဘူး... အဲတာနဲ့... “ အားးးး ” ကနဲ တစ်ချက် တအော်ပြီး ဆောင့်ရုန်းပြီး ဂိတ်တဲထဲ ပြေးဝင်လာခဲ့တယ်.. အပြင်က သရဲမကလည်း ဂိတ်တဲအပြင်ကနေ မျက်ထောက်နီကြီးနဲ့ ခါးထောက်ပြီး စိုက်ကြည့်နေတယ် တဲ့.. တစ်စုံတစ်ရာက တားထားလို့ အထဲဝင်မရတာနဲ့ဒေါသထွက်နေသလိုပဲ... တစ်ညလုံး ဂိတ်တဲအပြင် ကျောက်ခင်းလမ်းကနေ ဒေါသတကြီး လမ်းလျှောက်ခြေသံပေးနေတာကို ကြားရတယ် တဲ့.. အရှည်ကြီးတစ်ယောက်လည်း ဂိတ်တဲထောင့်မှာထိုင်ပြီး ဂိတ်တဲဝကိုပဲ မျက်တောင်မခပ်စတမ်း ကြည့်နေမိတယ်... အနားရောက်လာမှာ စိုးလို့လေ.. ဒီလိုနဲ့ မနက် ၄ နာရီ ၄ နာရီခွဲလောက်မှ ခြေသံပျောက်သွားတယ်တဲ့.. ဒါပေမယ့် ထမကြည့်ရဲသလို အပြင်လည်း မထွက်ရဲဘူး...
ငါတို့ သွားခေါ်တော့ မျက်လုံးအပြူးသားနဲ့ ဂိတ်တဲဝကိုပဲ ကြည့်နေတဲ့ အရှည်ကြီးကိုတွေ့လိုက်ရတယ်... ငါတို့လည်း ဘာဖြစ်တာလဲ မသိဘူးဆိုပြီး အတင်း လှုပ်ခေါ်မှ ငါတို့တစ်ယောက်ချင်းစီ မျက်နှာကိုသေချာကြည့်ပြီး ငိုကြီးချက်မ ငိုပါလေရော.. ငါတို့လည်း ဘာဖြစ်တာလဲ အတင်းမေးပေမယ့် မပြောနိုင်သေးဘူး...နောက်ပြီး ကဲ ဒါဆိုလည်း ပြန် ကြရအောင် လို့ခေါ်တာတောင် မပြန်သေးဘူး.. မလိုက်ဘူး ဆိုပြီး ဂိတ်တဲထဲက လုံးဝမထွက်ဘူး... အဲဒီနေ့က မိုးစင်စင်လင်း နေထွက်ခါမှ ငါတို့ သူ့ကိုခေါ်လို့ရတယ်.. အဖြစ်အပျက်တွေကိုတော့ စိတ်ငြိမ်သွားအောင် လက်ဘက်ရည်ဆိုင်ရောက်မှ
အေးအေးဆေးဆေးမေးဖြစ်တော့တယ်.. ဒါပေမယ့် အရှည်ကြီး စိတ်မငြိမ်သွားပါဘူး.. တစ်ပတ်ကျော်ကျော်လောက် ဖျားပြီး
လန့်လန့်အော်နေတယ်.. နောက်တော့ နဲနဲကြောင်တောင်တောင်ဖြစ်သွားပြီး မြန်မာပြည်ကို အပြီးပြန်သွားတယ်.
.. နောက်ပိုင်း ကောင်းသွားပြီလို့တော့ ကြားတာပဲ...” ဆိုပြီး စကားကို လက်စသတ်လိုက်တယ်....
“ အင်း ... တော်တော်ဆိုးတာပဲ.. ငါတော့ မင်းတို့ပြောတဲ့ အရှည်ကြီးလင်းကိုလိုတော့ မဖြစ်သေးတာ ကံကောင်းတယ်လို့ပြောလို့ရတာပေါ့... ”
ကိုဖြိုး။ ။“ အေးပေါ့ကွ.. မင်းက အရှည်ကြီးလိုမှ သွားစိန်မခေါ်တာ.. မင်းကြုံချင်ရင် စိန်ခေါ်လိုက်ပေါ့..”
” နေပါစေကွာ... နေရာတိုင်းမှာ သူ့စည်းနဲ့သူ ရှိတာပဲ ကောင်းပါတယ်... ကိုယ်က သွားရန်စရင် ဘယ်ကောင်းမလဲ.. ဒါနဲ့ အဲဒီ သရဲမဆိုတာ ဘယ်ကဘယ်လိုစဖြစ်တာလဲ သိလား... ”
ထိုစဉ် တစ်ချိန်လုံး စကားဝိုင်းထဲဝင်မပြောသောသော မိုးကြီးအစ်ကို ကိုဇော်ကြီးက
“ အခုငါ့ညီ ကြုံရတာကနောက်ပိုင်းခြောက်တဲ့အဖြစ်အပျက်တွေပဲ.. အသံနဲ့ခြောက်တာ. အနံ့နဲ့ခြောက်တာ.. ကိုယ်ထင်ပြတာမျိုးတွေပေါ့ကွာ... ”
“ဒါပေမယ့် ကိုဇော်ကြီးရဲ့... အဆောင်ထဲမှာ မီးရောင်တွေ.. စကားပြောသံတွေကားရတာ..လာတည်းတဲ့သူတွေရောမဖြစ်နိုင်ဘူးလား...”
ကိုဇော်ကြီး။ ။ “ မဖြစ်နိုင်ဘူးကွ...”
ကျွန်တော်။ ။ “ ဘာဖြစ်လို့လဲ..ကိုဇော်ကြီး ”
ကိုဇော်ကြီး။ ။ “ မင်းက ညဂျူတီဝင်တော့ သိပ်သတိမထားမိလို့ဖြစ်မှာပါ... အဲဒီအခန်းက အခုသရဲဖြစ်သွားတဲ့ကောင်မလေး ဆုံးကတည်းက သော့ပိတ်ထားတာ... ခုထိပဲ... နောက်ဆုံး ကောင်မလေးရဲ့ အဖေ သူဌေးကတောင် အဲဒီအခန်းမှာပဲ
ကောင်မလေးပျော်သလိုနေပါစေ ဆိုပြီး အဲဒီအဆောင်ကို ဟိုတယ်ပိုင်ရှင်ကို ကြိုက်ဈေးပေးပြီးတော့အပိုင်ဝယ်ပေးထားတာ.. ကောင်မလေးရဲ့ အဖိုးကြီးက ကောင်မလေးကိုတော်တော်ချစ်တဲ့ပုံပဲ... သူဌေးကလည်း မက်လောက်တဲ့ပိုက်ဆံရတာရယ်... သီးသန့်အဆောင်ဖြစ်နေတာရယ်ကြောင့် အဆောင်လေးကိုရောင်းလိုက်တယ်.. ဒါပေမယ့် ဟိုတယ်နဲ့ခြံစည်းရိုးခတ်လို့မရဘူး... ခတ်တာနဲ့ ပြသာနာဖြစ်တော့တာပဲ.. ပိုကြမ်းလာတာတို့ ဟိုတယ်က တခြားအခန်းတွေကို ခဲနဲ့ပေါက်တာတို့ ပန်းအိုးတွေခွဲပစ်တာတို့ဖြစ်ကုန်ရော.. ဒါနဲ့မခတ်တော့ပဲ ဒီအတိုင်းသက်သက်ထားရတာပဲ...”
“ စိတ်ဝင်စားစ၇ာတော့ကောင်းသားပဲ... ဒါနဲ့ ကိုဇော်ကြီး ဘယ်ကစဖြစ်တာလဲ သိလား... ”
ကိုဇော်ကြီး။ ။ “ အေး .. အဲတာပဲ... မင်းကိုပြောပြမလို့.. စကားလမ်းလွဲတော့မလို့.. ဒီလိုကွ... အဲဒီအဖြစ်အပျက်တွေအစက လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကမှ စဖြစ်တာပဲ...အဲဒီအချိန်တုန်းက ငါကလည်း အဲဒီဟိုတယ်မှာ အလုပ်စ၀င်တဲ့အချိန်ကပေါ့ကွာ... မှတ်မှတ်ရရ မိုးတွင်းကြီးကွ... ငါလည်း မိုးကလည်း ရွာ... ချမ်းကလည်းချမ်း... လိုက်လည်း မစစ်ချင်တာနဲ့.. ဂိတ်တဲမှာ စောင်ခြုံကွေးနေတုန်း.. ည ၂ နာရီခွဲလောက်မှာ ဟိုတယ်ခြံဝင်းထဲ ကားတစ်စီးဝင်လာတယ်.. မထူးဆန်းပါဘူးကွာ.. ဟိုတယ်ပဲ ကားဝင်မှာပေါ့လို့ မင်းတွေးလိမ့်မယ်.. ဒါပေမယ့် ငါထူးထူးခြားခြားသတိထားမိတာက.. လှလိုက်တဲ့ကားလေးကွာ... ဘော်ဒီနိမ့်လေးနဲ့ အနီရောင်လေး ပြိုင်ကားပုံစံလေး.. ကားအောက်မှာ အောက်မီးလေးတွေတောင်ပါလိုက်သေးတယ်.. ငါလည်း ကားကိုကြည့်ချင်တာရော ကားမောင်းတဲ့သူကိုကြည့်ချင်တာရော စိတ်မထိန်းနိုင်တော့လို့.. မယောင်မလည်နဲ့ အနားသွားပြီး လေ့လာလိုက်တော့ ကားမောင်းတဲ့သူက ကောင်မလေးတစ်ယောက်ကွ... အမယ်... သူကလည်း အကျီအနီရောင်လေး လက်ကိုင်အိတ် အနီရောင်လေးနဲ့ကွ... ရုပ်ကတော့ သားသားနားနားထဲကပဲ.. ၀တ်ပုံစားပုံကြည့်ရတာ နဲနဲတော့ ဂေါ်လီဆန်မယ့်ပုံပဲ... ငါတောင် အနီရောင် တော်တော်ကြိုက်တတ်တဲ့ မိန်းကလေးပဲလို့တွေးမိသေးတယ်.. သူလည်း ဟိုတယ်ထဲဝင်သွားတော့ သာမန်အခန်းပဲ ငှားမယ်ထင်တာပေါ့... ဒါပေမယ့် မဟုတ်ဘူးကွ.. မန်နေဂျာက အဲဒီကောင်မလေးကို အဆောင်လေးကို လိုက်ပို့ခိုင်းမှပဲ အဆောင်ငှားတဲ့ကောင်မလေးဖြစ်မှန်းသိတော့တယ်.... ထူးထူးဆန်းဆန်းတစ်ယောက်
တည်းပါလား နောက်မှသူ့ကောင်လေးဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် လိုက်လာမှာထင်တယ် လို့တောင်တွေးမိသေးတယ်... ဒီလိုနဲ့ အဆောင်လေးကို ငါလိုက်ပို့ပြီးတော့ ငါလည်း ထုံးစံအတိုင်း ဂိတ်တဲထဲဝင်ကွေးတာပေါ့..
ဒီလိုနဲ့နောက်တစ်ရက်ညနေပိုင်း၆ နာရီလောက် ငါအလုပ်စ၀င်တဲ့အချိန်မှာ ကားနီလေးရပ်ထားတာ တွေ့လိုက်တယ်.. ငါပန်းပင်တွေရေလောင်းရင်းနဲ့ အဆောင်နားကိုရောက်တော့ အဲဒီကောင်မလေးက ကျောက်ခုံလေးမှာထိုင်ပြီး ဖုန်းပြောနေတယ်... နဲနဲလှမ်းတော့ ဘာပြောနေသလဲတော့မကြားရဘူး .. ဒါပေမယ့် ကောင်မလေးကြည့်ရတာ ဖုန်းပြောရင်း ငိုနေပုံပဲ... ဘာပြသနာဖြစ်လဲတော့မသိဘူး.. ခဏကြာတော့
“အေး နင်ဒီနေရာကိုလာခဲ့ ငါဒီကပဲစောင့်နေမယ် .. ဘာမှဆက်မပြောနဲ့.. နင်မလာမချင်းစောင့်နေမယ်...”
ဆိုပြီး ဖုန်းကိုပိတ်လိုက်တယ်.. ဒီလိုနဲ့ ငါလည်း ဘာပြသနာတွေဖြစ်ကြအုန်းမလဲ မသိဘူးလို့ မဆီမဆိုင်တွေးလိုက်မိသေးတယ်..
ည ၃ နာရီလောက်မှာ ကောင်မလေးက သူ့ကားဆီကိုထွက်လာတယ်.. ကြည့်ရတာ တစ်ညလုံး မအိပ်ထားသေးတဲ့ပုံပဲ...
ဒေါသလည်း တော်တော်ထွက်နေတဲ့ပုံပဲ.. နောက် ကားကို တရကြမ်းမောင်းထွက်သွားတာပဲ.. ဒီလိုနဲ့ မနက် ၃ နာရီခွဲ ၄ နာရီလောက်မှာ ဟိုတယ်ကိုဖုန်းလာတယ်.. ကောင်မလေး ကားမှောက်လို့ ဆုံးပြီတဲ့.. မန်နေဂျာရော ဧည့်ကြိုတွေရော
ပြာယာခတ်ပြီး ပြောလို့သိရတာလေ.. နောက်တော့ ရဲတွေရောက်လာပြီး မန်နေဂျာကို မေးစမ်းပြီး သက်ဆိုင်သူကို ဆက်သွယ်ထားတဲ့အကြောင်းနဲ့ ကောင်မလေးပစ္စည်းတွေလာယူသွားတယ်...ဖြစ်ချင်တော့ ကောင်မလေးရဲ့ လက်ကိုင်အိတ်အနီရောင်လေးက ကုတင်အောက်မှာ ကျန်ခဲ့တယ်... လူတွေများ ပစ္စည်းအစွဲအလမ်း
အရမ်းကြောက်ဖို့ကောင်းတယ်ကွ.. နောက်မှ သိရတာက အဲဒီလက်ကိုင်အိတ်က ကောင်မလေးအကြိုက်ဆုံးလက်ကိုင်အိတ်.. အဲဒီလက်ကိုင်အိတ်ထဲမှာ ကောင်မလေးအမြဲရေးတဲ့ ဒိုင်ယာရီအနီရောင်လေးတစ်အုပ်ပါတယ်တဲ့... မန်နေဂျာလည်း သိသိချင်း ရဲကိုအကြောင်းကြားပြီး လာပို့ရမလား ဖုန်းဆက်မေးပြီး ခဏနေတော့ လက်ကိုင်အိတ်ကို ရဲစခန်းသွားပို့တယ်.. သွားပို့ပြီး ပြန်ရောက်လာရုံရှိသေးတယ်... လက်ကိုင်အိတ်က အဲဒီအခန်းထဲမှာ နေရာမပျက်ပြန်တွေ့လိုက်ရတယ်... ဟာ.. ဘာလဲပေါ့.. နောက် ကောင်မလေးနဲ့သက်ဆိုင်သူတစ်ယောက်ရောက်လာတယ်...
ကောင်မလေးအဖေဖြစ်မယ်ထင်တယ်... ကောင်မလေးကိုတော်တော်ချစ်ပုံပဲ.. ကောင်မလေးနောက်ဆုံးတည်းသွားတဲ့ အဆောင်ကို သေချာလိုက်ကြည့်ပြီး လက်ကိုင်အိတ်လေးနဲ့ ဒိုင်ယာရီလေးကိုလည်း သေချာကြည့်တယ်... ဒိုင်ယာရီလေးဖတ်ပြီး မျက်ရည်တွေတောင်ကျတယ်.. ဒီအချိန်မှာ အလုံပိတ်ထားတဲ့ အဆောင်ထဲက လိုင်ကာတွေ သိသိသာသာလှုတ်လာတယ်.. ကောင်မလေးအဖေက သေသွားတဲ့သူ့သမီးက သူ့ကိုအိမ်မက်ပေးတယ် တဲ့... သူဒီမှာနေရတာပျော်တယ်.. ဘယ်မှလည်း မသွားချင်ဘူး ...တဲ့.. ဖြစ်နိုင်ရင် ဒီနေရာလေးကို အပိုင်လိုချင်တယ်.. သူ့ရဲ့နောက်ဆုံးဆန္ဒလေးကို ဖြည့်ဆည်းပေးပါ လို့ပြောတယ် တဲ့.... ဒါနဲ့ ဒီအဆောင်လေးကိုရောင်းနိုင်မလားပေါ့.. ဟိုတယ်သူဌေးကလည်း ပထမ မရောင်းနိုင်ဘူး .. ဘာညာပေါ့... မရောင်းဘဲထားလိုက်တာ နောက်အဲဒီအဆောင်ကိုလာတည်းခိုတဲ့သူတွေကို အသံတွေ၊ ရုပ်တွေ၊ အနံ့တွေနဲ့ခြောက်ပါလေရော... ဘယ်သူမှမနေနိုင်ဘူး.. ဒီလိုနဲ့နောက်ဆုံး ဟိုတယ်သူဌေးလည်း ရောင်းလိုက်ရတယ်... နောက်ပြီး ဟိုတယ်နဲ့ အဲဒီအဆောင်ခြံခပ်ဖို့ ကြိုးစားတော့တာပဲ.. အကုန်လုံး တိုင်းတာပြီးပြီ.. ဒါပေမယ့် အဲဒီညမှာပဲ သူဌေးကို အိမ်မက်ပေးတယ်.. ခြံမခပ်ဖို့ တဲ့... သူဌေးကလည်း အဲဒီအဆောင်ကသူနဲ့မဆိုင်တော့တဲ့အကြောင်း ဟိုတယ်လုံခြုံရေးအတွက် တည်းခိုတဲ့သူတွေ အနှောင့်အယှက်မဖြစ်ရေးအတွက် ခပ်တာဖြစ်ကြောင်း ပြောပြတယ် တဲ့... ဒါပေမယ့် သေသွားတဲ့ကောင်မလေးက သူရှိတဲ့ အဆောင်လေးကို ခြံခပ်ပြီး သီးသန့်လုပ်မပစ်ရင် သူ့ကို အနှောင့်အယှက်မပေးရင် ဘယ်သူ့ကိုမှမခြောက်လှန့်ပါဘူးလို့ ကတိပေးတယ် တဲ့... သူဌေးက အတင်းခပ်မယ်လုပ်တုန်း သူဌေးရဲ့ သမီးအငယ်လေး ညနေတစ်ညနေမှာ ခြံဝင်းထဲလျှောက်ဆော့ပြီး အဲဒီအဆောင်ဘက်ထွက်သွားတယ်..နောက် အဆောင်ရှေ့မှာ အသည်းအသန်ငိုပြီး ဖျားတာမပျောက်တော့ဘူး.. နောက်ပြီး သူဌေးကိုလည်း အိမ်မက်ထပ်ပေးတယ်..ထပ်လုပ်ရင် သူဌေးသမီးလေးကို ပိုဆိုးအောင်လုပ်မယ် ဆိုလို့နောက်ဆုံးသူဌေးလည်း ခြံမခပ်ရဲတော့ဘဲ အဲဒီအဆောင်ကိုသော့ခပ်၊ အနားကိုဘယ်သူမှမသွားခိုင်းတာ ခုထက်ထိပဲ.. ငါ့ညီ..”
“ ဒါနဲ့ ကိုဇော်ကြီး.. အဲဒီ သေသွားတဲ့ကောင်မလေးရဲ့ ဒိုင်ယာရီထဲမှာ ဘာတွေရေးထားလဲ .. မသိဘူးလား... ”
ကိုဇော်ကြီး။ ။ “ အေး.. ငါလည်းသိချင်တာပေါ့... ဒါနဲ့ မန်နေဂျာက တဆင့် စုံစမ်းသေးတယ်... သူပြောပြတာကတော့.. “ဒိုင်ယာရီထဲမှာ သေသွားတဲ့ကောင်မလေးရဲ့မိသားစုဓါတ်ပုံပါတယ်...နောက်ပြီး ကောင်မလေးနဲ့ သူ့ကောင်လေး တွဲရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံပါတယ်.. ငါသိရတာက ကောင်မလေးကားမှောက်ပြီး မဆုံးခင် ရက်စွဲနဲ့ပါတာကတော့
ကောင်မလေးရဲ့အမေဆုံးပြီး ကောင်မလေးက မိထွေးနဲ့နေရတာ အရမ်းစိတ်ညစ်လို့ထွက်လာတဲ့အကြောင်း.. သူ့ကောင်လေးဆီအပြီးထွက်လာတဲ့အကြောင်း... ဒါပေမယ့် ကောင်လေးက သစ္စာမရှိဘဲ သူ့ကွယ်ရာမှာ မိန်းမတစ်ယောက်ရှိကြောင်း... နောက်ဆုံးစာရင်းရှင်းဖို့ထွက်သွားတာဖြစ်ကြောင်းနဲ့ အဲဒီအဖြစ်အပျက်တွေက သူ့ဘ၀ရဲ့ဒိုင်ယာရီတွေပဲ.. ကောင်းကောင်းမှတ်တမ်းတင်ထားရမယ်လို့ နောက်ဆုံးရေးထားတယ်ကွ”... လို့ပြောတယ်.. ”
“အင်း.. ကြားရတာ စိတ်မကောင်းစရာပဲဗျာ.. ဒါဆို သူက ကျွန်တော့်ကို ဘာလို့ခြောက်တာလဲ.. ”
ကိုဇော်ကြီး။ ။ “ အော်.. သူ ဒီခြံထဲမှာ ရှိတဲ့အကြောင်း... မင်းကို အသိပေးတာ..ဖြစ်မှာပေါ့.. ”
“ အင်း .. ဒါလည်း ဖြစ်နိုင်တာပဲ... ဒါပေမယ့် ကျွန်တော်တစ်ခုမရှင်းတာက အဲဒီကောင်မလေးကို ဘုန်းဘုန်းတွေ အကူအညီနဲ့မောင်းမထုတ်ကြဘူးလား.. ပြောချင်တာက တခြားနေရာတစ်ခုခုပေးပြီး ဟိုတယ်ထဲမှာ မထားရင်ရော...”
မိုးကြီး။ ။ “ မင်းကလည်း သတိမထားမိဘူးလား.. ဟိုတယ်ပိုင်ရှင်က ခရစ်ယာန်လေကွာ.. သူတို့လည်း သူတို့နည်းနဲ့လုပ်မှာပေါ့..
ကိုဖြိုး။ ။ “ အေး..နောက်ပြီး ကောင်မလေးရဲ့အဖေကိုယ်တိုင်က ဘယ်မှနှင်မထုတ်ပါနဲ့ ဆိုပြီး သက်သက်အဆောင်ဝယ်ပေးထားတာကြည့်ပါလား... ”
“ အဲတာ မကောင်းဘူးကွ.. ဒီဘ၀ကနေ လွတ်အောင်လုပ်မပေးသလိုဖြစ်နေတယ်..ငါ့ကိုခြောက်တာကလည်း လွတ်ချင်လို့လားမှ မသိတာ... ”
ကိုဇော်ကြီး။ ။ “ အေး...ဖြစ်နိုင်တာပဲ...သူလည်း အချိန်တန်တော့လွတ်ချင်မှာပေါ့ကွာ... ဘယ်မှမှမသွားရတာ.. တွေးကြည့်ရင် သနားစရာပါကွာ.. ”
“ ကျွန်တော်တို့ ဘယ်လိုလွတ်အောင်လုပ်ပေးနိုင်မလဲ.. ”
ကိုဇော်ကြီး။ ။ “နေအုန်းကွ.. သူက တကယ်လွတ်ချင်တာလား.. သက်သက် သူရှိကြောင်း ခြောက်တာလား မသိဘူး...တော်ကြာရန်စသလိုဖြစ်နေမှ အရှည်ကြီးထက်ဆိုးမယ်နော်.. ”
“ အင်း..ဒါဆို အဲဒီကောင်မလေးကို မေးကြည့်မှပဲ ရတော့မယ်.. ”
ကိုဖြိုး။ ။ “ မင်းက ဘယ်လိုမေးမှာလဲ... ကြည့်လုပ်အုန်းနော်... ”
“ စိတ်ချပါကွာ.... ငါ့နည်း ငါ့ဟန်နဲ့မေးမှာပါ... ကဲ ငါလည်း လစ်တော့မယ်... မနက်ဖြန်မှ ဆုံမယ်ဟေ့.. အားလုံးပဲ လစ်ပြီ... လက်ဘက်ရည်ဖိုး ရှင်းလိုက်ကြနော်.. ဟဲဟဲ..မနက်ဖြန်မှ ငါတိုက်မယ်... ”
ကျွန်တော် ပြောပြောဆိုဆို လက်ဘက်ရည်ဆိုင်က ထထွက်လာလိုက်သည်.. ရင်ထဲမှာတော့ ယနေ့ညအတွက် အစီအစဉ်တွေ ဆွဲလျက်...
ထိုနေ့ညနေဘက်ရေလောင်းတော့ အဆောင်လေးကို သေချာကြည့်ပြီး တွေးလိုက်သည်.. ညကျမှ တွေ့တာပေါ့နော်..လို့..
ညဘက် ၂ နာရီလောက်...
ဟိုတယ်တစ်ခုလုံး အိပ်မောကျနေသည်... စိတ်ထဲမှာတော့ ငါဒီမှာ လုပ်နေတုန်း ဘယ်တည်းခိုသူမှ မလာပါစေနဲ့လို့ပေါ့... ဒီလိုနဲ့အဆောင်လေးဆီကို ဓါတ်မီးတစ်လက်.. သိမ်ဝင်ပုတီးတစ်ကုံး.. ကြိုတင်သိမ်းထားသည့် အုန်းမှုတ်ခွက် နှစ်ခု..ပရိတ်ရည် တစ်ပုလင်းနှင့် လာခဲ့သည်.. ကိုယ်က ဘာဆရာ ဘာဂိုဏ်းဝင်မှ မဟုတ်ပါဘူး.. ဘာမှမတတ်လည်း မတက်ပါဘူး.. ဒါပေမယ့် စိတ်ထဲမှာတော့ ကောင်မလေးကို သနားနေမိတယ်.. တကယ်လို့သူလွတ်ချင်နေရင် ကိုယ်တတ်နိုင်သမျှလုပ်ပေးဖို့ကိုလည်း စဉ်းစားနေမိတယ်... နဲနဲတော့လန့်တယ်လေ.. တော်ကြာအရှည်ကြီးလိုလုပ်နေမှ... သူ့ကိုမကယ်ရဘဲ ကိုယ့်ကိုကိုယ်ပြန်ကယ်နေရအုန်းမယ်...
အဆောင်ရှေ့ရောက်တော့ ကျွန်တော်လာမှာကို ကြိုသိနေသလို ပုရစ်သံတွေ၊ ပိုးကောင်ငယ်လေးတွေ အသံတွေတောင် တိတ်နေတယ်.. စိတ်ထဲမှာ ထိတ်ခနဲပဲ.. အင်း... ငါဘာလုပ်ရင်ကောင်းမလဲ... ခုချိန်ပြန်လှည့်သွားရင် မှီနိုင်သေးတယ်...
တော်ကြာ ပြေးပေါက်မှားနေရင် ဒုက္ခ.. ဆိုပြိးတွေးမိသေးတယ်... ဒါပေမယ့် မထူးပါဘူးကွာ.. ဖြစ်ချင်ရာဖြစ်ဆိုပြီး အဆောင်ရှေ့တည့်တည့်ကျောက်ခင်းလမ်းပေါ်မှာ အရင်ဆုံး ပရိတ်ရေနှင့် စည်းလေး ၀ိုင်းတယ်..နောက်ပြီး သိမ်ဝင်ပုတီးကို လည်ပင်းမှာ စွပ်.. (မသိရင် သိုက်ဆရာလိုလို ဘာလိုလိုနဲ့ .. ဟဟ..) အုန်းမှုတ်ခွက်နှစ်ခွက်ကို စည်းအပြင်မှာထား... အုန်းမှုတ်ခွက်ကိုထားတာကလည်း တစ်ခုက ပက်လက်.. တစ်ခုက မှောက်ခုံထားတာ... (ဘာနည်းမှမဟုတ်ဘူး.. ကိုယ့်အကြံနဲ့ကိုယ်နော်.. လိုက်လုပ်လို့မှားရင် မသိဘူးနော်..)..နောက်ပြီး တုတ်တို မာမာလေးတစ်ချောင်းကို စည်းအပြင်မှာထားလိုက်တယ်... ပြီးတာနဲ့... ဂုဏ်တော်ကိုးပါး.. ၂၄ ပစ္စည်းနဲ့စည်းချ... ဒီလိုလုပ်နေတုန်း တဝေါဝေါနဲ့လေတွေတိုက်လာတယ်.. တခြားက မဟုတ်ဘူး.. အဆောင်ဘက်က... တွေးလိုက်မိသေးတယ်.. မကြိုက်လို့များလား.. ကဲ လုပ်စရာရှိတာ လုပ်မယ် ဆိုပြီး... စခေါ်လိုက်တယ်..
“ ဒီအဆောင်အတွင်းမှာ ရှိတဲ့ မကျွတ်မလွတ်သေးတဲ့ မိန်းကလေး စည်းအပြင်ဘက်ကို ကြွပါ.. ” ဆိုပြီးတော့ပေါ့... ဒီအချိန်မှာ အဆောင်မီးတွေ ဖြတ်ခနဲလင်းလာတယ်... စိတ်ထဲမှာတော့ နဲနဲလန့်လာတယ်.. ဘာပဲဖြစ်ဖြစ် ငါ့မှာ ဘုရား၊ တရား၊ သံဃာ အားကိုးရှိသားပဲ.. သူ့ကို ဒုက္ခပေးဖို့မှ မဟုတ်တာ.. ကြောက်စရာမလိုဘူး ဆိုပြီး အားပြန်တင်းမိတယ်.. ဒီအချိန်မှာ.. အဆောင်တံခါး ကျွီ ခနဲပွင့်လာပြီး.. ဖြူဖြူအရိပ်တစ်ခု တရွေ့ရွေ့ရှေ့တိုးလာတယ်... ပုံစံက မီးခိုးငွေ့တွေ စုနေသလိုပဲ.. ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ ပုံစံပေါ်တယ်.. ဒါနဲ့..
“ မင်းက ဒီအဆောင်က မကျွတ်မလွတ်သေးတဲ့ မိန်းကလေးဆိုရင် မှောက်ထားတဲ့ အုန်းမှုတ်ခွက်ကို တီးပြပါ.. မဟုတ်ရင်.. လှန်ထားတဲ့ အုန်းမှုတ်ခွက်ကို ချထားတဲ့ တုတ်တိုနဲ့တီးပြပါ.. ” လို့ပြောလိုက်တယ်.. အဲဒီခဏမှာ လှုတ်ရှားမှုတစ်စုံတစ်ရာမရှိဘဲ မှောက်ထားတဲ့အုန်းမှုတ်ခွက်ကို ထောက်ခနဲ တီးပြတာ ကြားလိုက်ရတယ်... ( မဆိုးဘူး... နဲနဲတိုးတက်လာတယ်ပေါ့.. ) သိပ်အများကြီးမေးလို့မဖြစ်ဘူး ဆိုတာ သိနေတယ်...
“ မင်း ရှိနေတာ အခု ငါသိရပြီ.. ဒါကြောင့် မင်းကို ကယ်တင်ချင်လို့ အခုရောက်လာတာပဲ.. ဒီဘ၀က မင်းလွတ်မြောက်ချင်တယ်ဆိုရင် မှောက်ထားတဲ့ အုန်းမှုတ်ခွက်ကို တီးပြပါ.. တကယ်လို့ မလွတ်မြောက်ချင်ဘူး.. ဆက်နေချင်တယ်ဆိုရင်.. လှန်ထားတဲ့ အုန်းမှုတ်ခွက်ကိုတီးပြပါ.. ” မှောက်ထားတဲ့ အုန်းမှုတ်ခွက်သံ ထောက်ခနဲ ထွက်လာပြန်တယ်... စိတ်မကောင်းစရာပါပဲ.. အရေးကြီးတာ မေးရအုန်းမယ်..
“ မင်း ဒီအဆောင်က ထွက်ခွာခွင့်ရှိလား... မင်းအတွက် အလှူတစ်ခုလုပ်ပေးဖို့ မင်းသာဓုခေါ်ပြီး နောက်တဆင့် မြင့်တဲ့ဘ၀ရောက်ဖို့အတွက်ပါ... တကယ်လို့ ထွက်ခွာခွင့်ရှိတယ် ဆိုရင် မှောက်ထားတဲ့ အုန်းမှုတ်ခွက်ကို တီးပြပါ.. မဟုတ်ရင်.. လှန်ထားတဲ့ အုန်းမှုတ်ခွက်ကို တီးပြပါ...” ... တအောင့်လောက်ကြာတဲ့အထိ ဘာအသံမှ ထွက်မလာဘူး.. ကျွန်တော် စဉ်းစားရကြပ်သွားတယ်.. သူထွက်ခွင့်မရတာလား .. ရတာလား... အကြံတစ်ခုရလိုက်တယ်...
“ ငါပြင်မေးတယ်.. မင်းကို ငါ တစ်ခုခုနဲ့လာခေါ်ရင် ထွက်လို့ရလား... ရရင် မှောက်ထားတဲ့ အုန်းမှုတ်ခွက်ကို တီးပြပါ.. မရရင်.. လှန်ထားတဲ့ အုန်းမှုတ်ခွက်ကိုတီးပြပါ.. ” ဆိုတော့ မှောက်ထားတဲ့ အုန်းမှုတ်ခွက်ကို တထောက်ထောက်နဲ့ တီးပြတယ်... ကြည့်ရတာ.. ၀မ်းသာသွားတဲ့ ပုံပဲ... အိုကေ.. လုံလောက်သွားပြီ..
“ ကောင်းပြီ.. ဒါဆို နောက် ၂ ရက်အတွင်း မင်းကို ငါလာခေါ်မယ်... မင်းဝမ်းသာဖို့သာပြင်ထားပေတော့...” .. ကျွန်တော်လည်း ၀မ်းသာပြီးတော့ “ မင်းဝမ်းသာတယ်ဆိုရင် မှောက်ထားတဲ့ အုန်းမှုတ်ခွက်ကို တီးပြပါ..” ဆိုတော့ တထောက်ထောက်နဲ့ တီးနေလိုက်တာများဗျာ.. ကျွန်တော်ဆို ကြောက်ဖို့တောင် ဘယ်နားမှာမှန်းမသိဘူး.. ၀မ်းသာလို့ ကြက်သီးတောင်ထတယ်..
“ အိုကေ.. မင်းပြန်လို့ရပြီ.. ငါနဲ့အခုလိုလာဆွေးနွေးတာကို မင်းကို ကျေးဇူးတင်ပါတယ်.. ဒီ ၂ ရက်အတွင်း မင်းဘယ်သူ့ကိုမှ မခြောက်လှန့်ပါနဲ့.. မင်းရဲ့လိုအင်ဆန္ဒ အမြန်ဆုံးပြည့်ဝပါစေ... ” လို့ ဆုတောင်းပေးတော့ အဲဒီ အရိပ်က တရွေ့ရွေ့နဲ့အဆောင်ဘက်ပြန်ထွက်သွားပြီး... နောက် အဆောင်မီးပါ မှိတ်သွားတယ်.... ကျွန်တော်လည်း ပစ္စည်းတွေသိမ်းဆည်းပြီး ပြန်လာခဲ့တာပေါ့.. အပြန်လမ်းမှာ ၀မ်းသာကြည်နူးမှုတွေနဲ့... ရှေ့ဆက်လုပ်စ၇ာတွေကို စဉ်းစားရင်း...